အခန်း(၄၇၆) - အရိုင်းအစိုင်း
Vol. 34 Ch. 476
အခန်း(၄၇၆) - အရိုင်းအစိုင်း
"မင်းတို့တွေ သူ့ကို မြင်ဖူးကြလား။ အဲ့ဒီ ကောင်မလေး ဘယ်လိုပုံစံမျိုးလဲ မြင်တောင် မမြင်ဖူးဘူး။ တကယ် အဲ့လောက် လှလို့လား။" ဟု ကျိုးကွေ့လိုင်က မေးလိုက်သည်။
"ဘာကို လှတာလဲ။ အစ်မ အာ့နီလောက်တောင် မလှဘူး။" ဟု ကျိုးရွှမ်က ပြန်ပြောလိုက်သည်။
"သာမန်ပါပဲ။" ဟူကျစ်ကလည်း ဝင်ပြောသည်။
ကန်းကျစ်လည်း သူ့ကို မမြင်ဖူးပါ။ သူ ထိုအကြောင်း ကြားသောအခါ အမြန်ပြန်လာပြီး သတိပေးခဲ့ခြင်းဖြစ်သည်။ တဖက်လူ ဘယ်လိုပုံစံရှိသလဲ သွားမကြည့်ခဲ့ပါ။
"ဒါနဲ့များ ဘာလို့ ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ရန်ဖြစ်တာလဲမသိဘူး။ အလှအပလေး အတွက် ဖြစ်တာဆို သူတို့ကို ချီးကျူးလိုက်ဦးမယ်။" ကျိုးကွေ့လိုက်က လက်ရမ်းပြရင်း ပြောလိုက်သည်။
ကန်းကျစ်က ပြောလိုက်၏။ "ဒီနယ်ပယ်မှာ မင်းတော်တော် ကျွမ်းကျင်တဲ့ပုံပဲ။ တစ်ယောက်လောက် သွားရှာပြီး ဦးလေးနဲ့ ဒေါ်လေးကို ပြလိုက်ပါလား။"
"အသက် ၁၈ နှစ်ပြည့်ပြီးမှ ရည်းစားထားရမယ်လို့ ငါ့အမေက ပြောထားတယ်။" ဟု ကျိုးကွေ့လိုင်က သက်ပြင်းချလိုက်ပါသည်။
လူငယ်များ၏ နှလုံးသား ပွင့်ဖူးလာချိန်ဖြစ်သည်။ သူလည်း တစ်ဦးအပါအဝင် ဖြစ်၏။ အတန်းထဲက ကောင်မလေး အတော်များများက သူ့ထက် အသက်ကြီးသော်လည်း သူ့ထက် ၁နှစ် ၂နှစ်သာကြီးသော သူတချို့ရှိသည်။ အဆင်ပြေပါသည်။ သူ့အမေ၏ သဘောမတူမှုကို အသာထားဦး။ သူ့အသက်ကို ကောင်မလေးများ သိသွားသည်နှင့် သူ့ကို မောင်လေးတစ်ယောက်လို ချစ်သည့်မျက်လုံးများဖြင့် ကြည့်ကြသည်။
သူ သည်းမခံနိုင်ပါ။
အတိုချုံးပြောရလျှင် သူကျောင်းတက် စောခဲ့ခြင်းဖြစ်ပါသည်။
အထူးသဖြင့် ပညာရေးစနစ်က မူလတန်းကျောင်းတွင် ၅ နှစ် အလယ်တန်းနှင့် အထက်တန်းကျောင်းတွင် ၂နှစ်စနစ်ဖြစ်သည်။ နောက်ပိုင်း မျိုးဆက်များထက် ၃ နှစ် လျော့နည်းပါသည်။
မဟုတ်ပါက အသက် ၁၈ နှစ်အရွယ်တွင် အချိန်ကိုက် တက္ကသိုလ်တက်နိုင်ပြီး လွတ်လွတ်လပ်လပ် ရည်းစားထားနိုင်သည်။ လင်းချင်းဟယ်ကလည်း သူ့ကို တားမြစ်မည်မဟုတ်ပါ။ အခုတော့ သူ့အသက် ဘယ်လောက်ရှိသေးလို့လဲ။
"အစ်ကိုလတ်။ နောက်နှစ်ဆို ရည်းစားထားလို့ရပြီမလား။ မင်းကြိုက်တဲ့ ပုံစံရှိလား။ ဖန်းချန်ချန်လို ပုံစံမျိုးကို ကြိုက်တာလား။" ဟု ကျိုးကွေ့လိုင်က မေးလိုက်သည်။
"ငါအဲ့လောက် မလောပါဘူး။" ကျိုးရွှမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ဟူကျစ်ကို မေးကြည့်ပေါ့။"
"ဟူကျစ် မင်းကော။ မင်းလည်း မငယ်တော့ဘူး။" ဟု ကျိုးကွေ့လိုင်က ဟူကျစ်ဘက် လှည့်သွားသည်။
ဟူကျစ်က သူ့ခေါင်းကို ရိုက်လိုက်ပြီး ပြောလိုက်သည်။ "အဲ့တာတွေ မစဥ်းစားဘူးကွ။ ဘဝကို ဘယ်လိုဖြတ်သန်းရမလဲ သိရင်တော်ပြီ။" အစ်ကို ဟူကျစ်က အဲ့လောက် လက်တွေ့ဆန်သည်။ ဘဝကို နေတတ်ထိုင်တတ်သည့် မိန်းမတစ်ယောက်သာ လိုချင်သည်။ ကျန်တာ ဘာမှ မတောင်းဆိုပါ။
ထိုစံနှုန်းကြောင့် ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ စပ်ဖြီးဖြီးဖြစ်သွားသည်။ ကန်းကျစ်က ရယ်မောလိုက်၏။
ရှုရှန့်ချမ်း၏ ကိစ္စကြောင့် ကောင်လေးများ ယောက်ျားမိန်းမ အချစ်ရေးကိစ္စအကြောင်း ပြောခဲ့ကြသည်။ ထိုကိစ္စကိုတော့ စိတ်ထဲ ထည့်မထားကြပါ။
ကျိုးညီအစ်ကိုများဖြစ်ဖြစ် ဟူကျစ်တို့ ညီအစ်ကိုများဖြစ်ဖြစ် ရှုရှန့်ချမ်း၏ ကိစ္စအပေါ် ခံစားချက်က သိပ်ပြီး မလေးနက်ပါ။
လူတွေ၏ ဆက်ဆံရေးက ဒီလိုပဲဖြစ်သည်။ ဆွေမျိုး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ ပိုမိုဆက်ဆံရေးရှိသည့် လူကိုသာ ပိုမို နီးစပ်မည်ဖြစ်သည်။ သူတို့ ဝေးကွာနေပါက သေချာပေါက် စိမ်းကားကြပါလိမ့်မည်။
ရှုရှန့်ချမ်း မြို့တော်တွင် နေထိုင်သည့် ကာလကလည်း မတိုပါ။ သူတို့ဆီသို့ သိပ်လည်း လာမလည်သဖြင့် သူ့အတွက် ဘာမှ အရေးမစိုက်ကြပေ။
ထို့အပြင် တစ်ဖက်လူကလည်း သူတို့အရေးစိုက်ခြင်းကို မလိုအပ်လောက်ပါ။
နောက်တစ်နေ့ လင်းချင်းဟယ်က ကားဖြင့် ရေပူစမ်းသို့ အပန်းဖြေရန် သွားခဲ့သည်။ ရှုရှန့်ချမ်းကြောင့် သွားခြင်းမဟုတ်ဘဲ သူမ စီစဥ်ထားခဲ့သည်မှာ ကြာပါပြီ။
အရင်တစ်ခေါက် ကားကိုယူလာတော့ သားငယ်ကို ကတိပေးခဲ့သည်။ အခုချိန်ထိ အချိန်ဆွဲထားပြီး အချိန်လည်းမရခဲ့ပါ။
သူမ ကျိုးရှောင်မိန်ကို လာခေါ်တော့ အမေကျိုးက သူမကို မေးမြန်းချင်နေသည်။
"ချင်းပိုင်ကို မေးလိုက်ပါလား။ ကျွန်မလည်း ဘာတွေဖြစ်နေလဲမသိဘူး။" လင်းချင်းဟယ်က ဘာမှမပြောပါ။ ကျိုးရှောင်မိန်ကို ခေါ်လာပြီး အမေဝိန်ထံသို့ သွားလိုက်သည်။
အမေဝိန်ကို ကြိုတင်အသိပေးထားသဖြင့် သူမ အေးအေးဆေးဆေး အသင့်ဖြစ်နေပါသည်။ ဒီလိုနှင့် လူအပြည့် ကားတစ်စီး ရေပူစမ်းသို့ ထွက်လာခဲ့သည်။
အမေကျိုးက ညဘက် ကောင်းကောင်း အိပ်မပျော်သဖြင့် သူမ သားငယ်ကို လာတွေ့သည်။
ကျိုးချင်းပိုင်က သူမလာရသည့် အကြောင်းအရင်းကို သိသဖြင့် စိတ်ချအောင် ပြောလိုက်သည်။ "အမေ စိတ်မပူပါနဲ့။ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။"
"အဲ့ဒီကလေကချေကတော့။ ဒီကောင် ဒီလို ပြဿနာရှာမယ်ဆိုတာ ချမ်းကျစ်အမေ သိနေတယ်။ ဒါပေမယ့် အခု နင့်အစ်မအကြီးဆုံးက ဒီမှာမရှိဘူး။ သူတစ်ယောက်တည်း ရောက်လာတာ ဆိုတော့ သူ့ကို ဒီတိုင်းထားလို့ မဖြစ်ဘူး။" ဟု အမေကျိုးက စိုးရိမ်စွာ ပြောလိုက်ပါသည်။
စတုတ္ထမိန်းမ မရှိကြောင်း သိ၍သာ ဒီလို ပြောရဲခြင်းဖြစ်သည်။
လင်းချင်းဟယ် အိမ်မှာ ရှိမနေတာတောင် ကျိုးချင်းပိုင်ကလည်း ဝင်ပါဖို့ အစီအစဥ်မရှိပေ။ "အမေ သူတို့မောင်နှမတွေက မငယ်တော့ပါဘူး။ ရှန့်မိန်က အိမ်ထောင်နဲ့။ သူတို့ ကြီးနေကြပြီး ကိုယ့်ဘဝကိုယ် နေနိုင်တယ်။ ရှန့်ချန်းကလည်း ဒီလောက်တောင် အရွယ်ရောက်နေပြီ။ ကျွန်တော်တို့အဖေ အမေ့ကို လက်ထပ်တုန်းက အသက်ဘယ်လောက်လဲ။ သူတို့အကုန်လုံး အရွယ်ရောက်နေကြပါပြီ။ အရမ်းချုပ်ချယ်လွန်းရင် ကြိုက်ကြမှာ မဟုတ်ဘူး။"
"အမေ နားလည်ပါတယ်။ ဒါပေမယ့် ချမ်းကျစ် ကျောင်းသွားလို့ ရသေးလား။" ဟု အမေကျိုးက မေးလိုက်သည်။
"မရတော့ဘူး အထုတ်ခံလိုက်ရပြီ။ မနေ့က ရှန့်မိန် ချမ်းကျစ်ကို ခေါ်လာမယ်လို့ ပြောတယ်။ သူတို့ ဒီနေ့လာကြမယ်ထင်တယ်။ အမေပြောစရာရှိရင် ရှန့်ချန်းကိုသာ သွားပြောတော့။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။
သူ ဝင်ပါသင့်လျှင် ဝင်ပါမည်ဖြစ်ပြီး မပါသင့်လျှင်တော့ မပါပါ။ သူပြောသလိုပဲ ချမ်းကျစ်က အရွယ်ရောက်ပြီးသားဖြစ်သည် ဦးလေးတစ်ယောက်အနေနှင့် စိတ်ပူစရာ လိုသေးလို့လား။
သူက အလုပ်အားနေပြီး ဘာမှလုပ်စရာ မရှိသူလည်း မဟုတ်ပေ။
ထိုကိစ္စကြောင့် သူ့မိန်းမက သူ့ကို ရေပူစမ်း ခေါ်မသွားချင်သည်မှာ ကြာပြီဖြစ်သည်။ သားငယ်ကို ဖက်ထုပ်ဆိုင်တွင် စောင့်ခိုင်းထားလို့ရသည်။ သူ့မိန်းမနှင့် သူသာ ရေပူစမ်းသို့ အတူတူသွားနိုင်ပါက ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
အမေကျိုးက ထိုနေရာတွင် ထိုင်စောင့်နေသည်။
ရှုရှန့်မိန် တစ်ယောက်တည်း ရောက်လာသည်။ ရှုရှန့်ချမ်း ပါမလာပေ။ ရှုရှန့်မိန်က သူ့မောင်ကြောင့် သေလောက်အောင် ဒေါသဖြစ်နေပါသည်။
ထိုကိစ္စဖြစ်ပျက်ပြီးနောက် ကျိုးအိမ်သို့ လာပြီး မျက်နှာ ပြကို ပြရမည်ဖြစ်သည်။ အရင်တစ်ခေါက် ရန်ဖြစ်ဖူးပြီး ဒီတစ်ခေါက်လည်း ရန်ထပ်ဖြစ်ပြန်သည်။ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ။ ဒီနေရာကို ရွာမှာလိုမျိုး မှတ်နေလား။ သူက အမြဲတမ်း ရန်ဖြစ်သွားလို့ ရမှာလား။
အထူးသဖြင့် ဒီတစ်ခေါက် မိန်းကလေး တစ်ယောက်ကြောင့် ရန်ဖြစ်တာတဲ့။ ထိုမိန်းကလေးကလည်း ကလေကချေဖြစ်ပါသည်။ သူမ၏မောင်တွင် အလုပ်ရှိပြီး စက်ရုံကလည်း သူ့ယောက်ဖအပိုင်ဟု အစက ကြားသဖြင့် အကြံဖြင့် နီးစပ်အောင် နေခဲ့ခြင်းဖြစ်သည်။ ဒါမှ အလုပ်ရလွယ်ကူမည်ဖြစ်သည်။
ထိုမိန်းကလေးက အလုပ်လက်မဲ့ဖြစ်၏။ အလုပ်ရှာရ လွယ်ကူအောင် စာလာသင်ခြင်းဖြစ်သည်။ ရှုရှန့်ချမ်းနှင့်တွေ့ပြီး ရှုရှန့်ချမ်း၏ ကြွားလုံးများကို ကြားသဖြင့် ရှုရှန့်ချမ်းနှင့် တွဲခဲ့ခြင်းဖြစ်ပါသည်။
လူမသိအောင် ရှုရှန့်ချမ်းနှင့် လက်ပင် တွဲခဲ့ကြပြီး ရှုရှန့်ချမ်း၏ မျက်လုံးထဲတွင်တော့ သူမကို ဇနီးသည်တစ်ယောက်ဟု သဘောထားသည်။ ထိုမိန်းကလေးအတွက် သူ အလုပ်တစ်ခု ရှာပေးချင်သည်။ သို့သော် သူ့အစ်မ သူ့အတွက်တောင် နေရာတစ်ခု စီစဥ်ပေးဖို့ မလွယ်ကူခဲ့သဖြင့် နောက်ထပ်နေရာတစ်ခု ဘယ်လိုလုပ် ရနိုင်မည်နည်း။
အချိန်အတန်ကြာသောအခါ မိန်းမဉာဏ်ဖြင့် ရှန့်ချန်းက သူမကို လိမ်နေမှန်း အာရုံခံမိသည်။ တကယ်တော့ သူက ဘာတန်ဖိုးမှ မရှိပေ။
ထို့ကြောင့် သူမ လမ်းခွဲချင်ခဲ့သည်။
သို့သော်လည်း ရှုရှန့်ချမ်းက လက်မခံပေ။ မြို့တော်တွင် ရည်းစားရဖို့က ခက်သည်။ ထို့အပြင် သူမက လှပနွေးထွေးပြီး နူးညံ့သည်။ သူမကိုသာ ရွာသို့ ပြန်ခေါ်သွားနိုင်ပါက သူဘယ်လောက် မျက်နှာရလိုက်မလဲ။
တကယ်တော့ ထိုမိန်းကလေးအား ရန်ပွဲ မဖြစ်ခင်အထိ ရှုရှန့်ချမ်းက ဆက်တိုက်နှောင့်ယှက်နေခဲ့သည်။ မိန်းကလေးကလည်း အလွန်စိတ်ရှုပ်ကာ နောင်တရနေပါသည်။ သူ့အဆက်အသွယ်ဖြင့် အလုပ်တစ်ခု ရချင်ရုံသာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပါ။
လက်ကလေး ကိုင်ခဲ့ရုံနှင့် သူမကို သူ့အပိုင်ဟုပြောနေပြီး တိုးတက်မှုရှိသလို ပြောခဲ့သည်။
ဒီတစ်ခေါက်တော့ ရန်ပွဲက မရှောင်လွှဲနိုင်ပါ။ ရှုရှန့်ချမ်းက သည်းမခံနိုင်တော့ပေ။ သူမကို အခြား ယောက်ျားတစ်ယောက်နှင့် စကားပြောပြီး ရယ်မောနေသည်ကို တွေ့သဖြင့် ဝင်ရောက်ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။
တဖက်လူကလည်း ကျောက်မိသားစု စက်ရုံကလူ မဟုတ်သဖြင့် ပြန်မချဘဲ မနေခဲ့ပါ။ ထိုကောင်က ရှုရှန့်ချမ်းကို သည်းမခံပေ။ နှစ်ဖက်စလုံး မျက်နှာပေါ်တွင် ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။
ပြောစရာမလိုအောင် ကျောက်မိသားစုက ဒီအကြောင်းကို သိခဲ့ကြသည်။ အမေကျောက်က ရှုရှန့်ချမ်းကို တဲ့တိုး အပြစ်တင်ရှုံ့ချခဲ့သည်။ ရွာက လူတွေက စင်ပေါ်တင်ပေးလို့ကို မရဘူးဟု ပြောသည်။ "ယဥ်ကျေးမှု" ဟူသည့်စကားလုံးကိုတောင် နားမလည်ဘဲ အမြဲတမ်း ရန်ဖြစ်နေသည့် အရိုင်းအစိုင်းဟု ဆို၏။
ရှုရှန့်မိန် ဘယ်လောက်တောင် ဒေါသကြီးနေမလဲ ပြောစရာပင်မလိုတော့ပါ။