မော့ယွမ်၏လက်ဆောင်
Vol. 8 Ch. 99
“အဲဒါ စီနီယာအစ်ကိုဟန်ပဲ”
“စီနီယာအစ်ကိုဟန် ရောက်နေတယ်ဟေ့”
ကျန်းဟန်…
ကျောက်ယိုကျစ်…
ထန်မင်း…
…
ဟန်မူယဲ့ ပြုံးလျက် လှမ်းသွားလိုက်ကာ လက်ဆန့်တန်းလိုက်သည်။
“ဒီနေ့ အောင်ပွဲကြီးကြီးရတဲ့ကိစ္စကို မင်းတို့မှာ ဘာလို့ သေရည်မရှိတာလဲ”
“သေရည်လား… ရှိတာပေါ့”
စွန်းတယုံက လက်ကို ပွတ်ကာ နောက်လှည့်လျက် သေရည်အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။
“စွန်းတယုံ… မနေ့က မင်းပြောတော့ အကုန်သောက်လိုက်ပြီဆို”
ကျန်းဟန်က မာန်မဲလိုက်သည်။ သို့သော်လည်း သူ၏မျက်နှာက ပြုံးနေ၏။
“အစ်ကိုဟန်… ဘာလို့ ဒီကို လာတာလဲ”
ကျောက်ယိုကျစ်က ဟန်မူယဲ့အား မေးသည်။
အားလုံးက ထိုစကားကိုကြားလျှင် တိတ်ဆိတ်သွားကြသည်။
ဘေးတွင် ရပ်နေသော ထန်မင်းသည် သက်ပြင်းချကာ ပြောသည်။
“စီနီယာအစ်ကိုဟန်က ဓားစံအိမ်အကြီးအကဲကြောင့် လာခဲ့တာမလား”
ဓားစံအိမ်အကြီးအကဲ။
ယနေ့တွင် လူတိုင်းက ဓားစံအိမ်အကြီးအကဲ၏ဓားချက်ကို အံ့ဩတကြီး ဖြစ်ခဲ့ရ၏။
သို့သော်လည်း ထိုဓားမှာ ဓားစံအိမ်အကြီးအကဲ၏တစ်သက်တာ ကျင့်ကြံမှုလည်း ဖြစ်သည်။
ယခုမှစ၍ ဓားစံအိမ်အကြီးအကဲသည် သာမန်သေမျိုးတစ်ဦးသာ ဖြစ်ပေတော့မည်။
အားလုံးက အချင်းချင်းကြည့်ကာ အခြေအနေမှာ မသက်မသာ ဖြစ်လာခဲ့သည်။
ဟန်မူယဲ့ ရှေ့ကို တက်သွားကာ ရယ်မောလျက် စွန်းတယုံ၏လက်ထဲမှ သေရည်အိုးကို ယူလိုက်သည်။
“ဓားသမားတစ်ယောက်အနေနဲ့ ငါလည်း ကျင့်ရှန်းဓားဂိုဏ်းက မဟာအကြီးအကဲကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ဖို့ မျှော်လင့်တာပဲ။ ဒါက ထိုက်တန်တယ်”
“ဒါ့ကြောင့်ပဲ ဓားစံအိမ်အကြီးအကဲဟာ နှစ် ၆၀ တိုင်အောင် ကျင့်ကြံခဲ့တာ မဟုတ်ဘူးလား”
သူက သေရည်အိုးကို မြှောက်ကာ ပြောသည်။
“ဒီနေ့က အောင်ပွဲရတဲ့နေ့ပဲ။ အားလုံး အောင်ပွဲခံသင့်တယ်’
ထို့နောက် သူက သေရည်အိုးကို မော့သောက်ကာ တခြားလူများကို ကမ်းပေးသည်။
နောက်တစ်ယောက်ကလည်း သေရည်အိုးကို ယူကာ တစ်ကျိုက်မော့လိုက်၏။
တစ်ယောက်ပြီး တစ်ယောက် သေရည်အိုးကို ယူကာ မော့သောက်ကြသည်။
သေရည်အိုးမှာ တစ်ပတ်လည်သွားပြီးနောက် ဖင်ကပ်မျှပင် မကျန်တော့ပါ။
“သေရည်မရှိတော့ဘူးလား”
“ကျုပ်မှာ ရှိတယ်”
“ကျုပ်မှာလည်း ရှိသေးတယ်”
“သေစမ်း… မင်းတို့အားလုံးက အဝှက်ကောင်းလှချည်လား”
…
ဟန်မူယဲ့ နိုးလာသောအခါ သူသည် ရထားလုံးထဲ၌ ဖြစ်သည်။
သူက ယမန်နေ့ညက အကြောင်းများကို ပြန်မှတ်မိရန် ကြိုးစားနေသည်။ သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့်များနှင့် ညလုံးပေါက် သောက်စားပျော်မြူးနေခဲ့သည်။
သူသည် မော့ယွမ်သင်ပေးခဲ့သော ‘ဓား ၁၀,၀၀၀ တို့အိမ်အပြန်’ ကိုလည်း သရုပ်ပြကာ သာမန်ကျင့်ကြံသူများအတွက် လမ်းသစ်ဖောက်ပေးမည်ဟုလည်း ကြွေးကျော်ခဲ့သေးသည်။
“မင်း နိုးလာပြီလား”
“မနေ့ညက မင်းရဲ့ ဓား ၁၀,၀၀၀ တို့အိမ်အပြန်က အတော်လေး အားကောင်းတယ်။ အဲဒါက သမင်တောင်ကုန်းကို ထက်ခြမ်းခွဲလုနီးပါးပဲ”
ဓားစံအိမ်အကြီးအကဲ၏ညင်သာသော အသံကို ကြားရသည်။ ဟန်မူယဲ့ ရုတ်တရက် ထထိုင်လိုက်၏။
“ဒီမှာ… မော့ယွမ်ဆီက…”
“သူ အရှေ့ပင်လယ်ကို ထွက်သွားပြီးပြီ။ နှစ် ၁၀၀ ကြာပြီးတဲ့အခါ သူ သေချာပေါက် ပြန်လာမယ်လို့ ပြောခဲ့တယ်”
ဓားစံအိမ်အကြီးအကဲက လက်ဆန့်တန်းလျှင် သူ့လက်ထဲတွင် အနက်ရောင်လက်စွပ်တစ်ကွင်း ရှိနေသည်။
သိုလှောင်လက်စွပ်တစ်ကွင်း။
အထဲတွင်ကား ဝိညာဉ်လက်နက်နှစ်ခုနှင့် ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ ရှိနေသည်။
မျိုးစုံသော ဆေးပင်များ၊ ရတနာသတ္တုများမှာ သုံးပေခန့် မြင့်သော တောင်ကလေးအလား စုပြုံထားသည်။
သိုလှောင်လက်စွပ်ကား ငါးပေခန့်သာ ကျယ်ဝန်းသည်။
သူ၏နတ်အာရုံဖြင့် ထိုပစ္စည်းများအား ထုတ်ယူနိုင်၏။
“ငါ မင်းအတွက် ကြည့်ပေးပြီးပြီ။ အဲဒါတွေက ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက် တန်ဖိုးရှိတယ်”
“ကောင်လေး… မင်းရဲ့ ကြွယ်ဝမှုက အံ့ဖွယ်ကိုးပါးတောင်ကုန်းက အကြီးအကဲအများစုထက် သာလိမ့်မယ်”
ဓားစံအိမ်အကြီးအကဲက သက်ပြင်းချသည်။
အံ့ဖွယ်ကိုးပါးတောင်ကုန်းတွင် မော့ယွမ်ကဲ့သို့ သန်မာသောသူ သိပ်မရှိပါ။ ဂိုဏ်းတစ်ခုလုံးကို နှိမ်နှင်းနိုင်သူမှာ ပိုမိုရှားပါးသေးသည်။
ချင်သုံးပါးဓားဂိုဏ်းကို ဖျက်ဆီးခဲ့သော မော့ယွမ်သည် သေချာပေါက် အကြွယ်ဝဆုံးဖြစ်သည်။
ရထားလုံးပေါ်တွင် ထိုင်ကာ ဟန်မူယဲ့ အနည်းငယ် စိတ်ပျက်နေသည်။
သူသည် ယမန်နေ့ညက အသောက်လွန်ကာ ဆရာမော့ယွမ်အား ပို့ဆောင်ရန် ပျက်ကွက်ခဲ့၏။
ရထားလုံး ဆက်လက်ရွေ့လျားသွားလျှင် ဟန်မူယဲ့သည် သူ့လက်မှ လက်စွပ်ကို လေ့လာသည်။ တစ်ခါတစ်ရံ ဓားစံအိမ်အကြီးအကဲက သူ့အား သိုလှောင်လက်စွပ်သုံးနည်းအား သင်ပေးသည်။
ဓားစံအိမ်အကြီးအကဲ၏အဆိုအရ သူတို့က ပိုင်ဆိုင်သော ပစ္စည်းများအား သိုလှောင်လက်စွပ်၌ သိမ်းဆည်းနိုင်သော်လည်း မိမိသုံးသော ဓားကို ၎င်းအတွင်း၌ မထည့်သင့်ပေ။
ကြီးမြတ်သော ကျင့်ကြံသူတစ်ဦးသည် လေဟာနယ်စွမ်းအားကို သက်ရောက်နိုင်စွမ်းရှိသည်။
ထို့အပြင် ဓားသမားများ၏တိုက်ပွဲတွင် သေခြင်းရှင်ခြင်းသည် တခဏမျှဖြင့် ဆုံးဖြတ်နိုင်သည်။ အကယ်၍ သူ၏နတ်အာရုံကို လက်စွပ်ထဲမှ ဓားအား ထုတ်ယူရန် အသုံးပြုခဲ့ပါက မိမိသေလမ်းကို ရှာခြင်း ဖြစ်သည်။
“မော့ယွမ်ရဲ့ ‘ဓား ၁၀,၀၀၀ တို့အိမ်အပြန်’ ကို ကောင်းကောင်းလေ့လာပါ။ တကယ်လို့ မင်းသာ ဝိညာဉ်လိပ်ပြာဓားနဲ့ တွဲသုံးနိုင်ရင် ကောင်းကင်ဘုံအဆင့်ကို တကယ်ပဲ ဒဏရာရအောင် တိုက်ခိုက်နိုင်လောက်တယ်”
ဓား ၁၀,၀၀၀ တို့အိမ်အပြန်အား ဝိညာဉ်လိပ်ပြာဓားဖြင့် သုံးခြင်းလား။
ဟန်မူယဲ့ ခေါင်းညိတ်သည်။
၎င်းက ဖြစ်နိုင်သည်ဟု တွေးမိသည်။
လမ်းတွင် ဂိုဏ်းတပည့်များက မကြာမကြာ လာ၍ သတင်းများ ပို့ကြသည်။
သမင်တောင်ကုန်းမှ တိုက်ပွဲရလဒ်သည် အပြင်လောက၌ ပျံ့နှံ့နေပြီ ဖြစ်သည်။
သူတို့က ကီလိုမီတာ ၁၀၀ ခန့် ခရီးနှင်ပြီးနောက်တွင်ပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လက်အောက်ခံခေါင်းဆောင်များနှင့် ဂိုဏ်းအကြီးအကဲများက ဓားစံအိမ်အကြီးအကဲကို လာရောက်ကြိုဆိုနှုတ်ဆက်ကြသည်။
“နေဝင်တိမ်တိုက်ဓားဂိုဏ်းက ကျန်းချန်ဟယ် ဓားစံအိမ်အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်”
“အကြီးအကဲရဲ့ဓားဟာ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်။ လောကတခွင်ဟာ ဒီဓားချက်ကြောင့် တုန်လှုပ်ရပါတယ်”
ရထားလုံးရှေ့တွင် အစိမ်းရောင်ဝတ်တာအိုဆရာတစ်ဦးသည် တပည့်အများအပြားဖြင့် လေးစားစွာ နှုတ်ဆက်နေသည်။
ဤသည်ကား ငါးကြိမ်မြောက် လာရောက်ကြိုဆိုနှုတ်ဆက်ခြင်း ဖြစ်သည်။
“ဂိုဏ်းခေါင်းဆောင်ကျန်းက ယဉ်ကျေးလွန်းပါပြီ”
“ကျုပ်တို့ ဓားစံအိမ်ကို ပြန်ရဦးမယ်။ ဒါကြောင့် ကြာကြာမနေနိုင်တာ ခွင့်လွှတ်ပေးပါ”
“ဂိုဏ်းခေါင်းဆောင်ကျန်းအနေနဲ့ ဆန္ဒရှိရင် ကျုပ်တို့ ဓားဂိုဏ်းအကြီးအကဲစုယွမ်ကို ကူညီပြီးတော့ ပုန်ကန်သူတွေကို နှိမ်နှင်းနိုင်ပါတယ်”
ဓားစံအိမ်အကြီးအကဲက တည်ငြိမ်စွာ ပြောသည်။
ကျန်းချန်ဟယ်က အလျင်အမြန် ဦးညွှတ်ကာ သဘောတူသည်။
လမ်းတစ်လျှောက် ဂိုဏ်းများက သူတို့၏သဘောထားကို လာရောက်ပြသကြသည်။ သူတို့က ဓားစံအိမ်အကြီးအကဲနှင့် အမှန်တကယ် မိတ်ဆွေဖြစ်လို၍တော့ မဟုတ်ပါချေ။
နာရီဝက်ခန့် ကြာသောအခါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအဖွဲ့သည် ရှေ့ကို ဆက်ခရီးနှင်ကြ၏။
ရထားလုံးများပေါ်တွင်ကား လူတချို့ စီးနင်းလိုက်ပါလာသည်မှလွဲ၍ အမျိုးမျိုးသော ရတနာများနှင့် အရင်းအမြစ်များ ရှိနေသည်။ ၎င်းမှာ ချင်သုံးပါးဓားဂိုဏ်းကို တိုက်ခိုက်ခြင်းမှ ရလာခြင်း ဖြစ်သည်။
၎င်းသည် ဂိုဏ်းတစ်ဂိုဏ်း၏အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
ရထားလုံးများမှာ လက်ဖွဲ့အစီအရင်များဖြင့် အဆင့်မြှင့်ထားခြင်းဖြစ်ရာ သူတို့သည် မြန်ဆန်စွာ ရွေ့လျားနိုင်၏။
နေ့လည်ပိုင်းတွင် အရေးကြီးသတင်းတစ်ခု ရောက်လာသည်။
ကျင့်ရှန်းဓားဂိုဏ်းနှင့် ဖုန်းလင်ဂိုဏ်းတို့ တစ်ဂိုဏ်းတည်းအဖြစ် ပေါင်းစပ်သွားသည်။
ကျင့်ရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲနှစ်ဦးသည် ဖုန်းလင်ဂိုဏ်း၏မဟာအကြီးအကဲများ ဖြစ်လာကာ ကျင့်ရှန်းဂိုဏ်းတပည့်များမှာလည်း ဖုန်းလင်ဂိုဏ်းတပည့်များ ဖြစ်လာခဲ့ကြသည်။
ကျင့်ရှန်းဓားဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲတချို့မှာ ပျောက်ဆုံးသွားခဲ့သည်။
ဓားစံအိမ်အကြီးအကဲက တည်ငြိမ်စွာ ပြောသည်။
“ပျောက်သွားတာလား… ကောင်းလိုက်တဲ့နည်းလမ်း”
ဂိုဏ်းတစ်ဂိုဏ်း၏ခေါင်းဆောင်နှင့် အကြီးအကဲများက အစအနမကျန်အောင် မည်သို့ ပျောက်ဆုံးနိုင်မည်နည်း။
“ဒါ့ကြောင့်ပဲ မူထျဲယန်က အသက်စွန့်ပြီး တိုက်ခိုက်ခဲ့တာ ထင်တယ်”
ဟန်မူယဲ့က ပြောသည်။
ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်သည်။
“ဒီ ကံဆိုးမိုးမှောင်ကျမှုကြောင့်သာ မဟုတ်ရင် မူထျဲယန်လည်း သေလမ်း ရွေးမှာ မဟုတ်ဘူး”
ပျက်သုန်းခြင်းကဒ်ဘေး။
ယခုတစ်ကြိမ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာလည်း တူညီသော ကံကြမ္မာနှင့် ရင်ဆိုင်နေရသည် မဟုတ်ပေဘူးလား။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သူတို့၏နှစ်တစ်ထောင်မိစ္ဆာဖိနှိပ်ခြင်းကာလမှာလည်း ပြီးဆုံးတော့မည်ဖြစ်ရာ မည်သည့်ကဒ်ဘေး ရောက်လာမည် မသိသေးပေ။
မူထျဲယန်၏ဝိညာဉ်အပိုင်းအစ ပြောခဲ့သည်ကို ဟန်မူယဲ့ ပြန်အမှတ်ရလာသည်။ သူသည် ဓားစံအိမ်အကြီးအကဲ၏လက်ချက်ဖြင့် အသက်ရှင်ခဲ့ပါက ကျင့်ရှန်းဓားဂိုဏ်းပျက်သုန်းမည့်ဘေးမှ ကယ်တင်နိုင်မည်ဟု ပြောခဲ့သည်။
ကံမကောင်းစွာဖြင့် သူ သေသွားခဲ့သည်။
“အမြန်ဆုံးခရီးဆက်ကြမယ်”
ထိုအခိုက်တွင် ဓားစံအိမ်အကြီးအကဲက အော်လိုက်သည်။
သူတို့တစ်အုပ်လုံး မြန်ဆန်စွာ ခရီးနှင်ကြ၏။
“ဖုန်းလင်ဓားဂိုဏ်းက ကျင့်ရှန်းဓားဂိုဏ်းကို ဖျက်ပြီးနောက်မှာ သူတို့ ပထမဆုံးလုပ်မှာက အကြီးအကဲမူထျဲယန်အတွက် လက်စားချေဖို့ပဲ”
ဓားစံအိမ်အကြီးအကဲက ပြောသည်။
ဖုန်းလင်ဓားဂိုဏ်းသည် သူတို့၏ထောက်ခံသူများကို စိတ်ကြေနပ်အောင် လုပ်ပေးရန် လိုသည်။
အကောင်းဆုံနည်းလမ်းကား မူထျဲယန်အတွက် လက်စားချေကာ ဓားစံအိမ်အကြီးအကဲကောင်းချန်ကုန်းအား သတ်ဖြတ်ရန် ဖြစ်သည်။
“ကောင်လေး… ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့ အမှတ်ရပါ”
ဓားစံအိမ်အကြီးအကဲသည် အဝေးကို ကြည့်ရင်း သူ့ထံမှ ထူးဆန်းသော အရှိန်အဝါများ စုစည်းလာနေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းကြီးကိုးဂိုဏ်းသည် ယခု ရှစ်ဂိုဏ်းသာ ကျန်တော့သလို ဓားဂိုဏ်းကြီးလေးဂိုဏ်းမှာလည်း တစ်ဂိုဏ်းလျော့သွားပြီ ဖြစ်သည်။
ဤသို့သော ဖြစ်ရပ်ကြီးသည် ဓားစံအိမ်အကြီးအကဲ၏ဓားတစ်ချက်နှင့် တိုက်ရိုက်သက်ဆိုင်နေသည်။
ထိုအခိုက်တွင်မှ ဟန်မူယဲ့သည် ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး၏အရေးပါမှုကို ခံစားသိရှိရသည်။
ထိုသို့သော ကျင့်ကြံသူတစ်ဦး၏စကားတစ်ခွန်း အပြုအမူတစ်ခုသည် အနောက်ဘက်နယ်စပ်ကုန်းမြေအား တိုက်ရိုက်သက်ရောက်နိုင်၏။
မရေမတွက်နိုင်သော အသက်များသည် သူတို့၏လက်ထဲတွင် ရှိနေသည်။
ရထားလုံးထဲတွင် ဟန်မူယဲ့သည် လက်ဆန့်တန်းကာ သူ၏အင်္ကျီလက်မောင်းအိုးထဲ၌ ဝှက်ထားသော ဓားကျိုးအား ဆုပ်ကိုင်လိုက်၏။
ဓားချီများ ဓားထံသို့ တိတ်ဆိတ်စွာ စီးဆင်းသွားသည်။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်တွင် မူထျဲယန်၏ပုံရိပ်သည် သူ၏စိတ်နယ်ပယ်၌ ပေါ်လာ၏။
ဟန်မူယဲ့က တိုက်ရိုက်ပြောသည်။
“ကျင့်ရှန်းဓားဂိုဏ်းနဲ့ ဖုန်းလင်ဓားဂိုဏ်း ပေါင်းစပ်သွားပြီ”
ယခုမှ ပေါ်လာသော ပုံရိပ်မှာ အံ့ဩမှင်တက်နေသည်။ သူသည် ထိုနေရာတွင်ပင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ရပ်နေ၏။
“ထင်ထားတဲ့အတိုင်းပါပဲ”
“ဒီလိုပဲ ဖြစ်မှာပဲလေ…”
မူထျဲယန်သည် ဝမ်းနည်းဆွေးမြေ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
“ကျင့်ရှန်းဓားဂိုဏ်းက ဂိုဏ်းချုပ်နဲ့ အကြီးအကဲတချို့ဟာ ပျောက်ဆုံးနေတယ်”
ဟန်မူယဲ့ ထပ်ပြောသည်။