တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ
Vol. 52 Ch. 723
အခန်း (၇၂၃) တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ‘ခွန်လွန်အထင်ကရ (၉) ပါး’ က ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာကို တည်ဆောက်ခဲ့ပြီး တာအိုဝါဒကိုပြန်လည်တည်တောင်ကာ ခွန်လွန်တောင်ကိုလည်း ပြန်လည်တည်ဆောက်ခဲ့သည်ဟု ဆိုကြသည်။
အသစ်တည်ဆောက်ထားသော ခွန်လွန်တောင်က အထက်ဘုံကမ္ဘာ ဗဟိုဒေသတွင် တည်ရှိသည်။
လက်ရှိ ထိုဒေသမှာတော “ဧကရာဇ် (၃)ပါး နှင့် အုပ်စိုးရှင် (၅)ပါး” တို့၏ တာအိုနယ်မြေများတည်ရှိပေသည်။
ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ သက်ရှိထင်ရှား ရှိစဉ်ကလည်း ခွန်လွန်တောင်တွင် ကိုယ်ပိုင်နယ်မြေတစ်ခု ပိုင်ဆိုင်ခဲ့ကြောင်း သိရှိရသည်။
ယိုးမင်ဂမ္ဘီရဂိုဏ်း၏ အထွတ်ထိပ်အချိန်ကာလများတွင် အလယ်ပိုင်း ကျွင်းထျန်းကောင်ကင်ပြည်နယ်၌ ကျက်စားခဲ့ပြီး သူတို့၏ အဓိကပလ္လင်တည်ရှိရာနေရာက ခွန်လွန်တောင်နှင့် သိပ်မဝေးသည့် ‘ယွဲ့နင်တောင်’ တွင် ဖြစ်၏။
ယိုးမင်ဂမ္ဘီရဂိုဏ်းကျဆင်းလာပြီးနောက်ပိုင်း အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှထွက်ခွာပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ပြောင်းရွှေ့ခဲ့ကြသည်။ ထို့နောက် ယခုတွေ့မြင်ရသည့်အတိုင်း ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းဟု နှစ်ခြမ်းကွဲသွားခဲ့၏။
အားဟူက တည်ကြည်စွာဖြင့်...
“သခင်လေး... မဟာကပ်ဘေးကြီးမတိုင်ခင်က တည်ရှိခဲ့တဲ့ တာအိုတောင်ထွတ်ကြီး (၅)ခုမှာ ကျွန်တော်တို့ နာမည်ဆက်ခံထားခဲ့တဲ့ ဝါဒတောင်ကလည်း ခွန်လွန်တောင်ထက်တော့ ဂုဏ်သတင်းမလျော့နည်းဘူး မဟုတ်လား”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒတောင်ထွတ်ကြီး (၅)ခုမှာ အလယ်ပိုင်းမှာတည်ရှိတဲ့ခွန်လွန်တောင်က အထူးခြားဆုံးပဲ ၊ ဒါပေမဲ့...”
ခဏနားပြီးမှ ရန်ကျောက်ကဲက ဆက်ပြောသည်။
“အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
အားဟူက ပြုံးလျှက် လက်မထောင်ပြလိုက်ပြီး...
“သခင်လေး... သခင်လေးရဲ့စကားတွေက တကယ် မာနကြီးတာပဲ”
ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ရှောင်အိုက်ကိုတစ်ချက်လှမ်းကြည့်ရင်း...
“ရှောင်အိုက်.. မင်းကိုတစ်ခုလောက်မေးချင်တယ်”
ရှောင်အိုက်က မျက်တောင်တစ်ချက်ခတ်ရင်း...
“သခင်လေး ဘာမေးမလို့လဲ”
ရန်ကျောက်ကဲ မျက်ဝန်းများ နက်ရှိုင်းသွားပြီး...
“မဟာကပ်ဘေးကြီးပြီးတဲ့နောက် ဗုဒ္ဓဘာသာဘက်ကပုဂ္ဂိုလ်တွေ ဘာဖြစ်သွားသလဲဆိုတာ အမေပြောတာကြားဖူးလား”
ရှောင်အိုက် ခဏမျှ အလေးအနက်စဉ်းစားနေပြီးနောက်...
“ပြောဖူးတယ်”
ရန်ကျောက်ကဲက...
“ဘာတွေပြောဖူးတာလဲ”
ရှောင်အိုက်က...
“အသေးစိတ်တော့ ကျွန်မ မသိပါဘူး ၊ ဒါပေမဲ့ အရင်တုန်းက သီးခြားနယ်မြေတစ်ခုရဲ့ အပျက်အဆီးတွေကြားထဲမှာ ရှာဖွေနေရင်း သခင်မလေးက ဒေါသတကြီး ရေရွတ်ဖူးတယ်”
ရှောင်အိုက်မှတ်မိနေသည့် ထိုစဉ်က ရွှယ်ချူးချင်ပြောခဲ့သည့်စကားမှာ -
“ဒီဘုန်းကြီးတွေက ဘာဖြစ်ချင်နေတာလဲ”
ဟူ၍ ဖြစ်သည်။
ရန်ကျောက်ကဲက မျက်လုံးများမှေးစင်းရင်း...
“အဲဒီ သီးခြားနယ်မြေ ဘယ်နေရာမှာရှိလဲဆိုတာ သိလား”
ရှောင်အိုက်က ခေါင်းခါယမ်းရင်း...
“သခင်မလေးပဲ သိနိုင်ပါတယ် ၊ ဒီအစေခံကတော့ မသိပါဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အင်း... မင်း မသိလည်းကိစ္စမရှိပါဘူး”
ရန်ကျောက်ကဲ အလေးအနက်စဉ်းစားနေစဉ် အားဟူ ၊ ဖန်းယွင်ရှန်းနှင့် ရှောင်အိုက်တို့ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အားဟူက သိချင်စိတ်ဖြင့်...
“သခင်လေး... ဘာလို့ ဗုဒ္ဓဘာသာအကြောင်း ရုတ်တရက် စိတ်ဝင်စားသွားတာလဲ”
ရန်ကျောက်ကဲက ပေါ့ပါးစွာဖြင့်...
“မဟာကပ်ဘေးကြီးမတိုင်ခင်က ဗုဒ္ဓဘာသာလည်း အရမ်းကို ထွန်းကားပြန့်ပွားခဲ့တယ်လေ ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးတဲ့နောက်မှာတော့ ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာ ၊ မီးတောက်မိစ္ဆာကမ္ဘာတွေမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အမွေအနှစ်ဆက်ခံမှုတွေ တစ်ခုမှမတွေ့ရဘူး”
“အခု ဒီအထက်ဘုံကမ္ဘာမှာလည်း အတူတူပဲ”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“အဲဒီလိုလား ၊ ကျွန်တော်လည်း အိမ်တော်သခင်ပြောတာ ကြားဖူးတယ် ၊ စန်းချင်း (၃)ပါးလိုပဲ ဗုဒ္ဓကလည်း လောကကိုကျော်လွန်သွားတယ်လို့ ဆိုကြတယ်တဲ့ ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာမှာလည်း နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ အများကြီးရှိတာ မဟုတ်လား ၊ သာမန်လူတွေဆိုရင် တာအိုဝါဒထက် ဗုဒ္ဓဘာသာကိုတောင်ပိုပြီး ယုံကြည်ကြတယ်လေ”
ရန်ကျောက်ကဲက...
“ကောလဟလတွေအရတော့ စကြာမုနိ တထာဂတဿဗုဒ္ဓကတော့ လောကကိုကျော်လွန်သွားခဲ့တယ်တဲ့ ၊ ဒါပေမဲ့ အနာဂတ်မှာဗုဒ္ဓဖြစ်လာမယ့် ဘုရားလောင်းက ဗုဒ္ဓဘာသာနယ်မြေကိုတည်ထောင်ခဲ့ပြီး လူသားအများရဲ့ ကိုးကွယ်မှုတွေကို ရရှိခဲ့တယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးတဲ့နောက်မှာ ဘာဖြစ်သွားသလဲဆိုတာတော့ မသိတော့ဘူး”
ရန်ကျောက်ကဲက မျက်လုံးများကို ကျဉ်းမြောင်းရင်း တည်ငြိမ်စွာဖြင့် ...
“ပြောကြတာတော့ ဘုရားလောင်းရဲ့ ဓမ္မလမ်းစဉ်က လောကကိုကျော်လွန်သွားပြီဖြစ်တဲ့ တထာဂတဿဗုဒ္ဓရဲ့လမ်းစဉ်နဲ့ မတူဘူးတဲ့ ၊ ဗုဒ္ဓကိုရိုသေသမှုနဲ့ ကျမ်းစာရွတ်ဆိုပူဇော်တဲ့သူတိုင်း ဘုရားလောင်းရဲ့တန်ခိုးစွမ်းအားနဲ့ ကုသိုလ်ကောင်းချီးတွေရပြီး ကျင့်ကြံစရာမလိုဘဲ ကြီးမားတဲ့ သဘာဝလွန်တန်ခိုးစွမ်းအားတွေ ရရှိလာတယ်လို့ ဆိုကြတယ်”
“အဲဒီ တန်ခိုးစွမ်းအားရှင်တွေက အကျိုးအမြတ်တွေရပြီး ဗုဒ္ဓရှေ့တော်ဖြစ်တဲ့ သုခဘုံအထိ ရောက်နိုင်ကြတယ်တဲ့”
အားဟူ မျက်လုံးပြူးသွားပြီး...
“အဲဒီလိုလား... ဒါဖြင့် ကျွန်တော်တို့ ဘာလို့စိတ်ညစ်ခံပြီး ကျင့်ကြံနေဦးမလဲ ၊ ကျွန်တော်တို့အားလုံး ဗုဒ္ဓကျမ်းစာတွေ ရွတ်ဖတ်နေရင် ရပြီပဲလေ”
ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း...
“ဒါက ကောလဟလတွေပါ ၊ ယုံရတော့ခက်ခက်ပဲ... အမှန်တရားက ဘယ်လိုရှိမလဲဆိုတာ ပြောရခက်တယ်”
အားဟူက ခေါင်းခါယမ်းရင်း...
“ဒါပေမဲ့ ဘယ်လိုပဲတွေးတွေး မယုံနိုင်ဘူး”
ရှောင်အိုက်က...
“ဒီအစေခံကတော့ ဗုဒ္ဓဘာသာအကြောင်း သိပ်မသိပါဘူး ၊ ဒါပေမဲ့ အရင်က သခင်မလေးပြောဖူးတာတော့ ဘုရားလောင်းရဲ့ခေတ်ကာလမတိုင်ခင်က ဗုဒ္ဓဘာသာအနှစ်သာရဆိုတာ လူတစ်ယောက်ရဲ့ နှလုံးသားထဲက အမှန်တရားကို ရှာဖွေရတာလို့ ပြောတယ် ၊ နှလုံးသားထဲမှာ ဗုဒ္ဓကိုသိမြင်လိုက်တာနဲ့ လူတိုင်း ဗုဒ္ဓဖြစ်နိုင်တယ်တဲ့ ၊ ဒါပေမဲ့ အဲဒါက ဘုရားလောင်းရဲ့ လမ်းစဉ်နဲ့ မတူကွဲပြားနေတယ်တဲ့”
သူမက ဆက်ပြောသည်။
“မဟာကပ်ဘေးကြီးမတိုင်ခင်က ဗုဒ္ဓဘာသာလမ်းစဉ်လိုက်ကြတဲ့သူတွေ အများကြီးရှိတယ် ၊ ပူဇော်ကြတဲ့အမွှေးတိုင်ရနံ့တွေဟာ မိုးအောက်မြေပြင်တစ်ခွင်လုံးမှာ လွင့်ပျံနေတာပဲတဲ့ ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးတဲ့နောက် ဗုဒ္ဓဘာသာ ဘာဖြစ်သွားလဲဆိုတာ သခင်မလေးကတော့ နည်းနည်းပါးပါး သိနိုင်ပေမယ့် ဒီအစေခံကတော့ မသိပါဘူး”
ဖန်းယွင်ရှန်းက မျက်မှောင်ကြုံ့ရင်း...
“ကျွန်မကတော့ တစ်ခါမှ ဗုဒ္ဓဘာသာနဲ့ မရင်းနှီးခဲ့ဘူး ၊ ဒါကြောင့် ဘာမှဝင်မပြောနိုင်ပါဘူး ၊ ဒါပေမဲ့... ကျွန်မအထင် အဲဒီလိုသာမှန်ခဲ့တယ်ဆိုရင် ဒီလောက်ကောင်းတဲ့ လမ်းစဉ်တစ်ခု ပျောက်ကွယ်သွားတယ်ဆိုတာ ရိုးရှင်းမှုတော့ မရှိနိုင်ဘူး”
အာဟူက ခဏမျှတုံ့ဆိုင်းနေရင်း...
“အဲဒါအမှန်ဆိုရင်တော့ စျေးထဲကအရောင်းအဝယ်ကိစ္စလို ခံစားရတယ်”
ထို့နောက် သူက မသိစိတ်ဖြင့် အပေါ်ဘက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
ယခုအချိန်တွင် ပြောရန် ခက်ခဲသော်လည်း မဟာကပ်ဘေးကြီးမတိုင်ခင်ကတော့ ဤလောက၏အထက် ၊ (၃)ပေအကွာတွင် နတ်ဘုရားများနေထိုင်သည်ဆိုသောအချက်မှာ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့သည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“အခု ကိစ္စရပ်တွေက အများကြီးပဲ ၊ အားလုံးလျှောက်ပြောနေလို့ မကောင်းဘူး ၊ ခေတ်အဆက်ဆက်မှာ ဗုဒ္ဓဘာသာနဲ့ တာအိုဝါဒက ဟန်ချက်ညီညီ အဆင်ပြေပြေ ယှဉ်တွဲရပ်တည်လာကြတဲ့အချိန်တွေ ရှိခဲ့တာပဲလေ ၊ ဒါပေမဲ့ ပိုကောင်းတဲ့လမ်းစဉ်က ဖွံ့ဖြိုးလာမှာဘဲ ၊ အဲဒါဆိုရင် ကျန်တဲ့လမ်းစဉ်တစ်ခုကက မလွဲမသွေ တိုးတက်မှု ရပ်တန့်သွားမှာ သဘာဝပဲလေ”
နောက်ဆုံးတော့ ဤကိစ္စများက သူတို့ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့သည့် ဖြစ်ရပ်များလည်း မဟုတ်ခဲ့ပေ။ ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့ကတော့ ဆက်လက်ပြောဆိုဆွေးနွေးနေပြီး ငြင်းခုံမှုများပင် ပြုလိုက်ကြသေးသည်။
သို့သော် ရန်ကျောက်ကဲကတော့ မတူညီပေ။
သူ ထုတ်ဖော်မပြောသည့် စကားများစွာ ရှိသည်။
ဖြစ်နိုင်ရန်မသေချာသော်လည်း ရန်ကျောက်ကဲအတွေးအရ ကောင်းကင်ဘုံနန်းတော်တစ်ခုလုံး ပျက်ဆီးသွားစေသည့် မဟာကပ်ဘေးကြီးဖြစ်ပွားစေသူများမှာ မည်သူဖြစ်သနည်းဟုဆိုလျှင် ၊ ဗုဒ္ဓဘာသာလမ်းစဉ်လိုက်ကြသူများမှလွဲပြီး အခြားသူမရှိနိုင်ပေ။
သို့သော် ထပ်မံစဉ်းစားကြည့်ပြန်တော့ မဟာကပ်ဘေးကြီးက ဗုဒ္ဓဘာသာလမ်းစဉ်လိုက်သူများနှင့် ပတ်သက်မှု ရှိ မရှိ မသေချာလှပေ။ အမှန်တော့ ထိုစဉ်အချိန်က ဗုဒ္ဓဘာသာက တာအိုဝါဒထက် အရှိန်အဟုန်ကောင်းစွာ တိုးတက်နေသည် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ ဤသည်က အခြေအမြစ်မရှိသော ၊ မရေရာသော အတွေးတစ်ခုသာ ဖြစ်သည်။ အကြောင်းရင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ရှင်းပြရန်ခက်ခဲသော ထူးဆန်းမှုများနှင့် ကွဲလွဲမှုများလည်း များစွာရှိနေသေး၏။
ဤသို့ဖြစ်ရသည်မှာ ရန်ကျောက်ကဲအနေဖြင့် လုံလောက်သည့် သတင်းအချက်အလက်များ ရရှိနိုင်ခြင်းမရှိဘဲ ဟိုတစ်စ ဒီတစ်စ သတင်းများဖြင့် ဆက်စပ်တွေးတောနေရသဖြင့် သံသယများသာထားရှိနိုင်ပြီး အတိအကျ မှန်းဆမရခဲ့ပေ။
ထိုစဉ်အချိန်က ဖြစ်ပွားခဲ့သော မဟာကပ်ဘေးကြီးက ရန်ကျောက်ကဲစိတ်ထဲစွဲနေပြီး တစ်ခါမှ မေ့ပျောက်နိုင်ခြင်း မရှိပေ။
ယနေ့ ရှောင်အိုက်နှင့်စကားပြောခြင်းမှ အကြောင်းအရာများစွာ သိခဲ့ရသော်လည်း မိခင်ဖြစ်သူ ရွှယ်ချူးချင်ကတော့ သူ့ရင်ထဲမှသံသယများစွာကို ဖြေရှင်းပေးနိုင်မည်ဟု ခံစားမိသည်။
ခေါင်းထဲမှအတွေးများရှင်းလင်းလိုက်ပြီးနောက် ရန်ကျောက်ကဲက လက်ရှိအခြေအနေကို ပြန်လည် အာရုံစိုက်လိုက်သည်။
ယိုးမင်ဂူဗိမာန်ပြိုကျသွားပြီးနောက် ယိုးမင်ဂမ္ဘီရစက်ဝန်းက ကာကွယ်ပေးထားသည့်တိုင် အချိန်နှင့် ဗလာနယ်စီးကြောင်းများ လှိုင်းထန်မှုအောက်တွင် အသင်္ချေနဂါးနန်းတော်မှာ အချိန်ကြာမြင့်စွာ တုန်လှုပ်နေခဲ့သည်။ အနည်းဆုံးတော့ ဤလှိုင်းလုံးများက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းဆရာသခင်များကိုပင် နစ်မြုပ်စုပ်ယူသွားနိုင်သည်အထိ ပြင်းထန်လွန်း၏။
သူတို့အားလုံး အန္တရယ်ကင်းရန်အတွက် ရေစီးကြောင်းအတိုင်း စိတ်ရှည်စွာဖြင့် စီးမျောသွားရုံသာ ရှိသည်။
အချိန်နှင့် ဗလာနယ် လှိုင်းထန်မှု တဖြည်းဖြည်း လျော့ပါးသွားသည့်နောက် အထက်ဘုံကမ္ဘာသို့ ပြန်သွားရန် ရန်ကျောက်ကဲ အစီအစဉ် ရေးဆွဲပြီး ဖြစ်သည်။ ဤခရီးစဉ် ထွက်မလာခင်ကတည်းက ရန်ကျောက်ကဲ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သဖြင့် အထက်ဘုံကမ္ဘာသို့ မပြန်နိုင်ဘဲ လမ်းပျောက်သွားရန် စိုးရိမ်စရာ မရှိပေ.
သို့ပေသိ လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှလူများကတော့ အတော်လေး အခြေအနေဆိုးပေလိမ့်မည်။
နေလစကြာပိုင်ဆိုင်ထားသော လော့ကျီးထောင်အနေဖြင့် အဆင်ပြေနိုင်သော်လည်း ကောစုန်းနှင့် အခြားသူများ အသက်ရှင်သန်နိုင်ရန်မှာ ကံတရားအပေါ်တွင်သာ မူတည်သည်။ ကွမ်းမင်ဂိုဏ်းမှလူများမှာ ရန်ကျောက်ကဲတို့အုပ်စုထက်နောက်ကျပြီးမှသာ ပရမ်းပတာ ဗလာနယ်စီးဆင်းမှုမှ ရုန်းထွက်နိုင်မည်ဟု မျှော်လင့်ရသည်။
ထို့ပြင် အခြားသောပြဿနာများစွာ ရှိနေသေးသည်။
ဥပမာဆိုရသော် ယိုးမင်ဂိုဏ်းမှလူများမှာ ယိုးမင်ဂူဗိမာန်ပြိုကျသည်ကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည့်တိုင် ရန်သူများ ဝိုင်းဝိုင်းလည်နေပြီ ဖြစ်သည်။
အထူးသဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ အထွတ်ထိပ်သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သော ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ အား တိုက်ခိုက်ဆန့်ကျင်ခဲ့သည်ဖြစ်ရာ ထိုသူက ယိုးမင်ဂိုဏ်းကို လွယ်လွယ်နှင့် အလွတ်ပေးမည် မဟုတ်ပေ။ ကွမ်းလီတဲ့ က သိုင်းသူတော်စင် နဝမအဆင့် ရှိသူဖြစ်၏။
သို့ဖြစ်ရာ ယိုးမင်ဂိုဏ်းအနေဖြင့် မည်သို့ဖြေရှင်းမည် မသိနိုင်ပေ။
ထိုသို့ဖြင့် အသင်္ချေနဂါးနန်းတော်ထဲတွင် ရန်ကျောက်ကဲတစ်ယောက် အတွေးနက်လျှက် ရှိလေတော့၏။