အခန်း(၄၆၄) - ကောင်းမွန်သော နည်းလမ်းများ
Vol. 34 Ch. 464
အခန်း(၄၆၄) - ကောင်းမွန်သော နည်းလမ်းများ
"ဟုတ်တယ်။ ကျွန်မတို့ဟာပါ။ ရှင် ပြစရာ တစ်ခုခုတွေ့ရင် အဲ့မှာ ကျွန်မတို့ကို လာပြောလို့ရတယ်။ ကျွန်မကို တစ်ခေါက်လောက်သာ အသိပေးလိုက်၊ ဘောက်ဆူးက မနည်းစေရဘူး။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။
လောလောဆယ်တော့ အိမ်ခြံဝန်းကြီး တစ်ခုရှိလောက်မည်ဟု မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူမလက်ထဲတွင် ပိုက်ဆံ အများကြီး ရှိနေတာတောင် တတ်နိုင်လောက်မည် မဟုတ်သောကြောင့်ပင်။ သေချာပေါက် ပိုစျေးကြီးနိုင်ပါသည်။
ထို့အပြင် အိမ်ခြံဝန်းကြီးနှင့် နေထိုင်သူများကကော ဘယ်သူက ငွေလိုအပ်ဦးမည်နည်း။ သာမန်အခြေအနေဆို ဘယ်သူက ပြန်ရောင်းမည်နည်း။
အရင်တစ်ခေါက် ဝယ်ခဲ့သည့် အိမ်ခြံဝန်းကြီးမျိုးမှာ ထပ်တွေ့ဖို့ မဖြစ်နိုင်သလောက် ရှိပါသည်။
ထို့ကြောင့် ဒီမန်နေဂျာကို အရင်ဆုံး လာဘ်ထိုးထားလိုက်သည်။ အရင်တစ်ခေါက်က အမျိုးသမီး မန်နေဂျာကိုတော့ မေ့ထားလိုက်ပါတော့။ ဒီလောက် အိမ်ရာတွေအများကြီးကို တစ်ယောက်တည်းက မကိုယ်တွယ်နိုင်ပေ။ ထို့ကြောင့် သက်ရောက်မှုကလည်း သိပ်မရှိပေ။
ထို့အပြင် သူမက အလုပ်များပြီး ကျိုးကွေ့လိုင်ကလည်း ကိုယ့်စီးပွားရေးနှင့်ကိုယ်ရှိသည်။ အမြဲတမ်းလာဖို့က မဖြစ်နိုင်ပါ။
အဆင့်မြင့် ဝင်ပေါက်နှစ်ပေါက်ပါပြီး စတုရန်း မီတာ ၈၀၀ ကျော်သည့် အိမ်ခြံဝန်းကြီးတစ်ခုကို ဝယ်ယူထားသော်လည်း လင်းချင်းဟယ်က ဝင်ပေါက်နှစ်ပေါက် အိမ်ခြံဝန်းကြီး တစ်လုံးလောက်နှင့် မကျေနပ်နိုင်သေးပါ။
ထို့ကြောင့် မန်နေဂျာကို သူတို့ကို လာအသိပေးဖို့သာ တောင်းဆိုနိုင်တော့သည်။
ဆိုင်နှစ်ဆိုင်ကို ဝယ်ယူပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အိမ်ပြန်ခဲ့ကြသည်။
လင်းချင်းဟယ်က လမ်းတွင် ပြောခဲ့၏။ "အဲ့ဒီဆိုင်က နည်းနည်း သေးတယ်နော်။ နေစရာ နေရာတစ်ခု ဆောက်ဖို့ နည်းလမ်းရှိလား။"
"အင်း" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
တကယ် ဖြစ်နိုင်ပါသည်။ ငွေအနည်းငယ်သာ ကုန်မည်ဖြစ်သည်။ ကြမ်းပြင် ဧရိယာက ၄၀ စတုရန်းမီတာ ဝန်းကျင်လောက်သာရှိသည်။ ၂၀ စတုရန်းမီတာလောက်ကို ချန်ထားပြီး ရေချိုးခန်းအိမ်သာတွဲလျက် အခန်းတစ်ခန်းနှင့် စားသောက်ဖို့ မီးဖိုချောင် အခန်းငယ် တစ်ခု ဖန်တီးနိုင်ပါသည်။
ဒီခေတ်တွင် လူများက ဒီလိုနေနိုင်ကြပါသည်။
ထို့အပြင် ဒီလို ပြန်လည် ပြင်ဆင်ဖို့ကလည်း ငွေကုန်ကြေးကျများသေး၏။
သို့သော် သူတို့ ဒါကို စိတ်မဝင်စားတော့ပါ။ ကျိုးချင်းပိုင်က ဖက်ထုပ်ဆိုင်သို့ ပြန်သွားသည်။ လင်းချင်းဟယ်က အမျိုးသားအထည်ဆိုင်သို့လာကာ မာချန်းမင်နှင့် လာတွေ့လိုက်၏။
မာချန်းမင် ခေါ်လာသည့် လူနှစ်ယောက်မှာ ထိုဆိုင်တွင် အလုပ်များနေကြပါသည်။ သူတို့က သူမကို စောင့်နေကြ၏။ နှစ်ယောက်စလုံးက မိန်းကလေးများဖြစ်ကြပါသည်။
သူတို့ကို စစ်ဆေးကြည့်ပြီးသွားသောအခါ လင်းချင်းဟယ်က ပြောလိုက်သည်။ "နှစ်ရက်လောက် အစမ်းလုပ်ကြည့်ကြ။ အောင်ရင် ဆက်နေရမယ်။"
မာချန်းမင်က သူတို့အား အကျိုးခံစားခွင့်များ ပြောထားပြီးလောက်ပြီဖြစ်သဖြင့် သူမ အသေးစိတ် ထပ်မပြောတော့ပါ။
ထို့ကြောင့် ဟိုဘက်လမ်းက ကျိုးအာ့နီ စောင့်ကြည့်ရသည့် အမျိုးသမီး အထည်ဆိုင်သို့ လွှတ်လိုက်သည်။ သိပ်မကြာလိုက်ပေ။ ကျိုးအာ့နီ ရောက်လာ၏။
"နင် ဒီမှာ တစ်ယောက်ခေါ်ထားလိုက်။ နောက်တစ်ယောက်က ရှန်ရှန်တို့ဆိုင်ကို သွား။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။
"သမီးဆိုင်မှာ စစ်နီရှိသေးတယ်လေ။" ဟု ကျိုးအာ့နီက ပြောလိုက်သည်။
အရင်က သူမနှင့် တခြားကောင်မလေး တစ်ယောက်သာ ရှိသည်။ အခု စစ်နီရောက်လာပြီး နောက်ထပ်တစ်ယောက်ပါ ရောက်လာပြီ ဖြစ်သဖြင့် ဆိုင်တွင် လေးယောက်ရှိနေပြီ ဖြစ်သည်။
"စစ်နီကို ချန်းယွဲ့နဲ့ ချန်းယန်တို့ရဲ့ ဖျော်ရည်ဆိုင်ကို လွှတ်မလို့ စီစဥ်ထားတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးအာ့နီက ထိုစကားကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။ လင်းချင်းဟယ်က ဆက်ပြော၏။ "အလုပ်ပြန်လုပ်ပြီး စစ်နီကို လာခိုင်းလိုက်။ သူ့ကိုခဏနေရင် အဲ့ကို ခေါ်သွားမလို့။"
အခုချိန်ထိ အထည်ဆိုင် သုံးဆိုင်ရှိသည်။ ကျိုးအာ့နီတို့ ဆိုင်တွင် လူသုံးယောက် ရှိသည်။ ချန်းရှန်ရှန်တို့ ဆိုင်တွင်လည်း လူသုံးယောက် ရှိ၏။ စစ်နီရောက်သွားပါက ဖျော်ရည်ဆိုင်တွင်လည်း လူသုံးယောက် ရှိလာမည် ဖြစ်ပါသည်။
တစ်ဆိုင်စီကို ကြည့်ဖို့အတွက် လူသုံးယောက်က အလှည့်ကျတာဝန်ယူရသည်။ ကောင်းလည်း ကောင်းပါသည်။ လူအင်အား စီစဥ်မှုက အလွန် သက်သာရာရသည်။
အမျိုးသား အထည်ဆိုင်တွင် ဟူကျစ်၊ ကန်းကျစ်နှင့် မာချန်းမင်တို့ရှိ၏။ မာချန်းမင်က အလုပ်အများကြီး လုပ်ရသော်လည်း သူ အပြင်သို့ မသွားရပါက ဆိုင်တွင် လာကြည့်ပေးတတ်သည်။
သူက အလွန်တာဝန်သိတတ်သူဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါက လင်းချင်းဟယ် ပေးထားသည့် လစာနှင့် အကျိုးခံစားခွင့်မျိုးရဖို့က ခက်ခဲသည် မဟုတ်ပါလား။
လင်းချင်းဟယ်က မာချန်းမင်ကို ကုန်ခြောက်ဆိုင် တစ်ဆိုင်ဖွင့်မည့်အကြောင်း ပြောပြလိုက်သည်။
မာချန်းမင် ထိတ်လန့်သွား၏။ နောက်ထပ် ဆိုင်တစ်ဆိုင် ဖွင့်ဦးမယ်တဲ့လား။ သို့သော်လည်း သူအမြန် ပြန်ပြောလိုက်ပါသည်။ "ပြန်ပြုပြင်ဖို့ လိုသေးလား။"
"အင်း၊ ဒီဆိုင်ကို ဟူကျစ်နဲ့ ကန်းကျစ်တို့ဆီ အပ်ထားခဲ့လို့ရတယ်။ ရှင် ဖက်ထုပ်ဆိုင်ကို သွားပြီး ချင်းပိုင်နဲ့ သွားတွေ့လိုက်။ ဘယ်လို အလှဆင်ရမလဲ သူပြောပြလိမ့်မယ်။" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
ကျိုးစစ်နီ ရောက်လာသောအခါ လင်းချင်းဟယ်က ကျိုးစစ်နီကို ဖျော်ရည်ဆိုင်သို့ ခေါ်သွားလိုက်၏။
ကျိုးစစ်နီက သူမကို အထင်ကြီးနေသည်။ "စတုတ္ထဒေါ်လေးက အရမ်းတော်တာပဲ။"
သူမ မြို့သို့ ရောက်လာမှ သူမဦးလေးနှင့် ဒေါ်လေးတို့ ဆိုင်တွေဘယ်လောက်တောင် ပိုင်ထားမှန်း သိခဲ့ရခြင်းဖြစ်ပါသည်။ ဒီလောက်ဆိုင်တွေ များတာတောင် လက်မလျှော့နိုင်သေးပါ။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။ "ဘာတွေ အရမ်းတော်လို့တုန်း။ အလုပ်သမားခတွေ ပေးရတာက နည်းတာ မဟုတ်ဘူးလေ။"
အခုချိန်ထိ ပေါင်းကြည့်လိုက်လျှင် သူမလက်အောက်မှာ အလုပ်လုပ်နေတာ ဘယ်နှယောက်တောင် ရှိနေပြီလဲ။။ အမှန်ပင်။ သူမ ဖန်တီးပေးထားသည့် အကျိုးခံစားခွင့်များက ရက်ရောပါသည်။ သို့သော်လည်း မနေ့ညက အလွန်ပင်ပန်းလွန်းသဖြင့် စစ်ဆေးဖို့ အချိန်မရှိခဲ့ပါ။ သို့သော်လည်း စီးပွားရေးက သေချာပေါက် ပိုကောင်းလာမည်ကို သိနေပါသည်။
စစ်နီဆိုသည်မှာ အိမ်ခေါ်နာမည်ဖြစ်ပါသည်။ နာမည်အရင်းက ကျိုးဟုန်ရှားဖြစ်၏။ ချန်းယန်နှင့် ချန်းယွဲ့တို့ဖြင့် မိတ်ဆက်သောအခါ သူမ၏ အမည်အရင်းကို သုံးခဲ့ပါသည်။
"ဟုန်ရှား လိုက်မှီသွားတာနဲ့ ချန်းမင်ကို ပိုသေချာတိကျတဲ့ အလုပ်အချိန်ဇယား လုပ်ခိုင်းလိုက်မယ်။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။
အရင်တုန်းက အလုပ်သမား အင်အား မလုံလောက်ခဲ့ပါ။ ထို့ကြောင့် သူတို့ဖာသာ လုပ်ခဲ့ရ၏။ သို့သော်လည်း အခုတော့ စနစ်တကျ ဆောင်ရွက်ဖို့ အချိန်ကျပြီဖြစ်ပြီး နောက်ပိုင်း မျိုးဆက်များ၏ အချိန်ပိုင်းစနစ်ကို အသုံးချရတော့မည်။ အလုပ်ချိန်များက ပိုမို တိုတောင်းသွားပြီး ပို၍လည်း သက်သာသွားသည်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ငယ်ငယ်ရွယ်ရွယ်သာ ရှိသေးသဖြင့် သူတို့ကိုယ်ပိုင်အချိန်ပေးကာ ရည်းစားနှင့် ချိန်းတွေ့ဖို့ သို့မဟုတ် တစ်ခုခုလုပ်ခွင့် ပေးရမည် ဖြစ်ပါသည်။
သူမ အလုပ်သမားများကို အတင်းအဓမ္မ မဖိနှိပ်ပါ။
စစ်နီကို ထိုနေရာတွင် ထားခဲ့ပြီး လင်းချင်းဟယ် ဖက်ထုပ်ဆိုင်သို့ လာခဲ့၏။ သားငယ် ကျိုးကွေ့လိုင်သာ ရှိပြီး ဘာမှ မပြောဘဲ အလုပ်ကို ကြိုးစားလုပ်နေ၏။
"အမေ၊ ဦးလေးချန်းမင်နဲ့ အဖေစကားပြောနေတာ ကြားလိုက်တယ်။ သားတို့ မိသားစုက ဘယ်လို ကုန်ခြောက်ဆိုင်မျိုးကို ဖွင့်မှာလဲ။" ဟု ကျိုးကွေ့လိုင်က သူမကို မြင်သောအခါ မေးလိုက်သည်။
"နင့်အဖေက နင့်ဦးလေးချန်းမင်ကို ခေါ်သွားပြီလား။" ဟု လင်းချင်းဟယ် မေးလိုက်သည်။
"အင်း ခုလေးတင်ပဲ။" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်၏။
လင်းချင်းဟယ် ပြောလိုက်သည်။ "ငါတို့ စာရင်းစာအုပ် ဘယ်မှာလဲ။"
"အခန်းထဲမှာလေ။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။ "အစ်ကိုလတ်က စီမံထားတယ်။ မှန်မှန်ကန်ကန် ဖြစ်နေမှာပါ။"
လင်းချင်းဟယ်က သူ့ကို အလုပ်ပေးထားလိုက်ပြီး အိမ်သို့ပြန်လာကာ လယ်ဂျာစာအုပ်မားကို ကြည့်လိုက်၏။
သားလတ် စီမံထားသည့် စာရင်းများမှာ တကယ်ပဲ အလွန်ကောင်းမွန်လှပါသည်။ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် နှစ်လ ဝင်ငွေက လုံးဝ မနိမ့်ပါ။
အထူးသဖြင့် ဖျော်ရည်ဆိုင်ဖြစ်သည်။ ဝင်ငွေက စံချိန်တင်သွား၏။ လစဥ်ဝင်ငွေက ယွမ် ၂,၀၀၀ ပင်ကျော်သွားသည်။ ဒါတောင် ဖျော်ရည်ဆိုင်တစ်ဆိုင်သာရှိသေးပြီး လစဥ်ဝင်ငွေက ဒီလောက်ထိတောင် ရောက်နေပြီ ဖြစ်သည်။ အအေး၊ ရေခဲမုန့်နှင့် တခြားစားစရာများက နွေရာသီတွင် ဘယ်လောက် ရေပန်းစားမှန်း သိသာပါသည်။ နေ့တိုင်း သူတို့ ပစ္စည်းများ ယူရပြီး ရေခဲသေတ္တာကြီး လေးလုံးထဲက သုံးလုံးတွင် ရေခဲချောင်းများ၊ ရေခဲမုန့်များဖြင့် အပြည့်ဖြည့်ထားရ၏။
နောက်ဆုံး ရေခဲသေတ္တာက သောက်စရာ အအေးများ ထည့်ဖို့ဖြစ်ပါသည်။ အအေးများက မအေးဘူးဟု တချို့က ဆို၏။ မတတ်နိုင်ပါ။ ထည့်တာတောင် မကြာသေးဘဲ ဝယ်ကြသောကြောင့် ဖြစ်ပါသည်။ ဘယ်အေးပါ့မလဲ။
လင်းချင်းဟယ်က မောသို့ သွားကာ နောက်ထပ် ရေခဲသေတ္တာတစ်လုံးထပ်ဝယ်ဖို့ စီစဥ်ထား၏။ သို့သော်လည်း အစီအစဥ်သာ ချရပါသေးသည်။
နောက်ထပ် စာရင်းစာအုပ်များကို ဆက်ကြည့်လိုက်သည်။
အထည်ဆိုင်သုံးဆိုင်၏ ရောင်းအားကလည်း အလွန် ကောင်းမွန်သည်။ အမျိုးသား အထည်ဆိုင်က အမျိုးသမီး အထည်ဆိုင်နှစ်ဆိုင်ကို မယှဥ်နိုင်ပါ။
ဖက်ထုပ်ဆိုင်ကို ကျိုးကွေ့လိုင် တာဝန်ယူပြီးကတည်းက စျေးနှုန်းကို မြှင့်လိုက်သဖြင့် အမြတ်ငွေကလည်း အများကြီး တိုးလာခဲ့ပါသည်။
လင်းချင်းဟယ် ပြုံးလိုက်မိ၏။ သူ့ကလေးများကို ဘယ်လို ပျိုးထောင်ပေးခဲ့မှန်း မသိတော့ပါ။ ကိုင်တွယ်ရ အခက်ဆုံးသူက သားလတ်ဖြစ်သင့်သည်။
အငယ်ဆုံးက စားဖို့ သောက်ဖို့နှင့် ပျော်ဖို့ပါးဖို့သာ သိသော ငပျင်းလေးတစ်ယောက်ဖြစ်ပြီး ဒီကလေးက ကြီးပြင်းလာတဲ့အခါကျမှ စီးပွားရေးလုပ်ချင်လိမ့်မယ်ဟု အမြဲတမ်းတွေးခဲ့မိသည်။ လင်းချင်းဟယ်က သူ့အစ်ကိုအကြီးဆုံးဆီ ပို့ပေးပြီး နှစ်အနည်းငယ်လောက် လေ့ကျင့်ပေးကာ သူ့စိတ်ကို တည်ငြိမ်စေချင်ခဲ့သည်။
နောက်ဆုံးတွင်တော့ ၁၅ နှစ်သာရှိသေးပြီး ခေါင်းမာသည့် ဒီသားငယ်က ဆိုင်ကို ကောင်းမွန်သော နည်းလမ်းဖြင့် စီမံသွားနိုင်ခဲ့သည်။
သားလတ်က ကိုင်တွယ်စရာမလိုသည့် စျေးသည်
တစ်ယောက်အဖြစ် ပြုမူကာ စာရင်းစာအုပ်များကို ကိုင်တွယ်ပေးတာက လွဲပြီး ကျန်တာကို သူ့ညီငယ်ကိုသာ တာဝန်ပေးအပ်ထားခဲ့ပါသည်။