အခန်း(၄၇၀) - ပြစရာ ဘာမှမရှိ
Vol. 34 Ch. 470
အခန်း(၄၇၀) - ပြစရာ ဘာမှမရှိ
ကုန်ခြောက်ဆိုင်ဖွင့်ပြီး ပထမ ၇ ရက်အတွင်း ဟူကျစ်က မနက်စောစောတိုင်း အမြဲလာပြီး ကူညီပေးသည်။ ၅ ရက်ဆက်တိုက် လာရောက်ကူညီပေးပြီးသွားသောအခါ သူ့ကို မလိုအပ်တော့ပါ။ လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ နှစ်ယောက်စလုံး ကျွမ်းကျင်သွားကြပြီ ဖြစ်သည်။
လင်မယားနှစ်ယောက်သား ထိုနေရာတွင် သီးသန့်နေထိုင်ကြသည်။ ထိုနေရာက အနည်းငယ် လူများသော်လည်း အခြေအနေများက သိပ်ပြီး မဆိုးရွားလှပေ။ အထူးသဖြင့် စျေးကြီး အနားတွင် ရှိနေသဖြင့် သူတို့စားချင်တာ မှန်သမျှ စားနိုင်ပါသည်။
လင်မယားနှစ်ယောက်ပေါင်း လစာကလည်း မနည်းပေ။ သူတို့ အစားကောင်း အသောက်ကောင်းများ စားနိုင်ကြပါသည်။
လင်းချင်းဟယ်က သူတို့အိမ်သို့ ရောက်သောအခါ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့၏ အသားအရည်များ တိုးတက်လာသည်ကို သတိထားမိလိုက်ပါသည်။
ဒီလို ထရပ်ကားကြီးတစ်စီးအပြည့် ကုန်ပစ္စည်းများကို သယ်လာခဲ့သဖြင့် ပြောစရာမလိုအောင် ဆိုင်က ကုန်ပစ္စည်းများဖြင့် ပြည့်နှက်သွားပါပြီ။
ထို့အပြင် တန်ဖိုးကြီးလွန်းသဖြင့် ကျိုးစန်းနီနှင့် လီအိုက်ကော်တို့က သတိထားပြီး စောင့်ကြည့်ကြရသည်။ ညတိုင်း တစ်ခုခု ပျောက်နေမလားဟု စစ်ဆေးကြ၏။
သူတို့ရဲ့ အလုပ်အပေါ် သဘောထားက အရမ်းကောင်းသည်။ မာချန်းမင်ကလည်း လကုန်တိုင်း ကုန်ပစ္စည်းစာရင်း လာစစ်သည်။
ထိုဆိုင်သာမဟုတ်ဘဲ တခြားဆိုင်များလည်း အတူတူပဲဖြစ်သည်။ ကျိုးချင်းပိုင် ဖွင့်ထားသည့် ဖက်ထုပ်ဆိုင်ကတော့ ချွင်းချက်ဖြစ်၏။
ကုန်ပစ္စည်းများ ပို့ဆောင်ခြင်း ပြီးဆုံးသွားသောအခါ လင်းချင်းဟယ်သည် စိတ်ရွှင်ကာဖြင့် ကျိုးချင်းပိုင်နှင့်အတူ ဖက်ထုပ်ဆိုင်သို့ ပြန်လာခဲ့သည်။
သားလတ်က ဆိုင်ထိုင်နေသည်။ သို့သော် ဖက်ထုပ်ဆိုင်တွင် မဖိတ်ခေါ်ထားသည့် ဧည့်သည်တစ်ယောက်လည်း ရှိနေသည်။ တခြားလူမဟုတ်ဘဲ မမြင်ရတာ ကြာပြီဖြစ်သည့် ရှုရှန့်မိန်သာဖြစ်ပါသည်။
လင်မယားနှစ်ယောက်သား ပြန်လာကြသည်ကို မြင်သောအခါ ရှုရှန့်မိန်၏ မျက်လုံးများက ထရပ်ကားကြီးအပေါ်တွင် စွဲကပ်သွားသည်။ သူမ နှုတ်ဆက်လိုက်၏။ "ဦးလေးနဲ့ ဒေါ်လေး"
ဒီနေ့အဖေကျိုးနှင့် အမေကျိုးတို့ အိမ်ကို သွားခဲ့တုန်းက ဘွားလေးမှာ သူ့ဦးလေးနှင့် ဒေါ်လေးတို့ ထရပ်ကားတစ်စီးဝယ်ခဲ့သည်ဟု ပြန်ပြောသွားကြသည်။
သူ့ဦးလေးနှင့် ဒေါ်လေးတို့၏ မိသားစုမှာ အဆင်ပြေကြမှန်း သူမသိသည်။ သူတို့တွင် အလုပ်နှင့် စတိုးဆိုင်များရှိကြ၏။ အရင်တုန်းက ဝယ်စျေးများ ရောင်းစျေးများ မသိခဲ့သဖြင့် အမြတ်အစွန်းကိုတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိပါ။
သို့သော် အမြတ်အစွန်း ဘယ်လောက် ရှိမှန်း မသိတာတောင် စီးပွားရေးလုပ်ကိုင်တာ ကောင်းမကောင်းကိုတော့ သူမ သိပါသည်။ မဟုတ်ပါက သူမရဲ့ ဦးလေးတို့က ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်နေနိုင်ပါဦးမလား။
ဒီလိုဆိုရင်တောင် သူမဦးလေးတို့မိသားစုက ထရပ်ကားကြီးတစ်စီးကို ဝယ်နိုင်လိမ့်မည်ဟု ရှုရှန့်မိန် တစ်ခါမှ မထင်ခဲ့ပေ။
ထရပ်ကားဖြစ်ဖြစ် ဘယ်လို ယာဥ်မျိုးပဲဖြစ်ဖြစ် ဘီးလေးဘီးယာဥ်များသာဖြစ်သည်။ ဘီးလေးဘီးယာဥ်များက ခြားနားသည်။
ကျောက်ကျွင့်လည်း တစ်စီး လိုချင်နေပါသည်။ နောက်ထပ် လဝက်လောက်ကြာမှ အဖေကျောက်က ဟုန်ချီ ကားတစ်စီး ဝယ်ပေးခဲ့သည်။
ယွမ်ထောင်နှင့်ချီပြီးကုန်ကျခဲ့သည်။ သို့သော် ကျောက်မိသားစု တစ်စုလုံး မျက်နှာရသွားခဲ့ပါသည်။
ကျောက်ကျွင့်က ကားမောင်းတတ်သည်။ ရှုရှန့်မိန်ကို ကားပေါ်တင်ပြီး မကြာခဏ မောင်းတတ်၏။ ထို့ကြောင့် သူမ၏ ဆုံးဖြတ်ချက်ကို မှန်ကန်သည်ဟု သူမ ခံစားခဲ့ရသည်။ ကျောက်ကျွင့်ကိုသာ မရွေးချယ်ခဲ့ပါက ဒီလို ဘဝမျိုးနဲ့ နေနိုင်ပါ့မလား။
ထို့ကြောင့် အရင်က သူမ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့ပါသည်။
ကျောက်မိသားစုက ကားဝယ်ယူခဲ့သဖြင့် ဒီ လေးဘီးကားများ ဘယ်လောက်ရှားပါးသလဲဆိုတာ ရှုရှန့်မိန်တစ်ယောက် သိနေပါသည်။ ထို့ကြောင့် သူမ၏ ဦးလေးက ကားဝယ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ့ဆိုင်က ဝင်ငွေကောင်းမှန်း သိထားသော်လည်း ဘယ်လောက်ပဲ အမြတ်အစွန်းရရ ဒီလိုထရပ်ကားတစ်စီး ဝယ်နိုင်ဖို့ကတော့ ခက်ခဲပါသည်။
သို့သော် သူမ၏ ဦးလေးက တကယ်ကြီး ဝယ်ခဲ့သည်။
"ဘာကိစ္စနဲ့ လာတာလဲ။" သူ့ဇနီးသည်က ပြန်တောင် မတုန့်ပြန်သည်ကို မြင်သဖြင့် ကျိုးချင်းပိုင်ကသာ မေးလိုက်သည်။
"အဘွားနဲ့ အဘိုးတို့ဆီလာတာပါ။ လတိုင်း သူတို့ဆီ ခဏခဏ လာလည်တယ်လေ။" ရှုရှန့်မိန်က ပြောလိုက်သည်။
ထို့ကြောင့် လင်းချင်းဟယ်က ရှုရှန့်မိန်ကို အနည်းငယ် အသိအမှတ်ပြုခြင်းဖြစ်သည်။ ဒီကြာဖြူပန်းလေးကိုသာ နှစ်အနည်းငယ်လောက် ပျိုးထောင်ပေးလိုက်လျှင် တကယ် တန်ဖိုးကြီးလာနိုင်သည်။
လောလောဆယ်တော့ အနည်းငယ် စိတ်ဆိုးနေပါသေးသည်။
"အဘိုးတို့အိမ်ကိုသွားတော့ ဦးလေးတို့ ကားဝယ်လိုက်ပြီလို့ကြားခဲ့ရတယ်။ အရမ်းကောင်းတာပဲနော်။ ကားက စျေးကြီးတယ်မလား။" ဟု ရှုရှန့်မိန်က ဆက်ပြောသည်။
"ဟုတ်တယ်။ ဒီကားဝယ်ဖို့ အိမ်က ငွေတွေအကုန်ပြောင်ပြီး သူများတွေဆီကတောင် နည်းနည်းချေးငှားခဲ့ရသေးတယ်။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ရှုရှန့်မိန်က နူးညံ့စွာပြန်ပြော၏။ "စိတ်မပူပါနဲ့ ဒေါ်လေးရယ်။ သမီး ပိုက်ဆံလာချေးတာ မဟုတ်ပါဘူး။ ဦးလေးနဲ့ ဒေါ်လေးတို့ ကားဝယ်လိုက်ပြီကြားလို့ အပျော်လွန်ပြီး လာဂုဏ်ပြုတာပါ။"
သူမက အပြောကောင်းသော်လည်း စိတ်က မှန်ကန်သော လမ်းပေါ်တွင် ရှိမနေပါ။ ထို့ကြောင့် လင်းချင်းဟယ်က တဲ့တိုး ပြောလိုက်သည်။ "နင် ကျန်းမေ့လျန်နဲ့တော်တော် ရင်းနှီးနေတယ်လို့ ကြားတယ်။ ဟိုဘက်အိမ်က ကျန်းမိသားစုရဲ့ သမီးလေ။ နင်တို့တွေ စကားပြောပြီး ရယ်မောနေကြတယ်လို့ မြင်တဲ့သူတွေက ပြောတယ်။"
"အဲ့တာ ကြာခဲ့ပါပြီ။ သူ့အကြောင်းကို သမီးသိလိုက်ရတော့ သူ့ကို စကားသိပ်မပြောတော့ဘူး။" ရှုရှန့်မိန်၏ မျက်နှာက အနည်းငယ် တင်းမာနေသည်။
"ဟုတ်တာပေါ့။ မဟုတ်ရင် သူ့ရဲ့ အကြောင်းနဲ့ ဂုဏ်သတင်းတွေကို သိပါလျက်နဲ့ နင် သူ့ကို ဟူကျစ်နဲ့ အောင်သွယ်ပေးချင်နေတယ်လို့တောင် ငါထင်သွားမိမှာ အမှန်ပဲ။ ဟူကျစ်က နင့်ဝမ်းကွဲဖြစ်ပြီး နင့်အပေါ်လည်းကောင်းတယ်။ သူ့ကို ဒီလို ထိခိုက်အောင် လုပ်လို့ မရဘူးနော်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ဘာတွေပြောနေတာလဲ ဒေါ်လေးရဲ့။ သမီးမှာ အဲ့လိုစိတ်မရှိပါဘူး။" ရှုရှန့်မိန်က ခေါင်းခါလိုက်သည်။
လင်းချင်းဟယ်က သူမကို မကြာခဏ အကဲခတ်ကြည့်နေ၏။ သူမက ငယ်သေးသည်ဟု ပြောနိုင်သည်။ သူမမျက်လုံးထဲက အကြည့်များက မတည်ငြိမ်ပါ။ ထင်ထားသည့်အတိုင်း သူမတွင် မကောင်းသောအကြံများရှိနေသည်။
လင်းချင်းဟယ်က ကွက်ကွက်ကွင်းကွင်း မတွေ့ရသေးသဖြင့် အပြစ်မတင်သေးပါ။
"ကျောက်မိသားစုလည်း ကားတစ်စီးဝယ်ထားတယ်။ ယွမ် ၄၀,၀၀၀ ဝန်းကျင်လောက်တဲ့။ စျေးမနည်းဘူး။" ရှုရှန့်မိန်က စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကျောက်မိသားစုဝယ်တာပါ၊ ကျောက်ကျွင့်ဝယ်တာ မဟုတ်ဘူးမလား။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ရှုရှန့်မိန်က အပြုံးက တောင့်တင်းသွားပြီး ပြောလိုက်သည်။ "ဒီလောက်စျေးကြီးတာ ကျောက်ကျွင့်က ဘယ်ဝယ်နိုင်မလဲ။"
"ဝမ်ယွမ်ဆို ဝယ်နိုင်တယ်။ မနေ့က အာ့နီ အလုပ်တစ်ရက် နားတယ်။ ဝမ်ယွမ်က သူနဲ့ ချိန်းတွေ့ဖို့ ကားနဲ့လာကြိုသွားတာ။ အာ့နီပြောတာ ကြားမိပါတယ်။ ဘာတဲ့ အမဲသားပြားတွေ ဝိုင်တွေ စားသောက်ခဲ့တယ်ဆိုပဲ။ စားသောက်ဆိုင်ကလည်း အဆင့်မြင့်တယ်။ ဂစ်တာတီးပြီး ဖျော်ဖြေတဲ့လူတွေလည်း ရှိတယ်တဲ့။" ဟု လင်းချင်းဟယ် ပြောလိုက်ပါသည်။
ရှုရှန့်မိန်တစ်ယောက် ရင်ဘတ်ထဲ ဓားစိုက်ခံလိုက်ရသလို ခံစားသွားရသည်။
အမှန်ပင်။ ကျိုးအာ့နီ၏ ကောင်လေးတွင် မည်သည့် ဟာကွက်မှ မရှိမှန်း သူမလည်း သိပါသည်။
သူက အလွန်ချမ်းသာသည်။ အထည်စက်ရုံ တစ်ခုကိုဖွင့်ထားပြီး အလုပ်သမား ၅၀၀ ကျော် ရှိသည်။ သူမ၏ အဘွား ပြောစကားအရ လွန်ခဲ့သည့် နှစ်နှစ်အတွင်း တိုးချဲ့ပြီး လူတွေကို ခန့်အပ်ခဲ့တာတဲ့။ ဒီလောက်လူတွေ အများကြီး ခန့်အပ်ထားရလောက်အောင် စက်ရုံက ဘယ်လောက်တောင် ကြီးမားလိုက်မလဲ။
ထို့အပြင် သူ့လက်အောက်တွင် လူများစွာ ရှိသောကြောင့် ငွေဘယ်လောက်တောင် ရလိုက်မလဲ စဥ်းစားကြည့်လို့တောင် မရပါ။ ထို့ကြောင့်လည်း ကားတစ်စီးကို ကိုယ်တိုင် ဝယ်နိုင်ခဲ့တာကိုး။
သူမကတော့ ကျောက်ကျွင့်ကို လက်ထပ်နိုင်ဖို့ နာကျင်မှုများစွာ သည်းခံခဲ့ရသည်။ သူမက ကျောက်ကျွင့်ကို အောင်မြင်စွာ လက်ထပ်နိုင်ခဲ့သော်လည်း ကျိုးအာ့နီ၏ အိမ်ထောင်ရေးထက် အများကြီး ပိုဆိုးရွားသည်။ အထူးသဖြင့် ဝမ်ယွမ်က ကျိုးအာ့နီအပေါ် အလွန်ကောင်းသည်ဟု သူမ ကြားမိသည်။ ဝမ်ယွမ်က ကျိုးအာ့နီကို သူ့မျက်လုံးထဲက ပန်းသီးလေး တစ်လုံးလို ချစ်မြတ်နိုးသည်။
ရှုရှန့်မိန်တစ်ယောက် ရင်ထဲတွင် နေရခက်လာတော့သည်။
"ဒေါ်လေး ဆိုင်သွားပြီး အစ်မအာ့နီနဲ့ သွားစကားပြောလိုက်ဦးမယ်။" ရှုရှန့်မိန်က ဒီနေရာတွင် ဆက်မနေနိုင်တော့ပါ။
"အာ့နီက အရမ်းအလုပ်ရှုပ်နေတယ်။" ဟု လင်းချင်းဟယ် ပြန်ပြောလိုက်၏။
"သမီး ဝင်မရှုပ်ပါဘူး။" ရှုရှန့်မိန်က အပြတ်ပြောကာ ထွက်သွားတော့သည်။
လင်းချင်းဟယ်က သူမ ထွက်သွားကာမှ မျက်စောင်းထိုးလိုက်၏။
ကျိုးချင်းပိုင်ကတော့ တည်ငြိမ်နေသည်။ ကျိုးရွှမ်က စာအုပ်သာ ဖတ်နေပြီး ဝင်မပြောရဲပါ။ သားအဖနှစ်ယောက် ဘယ်ဘက်မှာ နေရမလဲ ကောင်းကောင်းသိပါသည်။
ဒေါ်လေးမာက ပြောလိုက်၏။ "နင်သဘောမကျမှန်း သိတာတောင် သူက ဘာလို့ ခဏခဏ လာနေတာလဲ ဆရာမလင်း။"
"ကျွန်မလည်း နားမလည်ဘူး။ အရင်တုန်းက ကျွန်မ မျက်စိမှားခဲ့တာ။ သူ့မျက်နှာကြောက တော်တော်တင်းတယ်။ ကျွန်မ သူ့ကို မကြိုက်တာလည်း ရှင်းရှင်းလင်းလင်းပဲ။ ဒါပေမယ့် သူ့ကိုကြည့်ပါဦး။ ဒီကို ခဏခဏ လာနေတယ်။ မသိရင် လူကြီးဖြစ်တဲ့ ကျွန်မက အရင်ကကိစ္စတွေကို အခဲမကျေဘဲ ခွင့်မလွှတ်တဲ့ပုံစံဖြစ်အောင် လုပ်နေတာလေ။" ဟု လင်းချင်းဟယ်က ရွံရှာစွာ ပြောလိုက်သည်။
ဒေါ်လေးမာလည်း ဒါကို ရှင်းရှင်းလင်းလင်း နားလည်သဖြင့် ဤသို့ ပြောလိုက်သည်။ "နင်တို့ကို ဆွေမျိုးအဖြစ် လိုချင်နေတာပါ။ မဟုတ်ရင် ကျောက်မိသားစုထဲ သူ ပြစရာ ဘာမှမရှိဘူးလေ။"