အခန်း(၄၇၄) - မိန်းကလေးတစ်ယောက်အတွက် ယောက်ျားနှစ်ယောက် ခိုက်ရန်ဖြစ်ပွားခြင်း
Vol. 34 Ch. 474
အခန်း(၄၇၄) - မိန်းကလေးတစ်ယောက်အတွက် ယောက်ျားနှစ်ယောက် ခိုက်ရန်ဖြစ်ပွားခြင်း
ပစ္စည်းများ ပို့ဆောင်ဖို့ အချိန်အတော်ကြာသဖြင့် ကြိုတင် ဘိုကင်တင်ထားဖို့ လိုအပ်သည်။
လာမည့်နွေတွင် ထိုကုန်ပစ္စည်းများ တာ့လျန်မှာကော ရှိမလား ရှာဖွေဖို့ လင်းချင်းဟယ် စီစဥ်ထားပါသည်။ ရှိပါက ပိုမို နီးကပ်ပြီး ပို့ဆောင်ရေးလမ်းကြောင်းလည်း တစ်ခုထက် ပိုလာမည်ဖြစ်သည်။
သို့သော်လည်း ဒါက နောက်နှစ်ကိစ္စဖြစ်သည်။ လောလောဆယ် တောင်ပိုင်းက ပင်လယ်စာ စက်ရုံကြီးကနေသာ ယာယီ အော်ဒါမှာယူရပါဦးမည်။
အရင်တစ်ခေါက်က မှာယူခဲ့သော ကုန်ပမာဏနှင့် အတူတူပဲဖြစ်သဖြင့် ဘော့စ်က ဖုန်းထဲမှ ထိုနေရာတွင် စီးပွားရေးအလွန်ကောင်းကြောင်း ချီးကျူးသွားသည်။ ဒီလောက် ကုန်ပစ္စည်း အများကြီးကို ခဏလေးနှင့် ရောင်းထွက်သွားသည်။
လင်းချင်းဟယ်က ရယ်မောလိုက်၏။ "ကျွန်မ သတ်မှတ်ထားတဲ့ စျေးကနည်းလို့ပါရှင်။ အမြတ်လည်း သိပ်မရပါဘူး။ အဲ့တာကြောင့် ဘော့စ်၊ ရှင်က ကျွန်မကို စျေးလျှော့ပေးရမယ်နော်။ ကျွန်မလို ဖောက်သည်မျိုးက သာမန် ဖောက်သည်မျိုး မဟုတ်ဘူး။"
"ပြောစရာမလိုပါဘူးဗျာ။ ခင်ဗျားတို့ကို ပေးထားတဲ့ စျေးက အနိမ့်ဆုံးပါပဲ။ အခြားသူတွေအတွက် စျေးကို မြှင့်ချင်မြှင့်ထားမယ်။ ခင်ဗျားတို့အတွက်တော့ လျှော့ထားပေးပါတယ်။ ပြီးတော့လည်း ခင်ဗျားတို့ဆီကို အရောက်ပို့ပေးတာလေ။ အကုန်လုံးက အခွင့်ထူးတွေချည်းပဲ။" ပင်လယ်စာဘော့စ်ကလည်း ညှပ်ချဖို့ လွယ်ကူသည့်လူ မဟုတ်သဖြင့် ထိုကဲ့သို့ ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးလိုက်သည်။ ဟိုဘက်က သူမအတွက် စျေးလျှော့ပေးလိမ့်မည်ဟုလည်း အစကတည်းက မထင်ပါ။ စကားအဖြစ်ပြောခြင်းသာဖြစ်ပါသည်။
လာပို့မည့်အချိန်ကို သဘောတူပြီးနောက် သူတို့ဖုန်းချလိုက်ကြသည်။
လင်းချင်းဟယ်က အတန်းပြီးသောအခါ အိမ်သို့ပြန်လာခဲ့သည်။ ကျိုးစန်းနီကို ဆိုင်တွင် တွေ့လိုက်၏။
လင်းချင်းဟယ် ပြန်လာသည်ကို မြင်ကာ ကျိုးစန်းနီက ရွှင်ပျစွာဖြင့် ခေါ်လိုက်၏။ "စတုတ္ထဒေါ်လေး"
"ဒီကို လာဖို့က မလွယ်ဘူး။ ဒီမှာ နေ့လည်စာစားမလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"ရပါတယ်။ လောလောဆယ် အားနေလို့ သမီး အာ့နီဆီက စာအုပ်နှစ်အုပ် လာငှားတာ။ သမီးဆိုင်မှာ ရှိနေတုန်း သမီးကို စာဖတ်သင်ပေးဖို့ အိုင်ကွေ့ကို ပြောမလို့လေ။" ဟု ကျိုးစန်းနီက ရှက်ရွံ့စွာ ပြောလိုက်သည်။
ကျိုးမိသားစု၏ ကျိုးတာ့နီ၊ ကျိုးအာ့နီနှင့် ကျိုးဝုနီတို့လို မြေးမများက စာတတ်ကြသည်။ သို့သော် သူတို့က ပထမမိသားစုနှင့် တတိယ မိသားစုများကသာဖြစ်ပြီး ဒုတိယ မိသားစုကတော့ ပညာသိပ် မတတ်ကြပေ။
မိန်းကလေးများက ပညာသိပ်မတတ်ရုံသာမကဘဲ သားဖြစ်သူ ကျိုးရှားကပင် ပညာရေး သိပ်မြင့်မြင့် မရောက်ခဲ့ရှာပါ။
အခြား မိသားစု နှစ်ခုနှင့်ယှဥ်လျှင် ဒုတိယမိသားစုက ပညာရေးကို အလေးမထားသည်မှာ သိသာပါသည်။
သို့သော်လည်း ကျိုးစန်းနီက စာလုံး အနည်းငယ်တော့ တတ်မြောက်ပါသေးသည်။
ငယ်စဥ်က ကျိုးတာ့နီ၊ ကျိုးအာ့နီတို့နှင့် အတူတူ သင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သူတို့ ကျောင်းတက်ခဲ့ကြသည်။ ကျိုးစန်းနီလည်း ကျောင်းတက်ချင်သည်။ သို့သော် သူမ အမေက ဘယ်လိုလုပ် လက်ခံပါ့မည်နည်း။
တာ့နီ၊ အာ့နီတို့နှင့် သူမ ရင်းနှီးသဖြင့် သူတို့ ကျောင်းမှ ပြန်လာသောအခါ သူမကို သင်ပေးလေ့ရှိသည်။ ထို့ကြောင့် စာလုံး တချို့သိနေခြင်းဖြစ်သည်။ သိပ်တော့ မများပါ။
သို့သော် ဒီကိုရောက်လာပြီးနောက် အသိပညာက အလွန်အရေးပါမှန်း ကျိုးစန်းနီ ခံစားလိုက်ရပါသည်။ အာ့နီနှင် အခြားသူများလို ညကျောင်းတက်ဖို့ မတောင်းဆိုနိုင်သော်လည်း စာလုံးတချို့တော့ ထပ်တတ်ချင်ပါသေးသည်။
လီအိုက်ကော်က နှစ်အနည်းငယ်လောက် ပညာသင်ခဲ့သဖြင့် သူမထက်တော့ စာလုံး ပိုတတ်သည်။ ထို့ကြောင့် သူမကို စာသင်ပေးနိုင်ပါသည်။
သူမပြောသည့်စကားကို ကြားသောအခါ လင်းချင်းဟယ် စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်၏။ "နင် စာသင်ချင်ရင် စာလုံးနည်းနည်းလောက် ထပ်လေ့လာပြီး သင်္ချာလည်း နည်းနည်းလောက် သင်လိုက်။ ပြီးရင် စစ်နီနဲ့အတူတူ ညကျောင်းသွားပေါ့။"
"ညကျောင်းဟုတ်လား။" ကျိုးစန်းနီ အံ့အားသင့်သွားပြီး ချက်ချင်း ခေါင်းခါလိုက်၏။ "မဟုတ်တာ။ သမီး စာလုံးနည်းနည်းပဲ တတ်ရင်ရပါပြီ။ ညကျောင်း တက်ဖို့က ပိုက်ဆံတွေ အများကြီး ကုန်လိမ့်မယ်။"
"စတုတ္ထဒေါ်လေးက ဒေါ်လေးတို့ ကျိုးမိသားစုဝင်တွေကို ဒီခေါ်လာရတဲ့ အကြောင်းအရင်းက အလုပ်လုပ်ရင်း ညကျောင်းတက်စေချင်လို့ပဲ။ ဒေါ်လေးက ကျူရှင်ခ ပေးမယ်။ ဒါပေါ့၊ သမီး မသွားချင်ရင်တော့ ဒေါ်လေးက အတင်းအကြပ် မသွားခိုင်းပါဘူး။ ဒီအချိန်တောအတွင်း စစ်နီက စာလုံးတွေ တတ်လာပြီး ဂဏန်းသင်္ချာလည်း လေ့လာနေပြီ။ အဆင့်တစ်ခုအထိ ရောက်လာတာနဲ့ သူ့ကို ညကျောင်းပို့မှာ။ နင်လည်း တက်ချင်ရင် အတူတူ တက်ကြပေါ့။ နင့်ကိုပါ ထားထား မထားထား ငါ့အတွက် သိပ်ပြီး ဘာမှ မခြားနားပါဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးစန်းနီက ညကျောင်းတက်ချင်ပါက သူမ သဘောမတူဘဲ မနေပါ။
လီအိုက်ကော်ကတော့ မဖြစ်ပေ။ သူက ဆိုင်တွင် နေပြီး ဆိုင်ကြည့်ရမည်။ ဒီနှစ်ထဲ အလွန်ပြင်းထန်သည့် ရာဇဝတ်ဘေး ထိုးတက်မှုတစ်ခု ဖြစ်လာလိမ့်မည်။ လောလောဆယ် တရားဥပဒေ စိုးမိုးရေးက သိပ်ပြီး မဆိုးရွားသေးသော်လည်း အရမ်းအကောင်းကြီးလည်း မဟုတ်ပါ။ စျေးဆိုင်များက စျေးမပေါသဖြင့် တစ်ယောက်ယောက်တော့ စောင့်ကြပ်နေရပါလိမ့်မည်။
ကျိုးစန်းနီက သူမဒေါ်လေး အတည်ပြောနေသည်ကို သတိထားမိပါသည်။ ပြောစရာ မလိုအောင် သူမလည်း စိတ်ပါဝင်စားသည်။ ညကျောင်းက သူမတို့ဆိုင်နှင့် သိပ်မဝေးပေ။ မိနစ် ၃၀ လောက်သာ လမ်းလျှောက်ဖို့လိုပါသည်။
ကျိုးစန်းနီက နေ့လည်စားပြီးမှ ပြန်သွားသည်။
ကျိုးအာ့နီက ပြောသည်။ "စတုတ္ထဒေါ်လေး အရင်တစ်ခေါက် အဘွားဆီ သမီးသွားလည်တုန်းက စန်းနီ ဘာလို့ ကလေးမရသေးတာလဲလို့ အဘွားက မေးနေသေးတယ်။"
လင်းချင်းဟယ်က ပြန်ပြောသည်။ "နောက်တစ်ခါ နင့်အဘွားထပ်မေးရင် နင်ဒီလိုပြောလိုက်။ သူတို့နှစ်ယောက်က ကလေး အစောကြီး မလိုချင်သေးလို့လို့။ ငယ်သေးတော့ စိတ်မပူပါနဲ့လို့။"
လူကြီးသူမများက လူငယ်များနှင့်တွေ့တိုင်း ထိုကိစ္စများ အဆုံးမသတ်နိုင်အောင် မေးတတ်သည်။ မိန်းမတစ်ယော်က နှစ်ဝက်လောက်အထိ ကလေးမရသေးပါက လူတွေက သူတို့ကို ထူးဆန်းစွာ ကြည့်လာမည်ထင်သည်။ တစ်နှစ်လောက်အထိ ကလေးမရသေးရင်တော့ ပြဿနာ တစ်ခုခုရှိသည်ဟု သတ်မှတ်ကာ ဆေးရုံသွားကြမည်ဖြစ်သည်။
စန်းနီက ကုသဖို့အတွက် ဆေးသောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူမကို ဖိအားမပေးပါနှင့်။ ဆရာဝန်က မိန်းကလေးငယ်များအတွက် ပြဿနာမရှိပါဟု ပြောပြီးသားဖြစ်သည်။ အနားကောင်းကောင်းယူပြီး ကိုယ့်ကိုယ်ကို နွမ်းနယ်အောင်မနေပါက သာမန်အတိုင်း ပြန်ဖြစ်သွားမည်ဟု ဆိုသည်။
ဟူကျစ်က လဝက်အတွင်း ကားမောင်းသင်နိုင်ခဲ့သည်။ သူပြန်ရောက်လာသောအခါ ဝိတ်များပင် ကျသွားသည်။ သို့သော်လည်း ယုံကြည်ချက်တော့ ပိုရှိလာပုံရသည်။
ဒီခေတ်တွင် ကားမောင်းတတ်ခြင်းကလည်း အဖိုးတန်သည့် ပညာတစ်ခုဖြစ်ပါသည်။
အထူးသဖြင့် ကန်းကျစ်က မနာလိုဖြစ်မိသည်။ "ဒေါ်လေး ကျွန်တော်ကော ဘယ်တော့ ကားမောင်းသင်လို့ရမှာလဲ။"
"နင့်အိမ်စာ ယူလာခဲ့။ ငါစစ်ကြည့်မယ်။" လင်းချင်းဟယ်က ပြောလိုက်၏။
ကန်းကျစ်၏ မျက်နှာ ရှုံ့မဲ့သွားသည်။ သူအကြောက်ဆုံးက သူ့ဒေါ်လေး သူ့အိမ်စာကို စစ်ဆေးခြင်းဖြစ်သည်။ အမြဲတမ်း သူနားပူရသည်။
သူအကြောက်ဆုံးကလည်း စာလုပ်ဖို့ဖြစ်သည်။ သူအလွန်ကြိုးစားပါသည်။ သို့သော် သူ့ဒေါ်လေး၏ စံနှုန်းက အနည်းငယ် မြင့်လွန်းနေသောကြောင့် ဖြစ်သည်။
"နင့်အစ်ကိုက ငါ့သတ်မှတ်ထားတဲ့ စံနှုန်းကို ပြည့်မှီသွားလို့လေ။ ဆင်ခြေမပေးနဲ့။ ပိုကြိုးစားလိုက်။ မဟုတ်ရင် စောစော စာမေးပွဲအောင်ဘဲ စာထပ်သင်ရမယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးအာ့နီနှင့် ဟူကျစ်တို့နှစ်ယောက်စလုံး အလွန်ကြိုးစားကာ ကောင်းကောင်းမွန်မွန် တတ်မြောက်ခဲ့ကြပါသည်။ ထို့ကြောင့် သူတို့ စောစော အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ မဟုတ်ပါက သူတို့လည်း နောက်ထပ် တစ်နှစ် ခြောက်လလောက် စာထပ်သင်ရမည်ဖြစ်သည်။
ကန်းကျစ် သက်ပြင်းချလိုက်ပါသည်။
"ဘာတွေ သက်ပြင်းချနေတာလဲ။ ငါတို့ နှစ်တွေအများကြီး စာသင်ရတာတောင် သက်ပြင်းမချရဘူး။ မင်းစာသင်တာ ဘယ်လောက် ကြာသေးလို့လဲ။ အရင်တစ်ခေါက် အဘွားဆီသွားတုန်းက အစ်မ ရှန့်မိန်နဲ့ တွေ့တယ်။ အဘွားကို ရှုရှန့်ချမ်းက ကြိုးစားနေတယ်လို့ သူပြောတာ ကြားခဲ့တယ်။ သူကျောတာ မခံနဲ့နော်။" ဟု ကျိုးကွေ့လိုက်က ပြောလိုက်၏။
"ဘာကို ကြိုးစားတာလဲ။ အတန်းပြီးတာနဲ့ သူ့ထက် အပြေးမြန်တဲ့ကောင် မမြင်ဖူးသေးဘူး။" ဟု ကန်းကျစ်က ပြန်ပြောလိုက်သည်။
"အခုထိတော့ သူ ပြဿနာ မရှာသေးဘူးမလား။" ဟု လင်းချင်းဟယ်က သွေးအေးစွာ ပြောလိုက်ပါသည်။
သူမယောက်ျား ချင်းပိုင်က သူ့ကို ထားပေးထားခြင်းဖြစ်သောကြောင့် သူမ မေးရပါမည်။
ကန်းကျစ်က ပြောလိုက်သည်။ "ထင်တာပဲ။"
လင်းချင်းဟယ်၏ ပါးစပ်က နိမိတ်ဖတ်တတ်သည်လား မသိပေ။ သူမ ထိုသို့မေးပြီး ရက်အနည်းငယ် အကြာတွင် ရှုရှန့်ချမ်းက တကယ် ပြဿနာ ရှာခဲ့လေသည်။
ညကျောင်းတွင် အခြားကောင်လေး တစ်ယောက်နှင့် ရန်ဖြစ်ခဲ့၏။
"ရန်ဖြစ်တယ်ဟုတ်လား။ ဘာလို့ ရန်ဖြစ်တာလဲ။” ထိုအကြောင်းကြားသောအခါ လင်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်မလေး တစ်ယောက်ကြောင့်တဲ့။ အဲ့ဒီနှစ်ကောင်က ကောင်မလေးတစ်ယောက်ကြောင့် ရန်ဖြစ်ကြတာလို့ ကြားတာပဲ။ ကောင်မလေးက သူနဲ့တွဲနေတာ။ ဒါပေမယ့် နောက်တော့ သူနဲ့ လမ်းခွဲသွားတယ်။ အဲ့တာကို သူက သဘောမတူတော့ ကောင်မလေးနောက် လိုက်ကြည့်တယ်။ ကောင်မလေး နောက်ထပ် ကောင်တစ်ကောင်နဲ့ ညကျောင်းအတူတူ သွားတာကို တွေ့တော့တာပဲ။ အဲ့မှာ အဲ့ဒီကောင်ကို သူထိုးကြိတ်လိုက်တယ်လေ။" ဟု ကန်းကျစ်က ထိုနားတွင် စုံစမ်းမေးမြန်းပြီးဖြစ်ရာ တစ်ခါတည်း အကြောင်းစုံကို ပြန်ပြောပြလိုက်သည်။
"မိန်းကလေးတစ်ယောက်အတွက် ယောက်ျားနှစ်ယောက်က ရန်ဖြစ်တယ်တဲ့လား။" ကျိုးကွေ့လိုင်က နှုတ်ခမ်းတွန့်သွားသည်။ "ကောင်မလေးက အသက်ရှူမှားလောက်အောင် လှတဲ့ပုံပဲ။ ဖန်းချန်ချန်ထက် ပိုလှလို့လား။"
ဖန်းချန်ချန်ဆိုသည်မှာ The Bund ရုပ်ရှင် ၁၉၈၀ ဗားရှင်းထဲက ဇာတ်လိုက် မင်းသမီးဖြစ်သည်။ ထိုမင်းသမီးက The Legend of White Snake ဇာတ်ကားထဲတွင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး ကျိုးကွေ့လိုင်က ထိုမင်းသမီးကို အလွန်လှပသည်ဟု ထင်ပါသည်။