← Chapters

အခန်း(၄၆၉) - ကြီးမားသော အရောင်းအဝယ်

Vol. 34 Ch. 369

အခန်း(၄၆၉) - ကြီးမားသော အရောင်းအဝယ်

Vol. 34 Ch. 369

အခန်း(၄၆၉) - ကြီးမားသော အရောင်းအဝယ်

လင်းချင်းဟယ် ကြက်တစ်ကောင်နှင့် ကြက်ဥတခြင်း ယူသွားပြီး ပြန်သွားတာတောင် အမေကျိုး မျက်နှာပေါ်က အပြုံး မသေသေးပေ။

အိမ်နီးချင်း အဘွားဟူလည်း စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။ "အဘွားကြီးရေ ရှင့်ချွေးမ ခုနက ကားကြီးတစ်စီး မောင်းလာတာလား။ အဲ့ဒီကားက ရှင့် သားနဲ့ ချွေးမတို့ ပိုင်တာလား။"

အမေကျိုးက အဘွားဟူနှင့် အဘွားကျူးတို့ကို စကားပြောချင်စိတ် သိပ်မရှိပေ။ အဘွားဟူနှင့် စကားမပြောဖြစ်တာလည်း ကြာပြီဖြစ်သည်။ လတ်တလော ပန်းခြံတွင် အမေကျိုးက မိတ်ဆွေအသစ်တချို့ ရထားသဖြင့် ဒီအိမ်နီးချင်းများကို စိတ်ထဲ မထည့်ထားတော့ပေ။

သို့သော်လည်း လာမေးသဖြင့် အမေကျိုးက တွန့်ဆုတ်စွာ ပြောလိုက်သည်။ "စတုတ္ထသားရဲ့ မိန်းမပေါ့။ ကျွန်မရဲ့ စတုတ္ထချွေးမက ကားကြီးတစ်စီး သူ့ဖာသာသူ မောင်းလာတာလေ။ ကဏန်းကြီးတွေလည်း ကျွန်မတို့အတွက် ယူလာပေးသေးတယ်။ ဒီ ပင်လယ်ခရုတွေကောပဲ။ သိပ်မများတော့ လက်ဆောင် မပေးတော့ဘူးနော်။"

သံသယဖြစ်စရာ မလိုပါ။ အဘွားဟူ၏ လိုချင်သော ဆန္ဒကို မွှေနှောက်ဖို့ တမင်တကာ ပြောလိုက်ခြင်းဖြစ်သည်။

အဘွားဟူက သိပ်ပြီး မလိုချင်ပေ။ သို့သော်လည်း အခုမှ ထွက်လာသည့် အဘွားကျူးကတော့ လောဘ တက်သွားသည်။

သို့သော်လည်း အဘွားဟူ ရင်ထဲတွင် ထိတ်လန့်သွားပါသည်။ ဒီကျိုးမိသားစုရဲ့ ဒေါ်လေးက တော်တော် အံ့အားသင့်ဖို့ ကောင်းပါသည်။ ထရပ်ကားတစ်စီးကို ကိုယ်တိုင်တောင် မောင်းနိုင်တယ်တဲ့လား။

ကားမောင်းတတ်တာ မထူးဆန်းပါ။ သူမသာ အသက် အများကြီး ပိုငယ်ပါက သူမလည်း သွားသင်နိုင်သည်။ အရေးကြီးသည့် အချက်က သူတို့သည် အဆိုပါကားမျိုးကို ဝယ်ယူဖို့ တတ်နိုင်လား မတတ်နိုင်ဘူးလား ဆိုတာပင် ဖြစ်ပါသည်။

ထိုကဲ့သို့ ထရပ်ကားမျိုးက ယွမ်သောင်းကျော် တန်သည်မဟုတ်လား။ ဒီကျိုးမိသားစုက ဒီလောက်တောင် ချမ်းသာကြတာလား။

အဘွားဟူတစ်ယောက်တည်း ဒီလိုတွေးတာ မဟုတ်ပေ။

အဘွားကျူး အိမ်ပြန်လာသောအခါ သူမ ရင်ထဲတွင် ယားယံနေမိ၏။

ကျိုးမိသားစုက ဆိုင်တွေ အများကြီး ဖွင့်ထားမှန်း သူမ သိသည်။ ဆိုင်တွေက အလွန်အမြတ်ကြီးလောက်သည်။ မဟုတ်ပါက ဘာလို့ တစ်ဆိုင်ပြီး တစ်ဆိုင် ဖွင့်နေဦးမည်နည်း။

ဟိုတချိန်က သူမ၏ မြေးမသာ အောင်မြင်စွာ လက်ထပ်နိုင်ခဲ့ပါက ဘယ်လောက်တောင် အိမ်ထောင်ရေး ကံကောင်းခဲ့လိုက်မလဲ။ အနာဂတ်တွင် ဘာမှ စိုးရိမ်စရာ လိုတော့မည် မဟုတ်ပါ။

မကြာသေးခင်ကမှ သူမ၏ မြေးမကို တစ်ယောက်ယောက်နှင့် လာမိတ်ဆက်ပေးသည်။ သူ့အား ငြင်းလိုက်ပြီးနောက် နောက်ထပ်လည်း ဒီလို ကလေကချေများသာ ထပ်မိတ်ဆက်ပေးခံရသည်။ တစ်ယောက်ကိုမှ သူမ မျက်စိမကျခဲ့ပါ။

ကြည့်ရတာ ကျိုးခိုင်သာ သူမမျက်လုံးထဲ ကောင်းမွန်သည့်ပုံပင်။

ဒီလိုအရပ်အမောင်းမျိုးနှင့် အပြင်ထွက်လျှင် ဘယ်သူကမှ အနိုင်မကျင့်ရဲလောက်ပါ။ ထိုကောင်လေးက အမြဲတမ်း တက်ကြွမှုများနှင့် ပြည့်ဝနေ၏။ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် အလွန် အစွမ်းအစရှိသော ကောင်လေး ဖြစ်မှန်း သိနိုင်ပါသည်။

သို့သော်လည်း ကျိုးမိသားစုက သူမ၏ မြေးမကို သဘောမကျပါ။

သူမ၏ မြေးမက ဘယ်လောက်တောင် တော်လိုက်သလဲ။ သူမက ကျိုးခိုင်နှင့် လိုက်ဖက်လွန်းလှပြီး နေနှင့်လ ရွှေနှင့်မြဆိုသလို ဖြစ်ပါသည်။

အထူးးသဖြင့် ကျိုးမိသားစုကို အခုကြည့်ပါဦး။ ကောင်းမွန်စွာ တိုးတက်နေကြလေပြီ။ ဒီလို ထရပ်ကားကြီးမျိုးကိုတောင် ဝယ်နိုင်ခဲ့ကြသည်။

အဘွားကျူးက ထိုအကြောင်းတွေကို စဥ်းစားကြည့်လိုက်ရုံနှင့် ရင်နာလာသလို ခံစားလိုက်ရသည်။ သို့သော်လည်း တဖက်တွင် ထိုကဲ့သို့ ကောင်းချီးမျိုး မရှိသဖြင့် သူမ ဘာမှပြောလို့မရပေ။

ဒီထရပ်ကားကြီးကို ဝယ်လာတော့ အတော်လေး အုံကြွသွားခဲ့သည်။

ကျိုးချင်းပိုင်က သူ့လက်အောက်က ဝန်ထမ်းများကို ကားမောင်းသင်ဖို့ ပြောသည်။

ဘာပဲဖြစ်ဖြစ် အခု ယာဥ်တစ်စီးရှိနေပြီ ဖြစ်သဖြင့် သူတို့နှစ်ယောက်တည်း ကားမောင်းတတ်လို့ မဖြစ်တော့ပါ။ နှစ်ယောက်စလုံးက အလုပ်များတတ်ကြသည်။

ဟူကျစ်ကို ပထမဆုံး ကားမောင်းသင်ပေးဖို့ စီစဥ်၏။

ဟူကျစ်နှင့် အာ့နီတို့ အခု ညကျောင်း တက်ဖို့ မလိုအပ်တော့ဘဲ ဂျူနီယာတန်းအောင်များအဖြစ် မှတ်ယူနိုင်ပြီဖြစ်ကာ အနာဂတ်တွင် ၎င်းတို့ကိုယ်တိုင် လေ့လာရန်သာ လိုအပ်ပြီး တစ်ခါတစ်ရံတွင် စာကျက်မှတ်ရန် လိုအပ်ပါသည်။

စစ်နီနှင့် ကန်းကျစ်တို့ကတော့ ညကျောင်း ဆက်တက်ကြရသည်။

"ဟူကျစ် ကားမောင်းတတ်သွားရင် ရှင်လည်း သင်ရမယ် ချန်းမင်" လင်းချင်းဟယ်က မာချန်းမင်ကို ညွှန်ကြားလိုက်ပါသည်။

မာချန်းမင်က ခေါင်းခါလိုက်သည်။ "ထားလိုက်ပါဗျာ။ ကျွန်တော် စက်ဘီးပဲ စီးပါ့မယ်။"

"နောက်ပိုင်း လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သင်ရမှာပဲလေ။ ပြီးတော့ သင်နေတုန်းလည်း ပိုက်ဆံရမှာပါ။" ဟု လင်းချင်းဟယ်က ပြောလိုက်၏။

မာချန်းမင်က ခေတ္တ တွန့်ဆုတ်သွားပြီးနောက် ခေါင်းငြိမ့်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း စိတ်လှုပ်ရှားနေမိသည်။ သူ ကားမောင်းသင်နိုင်လျှင် သင်ချင်မိပါသည်။ အသုံးချနိုင်သည်ဖြစ်စေ မချနိုင်သည်ဖြစ်စေ ဒါက စွမ်းရည်တစ်ခုပဲမဟုတ်လား။

ဟူကျစ်၊ မာချန်းမင်နှင့် ကျိုးရွှမ်တို့သာ ကားမောင်းသင်ရသည်။ တခြားသူများကတော့ အသက် ၁၈ နှစ် ပြည့်သည့်အထိ စောင့်ကြရမည်။ ကန်းကျစ်လည်း အပါအဝင်ဖြစ်သည်။

လင်းချင်းဟယ်က အစက ကျိုးအာ့နီကိုလည်း ကားမောင်းသင်ခိုင်းချင်၏။ ကျိုးအာ့နီကို သူမ၏ သမီးအရင်းလို လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ကားမောင်းသင်ဖို့ သူမကို ချန်ထားလို့ ဘယ်ဖြစ်မည်နည်း။

သို့သော် ဝမ်ယွမ်က ကန့်ကွက်ခဲ့၏။

အာ့နီကို မတိုးတက်စေချင်လို့ မဟုတ်သော်လည်း စိတ်ပူနေလို့ဖြစ်သည်။

လင်းချင်းဟယ် နားလည်ပါသည်။ အခုခေတ် ကားများက နောက်ပိုင်းမျိုးဆက်များ၏ ကားများနှင့် အတော်လေး ခြားနားသေးသည်။ အလေးချိန်အားဖြင့် မသေးဘဲ ပို၍လည်း ရှုပ်ထွေးသည်။

လင်းချင်းဟယ်က အကုန်ကျွမ်းကျင်သူ ဖြစ်သော်လည်း ကျိုးအာ့နီ နားလည်နိုင်ဖို့က နည်းနည်း ခက်ခဲပါလိမ့်မည်။

ထို့အပြင် ဝမ်ယွမ်ပြောတာလည်း မှန်သည်။ သူက ကားမောင်းတတ်သည်။ ကျိုးအာ့နီ သွားချင်သည့် နေရာတိုင်း သူလိုက်ပို့ပေးမည်။ သူမ ကားမောင်းသင်စရာ ဘာကြောင့် လိုမည်နည်း။

ထို့ကြောင့် လင်းချင်းဟယ် ပြန်စဥ်းစားကာ အကြံကို ပြန်ရုတ်သိမ်းလိုက်ပါသည်။ နောက်ပိုင်းမှ ပြန်စဥ်းစားကြပါစေ။ ဘာပဲဖြစ်ဖြစ် အနာဂတ်တွင် သူမ ကားမောင်းသင်ချင်လာပါက အခွင့်အရေး အမြဲတမ်း ရှိနေပါသည်။

အခုချိန်တွင် လင်းချင်းဟယ် လက်အောက်က ဆိုင်များ၏ အလုပ်ချိန်များကို သေသေချာချာ စီမံထားပါသည်။ အားလုံး အချိန်ပိုင်းနှင့် ဖြစ်ကြသဖြင့် ရည်းစားနှင့် ချိန်းတွေ့ဖို့ ဘာညာ အချိန်ရကြသည်။

ထိုနေ့က တောင်ပိုင်းပင်လယ်စာ စက်ရုံ၏ ရုံးဖုန်းနံပါတ်ကို လင်းချင်းဟယ်ခေါ်လိုက်သည်။

ကျိုးစန်းနီနှင့် လီအိုက်ကော်တို့၏ ကုန်ခြောက်ဆိုင် စီးပွားရေးက အလွန်ကောင်းသည်။ အနည်းဆုံးတော့ အခုဆို ပစ္စည်းများ အတော်နည်းနေပြီဖြစ်၏။ ထို့ကြောင့် လင်းချင်းဟယ်တစ်ယောက် ကုန်ပစ္စည်းတွေ ပြန်ဖြည့်ဖို့ လိုအပ်နေပါပြီ။

ဒီတစ်ခေါက် ဝယ်ယူမှုက အကြီးအကျယ်ဖြစ်သည်။ စုစုပေါင်း ယွမ် ၄,၀၀၀ ဖိုးနီးပါး ဖြစ်သည်။

သူတို့ တောင်ပိုင်းတွင် ရှိစဥ်က တွက်ခြေကိုက်ဖို့ ပစ္စည်း ဘယ်လောက် ဝယ်ယူရမည်ဟူသည့် ကိစ္စကို သဘောတူညီခဲ့ကြသည်။ အခု ယွမ် ၄,၀၀၀ ဖိုးကို တန်းဝယ်ခဲ့ပါသည်။

ပင်လယ်စာဘော့စ်က အလွန်ကျေနပ်သွားသည်။

ပစ္စည်းများကို အော်ဒါတင်လိုက်ပြီး အချိန်ကိုလည်း သဘောတူညီလိုက်ကြ၏။ ထို့နောက် ဖုန်းချလိုက်သည်။

လင်းချင်းဟယ်က အိမ်မှာ ဖုန်းမဆင်ချင်သောကြောင့် မဟုတ်သော်လည်း လေးလေးနက်နက် စဥ်းစားသုံးသပ်ပြီးသွားသောအခါ အတွေးကို ပြန်ရုတ်သိမ်းခဲ့ရပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုခေတ်က ဖုန်းတပ်ဆင်ခမှာ အလွန်စျေးကြီးသောကြောင့်ဖြစ်သည်။ ယွမ် ထောင်ချီပြီး ကုန်ကျ၏။ တကယ် မိုးထိုးနေသော စျေးနှုန်းပင်။ ဒီလောက်ပိုက်ဆံနှင့်ဆို ဖုန်းဆင်တာထက် တခြားအရေးကြီးသည့် ကိစ္စမှာ သုံးလို့ မရနိုင်ဘူးလား။

တစ်လကို ဖုန်းအနည်းငယ်သာ ခေါ်သဖြင့် သူမ လက်လျှော့ခဲ့ပါသည်။ ရုံးက ဖုန်းကို အမြဲတမ်း အသုံးပြုနိုင်သည်။ တစ်လကို သုံးခါ လေးခါသာ ခေါ်သဖြင့် သိပ်ပြီးမများလှပါ။

နောက် ၅ ရက်ကြာသောအခါ ကုန်ပစ္စည်းများ ရောက်လာ၏။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကလည်း သူတို့နှင့် လာတွေ့ပါသည်။

ပစ္စည်းပမာဏနှင့် တချို့အချက်အလက်များကို စစ်ဆေးဖို့ လိုအပ်သည်။ ထိုစစ်ဆေးမှုများ ပြီးကာမှ တဖက်က ငွေကိုပေးပြီး တဖက်က ကုန်ပစ္စည်းပြန်ရသည်။ အတော်လေး လျင်မြန်လှပါသည်။

"ဒေါ်လေးတို့ရဲ့ မြို့တော်က တော်တော် ဖွံ့ဖြိုးတာပဲနော်။" ဒီတစ်ခေါက် လာပို့သည့် ကောင်လေးနှစ်ယောက်မှာ ဘော့စ်၏ တူတွေ ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒီလောက်ထိ အရေးကြီးသည့် ကိစ္စတစ်ခုကို သာမန် အလုပ်သမားများလက်ထဲ ထည့်လိုက်လို့မဖြစ်ပေ။

"ဟုတ်တယ်။ မင်းတို့ကို လိုက်ပြပေးရမလား။" လင်းချင်းဟယ်က ယဥ်ကျေးစွာ ပြောလိုက်သည်။

"မလုပ်ပါနဲ့ဗျာ။ နောက်ပိုင်း အခွင့်အရေးရမှ သေချာပေါက် နှောင့်ယှက်ရမှာပေါ့။" ဟု သူတို့နှစ်ယောက် ပြန်ပြောလိုက်သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သူတို့ကို ပြန်လိုက်ပို့ပေးလိုက်ကြတော့သည်။

ထို့နောက် ကားဖြင့် ကုန်ခြောက်ဆိုင်သို့ လာခဲ့ကြ၏။

"ဒီက ပစ္စည်းတွေအကုန် ကုန်တော့မလို့။ ကံကောင်းလို့ အသစ်တွေရောက်လာပြီ။" ကျိုးစန်းနီက ပျော်ရွှင်စွာ ပြောလိုက်သည်။

"ကုန်ပစ္စည်းတွေ ပြတ်လို့ မဖြစ်ဘူးလေ။" လင်းချင်းဟယ်က ပြောလိုက်၏။

ကျိုးချင်းပိုင်နှင့် လီအိုက်ကော်တို့အား ကုန်ပစ္စည်းတွေကို ရွှေ့ခိုင်းလိုက်သည်။ ကျိုးစန်းနီကို အခန်းထဲ ခေါ်လာခဲ့သည်။ ဒီရက်ပိုင်းထဲ အလုပ်များနေသဖြင့် ကျိုးစန်းနီ၏ အခြေအနေကို စစ်ဆေးဖို့ အချိန်မရှိခဲ့ပါ။

"အခု သက်သာနေပါပြီ။" ဟု ကျိုးစန်းနီက အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေလိုက်ပါသည်။

သူမ ရင်ထဲတွင်တော့ အပျော်လွန်နေသည်။ မြို့တော်က ဆေးဝါးကုသမှုက အလွန်ကောင်းမွန်လှသည်။ သုံးခါလောက် ဆေးရုံသို့ အသွားအပြန် လုပ်လိုက်ပြီး အခြေအနေက သိသိသာသာ တိုးတက်လာခဲ့သည်။

အမှန်ပင်။ တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် အိမ်ထောင်ရေး သန့်ရှင်းမှုများအကြောင်းကိုလည်း အများကြီး သင်ယူခဲ့ရသည်။ ထိုအကြောင်းများကို နားထောင်ပြီး သူမ ရှက်ခဲ့ရပါသေးသည်။

All Chapters