အသင့်တော်ဆုံးရတနာ “ခွန်ဖိန်အရိုး”
Vol. 51 Ch. 720
အခန်း (၇၂၀) အသင့်တော်ဆုံးရတနာ “ခွန်ဖိန်အရိုး”
ယိုးမင်ဧကရာဇ်၏ပုံရိပ်နှင့်အလင်းရောင်များ ပျောက်ကွယ်သွားပြီး ဗလာနယ်တစ်ခုလုံး စတင်မုန်တိုင်းထန်လာခဲ့သည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းရှိနေသောကြောင့်သာ “အသင်္ချေနဂါးနန်းတော်” မျက်နှာပြင်အား အုံးဆိုင်သောအလင်းအလွှာဖြင့် ကာကွယ်ပေးထားပြီး ဘေးကင်းစွာဖြင့် အချိန်နှင့်ဗလာနယ်စီးကြောင်းထဲ အေးဆေးစွာလည်ပတ်နေနိုင်ခြင်း ဖြစ်သည်။
မဟုတ်ပါက ကျောက်ဖြူတံခါးကြီးအား သန့်စင်ထားသည့်တိုင် ဤမျှကြောက်မက်ဖွယ်ရာ ဗလာနယ်စီးကြောင်း လှိုင်းလုံးကြီးများကြားတွင် ‘အသင်္ချေနဂါးနန်းတော် ပြိုကျသွားနိုင်သည်။
ယခုတော့ ရန်ကျောက်ကဲတို့အုပ်စုမှာ နဂါးနန်းတော်ထဲတွင် ကောင်းမွန်သောအချိန်တစ်ခု ရှိနေခဲ့ပြီး အေးဆေးစွာပင် ထိုင်နေကြသည်။
သို့သော် ယိုးမင်ဂမ္ဘီရစက်ဝန်းက တဖြည်းဖြည်းတိတ်ဆိတ်ငြိမ်သက်သွားကြောင်း ရန်ကျောက်ကဲ သတိပြုမိသည်။
ယိုးမင်တစ္ဆေမီးအိမ်ကို စုပ်ယူလိုက်သည့်တိုင် ဤ ယိုးမင်ဂမ္ဘီရစက်ဝန်းက ပြီးပြည့်စုံသွားခြင်း မရှိသေးပေ။ အပြီးမသတ်နိုင်သေးသည့် ရတနာပစ္စည်းတစ်ခုအဖြစ်သာ ရှိနေသေးသည်။ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေသော ဒဏ္ဍာရီလာ ‘အမတမှော်ဝင်ပစ္စည်း’ တစ်ခုဖြစ်လာရန် အလွန်တရာ အလှမ်းဝေးနေသေး၏။
ရန်ကျောက်ကဲက ထိုရတနာပစ္စည်းနှင့် ဆက်သွယ်ရန် အာရုံခံကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမှ ဖြစ်မလာပေ။
ဂုဏ်ကျက်သရေကြီးမားလှစွာသော ဤရတနာပစ္စည်းသည် ယခုတော့ အသင်္ချေနဂါးနန်းတော်ထဲတွင် တိတ်ဆိတ်စွာလွင့်မျောနေသည့် အနက်ရောင်သတ္တုဘီးကြီးတစ်ခုသာ ဖြစ်နေခဲ့သည်။
ရန်ကျောက်ကဲကလည်း အလျင်လိုခြင်းမရှိဘဲ အနက်ရောင်သတ္တုဘီးကြီးကို စူးစိုက်ကြည့်ရင်း သေသေချာချာ လေ့လာနေသည်။
ယခုဖြစ်ပျက်ခဲ့သမျှက သူမျှော်လင့်ထားသည့်ဘောင်အတွင်းမှာပင်ရှိသဖြင့် အရာအားလုံး သူကြံစည်ခဲ့သည့်အတိုင်း ဖြစ်လာသည်ဟု ဆိုနိုင်သည်။
သို့သော် ရန်ကျောက်ကဲသည်လည်း အရင်က သူမသိခဲ့သောအကြောင်းအရာများစွာကို သိရှိလာခဲ့သည်။
ထိုစဉ်...
“သခင်လေး...”
ခေါ်သံနှင့်အတူ အားဟူက သူ၏လက်ဖဝါးကြီးနှစ်ဖက်ကိုပွတ်သပ်ရင်း စူးစမ်းလိုစိတ်ဖြင့် အနားတိုးကပ်လာသည်။
“ဒါကြီးအပြင် တခြားဘာတွေရခဲ့သေးလဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဘာရခဲ့လဲလို့မေးရင်တော့ ပထမဆုံးထင်သာမြင်သာအကျိုးအမြတ်က ဒီပစ္စည်းလို့ပဲ ပြောရလိမ့်မယ်”
သူ့စကားဆုံးသွားသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာပြီး လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်သည်။ ထိုအခါ သူ၏လက်ဝါးထက်မှ အလင်းတန်းများ ဖြာလင်းလာ၏။
ထို့နောက်မှာတော့ အရိုးတစ်ခုနှင့်ဆင်တူသည့် မီးခိုးဖြူရောင်ပစ္စည်းတစ်ခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ထဲတွင် ပေါ်လာသည်။
အားဟူက ထိုအရိုးကို စူးစမ်းရင်း အချိန်ကြာမြင့်စွာ အကဲခတ်နေသည်။ ယခင်က ထိုသို့သောပစ္စည်းမျိုး တွေ့မြင်ဖူးခြင်း ရှိ မရှိ စဉ်းစားနေခြင်းပင်။
“ဒါက ကျောရိုးတစ်ခုပဲ ၊ ကျောရိုးအစိတ်အပိုင်းတစ်ခု ဖြစ်မယ်ထင်တယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း ဆိုသည်။
တစ်ဖက်မှာတော့ ပန်ပန်က ရန်ကျောက်ကဲအနားခေါင်းတိုးဝင်လာပြီး တစ်စုံတစ်ခုကို ပြောချင်သည့်အလား ပွတ်သီးပွတ်သပ်လုပ်လာသည်။
ဤအရိုးကို တစ်ခါမှ မတွေ့မြင်ဖူးသော်လည်း ဖီရှိုးမျိုးနွယ်သွေးသားထဲတွင်စီးဆင်းနေသည့် ဘိုးဘေးများလက်ဆင့်ကမ်းခဲ့သော ပင်ကိုယ်သိစိတ်အရ တစ်စုံတစ်ခုကို သိရှိနေသည်။
ပန်ပန်က ထိုအရာကို ခဏမျှစူးစိုက်ကြည့်နေပြီးနောက် မျက်နှာအမူအရာက...
“ဒီပစ္စည်း ဘာမှန်းမသိပေမယ့် အရသာရှိမယ့်ပုံပဲ”
ဟုပြောနေသယောင်ပင်။
ထို့နောက် သူက လျှာတစ်ချက်သပ်လိုက်ပြီး အရိုးကို နှာခေါင်းဖြင့် တွန်းလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပန်ပန်ကို တားဆီးလိုက်စဉ် ရန်ကျောက်ကဲက ရယ်မောရင်း...
“နေပါဦးဟ ၊ တခြားဟာတွေစားနော်... ဒီပစ္စည်းတော့ စားလို့မဖြစ်ဘူး”
ပန်ပန်က နားမလည်သလို မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း အရိုးကို နောက်တစ်ခါ လျှာနှင့်လျက်လိုက်ပြန်သည်။
“ပလပ်...”
“ဘုန်း”
ရန်ကျောက်ကဲ ပန်ပန်ခေါင်းကို ဘုန်းကနဲ ထုပစ်လိုက်၏။
“မသိသလို ရူးချင်ယောင်ဆောင်မနေနဲ့ ၊ မင်း လူစကားနားမလည်တာကျလို့”
ပန်ပန်က ရှေ့လက်များဖြင့် သူ၏ဥိးခေါင်းကိုပွတ်သပ်ရင်း ပါးစပ်ကြီးကို ကျယ်ကျယ်ဖွင့်လျှက် ရိုးရှင်းစွာ ရန်ကျောက်ကဲကို ပြုံးပြသည်။
ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲမှ အရိုးကိုကြည့်ရင်း...
“မင်းအတွက် အရသာရှိတဲ့အစားအသောက်ဆိုပေမယ့် ငါ့ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအတွက်က ရတနာပစ္စည်းကွ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြုံးလိုက်ပြီး သူ၏လက်ဖဝါးအသာဆုပ်ညှစ်လိုက်ရာ မီးခိုးဖြူရောင်အရိုးက တုန်ခါလာသည်။ ထို့နောက် မီးခိုးဖြူရောင်များ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အရိုးဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
အရိုးတစ်ချောင်းလုံး ရွှေရောင်သလင်းသားကဲ့သို့ ကြည်လင်တောက်ပလာသည်။
ထို့နောက် ၎င်းအရိုးက အသက်ဝင်လာသည့်အလား စတင်ခုန်လှုပ်လာပြီး အတွင်းထဲမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ခေတ်အဆက်ဆက်ကို ဖြတ်သန်းစီးဆင်းလာသည့်အလား ဖြစ်၏။
ရွှေရောင်အလင်းတန်းများထဲတွင် ထင်ယောင်ထင်မှား ပုံရိပ်တစ်ခု ရှိနေ၏။ ထိုပုံရိပ်ယောင်ထဲတွင် အဆုံးမရှိသော ပင်လယ်ကြီးတစ်စင်းအား တွေ့မြင်ရသည်။
လှုပ်ခတ်နေသည့် ပင်လယ်လှိုင်းလုံးများကြား ကြီးမားသည့်ပုံရိပ်ကြီးတစ်ခု ကူးခတ်နေသည်။
ကြီးမားသော လှိုင်းလုံးကြီးများ နှင့် ပြင်းထန်သော ဆူနာမီလှိုင်းလုံးကြီးများမှာ ထိုအရာကြီးအနား ရောက်ရှိလာသည်နှင့် အပိုင်းပိုင်းပြိုကွဲသွားကြသည်။
ထို့နောက် ကြီးမားသောအရိပ်ကြီးက ရေထဲတွင်ကူးခပ်ရင်း ပင်လယ်ရေမျက်နှာပြင်ထက်သို့ ရောက်ရှိလာကာ သေးငယ်သော မြေကွက်တစ်ခုခန့်ကျယ်ပြန့်ပြီး အလျားအနံ မှန်းဆရခက်လှသည်။
အနက်ရောင်အရိပ်ကြီးက နောက်ဆုံးပင်လယ်ရေထဲမှထွက်ပေါ်လာပြီး အလွန်ကြီးမားသော ဝေလငါးကြီး အဖြစ်ပြောင်းလဲသွားသည်။ ထိုသတ္တဝါက ဒဏ္ဍာရီလာ ‘ခွန်ယွီ’ ငါး ဖြစ်၏။ ဧရာမ ‘ခွန်ယွီ’ ငါး ကြီးက မိုးမြေကိုပင်ထမ်းပိုးထားသည့်အလား ကြီးမားသောတန်ခိုးစွမ်းအားကို ပြသရင်း ပင်လယ်ထဲတွင် ကူးခတ်နေသည်။
ထို့နောက် ‘ခွန်ယွီ’ ငါးကြီးက ပင်လယ်ထဲမှ ခုန်ထွက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည့်အခါ ကြီးမားလှသော အစိမ်းရောင် ဂဠုန်ငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ဂဠုန်ငှက်ကြီး အတောင်ပံဖြန့် ပျံသန်းလိုက်သည့်အခါ တစ်ခါတည်း ကောင်းကင်ထက်မှပျောက်ကွယ်သွားမည် မည်သည့်နေရာရောက်သွားမှန်း သဲလွန်စပင် မကျန်ရစ်ခဲ့ပေ။
မြင်ကွင်းကိုကြည့်ပြီးနောက် အားဟူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလှမ်းကြည့်ရင်း အော်ဟစ်လိုက်သည်။
“ဂဠုန်ဝေလငါး ခွန်ဖိန်သတ္တဝါ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ဒီပစ္စည်းက ခွန်ဖိန်အရိုးပဲ”
ရွှေရောင်အလင်းတန်းများကြားမှ ပုံရိပ်ယောင်မြင်ကွင်းများ ပျောက်ကွယ်သွားပြီးနောက် ခွန်ဖိန်အရိုးက မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော် အရွယ်အစား တဖြည်းဖြည်းကြီးမားလာပြီး ဤအတိုင်း ဆက်လက်ကြီးမားနေမည်ဆိုလျှင် အသင်္ချေနဂါးနန်းတော်ထက်ပင် ပိုပြီး ကြီးမားသွားနိုင်သည်။
ရန်ကျောက်ကဲက စိတ်ကျေနပ်သွားသည့် မျက်နှာထားဖြင့်...
“ဒါ တကယ့်ခွန်ဖိန်အစစ်ရဲ့ ကျောရိုးပဲ ၊ သူ့ရဲ့ စွမ်းအားနဲ့ အယူအဆသဘောတရားလက်ကျန်တွေကိုကြည့်ရတာ လုံးဝ သွေးမနှောတဲ့ ခွန်ဖိန်တစ်ကောင်ရဲ့ အကြွင်းအကျန်ပဲ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ဆန့်ထုတ်ပြီး ခွန်ဖိန်အရိုးထက်တွင် ဖိကပ်လိုက်သည်။
သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထိန်းချုပ်မှုအောက်တွင် ခွန်ဖိန်အရိုးက ပိုမိုကြီးထွားလာခြင်းမရှိတော့ပေ။ သို့သော် ထိုအရာမှထွက်ပေါ်နေသည့် ကြီးမားလှသော စွမ်းအားအရှိန်အဝါကို နဂါးနန်းတော်အတွင်းမှလူတိုင်း ခံစားနိုင်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ဖဝါးက မိုးမြေကိုပင် အမှုံအမွှားလေးဖြစ်သွားစေနိုင်သည့်အလား ထိန်းထားသကဲ့သို့ အလင်းတန်းများ တောက်ပလာသည်။ ခွန်ဖိန်အရိုးက သူ၏ခန္ဓာကိုယ်ထဲဝင်ရောက်သွားသည့်အလား ပျောက်ကွယ်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ထက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရွှေရောင်အလင်းတန်းများက အနက်ရောင်အလင်းတန်းအဖြစ် လျှင်မြန်စွာ ပြောင်းလဲသွားသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြန်သည်။ ထိုသို့ဖြင့် ရွှေရောင်ဖြစ်လိုက် အနက်ရောင်ဖြစ်လိုက် တစ်လှည့်စီ ပြောင်းလဲနေတော့သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများမှေးမှိတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခွန်ဖိန်အရိုးကို သန့်စင်ရန် ကြိုးစားနေသည်။ ထိုအရာ၏ အနှစ်သာရကို စုပ်ယူရုံသာမက တန်ခိုးစွမ်းအားမြင့်မားသော ခွန်ဖိန်သတ္တဝါမှဆင်းသက်လာသည့် စွမ်းအားနှင့် ကျင့်ကြံခြင်းကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။
ထိုသို့ဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းအခြေခံနှင့် ခွန်ဖိန်အရိုးပေါင်းစပ်ပြီး ပိုမိုမြင့်မားသောအဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား လမ်းကြောင်းမှန်ပေါ်ရောက်သွားပြီဖြစ်ကြောင်း သိရှပြီးနောက် ရန်ကျောက်ကဲက အခြားအရာများကို ပြန်လည်အာရုံစိုက်လိုက်သည်။
ပလ္လင်ခြေရင်းမှ တိမ်တိုက်များပမာ များပြားလှသော ရတနာပစ္စည်းများရရှိခဲ့သလို ယိုးမင်ဂမ္ဘီရစက်ဝန်းကို နားလည်ရန်ကြိုးစားရင်း ယခင် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ စွမ်းအားအမြင့်မားဆုံးဖြစ်သော ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကိုလည်း အောင်မြင်စွာ သင်ယူနိုင်ခဲ့သည်။
ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ထက် ပိုမိုမြင့်မားသော သိုင်းပညာများကို ကျင့်ကြံထားသည့်တိုင် ရန်ကျောက်ကဲက ဤ ထူးခြားသောပညာရပ်ကို အတော်လေးစိတ်ဝင်စားနေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုပညာရပ်ထဲတွင် မူလပရမ်းပတာအခြေအနေနှင့်ပတ်သက်သည့် အရိပ်အယောင်များပါဝင်နေသည်ကို တွေ့ရှိရသောကြောင့် ဖြစ်၏။
ဤသည်က အလွန်တရာ ရှားပါးသည်။
အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်း၏ မူလအစ ကနဦးဖြစ်သော ပရမ်းပတာအခြေနေသည် စန်းချင်း (၃)ပါး (စင်ကြယ်ခြင်းသုံးပါး) တွင် အထွတ်ထိပ်ဖြစ်သော ယွိချင်အဆက်အနွယ်၏ဘိုးဘေး “ရှေးဦးတည်ရှိခြင်း၏အရှင်သခင်” ယွမ်စီထျန်းကျွင်း၏ တန်ခိုးစွမ်းအား ဖြစ်နေသောကြောင့်ပင်။***
မူလကောင်းကင်ကျမ်းစာ (၁၀) စောင်မှ ဒုတိယမြောက် ကောင်းကင်ကျမ်းစာဖြစ်သော “မူလကောင်းကင်ကျမ်းစာ” သည် မရှိမှုမှ အရာအားလုံးမွေးဖွားဖြစ်တည်လာသည်ကို ကိုယ်စားပြုပြီး အရာအားလုံး၏ မူလအစသည် “တစ်ခုတည်း” ဖြစ်သည်ဟုဆိုသည်။
‘မူလကောင်းကင်ကျမ်းစာ’ ကို လူတိုင်းကျင့်ကြံနိုင်သည်။ သို့သော် ကျင့်ကြံသူများအားလုံးထဲမှ တစ်ယောက်က ပြီးပြည့်စုံသည့်အောင်မြင်မှုအထွတ်ထိပ် ရရှိသွားလျှင် ‘မူလကောင်းကင်ကျမ်းစာ’ ကိုကျင့်ကြံနေသည့် အခြားသူများ၏ ကျင့်စဉ်လမ်းကို ပိတ်ဆို့တားဆီးနိုင်စွမ်း ရှိသည်။
သို့ရာတွင် မူလကောင်းကင်ကျမ်းစာ (၁၀) စောင်မှ ပထမဆုံး ကောင်းကင်ကျမ်းစာဖြစ်သည့် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကတော့ တာအိုတရားအားလုံး၏ ရင်းမြစ်ဖြစ်ပြီး ပို၍ပင် အစွန်းရောက်သေးသည်။
ယွမ်စီထျန်းကျွင်းသည် အတုမရှိသူတစ်ယောက် ဖြစ်၏။
အဆုံးမရှိသော ဖြစ်တည်မှုအားလုံးသည် ‘မရှိမှု’ သို့ ပြန်သွားကြရသည်။ ဤသည်က ‘ယွမ်စီထျန်းကျွင်း’ ၏ ထူးခြားမှုပင် ဖြစ်သည်။
“ယွမ်စီထျန်းကျွင်း” လောကကိုကျော်လွန်ပြီးနောက် မူလကောင်းကင်ကျမ်းစာ (၁၀)စောင်မှ ပထမဆုံးကျမ်းဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို အခြားသူများအား ကျင့်ကြံခွင့်ပြုခဲ့သည်။
သို့သော် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ အား တစ်ယောက်သာလျှင် ကျင့်ကြံနိုင်သည်။ လူတစ်ယောက်က ထိုကျမ်းစာကို အရင်ဦးဆုံး ကျင့်ကြံလိုက်ပြီဆိုလျှင် ထိုသူသက်ရှိထင်ရှားရှိနေသရွေ့ အခြားသူများအနေဖြင့် ထိုကျမ်းစာကို ကျင့်ကြံနိုင်မည် မဟုတ်တော့ပေ။
မကြာခင်ကပင် ရန်ကျောက်ကဲ စမ်းသပ်ကြည့်ပြီးပြီ ဖြစ်သည်။ သူက ဦးစွာကျင့်ကြံပြီးပြီ ဖြစ်သဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် ထိုကျမ်းစာကိုနားမလည်တော့သည်ကို တွေ့ရသည်။ လောကတွင် သူတစ်ယောက်သာလျှင် ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
သို့သော် သူသာ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် စွမ်းအားရင်းမြစ် ဘယ်ကလာသည်ကို အခြားသူများ ချက်ချင်းသိရှိသွားနိုင်၏။
ထို့ကြောင့် ယခု ယိုးမင်ဂမ္ဘီရပညာ (၁၂) ရပ်ကို ကျင့်ကြံလိုက်လျှင် ‘မူလကောင်းကင်ကျမ်းစာ’ နှင့် ရောထွေးသွားပြီး ဤကိစ္စကို ဖုံးကွယ်သွားနိုင်မည် ဖြစ်ပေ၏။