အခန်း(၄၇၃) - စည်းကမ်း တင်းကြပ်သော လုပ်ငန်း
Vol. 34 Ch. 473
အခန်း(၄၇၃) - စည်းကမ်း တင်းကြပ်သော လုပ်ငန်း
"ကျွန်မရဲ့ မိသားစုက အိမ်ဆောက်မယ်ဆိုလို့ ကျွန်မ ပြန်ပို့ပေးလိုက်တယ်။" ရှုရှန့်မိန်က သူမ မဖုံးကွယ်နိုင်တော့သည်ကို သိသဖြင့် ရှင်းပြလိုက်ပါသည်။
ထိုစကားကြားသောအခါ ကျောက်ကျွင့် ကြက်သေသေသွားသည်။ ထို့နောက် သူဒေါသထွက်သွား၏။ "ဘာဖြစ်တယ်။ မင်းမိသားစု အိမ်ဆောက်တာ မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းနေမှာလည်းမဟုတ်ဘဲနဲ့ ဘာလို့ ပိုက်ဆံပေးလိုက်ရတာလဲ။ ပြီးတော့လည်း ရာကျော်တောင် ပေးလိုက်သေးတယ်ပေါ့ ဟုတ်လား။"
သေချာပေါက် ဆင်းရဲသည့် ဆွေမျိုးဖြစ်သဖြင့် ကပ်တွယ်နေလျှင်လည်း ဘာမှကောင်းတာ ထွက်လာမည်မဟုတ်ပါ။ အိမ်တစ်လုံးဆောက်တာတောင် သူတို့ ကျောက်မိသားစု ပိုက်ဆံကို မှီခိုရတယ်တဲ့လား။
ရှုရှန့်မိန် ပြောနိုင်သည်ကတော့ "ကျွန်မမိသားစု အဲ့မှာ အိမ်ဆောက်တာ ကောင်းပါတယ်။ ပြီးတော့ ကျွန်မတို့ အိမ်ဆောက်နိုင်တာက မြို့တော်က သားမက် ရှင့်ကျေးဇူးကြောင့်ဆိုတာ တစ်ရွာလုံး သိကြပါတယ်။ ပြီးတော့လည်း ကျွန်မတို့ အရင်အိမ်ကို ရှင်မကြိုက်ဘူးမလား။ ကျွန်မတို့ နောက်တစ်ခေါက် ပြန်သွားရင် အုတ်နီအိမ်မှာ နေရမှာ။ အရမ်းတောက်ပတဲ့ အုတ်နီအိမ်မို့လို့ ရှင်ပြန်ရင် မျက်နှာကောင်းကောင်း ရမှာပါ။"
"နင်တော်တော့။ အဲ့ဒီတောအိမ်ကို တစ်ခါ ပြန်တာနဲ့တင် တော်လောက်ပြီ။ ငါဘယ်တော့မှ ထပ်မသွားနိုင်ဘူး။" ကျောက်ကျွင့်က စက်ဆုပ်စွာ ပြောလိုက်သည်။ အရင်တစ်ခေါက် သူမတို့မိသားစုအိမ်ကို သူသွားခဲ့စဥ်က တကယ့် အိပ်မက်ဆိုးလို ဖြစ်ခဲ့သည်။ သူဘယ်တော့မှ ထပ်သွားမည်မဟုတ်ပါ။ သည်းမခံနိုင်ပေ။
"ကျောက်ကျွင့် ကျွန်မတို့ အနာဂတ်အတွက်ပဲ ကျွန်မလုပ်နေတာလေ။ ကျွန်မ ဦးလေးရဲ့ စီးပွားရေးကလည်း အဆင်ပြေတယ်။ အဲ့တာကြောင့်လည်း တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်နေနိုင်ကြတာပေါ့။ အခုတော့ ကုန်ပစ္စည်းတွေလည်း ရပြီး ဆိုင်တစ်ဆိုင်လည်း ရှိနေတာကို ကျွန်မတို့ ကြိုးစားကြည့်ကြရအောင်လား။" ဟု ရှုရှန့်မိန်က ဖျောင်းဖျလိုက်ပါသည်။
"နင်လုပ်ချင်ရင် နင့်ဟာနင်လုပ်လို့။ ငါ့ကို ဆွဲမထည့်စမ်းနဲ့ဟာ။" ကျောက်ကျွင့်က စိတ်မရှည်စွာ ပြောလိုက်သည်။
"ဒါဆိုကျွန်မကို ပိုက်ဆံ နည်းနည်းပေးလေ။ အမေ့ကို ကျွန်မကိုယ်တိုင် သွားပြောမယ်။" ရှုရှန့်မိန်က ပြန်ပြောလိုက်သည်။
ကျောက်ကျွင့်က သူမကို ယွမ် ၂၀၀ ပေးလိုက်၏။ ရှုရှန့်မိန် ဒေါသထွက်သွားသည်။ ဒီ ယွမ် ၂၀၀ နဲ့ဘာလုပ်ရမှာလဲ။
သို့သော်လည်း သူမ ဘာမှ မပြောခဲ့ပေ။ မိသားစုငွေထဲ ဝင်မည်ဖြစ်သောကြောင့် အရင်းအနှီးကိုလည်း ကျောက်မိသားစုက ပေးရမည်ဖြစ်သောကြောင့်ပင်။
ကျောက်မိသားစုအိမ်တွင် သူမ၏ အခွင့်အာဏာကို သူမ အထင်ကြီးခဲ့မိသည်။ သူမ ကမ်းလှမ်းကြည့်သောအခါ အမေကျောက်က တစ်ခါတည်း ငြင်းလွှတ်လိုက်လေသည်။ အရွဲ့တိုက်သော စကားများလည်း အပြောခံလိုက်ရပြီး အိမ်တွင်သာ နေကာ အထည်ဆိုင်လို လုပ်ငန်းမျိုးနှင့် မရှုပ်ဖို့ အပြောခံလိုက်ရပါသည်။
ကျောက်မိသားစု၏ စက်ရုံက အလွန်ကြီးမားသည်။ ဒီနယ်မြေတွင် သူတို့က နာမည်ကျော်များ ဖြစ်ကြသည်။ ကျောက်မိသားစု၏ ချွေးမသာ သာမန် စျေးရောင်းသူ ဖြစ်လာပါက ရှက်စရာ မကောင်းလွန်းဘူးလား။
ရှုရှန့်မိန်က အလွန်အမင်း စိတ်တိုသွားခဲ့သည်။
ကျန်းမေ့လျန်က သူမကို လာတွေ့သည်။ ရှုရှန့်မိန်က သူမ၏ နာကျည်းမှုကို ရင်ဖွင့်စရာ လူမရှိသဖြင့် ပြောစရာမလိုအောင် ကျန်းမေ့လျန်ကို ရင်ဖွင့်ခဲ့ပါသည်။
ကျန်းမေ့လျန်ကလည်း ထိုအကြောင်းကြားသောအခါ စိတ်ပျက်စွာ ပြန်ပြောလိုက်သည်။ "ဒီကိစ္စမှာ နင့်ကို ငါပြောမှ ဖြစ်တော့မယ်။ နင်က ကျောက်မိသားစုရဲ့ ချွေးမတစ်ယောက် ဖြစ်နေပြီလေ။ နင့်နေရာမှာနင်နေပြီး ဘာလို့ အဲ့လိုပြဿနာတွေကို အဖြစ်ခံမှာလဲ။ ပိုက်ဆံရဖို့ ဘာမှလုပ်စရာမလိုတာကို ဘယ်လောက် ခမ်းနားလိုက်သလဲ။"
ရှုရှန့်မိန်က မျက်စပြစ်လိုက်သည်။ ကျန်းမေ့လျန်၏ ဆိုလိုရင်းကို သူမ နားလည်သည်။ ဘာပဲဖြစ်ဖြစ် သူမက အိမ်ငယ်လေး တစ်ခုမှ တက်လာသူ ဖြစ်သဖြင့် ဘာသိမှာလဲ။
ကျောက်မိသားစုက အဆင့်အတန်းမြင့်ပြီး အာဏာကြီးသည့်ပုံပေါ်သော်လည်း အဆင်မပြေကြသည်ကို သူမ ဘယ်လိုလုပ် သိမှာလဲ။
"သြော် နင့်ဘဝက ကောင်းပါတယ်ဟယ်။ ဒီလောက်ထိ အိမ်ထောင်ရေး ကံကောင်းတာကို။ ငါ့လို မဟုတ်ဘူး။ အဲ့ဒီရွာသားလေး ဟွမ်ဟူက ငါ့ကိုမျက်စိတောင် မကျဘူးမလား။" ဟု ကျန်းမေ့လျန်က ညည်းညူလိုက်ပါသည်။
"စိတ်ဓာတ်မကျပါနဲ့။ ဟူကျစ်က ရှင့်ကို သဘောမကျလို့ မဟုတ်ပါဘူး။ ရှင်က လှပြီး အလုပ်လည်းရှိတယ်။ ဟူကျစ်ကိုသာ ရှင်လက်ထပ်ရင် ညကြီးသန်ခေါင် ဟူကျစ် ထတောင် ပြုံးနေဦးမယ်။" ဟု ရှုရှန့်မိန်က နှစ်သိမ့်လိုက်သည်။
"ဒါဆို ဘာလို့ သူက ငါနဲ့အတူမနေချင်တာလဲ။" ဟု ကျန်းမေ့လျန်က မေးလိုက်၏။
"ကျွန်မ ဒေါ်လေးက သဘောမတူလို့ပေါ့။ ဒါပေမယ့် ရှင်ကလည်း ရှင်ပဲ။ ဘာလို့ ဒီလောက်ထိ နာမည်ပျက်အောင် နေခဲ့ရတာလဲ။ ကျွန်မဒေါ်လေးက နာမည်ကို ရှေ့တန်းအတင်ဆုံးပဲ။ သူက ဆရာမမို့လို့ သူ့မျက်လုံးထဲ သဲတစ်ပွင့်တောင် ဝင်ခွင့်မပေးဘူး။ ရှင့်ကို အသာထားဦး။ သူ သဘောမတူဘဲ ကျောက်ကျွင့်နဲ့ အတူနေခဲ့မိလို့ ကျွန်မကိုတောင် ကောင်းကောင်း မဆက်ဆံတော့ဘူး။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။
"နင်သူ့စကား နားမထောင်ခဲ့တာ ကောင်းပါတယ်။ အခု နင့်အိမ်ထောင်ရေး ဘယ်လောက် ကောင်းလဲကြည့်ပါဦး။" ဟု ကျန်းမေ့လျန်က ပြောလိုက်သည်။
"အဲ့အကြောင်း ဆက်မပြောကြရအောင်။ ကျွန်မကို ဒီနေ့ ဘာလို့ လာတွေ့တာလဲ။" ရှုရှန့်မိန်က မေးလိုက်၏။
ကျန်းမေ့လျန်က ပြောလိုက်သည်။ "ဘာရယ် မဟုတ်ပါဘူး။ ဒီတိုင်း နင်နဲ့စကားလာပြောချင်လို့ပါ။ နင်တို့ မိသားစုက ချမ်းသာတယ်လေ။ ငါနဲ့ အောင်သွယ်ပေးစရာ လူလေးဘာလေးမရှိဘူးလား။ ငါနင့်စေတနာကို မမေ့ပါဘူး။"
ရှုရှန့်မိန်က ဒါကို ခန့်မှန်းထားပြီးသားဖြစ်ပါသည်။ ကျန်းမေ့လျန် လာလည်တိုင်း အလွန် လှလှပပ ဝတ်ဆင်ကာ အလွန်ဣန္ဒြေရှိသည့်ပုံစံဖြင့် ပြုမူဆက်ဆံသည်။ ပန်းခြံထဲတွင် ထိုင်နေလျှင်လည်း မျက်လုံးများက လျှောက်ကြည့်နေသည်။ ထိုလူပျိုလူလွတ်များကို သူမ ပစ်မှတ်ထားနေတာ မဟုတ်လား။
အဘိုးနှင့် အဘွားများရှေ့တွင်လည်း သူမ နူးညံ့ပြီး ယဥ်ယဥ်ကျေးကျေး စကားပြောသည်။ ရှင်းရှင်းပြောရလျှင် သူမကို သဘောကျပြီး တစ်စုံတစ်ယောက်နှင့် မိတ်ဆက်ပေးခံရဖို့ ရည်ရွယ်နေခြင်းဖြစ်သည်။
ပြောရမည်ဆိုလျှင် ကျန်းမေ့လျန်၏ အစီအစဥ်က တကယ်ကောင်းမွန်ပါသည်။ ဒီနယ်မြေတွင် သူဌေးများနှင့် ပြည့်နှက်နေသည်။ ကျောက်မိသားစုထက် ပိုသာသည့် လူများစွာရှိသည်။
ရှုရှန့်မိန်ကတော့ ဘယ်တော့မှ ကူညီပေးဖို့ စိတ်ကူးမရှိပါ။
သူမလုပ်ခဲ့သည့် အရာများကို ကြည့်ပါဦး။ ယောက်ျားဘယ်နှယောက်နဲ့ အတူနေပြီးပြီလဲ။ ဒီဘက်ကို သတင်းပျံ့မလာပါက ဘာမှမဖြစ်ပါ။ သို့သော် တဖက်လူက ထိုအကြောင်းများ သိသွားပါက ကျန်းမိသားစု၏ ပြဿနာအားလုံး ဒီဘက်ကူးလာမည်။ သူမက မိတ်ဆက်ပေးသည့်လူ ဖြစ်နေပါက သူမပါ ဒုက္ခရောက်ပေမည်။
ထို့ကြောင့် ပြောစရာမလိုအောင် ရှုရှန့်မိန်က ယောက်ျားတစ်ယောက်နှင့်မှ အောင်သွယ်မပေးချင်ပါ။
သို့သော်လည်း အပြင်ပန်းတွင်တော့ သူမပြောလိုက်သည်။ "အပန်းမကြီးပါဘူး။ ကျွန်မ တစ်ယောက်ယောက်ကို တွေ့ရင် သေချာပေါက် ရှင်နဲ့ အောင်သွယ်ပေးပါ့မယ်။ ရှင်က အရမ်းလှတော့ ကျွန်မလည်း မျက်နှာရတာပေါ့။"
ကျန်းမေ့လျန်က အားရကျေနပ်သွားပါသည်။
သူတို့နှစ်ယောက် ဆွေးနွေးကြပြီး စီးပွားရေး အတူတူလုပ်ဖို့ ဘယ်လို စီစဥ်ခဲ့ကြမှန်း မသိပါ။ အထည်လုပ်ငန်းတစ်ခုဖြစ်သည်။
ဝမ်ယွမ်ကတော့ ရှင်းသည်။ ပိုက်ဆံပေးလျှင် ပစ္စည်းပေးမည်။ အကြွေးဖြစ်ဖြစ် မိသားစု မျက်နှာကြောင့်ဖြစ်ဖြစ် ခွင့်မပြုနိုင်ပေ။ အားလုံးကလည်း ထိုနည်းတူစွာ စည်းကမ်း လိုက်နာကြသည်။
လင်းချင်းဟယ်က ထိုအကြောင်းကို ကျိုးအာ့နီထံမှ ကြားသိခဲ့ရ၏။
အမှန်ပင်။ ရှုရှန့်မိန်က ကျန်းမေ့လျန်နှင့် ပူးတွဲနေသည်ကိုတော့ သူမ မသိခဲ့ပါ။ ရှုရှန့်မိန်က တစ်ယောက်တည်း ဆိုင်ဖွင့်ပြီး ဝမ်ယွမ်၏ အထည်စက်ရုံတွင် ပစ္စည်းယူဖို့ သွားခဲ့သည်ဟုသာ ထင်ခဲ့သည်။
လင်းချင်းဟယ်က မျက်ခုံးပင့်သွားပြီး ပြောလိုက်သည်။ "ဝမ်ယွမ်က ဘာပြောလဲ။"
"သူက ဘာမှမပြောပါဘူး။ သူ့စိတ်က အဲ့လိုပဲ။ စီးပွားရေးနဲ့ ပတ်သတ်ရင် တင်းကြပ်တယ်။" ကျိုးအာ့နီက သက်ပြင်းချလိုက်ပါသည်။
လင်းချင်းဟယ်က ရယ်မောလိုက်သည်။ "ဘာတွေ သက်ပြင်းချနေတာတုန်း။ ဒါမှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလား။"
တကယ်တော့ ဝမ်ယွမ်ပေးထားသည့် လက်ကားစျေးက မနည်းပါ။ အမြတ်က လင်းချင်းဟယ်ထက် အများကြီး နည်းပါသည်။
လင်းချင်းဟယ်ကို ဖောက်သည်ဟောင်းဟု သတ်မှတ်ထားသဖြင့် ဖောက်သည်ဟောင်းနှင့် တန်သည့် စျေးနှုန်းကို ရရှိခဲ့ပါသည်။ ရှုရှန့်မိန်ကတော့ ဖောက်သည်အသစ်တစ်ယောက်၏ ပုံမှန် အော်ဒါစျေးကိုသာ ပေးရပါမည်။
ထို့အပြင် ရှုရှန့်မိန်၏ အော်ဒါကလည်း အဲ့လောက် မများပေ။ ထို့ကြောင့် လျှော့စျေးလည်း သိပ်မရှိပါ။ အမှန်ပင်။ ထိုခေတ်က လုပ်ငန်းတစ်ခုခု လုပ်ပါက လုပ်ဖို့ လွယ်ကူပါလိမ့်မည်။ အမြတ်ကတော့ သေချာပေါက် ရပါလိမ့်မည်။
အထည်ဆိုင်ကို လင်းချင်းဟယ်တို့ဆိုင်လောက် ကြီးကျယ်ခမ်းနားဖို့ မမျှော်လင့်ပါ။ အဆင်ပြေရုံလောက် ရှိပါက တစ်လကို ယွမ်ရာကျော် အနည်းငယ် အမြတ်ရပါလိမ့်မည်။
ထိုအကြောင်းကြားသောအခါ လင်းချင်းဟယ်က စိတ်ထဲမထားခဲ့ပါ။ ရှုရှန့်မိန်က ဒီဘက်ကိုရောက်လာပြီး ကျိုးမိသားစု၏ ဘဝကို မနှောင့်ယှက်သ၍ သူလုပ်ချင်တာ လုပ်နိုင်ပါသည်။
ဒီက သူမ၏ စီးပွားရေးအား ကုန်ပစ္စည်းတွေ ပြန်လည် ဖြည့်တည်းပြီးသော်လည်း ကုန်ခြောက် ပစ္စည်းဆိုင်က မကြာသေးပါ။ ၁၀ ရက်ဝန်းကျင်သာ ရှိသေးသည်။
ထိုနေရာက စီးပွားရေးက အလွန်ကောင်းမွန်သည်။ မားကတ်ကြီးတွင် ရောင်းချစရာ အခြား ကုန်ပစ္စည်းများစွာ ရှိပါသည်။ သို့သော်လည်း သူမလို ပင်လယ်စာခြောက် ရောင်းချသည့် လုပ်ငန်းမျိုးတော့ သိပ်မရှိပါ။
ထို့အပြင် နာမည်ကြီးသည့် အာဟာရရှိသော ကုန်ပစ္စည်းများဖြစ်ပါသည်။
ထိုခေတ်က ထိုကုန်ပစ္စည်းများမှာ နောက်ပိုင်း မျိုးဆက်များလောက် စျေးမကြီးပေ။ အရမ်းလည်း စျေးမပေါပါ။ ဒါပေမယ့် ဝယ်ယူသည့် လူတွေတော့ အများကြီး ရှိနေဆဲဖြစ်ပါသည်။
ထို့ကြောင့် လင်းချင်းဟယ်က ဆက်လက် အော်ဒါမှာယူခဲ့ပါသည်။