နှစ်ခါပျော်ရ
Vol. 52 Ch. 724
အခန်း (၇၂၄) နှစ်ခါပျော်ရ
ပရမ်းပတာဖြစ်နေသော အချိန်နှင်ဗလာနယ်စီးကြောင်းထဲတွင် အချိန်စီးဆင်းမှု တူညီခြင်းမရှိပေ။ တချို့နေရာများတွင် လျှင်မြန်နေပြီး တချို့နေရာများတွင် နှေးကွေးလျှက် ရှိသည်။
ဤသို့သောအခြေအနေမျိုးတွင် ရန်ကျောက်ကဲအနေဖြင့် လက်ရှိအချိန်ကို ဆုပ်ကိုင်နိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် သူက အေးဆေးစွာပင် စိတ်အေးအေးထားကာ ကျင့်ကြံခြင်းကို အာရုံစိုက်နေခဲ့၏။
စိတ်ဝိညာဉ်နှင့် အစစ်အမှန်သိုင်းကိုယ်ခွဲ ပေါင်းစပ်နိုင်မှ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်ရာ သူ့အနေဖြင့် ကျင့်ကြံခြင်းစွမ်းအား စုစည်းရဦးမည်ဖြစ်သည်။ သိုင်းသူတော်စင် ၊ ဒုတိယအဆင့်က တက်လှမ်းရန် လွယ်ကူသည် မဟုတ်ပေ။
မလွယ်ကူရခြင်းမှာ သူရွေးချယ်ခဲ့သော ကျင့်စဉ်လမ်းနှင့် ဆက်စပ်နေသည်။
‘စန်းချင်း (၃)ပါး’ ဟုခေါ်ဆိုသော ‘စင်ကြယ်ခြင်း (၃)ပါး’ တို့၏ ပညာရပ်များပေါင်းစပ်ထားသဖြင့် ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက ကျင့်ကြံခြင်းအဆင့်တူညီသူများထက် မြင့်မားသည်။ သို့သော် ထိုလမ်းကြောင်းက ခက်ခဲလွန်းသဖြင့် အလွန်တရာ ဝီရိယစိုက်ထုတ်ရသော လမ်းကြောင်း ဖြစ်၏။
ယခု ယိုးမင်ဂူဗိမာန်အတွင်းဝင်ရောက်ရာတွင် ကြီးများသောအကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ဂူဗိမာန်တစ်ခုလုံးအတွင်းမှ ရတနာပစ္စည်းများအားလုံး ရယူလာသော်လည်း ရန်ကျောက်ကဲအနေဖြင့် မည်သည့်ဖိအားမှ မခံစားရပေ။
နဂါးသင်္ချိုင်းအတွင်းမှ ရရှိခဲ့သော အကျိုးအမြတ်များသည်ပင် ယခုအချိန်ထိ သုံးမကုန်အောင် ရှိနေသေးသည်။ ယခု ဂူဗိမာန်အတွင်း ပလ္လင်အောက်ခြေမှ ရတနာပုံကြီး ထပ်မံရရှိလိုက်သဖြင့် ရန်ကျောက်ကဲ၏ ကိုယ်ပိုင်သိုလှောင်ထားမှုများ ပိုမိုများပြားလာသည်။
ထို့ကြောင့် သူ့အနေဖြင့် ရင်းမြစ်ပစ္စည်းအတွက် စိတ်ပူစရာမရှိဘဲ ကျင့်ကြံခြင်းအဆင့်တက်ရန်နှင့် သူ၏ကျင့်စဉ်လမ်း တည်ငြိမ်အောင်ပြုလုပ်ရန်သာ လိုအပ်သည်။
သူပိုင်ဆိုင်သော ရတနာပစ္စည်းများက သူ့တစ်ယောက်တည်းအတွက်သာမက သူနှင့်အတူပါလာသူများအားလုံးကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအတွက် ခွန်ဖိန်အရိုးရရှိခြင်းကတော့ အလွန်ဝမ်းမြောက်ဖွယ်ရာပင်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအနေဖြင့် ထိုအရိုးမှ ချီစွမ်းအားနှင့် တန်ခိုးစွမ်းအားအနှစ်သာရများကို စုပ်ယူကျင့်ကြံပါက အချိန်ကုန်သက်သာစွာဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ‘မဟာခွန်ဖိန်သိုင်းပညာ’ တွင်လည်း အရေးကြီးသော ခြေလှမ်းတစ်ခု လှမ်းတက်နိုင်မည် ဖြစ်သည်။
စမ်းသပ်စစ်ဆေးပြီးသည်နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအနေဖြင့် ရှေ့ဆက်ရန်ဖြစ်နိုင်ခြေရှိကြောင်း ရန်ကျောက်ကဲ အတည်ပြုခဲ့သည်။
ချို့ယွင်းချက်မရှိသော ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ၊ ကြွယ်ဝသောရင်းမြစ်ပစ္စည်းများဖြင့် သူ၏ရုပ်ခန္ဓာက အထွတ်ထိပ်အဆင့် သိုင်းပညာများကို အသုံးချနိုင်ကာ ယခုအခါတွင် ထိုက်သင့်သော ကံကြမ္မာကို ရရှိနေပြီဖြစ်သည်။
ဤသို့သော အခြေအနေအမျိုးမျိုးကြောင့် မြောက်ပိုင်းသမုဒ္ဒရဦကိုယ်ပွားအနေဖြင့် သိုင်းသူတော်စင် ၊ စတုတ္ထအဆင့်ဖြစ်သော နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်သို့ ကျင့်ကြံခြင်းပိတ်ဆို့မှုများကို ကျော်ဖြတ်ကာ အလျှင်အမြန် တက်ရောက်နိုင်ပေမည်။ သူ့အတွက် လိုအပ်ချက်များအားလုံး ပြီးပြည့်စုံသွားခြင်းက ဆုံစည်းကြုံကြိုက်ရန် ခက်ခဲသောအံ့သြဖွယ်ရာ တိုက်ဆိုင်မှု ဖြစ်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် အထွတ်ထပ်သိုင်းကျင့်ကြံသူများ တစ်ဘဝလုံး ကျော်ဖြတ်ရန် ခက်ခဲသော အတားအဆီးများကို ဖြတ်ကျော်ကာ အသစ်သောလောကတစ်ခုသို့ ခြေလှမ်းတော့မည် ဖြစ်သည်။
ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် မျက်နှာချင်းဆိုင်ထိုင်နေပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို အာရုံခံလိုက်သည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ပြီးခဲ့သောခြေလှမ်းတိုင်းကို ရန်ကျောက်ကဲ ပံ့ပိုးပေးခဲ့ပြီး ၊ ထိုသို့ပြုလုပ်ခြင်းက သူ့အတွက် တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းမှုနှင့် အတွေ့အကြုံများကို ရရှိခဲ့သည်။
သူတို့နှစ်ယောက်က မတူညီသော သိုင်းပညာများကို ကျင့်ကြံခဲ့ကြသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းအတွေ့အကြုံများကတော့ ရန်ကျောက်ကဲနှင့် သက်ဆိုင်နေဆဲ ဖြစ်သည်။ ထုံးစံအတိုင်း ပြောမပြနိုင်သောအရာများရှိနေသည့်တိုင် အခြားသူများပြောပြသည့်အတွေ့အကြုံများကို ကြားသိရသည်နှင့် မတူညီပေ။
ဤသည်က ကျင့်ကြံသူတစ်ယောက်အတွက် ရှားပါးအတွေ့အကြုံဖြစ်ပြီး နှိုင်းယှဉ်မရအောင် တန်ဖိုးကြီးမားသည်။ ရန်ကျောက်ကဲအတွက် ကံကောင်းခြင်းတစ်ခုဟုပင် ဆိုနိုင်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သန့်စင်ခဲ့ပြီးနောက် ရန်ကျောက်ကဲ ရရှိခဲ့သည်က ကြီးမားသော ကူညီထောက်ပံ့မှုမျှသာ မဟုတ်ပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းက နှိုင်းယှဉ်မရအောင် မြင့်မားလေရာ ရန်ကျောက်ကဲ၏ ကျင့်စဉ်လမ်းကိုလည်း ပိုမိုလွယ်ကူစွာ လျှောက်လှမ်းနိုင်ရန် ကူညီပေးသည်။
ဤသို့ အသက်ငယ်ငယ်နှင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာပြီး အောင်မြင်မှုများစွာ ရရှိခြင်းမှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အထောက်အပံ့ များစွာပါဝင်၏။
ဟုတ်ပေ၏။ ရန်ကျောက်ကဲနှင့် သူ၏ကိုယ်ပွားမှာ မတူညီသည့်ပုံစံအမျိုးမျိုးဖြင့် ကျင့်ကြံခဲ့ကြသည်ဖြစ်ရာ သူ့အနေဖြင့် ဒီထက်ပိုပြီး တိုးတက်လာရန်အတွက် ကိုယ်တိုင်စဉ်းစားရှာဖွေရမည့်ကိစ္စများစွာလည်း ရှိနေသည်အမှန်ပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြမ်းပြင်ထက်တွင် ထိုင်နေသည်။ ရွှေရောင်နှင့် အနက်ရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းခြုံသွားပြီး အလင်းမြူမှုံများ ဖြစ်ပေါ်လာသည်။
အလင်းမြူမှုံများက တဖြည်းဖြည်းကျယ်ပြန့်လာပြီး သမုဒ္ဒရာကြီးတစ်ခုပမာ ဖြစ်တည်လာသည်။
ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်ဝန်းထဲတွင် တူညီသောမြင်ကွင်းတစ်ခု ပေါ်လာသည်။
ရှေးဟောင်းကန္တာတစ်ခေတ်တစ်ခါတွင် ကြီးမားကျယ်ပြန့်ပြီး အဆုံးမရှိသော သမုဒ္ဒရာရေများက ထာဝရတည်ရှိသည့်အလား တဟုန်းဟုန်း ရိုက်ခတ်လျှက် ရှိသည်။
ကြီးမားတည်ကြည်သော ခွန်ဖိန်သတ္တဝါကြီးက ပင်လယ်ရေထဲတွင်ကူးခတ်နေသည့်အခါ ‘ခွန်ယွီ’ ငါးကြီးတစ်ကောင်ဖြစ်ပြီး ကောင်းကင်ထက်ပျံသန်းထွက်ခွာသွားလျှင်တော့ ‘ဖိန်’ ဂဠုန်ငှက်ကြီးတစ်ကောင် ဖြစ်လာသည်။
ခွန်ယွီငါးကြီးက ကြီးမားသောပင်လယ်ပြင်ထက် ကူးခတ်နေစဉ် ခန့်မှန်းမရအောင်ကြီးမားသော ကျွန်းငယ်တစ်ကျွန်းပမာ ဆင်တူသည်။
အတောင်ခတ်လျှက် ကောင်းကင်ထက်ပျံသန်းသွားသည့်အခါ ကောင်းကင်ကိုးထပ်သို့ ပျံတက်သွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ရှေးဟောင်းကန္တာခေတ်၏ တောတောင်ရေမြေတစ်ခွင်လုံးသို့ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ခွန်ဖိန်သတ္တဝါကြီး ဖြတ်သန်းသွားသည့်အခါ မိုးမြေတစ်ခွင်မှ မရေမတွက်နိုင်သော ရှေးဟောင်းသားရဲများထွက်ပေါ်လာပြီး အလေးအမြတ် ပြုကြသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်ထဲတွင် ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ်နှင့် အစစ်အမှန်သိုင်းကိုယ်ခွဲတို့ ပေါင်းစပ်သွားပြီး သူ့ကိုယ်ပိုင် မိုးမြေလောကကို လွတ်လပ်စွာ ဖန်ဆင်းလိုက်သည်။ ထိုခဏတွင် ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ ဆတ်ခနဲ တုန်ခါသွားကြ၏။
ယခု သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်သို့ရောက်နေပြီဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် ကျင့်ကြံခြင်းအဆင့်တက်ရောက်ရန် တစ်ခုတည်းသောအရာကိုသာ ပြုလုပ်ရန် လိုတော့သည်။
အတွင်းအပြင် ကျင့်ကြံခြင်းပိတ်ဆို့မှုကို ကျော်ဖြတ်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းမှ စကြာဝဠာကို ပြင်ပလောကရှိ တကယ့်စကြာဝဠာအတွင်းမှ ကြယ်စင်များနှင့် ပဲ့တင်ထပ်ချိတ်ဆက်ရန် ဖြစ်သည်။
ထိုအခါ သူ၏သွေးကြောဆုံချက်များအားလုံး သန့်စင်သွားပြီး နတ်ဘုရားတန်ခိုးစွမ်းအားကို ရရှိမည် ဖြစ်သည်။ အတားအဆီးများကို ဖြတ်ကျော်ပြီးနောက် မတူညီသော ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်လှစ်နိုင်ပေမည်။
ဗလာနယ်ကို ချိုးဖျက်ပြီး နတ်ဘုရားတန်ခိုးစွမ်းအားကို သိမြင်လာမည် ဖြစ်၏။ ဤနည်းအားဖြင့် ကျင့်ကြံသူ၏တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာမည်ပင်။
အများကြီးမလိုအပ်ပေ။ သွေးကြောဆုံချက်တစ်ခု သန့်စင်လိုက်သည်နှင့် တန်ခိုးစွမ်းအားပြောင်းလဲမှု ချက်ချင်း ဖြစ်ပေါ်မည် ဖြစ်သည်။ သွေးကြောဆုံချက်များစွာသန့်စင်နိုင်လေ တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာလေ ဖြစ်ပေသည်။
ကြမ္မာမြစ်ရေနယ်မြေတွင် ရန်ကျောက်ကဲနှင့် ကွမ်းမင်ဂိုဏ်းမှ နုန်ယွိရွှမ် ၊ ချန်စုန့်တို့တိုက်ခိုက်ခဲ့ကြသည်။
ကွမ်းမင်ဂိုဏ်း၏ အကြီးအကဲ ‘ချန်စုန့်’ သည် သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ဖြစ်သည်။ ထိုစဉ်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်သာ ရှိသေးသည်။
တူညီသောကျင့်ကြံခြင်းအဆင့်တွင်ဆိုလျှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချန်စုန့်ကို တစ်ချက်တည်းဖြင့် သေအောင်ရိုက်နိုင်မည် ဖြစ်သော်လည်း သိုင်းသူတော်စင် ၊ တတိအဆင့်ရှိသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သိုင်းသူတော်စင် စတုတ္ထအဆင့်ဖြစ်သော ချန်စုန့်၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ချန်စုန့်ကိုတားဆီးရန်အတွက်ပင် အနည်းဆုံး အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏ အကူအညီလိုအပ်နေခဲ့သည်။
နဂိုကပင် ‘မဟာခွန်ဖိန်သိုင်းပညာ’ ကို ကျင့်ကြံခဲ့သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် အလွန်အမင်းစွမ်းအားကြီးမားသလို လျှင်မြန်မှုအရှိန်အဟုန်လည်း မြင့်မားသည်။ သို့တိုင် တိုက်ပွဲရှည်တစ်ခုတွင် ချန်စုန့်ကို အနိုင်မယူနိုင်ခဲ့ပေ။
ဤသည်မှာ ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်နှင့် နတ်ဘုရားသိမြင်ခြင်းအဆင့် ကွာဟချက်ပင် ဖြစ်၏။
လူတစ်ယောက်၏ သွေးကြောဆုံချက်များကို နတ်ဘုရားစွမ်းအားရရှိပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းစကြာဝဠာကို ပဲ့တင်ထပ်လျှက် ကြယ်စင်များနှင့် ချိတ်ဆက်ခြင်းက အလွန်တရာ ကြီးမားသည့် ခြားနားချက် ဖြစ်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် လက်ရှိတွင် ထိုတံခါးဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့တိုင် ဤမျှအရေးကြီးသောခြေလှမ်းကို လှမ်းထွက်နိုင်ရန် လွယ်ကူမည် မဟုတ်ပေ။
ရန်ကျောက်ကဲက တည်ငြိမ်နေပြီး အလျင်စလိုဖြစ်ခြင်းမရှိသလို စိတ်မရှည်ဖြစ်ခြင်းလည်း မရှိပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နက်ရှိုင်းသော မဟာခွန်ဖိန်သိုင်းပညာကို လှည့်ပတ်ရင်း အပြင်ဘက်စကြာဝဠာကို အာရုံခံရန်ကြိုးစားနေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မှတ်ဉာဏ်သိစိတ်ထဲတွင် တကယ့်ခွန်ဖိန်တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး သမုဒ္ဒရာကြီးထဲတွင် အဆက်မပြတ် ကူးခတ်ပေါက်ကွဲနေကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။ ခွန်ယွီငါးကြီးက အဆုံးမရှိ ကူးခတ်နေသော်လည်း ရှေ့ဆက်တက်လှမ်းနိုင်ခြင်းမရှိသဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်မလာသေးပေ။
ထို့နောက် ရန်ကျောက်ကဲစိတ်ထဲ ဆတ်ခနဲလှုပ်ရှားသွားပြီး သမုဒ္ဒရာမျက်နှာပြင်မှထွက်ခွာကာ မြင့်မားသောအရှိန်အဟုန်ဖြင့် လေထဲသို့ ပျံတက်သွားပြီး ကြီးမားသော ‘ဖိန်’ ဂဠုန်ငှက်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။
မိုးကောင်းကင်က အဆုံးမရှိပေ။
ဂဠုန်ငှက်ကြီး ကောင်းကင်ထက်တွင်ပျံသန်းရင်း အချိန်ကုန်လာသည့်အခါ စတင်မောပန်းလာတော့သည်။
ထိုအခါ ပျံသန်းနေသည့် ဂဠုန်ငှက်ကြီးက အတောင်ပံကိုချုပ်လိုက်ပြီး လေထဲမှာပင် ကြီးမားသော ခွန်ယွီငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ခွန်ယွီငါးကြီးက တစ်ချက်ခုန်လိုက်ပြီး ပင်လယ်ထဲသို့ ရောက်ရှိသွားသည်။
သို့သော်...
ကောင်းကင်ထက်မှပင်လယ်ပြင်။
မြေပြင်အထက် ကောင်းကင်ထက်မှ ကြယ်စင်ပင်လယ်ကြီး ဖြစ်လေသည်။
ကြယ်စင်ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သော ကြီးမားသည့် ဂဠုန်ငှက်ကြီးသည် ဧရာမ ခွန်ယွီငါးကြီးအဖြစ် တစ်ဖန်ပြောင်းလဲသွားပြီး ရုတ်တရက် ကမ္ဘာအသစ်ဆီသို့ ခုန်ဆင်းသွားသည့်အလား ဖြစ်သည်။
ရန်ကျောက်ကဲခန္ဓာကိုယ် တုန်ခါသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ့အရှေ့ရှိ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ဦးခေါင်းထက်ရှိ ပိုင်ဟွေ့သွေးကြောဆုံချက်နေရာတွင် လင်းလက်တောက်ပနေသည်ကို တွေ့လိုက်ရသည်။
သိစိတ်အာရုံထဲမှ ခွန်ဖိန်သတ္တဝါကြီးကတော့ ကောင်းကင်ကိုးထပ်အထိ ပျံသန်းထွက်ခွာသွားပြီး ခွန်ယွီငါးကြီးအဖြစ် အသွင်ပြောင်းသည့်အခါ ကြယ်စင်များက သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားသည်။
ပရမ်းပတာ ဗလာနယ်စီးကြောင်းများထဲတွင် ရှိနေစဉ်မျာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် ပြင်ပစကြာဝဠာရှိ ကြယ်စင်သမုဒ္ဒရာထဲမှ ကြယ်စင်တစ်စင်းနှင့် ချိတ်ဆက်သွားကြောင့် အံ့သြထိတ်လန့်စွာ ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ သိတ်စိတ်က ချက်ချင်းပင် ကောင်းကင်ထက်မှ ထိုကြယ်စင်နှင့် ပေါင်းစပ်သွားပြီး ယခင်က တစ်ခါမှမဖြစ်ဖူးသည့်အလား အတားအဆီးတစ်ခု ကျိုးပျက်သွားသလို ကောင်းကင်နှင့်မြေကြီး နီးကပ်သွားသည်။
ထိုခဏတွင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် ဗလာနယ်ကို အောင်မြင်စွာဖြတ်ကျော်သွားပြီး အစစ်အမှန်နတ်ဘုရားကို တွေ့မြင်သွားကာ သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်မှ သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်လှမ်းသွားလေတော့၏။
တစ်ချိန်တည်းမှာပင် အချိန်များစွာ ကုန်လွန်သွားခဲ့သလို ပရမ်းပမာ ဗလာနယ်စီးကြောင်းလှိုင်းလုံးများ လျော့ပါးသွားသည်ကို ခံစားရပြီး အသင်္ချေနဂါးနန်းတော်သည်လည်း ယိုးမင်ဂမ္ဘီရစက်ဝန်းလွှမ်းမိုးမှုအောက်မှ လွတ်မြောက်တော့မည် ဖြစ်သည်။
ရန်ကျောက်ကဲက မတ်တတ်ထရပ်ကာ ရယ်မောလိုက်ရင်း...
“နှစ်ခါပျော်ရတာပဲ ၊ အခု ငါတို့ပြန်ဖို့အချိန်တန်ပြီ”