← Chapters

အတုမရှိသော ‘အဆုံးမဲ့ပြိုင်ဘက်ကင်း’ ၊ အတုမရှိသော ယွမ်စီထျန်းကျွင်း

Vol. 51 Ch. 721

အတုမရှိသော ‘အဆုံးမဲ့ပြိုင်ဘက်ကင်း’ ၊ အတုမရှိသော ယွမ်စီထျန်းကျွင်း

Vol. 51 Ch. 721

အခန်း (၇၂၁) အတုမရှိသော ‘အဆုံးမဲ့ပြိုင်ဘက်ကင်း’ ၊ အတုမရှိသော ယွမ်စီထျန်းကျွင်း

အထက်ဘုံကမ္ဘာသို့တက်မလာခင် ရန်ကျောက်ကဲအနေဖြင့် ကြိုတင်သတိပေးချက်တစ်ခုကို ခံစားခဲ့ရသည်။

အထက်ဘုံကမ္ဘာမှ သိုင်းပညာအမွေအနှစ်များက အောက်ဘုံကမ္ဘာများထက် ပိုမိုပြီးပြည့်စုံခြင်းရှိသည်။ ထို့ပြင် မဟာကပ်ဘေးကြီးမှလွတ်‌မြောက်လာပြီး အသက်ရှင်ကျန်ရစ်သူများလည်း ရှိနိုင်သည်ဖြစ်ရာ အထက်ဘုံကမ္ဘာမှ အထွတ်ထိပ်ပုဂ္ဂိုလ်များ၏ အသိပညာနှင့် မမျှော်အမြင်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် နှိုင်းယှဉ်မရလောက်အောင် မြင့်မားသည်။

ရန်ကျောက်ကဲက မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်မှ လျှို့ဝှက်သိုင်းပညာများ ၊ ကျင့်စဉ်များအားလုံးကို သိရှိထားပြီး လက်တွေ့ကျင့်ကြံထားသူလည်း ဖြစ်၏။ သို့ဖြစ်ရာ ဤ အထက်ဘုံကမ္ဘာမှ အချို့သောပုဂ္ဂိုလ်များအနေဖြင့် သူ၏ကျင့်ကြံခြင်းဇာစ်မြစ်ကို သိရှိသွားနိုင်သည်။

အထက်ဘုံကမ္ဘာသို့တက်လာပြီးနောက်ပိုင်း ထိုသတိပေးချက်က တဖြည်းဖြည်းနှင့် မှန်ကန်လာခဲ့သည်။ သို့သော် ရန်ကျောက်ကဲတွင်လည်း ထိုပြဿနာကိုဖြေရှင်းရန် နည်းလမ်းများစွာ ရှိပေသည်။

စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ဖုံးကွယ်ထားနိုင်သည်။

တကယ်တမ်း ထုတ်ဖော်အသုံးပြုမည်ဆိုလျှင်လည်း လျှို့ဝှက်စွာပင် ပြောင်းလဲအသုံးပြုပြီး ချက်ချင်းပြန်လည်ရုတ်သိမ်းလိုက်နိုင်သည်။ သို့ဆိုလျှင် သူအသုံးပြုသည့်သိုင်းပညာနှင့်ပတ်သက်ပြီး သဲလွန်စကျန်ရစ်တော့မည် မဟုတ်ပေ။

‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ သည်လည်း မူကွဲများစွာရှိသည်။ သင့်တင့်စွာထိန်းချုပ်အသုံးပြုနိုင်မည်ဆိုပါက နုန်ယွိရွှမ်တို့အုပ်စုအား ရှင်းပစ်စဉ်က ပထမဆုံးအကြိမ်အသုံးပြုခြင်းကဲ့သို့ အခြားသူများ လွယ်လွယ်နှင့် မှတ်မိသိရှိတော့မည် မဟုတ်ပေ။

ဆိုရသော် အကြီးမားဆုံးပြဿနာမှာ ဖုံးကွယ်ရန်ခက်ခဲသော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ဖြစ်၏။ သို့သော် ယခုတော့ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရက် ရှိလာပြီဖြစ်ရာ အခြေအနေက များစွာတိုးတက်လာပြီဟု ဆိုနိုင်သည်။

ထို့ကြေင့် ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို အတော်လေး စိတ်ဝင်စားနေခြင်းပင်။

“ဒါက အပေါ်ယံသက်သက်ဆိုပေမယ့် ယိုးမင်ဧကရာဇ်က ‘အဆုံးမရှိပြိုင်ဘက်ကင်းခြင်း’ သဘောတရားကို သူကိုယ်တိုင်လေ့လာပြီး ထိုးထွင်းသိမြင်နိုင်တာကိုကြည့်ရရင် တစ်ခေတ်တစ်ခါက တကယ့်သူရဲကောင်းဆိုတာ ထင်ရှားတာပဲ”

ရန်ကျောက်ကဲ နှုတ်ခမ်းများကို ပွတ်သပ်ရင်းတွေးလိုက်သည်။

“ဒါပေမဲ့ ကံမကောင်းတာက အဲဒီလိုနားလည်တာကြောင့်ပဲ သူ ရှေ့ဆက်ဖို့ ကျင့်စဉ်လမ်းပိတ်ဆို့သွားရတယ်”

“အဆုံးမရှိပြိုင်ဘက်ကင်းခြင်း” ဆိုသည်က ကနဦးဖြစ်တည်မှု “တစ်ခု” ဆိုသည့်အရာ၏ အစပြုခြင်း၏အစ ၊ အဆုံးသတ်ခြင်း၏အဆုံးကို ဆိုလိုခြင်း ဖြစ်သည်။

အတုမရှိသော ယွမ်စီထျန်းကျွင်း။

ထို့အတူ  အတုမရှိထူးခြားသော ‘အဆုံးမရှိပြိုင်ဘက်ကင်းခြင်း’ ဖြစ်သည်။

မူလကောင်းကင်ကျမ်းစာ (၁၂) စောင်မှ ဒုတိယကျမ်းစာဖြစ်သော ‘မူလကောင်းကင်ကျမ်းစာ’ သည် ကျင့်ကြံသူများအားလုံးထဲမှ တစ်ယောက်သာလျှင် အထွတ်ထိပ်သို့ရောက်ခွင့်ရှိသည်။ ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကတော့ လူတစ်ယောက်သာလျှင် ကျင့်ကြံနိုင်ခွင့် ရှိသည်။

ရှေးခေတ်အချိန်မှ ယနေ့ခေတ်အချိန်ထိ ကာလတစ်လျှောက် မရေမတွက်နိုင်သည့် နှစ်ပေါင်းအသင်္ချေအတွင်း ‘အဆုံးမရှိပြိုင်ဘက်ကင်းခြင်း’ သဘောတရားကို သိရှိနားလည်ခဲ့သူမှာ ယင်ထျန်းရှတစ်ယောက်တည်း ရှိသည်မဟုတ်ပေ။

သို့သော် ထိုသူများအားလုံးက ချွင်းချက်မရှိ လမ်းစဉ်ကို စွန့်လွှတ်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ က အထွတ်ထိပ်တည်ရှိမှုတစ်ခု ဖြစ်နေသောကြောင့် ဖြစ်၏။

လက်ရှိကာလမှပညာရပ်များက အတိတ်ကာလမှ ပညာရပ်များလောက် ကောင်းမွန်ခြင်းမရှိသော်လည်း လမ်းသစ်ရှာဖွေသူများသည် အတိတ်မှပညာရပ်များကို ကောက်နှုတ်ပြီး အနာဂတ်ကိုဖွင့်လှစ်ခဲ့ကြသည်။ တာအိုလမ်းစဉ်အသစ်များ ထပ်မံရှာဖွေခြင်းက အမြဲတည်ရှိနေမည် ဖြစ်သော်လည်း ၊ ပြဿနာတစ်ခုမှာ ‘ယွမ်စီထျန်းကျွင်း’ က ပြီးပြည့်စုံသည့်အောင်မြင်မှုဖြင့် လောကကိုကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤအချက်က သူလျှောက်ခဲ့သောလမ်း ဆုံးခန်းတိုင်သွားပြီဟု ဆိုနိုင်၏။

နောက်ပိုင်းလူများက တူညီသောလမ်းကိုလိုက်သည့်အခါ ရလဒ်အနေဖြင့် သွားစရာလမ်းမရှိအောင် ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာပြီး အဆုံးသတ်မှာတော့ ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ သို့သာ ပြန်လည်ရောက်သွားမည် ဖြစ်သည်။

ယင်ထျန်းရှ ဤအချက်ကို သဘောပေါက်ခဲ့လေသလား ရန်ကျောက်ကဲ မသိပေ။

သူက ‘အဆုံးမရှိပြိုင်ဘက်ကင်းခြင်း’ သဘောတရားကိုနားလည်ခဲ့ပြီး ဘိုးဘေးများ၏ ယိုးမင်ဂမ္ဘီရကျမ်းထက်သာလွန်သော ယိုးမင်ဂမ္ဘီရပညာ (၁၂) ရပ်ကို တီထွင်ခဲ့သည်။ ထို့ကြောင့်ပင် ယိုးမင်ဂမ္ဘီရဂိုဏ်းသည် မကြုံစဖူး အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။

သို့သော် သူ့အနေဖြင့် ဤလမ်းစဉ်မှခွဲထွက်ပြီး အခြားလမ်းကိုမလျှောက်လှမ်းနိုင်ပါက ဤသို့သော အထွတ်ထိပ်အောင်မြင်မှုသည် ဤနေရာမှာပင် အဆုံးသတ်သွားပေမည်။

တစ်ချိန်က ယင်ထျန်းရှစိတ်ထဲ မည်သို့အတွေးရှိမည်ကို မည်သူမှမသိရှိနိုင်ပေ။

ယိုးမင်ဧကရာဇ်က သူ၏အအောင်မြင်ဆုံးသော အထွတ်ထိပ်အချိန်ကာလတွင် သေဆုံးခဲ့ရသည်ဖြစ်ရာ သူ၏အနာဂတ်ဖြစ်နိုင်ခြေများအားလုံးသည်လည်း ပျက်ပြယ်ခဲ့ရသည်။

ရန်ကျောက်ကဲ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်အကြောင်း စဉ်းစားလိုက်သည်။ ထို့နောက် သူကိုယ်ပိုင်ကျင့်ကြံထားသော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ မရေမတမတွက်နိုင်သော အတွေးစိတ်ကူးများ စိတ်ထဲပေါ်လာသည်။

တစ်ကြိမ်တွင် လူတစ်ယောက်သာလျှင် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံခွင့်ရှိသည်။

လူတစ်ယောက်က ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို နားလည်သဘောပေါက်ပြီး မှန်ကန်သည့်နည်းလမ်းဖြင့် စတင်ကျင်ကြံသည်နှင့် အခြားသူများအနေဖြင့် ၎င်းကျမ်းစာ၏ခမ်းနားထည်ဝါမှုများကို သိရှိသည့်တိုင် ကျင့်ကြံနိုင်ခြင်းမရှိတော့ဘဲ ငေးကြည့်လျှက် သက်ပြင်းချရုံသာ တတ်နိုင်ပေမည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှိစဉ်အခါက ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို သူ၏ ကျင့်ကြံခြင်းအခြေခံအဖြစ် ရွေးချယ်ခဲ့သည်။ တစ်ချိန်တည်းပင် ဤကျင့်စဉ်ကို စကြာဝဠာတစ်ခွင် သူ့အရင်ကျင့်ကြံထာသူ တစ်ယောက်မှမရှိသဖြင့် ရန်ကျောက်ကဲ အ‌တော်လေး ပျော်ရွှင်ဝမ်းမြောက်ခဲ့၏။

ရှေးခေတ်အချိန်မှ ယနေ့ခေတ်အချိန်အထိ ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ က ထိပ်တန်းလျှို့ဝှက် ကျင့်စဉ်ကျမ်းတစ်ခု ဖြစ်ခဲ့ပေသည်။

ယခုအချိန် သူစဉ်းစားမိသည်က ဤထူးခြားသောသိုင်းပညာအကြောင်း တွေးတောနေသူတစ်ယောက် ဤလောကတွင် ရှိပါသေးသလား။ သို့ရာတွင် ဤလောကတွင် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ၏ အနှစ်သာရကို ဆုပ်ကိုင်ထားသူမှာ သူတစ်ယောက်သာလျှင်ရှိသည် မဟုတ်လား။

မဟာကပ်ဘေးကြီးမတိုင်ခင်ကလည်း ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံသူရှိကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ။ သို့ဖြစ်ရာ ထူးဆန်းသောလွဲချော်မှုတစ်ခု ရှိနေပုံရ၏။

ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျင့်ကြံခြင်းစွမ်းအားများကို တိတ်ဆိတ်စွာ လှည့်ပတ်လိုက်သည်။

အလင်းတစ်ဝက် ၊ အမှောင်တစ်ဝက် ၊ အဖြူတစ်ဝက် ၊ အနက်တစ်ဝက် အလင်းတန်းက သူ၏ခန္ဓာကိုယ်ထက် တဖြည်းဖြည်း ထွက်ပေါ်လာပြီး တောက်ပခြင်းလည်းမရှိ ၊ မှောင်မိုက်ခြင်းလည်းမရှိသော မှိုင်းညို့ညို့အလင်းရောင်တစ်ခုက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသည်။

‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ အခြေခံရှိနေသဖြင့် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို ကျင့်ကြံသည့်အခါ အခြားသူများထက် ပိုမိုလျှင်မြန်လွယ်ကူသည် အမှန်ပင်။

စိတ်အာရုံကိုစုစည်းလိုက်ပြီးနောက် ရန်ကျောက်ကဲ သတိပြန်ဝင်လာချိန်...

ရတနာပုံကြီးထက်တွင် ပျော်ရွှင်စွာဆော့ကစားနေသော ပန်ပန်ကိုတွေ့လိုက်ရပြီး အားဟူကတော့ ရှားပါး၍အဖိုးတန်သော ‘ချင်းမင်ရွှေရောင်စာရွက်များ’ ကို လက်ထဲတွင် ဆုပ်ကိုင်ရင်း ပါးစပ်ကနားရွက်တက်ချိတ်တော့မတတ် ပြုံးရယ်ရွှင်မြူးနေသည်။

“ဟမ်...”

ရန်ကျောက်ကဲ ရုတ်တရက် သိချင်သွားသည်။ လောဘကြီးသော ဟိုမိန်းကလေးငယ်လေးရော သူတို့အုပ်စုထဲမှာ ရှိမနေဘူးလား။ အစောပိုင်းက ပုံစံအတိုင်းသာဆိုလျှင် သူမသည်လည်း ပန်ပန်ကဲ့သို့ပင် ရတနာပုံထဲတိုးဝင်ပြီး ဆော့ကစားနေလောက်သည်။

ယခုတော့ ဘယ်ရောက်နေပါသနည်း။

ရန်ကျောက်ကဲ ခေါင်းလှည့်ကြည့်လိုက်တော့ မြင်ကွင်းကြောင့် ကျယ်လောင်စွာ အော်ရယ်မိမတတ် ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ရှောင်အိုက်မှာ ဖန်းယွင်ရှန်းအနားကပ်နေပြီး သူမကို စိတ်ရှုတ်ထွေးစွာဖြင့် စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

ဖန်းယွင်ရှန်းမှာ ရှောင်အိုက်၏ ခြေဆုံးခေါင်းဆုံးအကဲခတ်သည်ကို ခံနေရသည့်တိုင် စိတ်မသက်မသာခံစားရခြင်းမျိုး မရှိပေ။ သူမက ရယ်ချင်စိတ်ပင်ဖြစ်နေပြီး ရှောင်အိုက်ကို ပြုံးလျှက် ပြန်ကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ ရှောင်အိုက် မအောင့်နိုင်တော့ဘဲ စိတ်ရှုတ်ထွေးဟန်ဖြင့် ရန်ကျောက်ကဲအနားရောက်လာကာ မေးတော့သည်။

“သခင်လေး... သခင်လေး... ဒီတစ်ယောက်က ... မဟုတ်ဘူးမလား... မဟုတ်ဘူးမလား”

ရန်ကျောက်ကဲက ပေါ့ပါးစွာဖြင့်...

“ဘာမဟုတ်တာလဲ”

ရှောင်အိုက်က သွားကိုစေ့ပြီး အသံတိုးတိုးဖြင့်...

“... သခင်မလေး မဟုတ်ဘူးလားလို့ မေးတာ”

ရန်ကျောက်ကဲ ပြုံးလိုက်ပြီး ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။

“ဘာလို့ ဒီလိုမေးတာလဲ ၊ ဘာသက်သေရှိလို့လဲ ၊ ခရီးအတူတူထွက်တိုင်း စုံတွဲတွေ ဖြစ်ရရောလား”

ထိုစကားကြားတော့ ဖန်းယွင်ရှန်းလည်း ရှောင်အိုက်မည်သို့ ဖြေမည်ကို စိတ်ဝင်စားသွားသည်။

ရှောင်အိုက်က နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း ငိုတော့မည့်ဟန်ဖြင့်...

“သူသခင်လေးကိုကြည့်တဲ့မျက်လုံးတွေက ထူးခြားတယ်လေ... ပိုအရေးကြီးတာက... သခင်လေး သူ့ကိုကြည့်တဲ့အကြည့်တွေကလည်း အရမ်းထူးခြားနေတယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ ရယ်မောလိုက်ကြသည်။

ရှောင်အိုက်မှာ ရန်ကျောက်ကဲခြေထောက်ဖက်ပြီး ကျယ်လောင်စွာငိုတော့သည်။

“သခင်လေး... အဲဒီလိုလုပ်လို့ မရဘူးလေ ၊ သခင်လေးလို ချောမောခန့်ညားပြီး ထူခြားတဲ့သူက ပန်းပေါင်းတစ်ထောင်အလယ်မှာ ပျော်မွေ့ရမှာမဟုတ်လား ၊ မြက်ပင်လေးတစ်ပင်ကြောင့် စွန်းထင်းမခံသင့်ဘူး”

“သခင်လေး... သခင်မလေး မရှာချင်ပါနဲ့ ၊ ဟုတ်ပြီလား... တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲ”

ရန်ကျောက်ကဲမှာ ငိုရမလား ရယ်ရမလားမသိ ဖြစ်သွားသည်။

“မင်းရဲ့စကားအရဆိုရင် ငါက တစ်ဘဝလုံး လူပျိုကြီးလုပ်ရမှာလား”

ရှောင်အိုက်က ရန်ကျောက်ကဲကို သနားစရာကောင်းသောမျက်ဝန်းများဖြင့် မော့ကြည့်ရင်း ခေါင်းတွင်တွင်ညိတ်ပြသည်။

ရန်ကျောက်ကဲက ဒေါသထွက်သလိုဟန်ဆောင်ရင်း ရယ်ချင်စိတ်ဖြင့် ကလေးမ၏နဖူးကို လက်ဖြင့်တောက်လိုက်သည်။ ဖန်းယွင်ရှန်းကတော့ မနေနိုင်ဘဲ ရယ်မောလိုက်၏။

ရှောင်အိုက်က စိတ်ပျက်သွားဟန်ဖြင့်...

“သခင်လေး... သခင်လေးမှာ သခင်မလေးရှိနေပြီပဲ ၊ ဒီအစေခံက သခင်လေးကို ပထမတန်းစားလို့ထက်တောင်မြင့်တယ်လို့ပြောခဲ့တာ ၊ အခုတော့ ပထမတန်းစားလောက်ပဲ ထားရတော့မယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒီလိုတော့ မလုပ်နဲ့လေ ၊ နည်းနည်းပါးပါး ဆွေးနွေးကြည့်တာပေါ့ ၊ မင်းရဲ့ စံနှုန်းတွေကို လိုသလို ချိန်ညှိလို့ရတာပဲ ဧုတ်တယ်မလား ၊ မင်းရဲ့ အရင်မှတ်ချက်က အရမ်းလူသားမဆန်လွန်းဘူး မဟုတ်လား”

ထိုအချိန် အားဟူက မျက်လုံးတစ်ချက်လှန်လိုက်ပြီး ရန်ကျောက်ကဲအနားသို့ တိုးကပ်လာကာ ခပ်တိုးတိုး မေးလိုက်သည်။

“သခင်လေး... ဖန်းမိန်းကလေးက သခင်လေးနဲ့အတူ မနေရသေးဘူးလား ၊ သခင်လေး သူ့ကိုမစားရသေးဘူးလား”

ရန်ကျောက်ကဲက ခဏမျှတုံ့ဆိုင်းနေပြီးမှ ရယ်မောရင်း...

“မစားရသေးဘူး... ငါနဲ့ယှဉ်ရင် သူ့ခန္ဓာကိုယ်နဲ့ အရိုးတည်ဆောက်ပုံက အားနည်းသေးတယ် ၊ သူ ခံနိုင်မှာမဟုတ်ဘူး”

ထိုစကားများကြောင့် ဖန်းယွင်ရှန်းက ရှက်သွားခြင်းလည်းမရှိသလို ထိတ်လန့်သွားခြင်းလည်း မရှိပေ။

သူမက ပြုံးလိုက်ရင်း...

“အခုလိုစဉ်းစားပေးတာ ကျေးဇူးပါပဲ”

သူတို့နှစ်ယောက်ဆက်ဆံရေးက အရင်ကနှင့်မတူတော့ပေ။ ရန်ကျောက်ကဲအနေဖြင့် မည်သည့်စကားမဆို ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလေ့ရှိသည်။

သူက ဖန်းယွင်ရှန်းကို တစ်ချက်အကဲခတ်လိုက်ပြီး ညစ်ပတ်သည့်အပြုံးဖြင့်...

“ဒါပေမဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်လေ”

ဖန်းယွင်ရှန်းက စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် မျက်လုံးတစ်ချက်လှန်ရင်း...

“ဥပမာလေးတစ်ခုလောက် ပြောကြည့်ပါလား”

“ဥပမာက...”

ရန်ကျောက်ကဲက စကားကိုသံရှည်ဆွဲရင်း ဖန်းယွင်ရှန်းကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူ့အကြည့်များက အောက်ဘက်သို့ရွေ့လျားသွားပြီး နောက်ဆုံး ဖန်းယွင်ရှန်းလက်များဆီသို့ ကျရောက်သွားသည်။

ဖန်းယွင်ရှန်းက သွားကိုစေ့ကာ ပြုံးလိုက်ရင်း...

“ကောင်းပြီ... ရှင်လှဲအိပ်လိုက်လေ...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“စိတ်ချ... ‘မု’ ပုံစံလှဲအိပ်ပေးမယ် ၊ မင်းစိတ်ကြိုက် ငါ့ကိုကစားလို့ရအောင်...”

ဖန်းယွင်ရှန်းက အံ့အားသင့်သွားပြီး...

“’တာ့’ ပုံစံ ဖြစ်ရမှာမဟုတ်ဘူးလား”

ထို့နောက်သူမက ခါးထောက်လိုက်ရင်း...

“’ထိုက်’ ပုံစံလည်း ဖြစ်နိုင်တာပဲ”

ဒီတစ်ခါတော့ အံ့အားသင့်သွားသူက ရန်ကျောက်ကဲ ဖြစ်သည်။

“’မု’ နဲ့ ‘ထိုက်’ က အများကြီးကွာတယ်လေ မဟုတ်ဘူးလား”

ဖန်းယွင်ရှန်းက ခါတိုင်းအချိန်နှင့်မတူ အလွန်တရာ စွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း...

“’မု’ ပုံစံက ရှင့်ပစ္စည်းရှင့်ခန္ဓာကိုယ်မှာ ရှိနေသေးတယ် ၊ ‘ထိုက်’ ပုံစံကတော့ ရှင့်ပစ္စည်း ပြုတ်ထွက်သွားလို့ ခြေထောက်ကြား ကြုံရာမှာ ချထားလိုက်တာ”

ရန်ကျောက်ကဲ : “……”

***

ရှင်းလင်းချက်-

‘မု’ ပုံစံ ဆိုတာ ‘木’ဒီစာလုံးပုံစံ ကိုပြောတာပါ ၊

‘တာ့’ ပုံစံ ဆိုတာ ‘大’ဒီစာလုံးပုံစံကို ပြောတာပါ ၊

ထိုက်ပုံစံဆိုတာက‘太’ဒီစာလုံးပုံစံပါ

MC နဲ့ FL ဘာတွေပြောတာလဲဆိုတာ စာဖတ်သူများ ကိုယ့်ဖာသာကိုယ် ပုံဖော်တွေးကြည့်လိုက်ကြပါတော့နော် :P

All Chapters