← Chapters

ခွန်လွန်တောင်မှနှင်းကြိုးကြာ

Vol. 51 Ch. 722

ခွန်လွန်တောင်မှနှင်းကြိုးကြာ

Vol. 51 Ch. 722

အခန်း (၇၂၂) ခွန်လွန်တောင်မှနှင်းကြိုးကြာ

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းက ဘယ်သူ့ကိုမှ လျှို့ဝှက်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြခြင်းဖြစ်သည်။

အားဟူကတော့ တဟဲဟဲရယ်မောရင်း နားထောင်နေပြီး ၊

ရှောင်အိုက်ကတော့ ဝမ်းနည်းဒေါသထွက်သည့် မျက်နှာထားဖြင့်...

“သခင်လေး... ကျွန်စိတ်ထဲက အရပ်မြင့်မြင့်နဲ့ ခမ်းနားလွန်းတဲ့ သခင်လေးရဲ့ ပုံရိပ်က လုံးဝ ပျက်ဆီးသွားပြီ”

ထို့နောက် သူမက လုံးဝမေတ္တာမရှိတော့သောမျက်နှာထားဖြင့် သက်ပြင်းချလိုက်ရင်း...

“သခင်မလေးရေ... သခင်လေးမှာလည်း လက်ထပ်ရမယ့်သခင်မလေးရှိနေပြီတဲ့ ၊ ဘယ်လိုလုပ်ကြမလဲ”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ သူမရှေ့မှာပင် ပွင့်ပွင့်လင်းလင်းစားပြောကြသည်ကို တွေးကြည့်ပြီးနောက် ရှောင်အိုက် အနည်းငယ် စိတ်သက်သာရာရသွားပြန်သည်။

“သခင်လေးကို ပထမတန်းစားကိုလျှော့ချရမလား ၊ ပထမတန်းစားထက်မြင့်တယ်လို့ပဲ သတ်မှတ်ရမလား မသိတော့ဘူး”

ဒွိယဖြစ်သည့်မျက်နှာထားဖြင့် ရှောင်အိုက်တစ်ယောက် နားကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ ဘေးဘက်သို့ ပြေးထွက်သွားတော့သည်။

ဖန်းယွင်ရှန်းက ရှောင်အိုက်ကျောပြင်ကိုလှမ်းကြည့်ကာ ရယ်မောရင်း...

“တကယ်ဆို သူ့ရဲ့တကယ့်အသက်က ကျွန်မထက်ကြီးရမှာနော် ၊ မမသေးသေးလေးလို့ ခေါ်ရမယ်”

ရန်ကျောက်ကဲက...

“ဒဏ်ရာကုသဖို့ ယိုးမင်ဧကရာဇ်ဂူဗိမာန်ထဲမှာ နှစ်အတော်ကြာအောင် အိပ်ပျော်နေခဲ့တာလေ”

ဖန်းယွင်ရှန်းက ယိုးမင်ဂမ္ဘီရစက်ဝန်းကို လှမ်းကြည့်ရင်း...

“ယိုးမင်ဂူဗိမာန်ကနေ ကျွန်မတို့ရလာတဲ့ အကြီးမားဆုံးအကျိုးအမြတ်ကတော့ ဒီပစ္စည်းပဲ ဖြစ်မယ်ထင်တယ်”

အစောပိုင်းတိုက်ပွဲတွင် ရန်ကျောက်ကဲနှင့်အတူ ယိုးမင်ဂမ္ဘီရစက်ဝန်း၏ တန်ခိုးစွမ်းအားကို နှိုးဆွခဲ့ပြီးနောက် ဤရတနာပစ္စည်းအတွင်း ဖုံးကွယ်ထားသော ကြောက်မက်ဖွယ်ရာ နက်ရှိုင်းသည့်စွမ်းအားကို သူမ အလွန်တရာ သဘောကျခဲ့သည်။

အစပိုင်းတွင် ထူးကဲယင်သရဖူကိုတွေ့ရှိခဲ့ရပြီး နောက်ပိုင်းမှာတော့ နေရိပ်နတ်ဓားကို ပိုင်ဆိုင်ခဲ့သည်။

ထို့ကြောင့် အထွတ်ထိပ်အဆင့်မြင့်ပစ္စည်းများအပေါ် ဖန်းယွင်ရှန်း၏ နားလည်မှုက သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုအာရုံခံနိုင်စွမ်းမြင့်မားသည်။

ရန်ကျောက်ကဲလည်း ယိုးမင်ဂမ္ဘီရစက်ဝန်းကိုတစ်ချက်လှမ်းကြည့်ရင်း...

“ဒါကြီးက အကျိုးအမြတ်လား ကပ်ဘေးလားဆိုတာ အခုထိ ပြောဖို့ခက်နေသေးတယ်”

သူက သအင်္ချေနဂါးနန်းတော်ခေါင်မိုးကို မော့ကြည့်ရင်း...

“အရင်တုန်းက  ယိုးမင်ဧကရာဇ်က ခန္ဓာကိုယ်ကိုအသုံးပြုပြီး ယိုးမင်ဂမ္ဘီရစက်ဝန်း သန့်စင်မှာကို မသိခဲ့ဘူး ၊ ဒါကြောင့် သေဆုံးပြီးတဲ့နောက်ပိုင်းကိစ္စ ထုံးတမ်းပွဲတော်ကို အရမ်းဂရုစိုက်တယ်လို့ မထင်ခဲ့မိဘူး”

သူက ဆက်ပြောသည်။

“ထုံးတမ်းပွဲတော် အဆုံးသတ်သွားပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းလည်း သန့်စင်ပြီးတဲ့အခါ ယိုးမင်ဂူဗိမာန်လည်း ပြိုကျပျက်ဆီးသွားခဲ့တယ် ၊ ဒီတော့မှ ယိုးမင်ဂူဗိမာန်က ယိုးမင်ဧကရာဇ်ရဲ့ အရိုးပြာအိပ်စက်အနားယူတဲ့နေရာမဟုတ်ဘဲ ယိုးမင်ဂမ္ဘီရစက်ဝန်း ပြုလုပ်ဖို့ အသုံးပြုခဲ့တယ်ဆိုတာ သိခဲ့ရတယ် ၊ ဒါပေမဲ့...”

ရန်ကျောက်ကဲက ဖြည်းညင်းစွာအသက်ရှူထုတ်ရင်း...

“ယိုးမင်ဂမ္ဘီရစက်ဝန်းထဲက ထွက်ပေါ်လာတဲ့ ယိုးမင်ဧကရာဇ်ရဲ့ ပုံရိပ်က ကွမ်းမင်ဂိုဏ်းကို မကြိုက်တဲ့သဘောပြနေတယ်”

ဖန်းယွင်ရှန်းက စဉ်းစားရင်း...

“’များစွာသော နည်းလမ်းများကို အရပ်ရပ်သို့ပျံ့နှံ့သွားစေပါ...’ ဆိုတဲ့စကားက ယိုးမင်ဧကရာဇ် နောက်ဆုံးပြောခဲ့တဲ့စကား မဟုတ်လား ၊ ဒါကိုကြည့်ရင် ကွမ်းမင်ဂိုဏ်းမှမဟုတ်ဘူး... ယိုးမင်ဂိုဏ်းကကျင့်ကြံသူတွေရှိနေလည်း ယိုးမင်ဂမ္ဘီရစက်ဝန်းရဲ့ ငြင်းပယ်တာကိုခံရမှာပဲထင်တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ယိုးမင်ဧကရာဇ် သေဆုံးသွားတဲ့ကိစ္စနဲ့ ယိုးမင်ဂမ္ဘီရဂိုဏ်း ကျဆင်းဆုတ်ယုတ်သွားတဲ့ကိစ္စက အတော်လေး ထူးဆန်းတယ်”

ဖန်းယွင်ရှန်းက...

“ယိုးမင်ဂူဗိမာန် ဒါမှမဟုတ် ယိုးမင်ဂမ္ဘီရစက်ဝန်းထဲမှာ အဖြေတစ်ခုရှိမယ်လို့ ရှင်ထင်သလား”

ရန်ကျောက်ကဲက စကားပြန်ပြောခြင်း မရှိပေ။

ထိုစဉ်အခါက ယင်ထျန်းရှနှင့် ယိုးမင်ဂမ္ဘီရဂိုဏ်းမှအကြီးအကဲများက အဝေးတစ်နေရာ ဘုံကမ္ဘာတစ်ခုသို့ ခရီးထွက်ခွာခဲ့သည်။ ထိုခရီးစဉ်က လူတိုင်းထင်မှတ်သလို ရိုးရှင်းခြင်း မရှိပေ။ ထိုခရီးစဉ်တွင် လျှို့ဝှက်သည့် ရည်ရွယ်ချက်မျိုး ရှိကောင်းရှိနိုင်သော်လည်း အဆုံးသတ်မှာတော့ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။

ယိုးမင်ဂမ္ဘီရဂိုဏ်းမှ အကြီးအကဲများအားလုံး ကျဆုံးသွားခဲ့ပြီး ယင်ထျန်းရှတစ်ယောက်တည်းသာ ပြန်ရောက်လာသည်။ သို့သော် သူလည်း သေဆုံးသွားခဲ့၏။

ရန်ကျောက်ကဲအမြင်အရဆိုလျှင် ယင်ထျန်းရှကဲ့သို့ သူရဲကောင်းတစ်ယောက်က လွယ်လွယ်နှင့် အန္တရယ်ကျရောက်နိုင်မည် မဟုတ်ပေ။ သို့သော် သူက ပြန်ရောက်ပြီးနောက် စကားတစ်လုံးမှမဆိုဘဲ နောက်ဆုံးအချိန်တွင် လူတိုင်းကို အရပ်ရပ်သို့ပျံ့နှံ့သွားစေရန် တစ်ခွန်းတည်းသာ ပြောဆိုခဲ့သည်။

သူတို့သွားရောက်သည့်နေရာက အလွန်တရာစွမ်းအားကြီးမားကြောင့် ယင်ထျန်းရှ သိရှိခဲ့သည်အမှန်ပင်။ ထို့ကြောင့် ဂိုဏ်းတွင်းမှ စွမ်းအားနည်းပါးသူများကို ပါဝင်ခိုင်းခြင်း မရှိဘဲ ထိပ်တန်းအကြီးအကဲများသာ စုရုံးသွားရောက်ခဲ့ကြသည်။

ထို့ပြင် ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့သော ဧကရာဇ်တစ်ပါးဖြစ်သည့် ယင်ထျန်းရှသည် လက်လျှော့မည့်သူတစ်‌ယောက် မဟုတ်ပေ။ သူ၏တပည့်သားမြေးများနှင့် နောင်လာနောက်သားများအတွက် အမှန်တရားကိုရှင်းပြနိုင်ရန် တစ်စုံတစ်ခု ချန်ထားခဲ့ချင်မည် ဖြစ်သည်။

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“သခင်လေး... သခင်လေးတော့ အတွေးလွန်နေပြီ ထင်တယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အင်း ငါလည်း အဲဒီလိုပဲထင်တယ်”

ခဏနားပြီးမှ ရန်ကျောက်ကဲက ဆက်ပြောသည်။

“ယိုးမင်ဧကရာဇ်ရဲ့ နောက်ဆုံးပုံရိပ်ပျောက်ကွယ်သွားတော့ ယိုးမင်ဂမ္ဘီရစက်ဝန်းက ကွမ်းမင်ဂိုဏ်းကလူတွေကို သဘောမကျတဲ့ပုံမျိုး မရှိတော့ဘူး”

“ဒါပေမဲ့ အခြေအနေက ငါတို့သာ ယိုးမင်ဂမ္ဘီရစက်ဝန်းကို ယူမလာခဲ့ရင် ကွမ်းမင်ဂိုဏ်းရဲ့ တိုက်ခိုက်မှုက လွတ်မြောက်နိုင်ဖို့ ခက်ခဲလိမ့်မယ်”

သူက ဆက်ပြောသည်။

“ပြီးတော့ ယိုးမင်ဂမ္ဘီရစက်ဝန်းသာ ကွမ်းမင်ဂိုဏ်းလက်ထဲရောက်သွားရင် သူတို့ရဲ့ စွမ်းအားတွေ အချိန်တိုအတွင်း အရမ်းမြင့်မားလာလိမ့်မယ် ၊ ငါတို့တွေ ကျူတောပင်လယ်ဒေသမှာ ဆက်မလှုပ်ရှားနိုင်တော့တာက အသေးအဖွဲဆိုပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာကတော့ သူတို့ရဲ့စွမ်းအားကို ခုခံနိုင်စွမ်းရှိမှာ မဟုတ်တော့ဘူး”

ရန်ကျောက်ကဲက နှုတ်ခမ်းကို ပွတ်သပ်ရင်း...

“အဲဒီလိုအခြေအနေတွေသာမရှိရင် ငါတော့ ဒီ ယိုးမင်ဂမ္ဘီရစက်ဝန်းကို ကွမ်းမင်ဂိုဏ်းကို ပေးပစ်လိုက်မှာ...”

အားဟူက အလွန်တရာ တုန်လှုပ်သွားဟန်ဖြင့်...

“သခင်လေး...”

ရန်ကျောက်ကဲက စိတ်အေးအေးထားရန် အားဟူကို လက်တစ်ဖက်ကာပြသည်။

ကြီးမားသော ယိုးမင်ဂမ္ဘီရစက်ဝန်းက လေထုထဲတွင် လွင့်မျောနေပြီး မည်သည့်ထူခြားချက်မှ မပြသလို အနည်းငယ်သော စွမ်းအားရောင်ဝါ ထွက်ပေါ်လာခြင်းလည်း မရှိပေ။ သာမန် အနက်ရောင်သတ္တုဘီးကြီးတစ်ခုပမာ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲကတော့ ထိုရတနာပစ္စည်းကိုကြည့်ရင်း မျက်ဝန်းအကြည့်များက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။

“ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များ” ဆိုသည်က အထက်ဘုံကမ္ဘာတွင် လက်ရှိအုပ်စိုးနေသူများ ဖြစ်သည်။

ထိုသူများကြားတွင် သဘောထားတင်းမာမှုများနှင့် ကွဲလွဲမှုများ ရှိနိုင်သော်လည်း ပြဿနာအားလုံးကို ဖြေရှင်းရန်အတွက် တူညီသည့်ယေဘူယျသဘောထားကို ကိုင်စွဲထားသည့်အတွက် သူတို့ကြားတွင် ပဋိပက္ခအနည်းငယ်သာလျှင် ရှိသည်။

ဤသည်မှာ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ပြင်ပရန်သူရှိနေသောကြောင့် ဖြစ်နိုင်သည်။ ပြီးတော့ ကမ္ဘာတိုင်းက ငရဲကိုးထပ်၏ ခြိမ်းခြောက်မှုကို ခံနေရသည် မဟုတ်လား။

မည်သို့ပင်ဖြစ်စေ ယင်ထျန်းရှ ကွယ်လွန်ပြီးနောက် ယိုးမင်ဂမ္ဘီရဂိုဏ်း ပျက်ဆီးသွားခဲ့သည်။ သို့သော် အထက်ဘုံကမ္ဘာမှ အထွတ်ထိပ်ပုဂ္ဂိုလ်များက ထိုအကြောင်းကိုပြောဆိုရန် အလွန်တွန့်ဆုတ်ကြသည်။

သို့ဖြစ်ရာ ပြောစရာများစွာရှိလာသည်။

ရန်ကျောက်ကဲအမြင်အရ ယိုးမင်ဧကရာဇ် ဤသို့ဖြစ်ရသည်မှာ ထိုသူများထဲမှ တစ်ယောက်၏လက်ချက် ဖြစ်နိုင်သလို အနည်းငယ်က ဝိုင်းဝန်းပူးပေါင်းကြံစည်ခြင်းလည်း ဖြစ်နိုင်၏။

ဤသို့သောအခြေအနေမျိုးတွင် အမှန်တရားကို အနီးစပ်ဆုံး သိရှိသွားသူသည် သေရန်နီးကပ်လာပေလိမ့်မည်။

ယိုးမင်ဧကရာဇ်၏ပုံရိပ်က သူ၏အဆက်အနွယ်များကို သဘောမကျသလို ဖြစ်နေသည်မှာ ဤကိစ္စကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

လေထုထဲတွင် လွင့်ပျံနေသည့် ယိုးမင်ဂမ္ဘီရစက်ဝန်းကိုကြည့်ရင်း ဖန်းယွင်ရှန်းနှင့် အားဟူတို့သည်လည်း အတွေးနက်နေကြသည်။

ရန်ကျောက်ကဲက လက်ခုပ်တစ်ချက်တီးကာ ပြုံးလိုက်ရင်း...

“အရမ်းစိတ်ရှုပ်နေစရာမလိုပါဘူး ၊ တကယ်တော့ ငါတို့က ကွမ်းမင်ဂိုဏ်းနဲ့ ယိုးမင်ဂိုဏ်းထက်တောင် ပိုပြီးအန္တရယ်ကင်းပါသေးတယ်”

သူက ခဏနားပြီးမှ ဆက်ပြောသည်။

“ဒီလိုလုပ်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ် ၊ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့တော့လိုတာပေါ့”

“အကျပ်အတည်းတစ်ခု ရင်ဆိုင်ရတဲ့အခါ အန္တရယ်နဲ့ အခွင့်အရေး နှစ်ခုလုံး အမြဲတမ်းရှိနေတယ် ၊ ပြဿနာက အန္တရယ်ကို ဘယ်လိုရှောင်ရှားမလဲ ၊ အခွင့်အရေးကို ဘယ်လိုဆုပ်ကိုင်မလဲဆိုတာပဲ”

“ပြီးတော့ အဲဒီတုန်းကအဖြစ်အပျက်တွေကို သိရှိတဲ့သူတွေလည်း ကျန်နေသေးတယ်”

ရန်ကျောက်ကဲမျက်နှာအမူအရာက ရုတ်တရက် ထူးဆန်းသွားပြီး...

“ဟုတ်တယ်... ငါ့အမေလည်း သိနိုင်တယ်”

မဟုတ်ပါက ရွှယ်ချူးချင်သည် ယိုးမင်ဧကရာဇ်ကို ကူညီရန် မဖြစ်နိုင်ပေ။

အထက်မှအမိန့်ပေးစေခိုင်းသဖြင့် ပြုလုပ်ခြင်းဖြစ်သော်လည်း သူမထိုအကြောင်းကို သေချာပေါက် သိရှိပေမည်။ ရွှယ်ချူးချင်က မသိဘူးဆိုလျှင်တောင်မှ သူမကို ယိုးမင်ဧကရာဇ်ဂူဗိမာန်ထဲဝင်ရောက်ရန် ညွှန်ကြားစေခိုင်းသူက ထိုအကြောင်းအား သိရှိပေမည်။

ရန်ကျောက်ကဲက ပြုံးရင်း ရှောင်အိုက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

“ရှောင်အိုက်... မင်းသိသမျှ ငါ့အမေအကြောင်းပြောပြစမ်းပါ”

“ဥပမာ မင်းအရင်တုန်းကပြောဖူးတယ်လေ ၊ ငါ့အမေရဲ့ ဘိုးဘေးဆရာက ယိုးမင်ဧကရာဇ်နဲ့ ရင်းနှီးတယ်ဆိုတာမျိုးပေါ့ ၊ အဲဒီဘိုးဘေးဆရာက ဘယ်လိုပုံစံမျိုးလဲ မင်းသိလား”

ရှောင်အိုက်က မျက်တောင်တစ်ချက်ခတ်ရင်း...

“သခင်လေး... ဒီအစေခံက ကိုယ့်အလုပ်ပဲကိုယ် ကျေပွန်အောင်လုပ်ပါတယ် ၊ သခင်မလေးအကြောင်းတွေကို မမေးဝံ့ဘူး”

ရန်ကျောက်ကဲက ပြုံးရင်း...

“အင်း ကောင်းတယ်... ၊ ဒါဖြင့် မင်းသိတာတွေ အကုန်ပြောပြ ၊ ငါ့ကို ဘာမှ လျှို့ဝှက်ထားစရာမလိုဘူး”

ထို့နောက် ရှောင်အိုက်က စကားများစွာပြောဆိုပြီး အားလုံးက အသေးအဖွဲအကြောင်းအရာများသာဖြစ်သည်။ သို့သော် အဖြစ်အပျက်များထဲမှတစ်ခုက ရန်ကျောက်ကဲ၏ စိတ်အာရုံကို ဖမ်းစားလိုက်သည်။

“မင်းပြောလိုက်တာ... အမေက ခွန်လွန်တောင်က ဟုတ်လား”

ရှောင်အိုက်က ပြုံးရင်း...

“သခင်မလေးက ဘယ်ကလဲဆိုတာ ဒီအစေခံ သေချာမသိပါဘူး ၊ ဒါပေမဲ့ သူ အရင်က ခွန်လွန်တောင်ကို ရောက်ခဲ့ဖူးတာဖြစ်ရမယ် ၊ အရင်တုန်းက သခင်လေးက မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်က နှင်းတွေကိုကြည့်ရင်း ဒီရှုခင်းက ခွန်လွန်တောင်ကရှုခင်းထက်တောင် ပိုပြီးအထီးကျန်တယ်လို့ ပြောခဲ့ဖူးတယ်”

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်လိုက်သည်။

ထိုခွန်လွန်တောင်က မဟာကပ်ဘေးကြီးမတိုင်ခင်က ခွန်လွန်တောင် မဖြစ်နိုင်ပေ။

အထက်ဘုံကမ္ဘာ၏ဗဟိုချက်ဖြစ်သော အလယ်ပိုင်း ကျွင်းထျန်းကောင်ကင်ပြည်နယ်တွင် အသစ်ပြန်လည်တည်ထောင်ထားသည့် ခွန်လွန်တောင် ဖြစ်ရပေမည်။

All Chapters