← Chapters

သေရေးရှင်ရေးသုံးမိနစ် (ပထမပိုင်း)

Vol. 52 Ch. 725

သေရေးရှင်ရေးသုံးမိနစ် (ပထမပိုင်း)

Vol. 52 Ch. 725

မိစ္ဆာကလေးငယ်၏ ဦးခေါင်းထက်တွင် အကန့်အသတ်မဲ့သော မြင့်မြတ်အလင်းများ ဖြာထွက်နေသည့် သက်တန့်ရောင်စဉ်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်မိသည်။

"အဲ့ဒါ အံ့ဖွယ်တာအို အစွမ်းလား။"

အံ့ဖွယ်တာအိုအစွမ်းသည် အနည်းဆုံး တာအိုပေါင်းစည်းခြင်းအဆင့်နှင့် လွန်စွာနီးစပ်နေသူများသာ ထုတ်ဖော်နိုင်ပြီး မိစ္ဆာကလေးငယ်၏ သက်တန့်ရောင်စဉ်ကွင်းမှာလည်း ထိုသည်နှင့် လွန်စွာဆင်တူနေသည်။

"နေဦး..... ဒီအစွမ်းက ပြစ်ချက်ရှိနေသလိုပဲ။"

အန်လင်းသည် အဆင့်မြင့် ကျင့်ကြံသူများဖြစ်သော စစ်နတ်ဘုရား ရှင်းထျန်၊ လေဒင်နှင့် ဧကရာဇ်ဇီဝေးတို့အား တိုက်ခိုက်ခဲ့ဖူးသောကြောင့် အံ့ဖွယ်တာအို၏ အစွမ်းအား လေ့လာခွင့် ရရှိခဲ့သည်။ ထို့ကြောင့်ပင် မိစ္ဆာကလေးငယ် ထုတ်ဖော်လိုက်သော အစွမ်းတွင် ပြစ်ချက်ရှိနေသည်ကို ချက်ချင်းဆိုသလို ရိပ်စားမိလိုက်လေသည်။

မည်သို့ပင် ပြစ်ချက်ရှိနေစေကာမူ ထိုသည်မှာ သာမန် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ ထုတ်သုံးနိုင်မည့် အစွမ်းမဟုတ်ပေ။

မိစ္ဆာကလေးငယ်မှာ အနက်ရောင်လှံအား တစ်ချက်မျှ လှုပ်ခါလိုက်သည်နှင့် ရွှေရောင်လေဟာနယ်ချိပ်စည်းမှာ ပျက်စီးသွားရသည်။

"ဝေါင်း..."

ထိုအချိန်တွင် ရွှေရောင်မီးလျှံကျားမှာ မိစ္ဆာကလေးငယ်အား ခုန်အုပ်လိုက်လေသည်။

မိစ္ဆာကလေးငယ်သည် အတောင်များကိုဖြန့်ကာ ရွှေကျားကြီး၏နောက်သို့ မျက်စိတမှိတ်အတွင်း ရောက်ရှိသွားသည်။

အန်လင်းမှာ မိစ္ဆာကလေးငယ်သည် ရွှေရောင်မီးလျှံကျား၏ တိုက်ခိုက်မှုအား ရှောင်ရှားရန် ထိုသို့လုပ်ခဲ့သည်ဟု ထင်ခဲ့ပါသော်လည်း မကြာမီပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရွှေကျားကြီး၏ တိတိပပ ပိုင်းဖြတ်ခံရကာ ခန္ဓာကိုယ်မှာ စတင်ပျောက်ကွယ်လာသည်။

မိစ္ဆာကလေးငယ်သည် တိုက်ခိုက်မှုကို ရှောင်ရှားရင်း တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖြစ်အပျက်မှာ လျင်မြန်လွန်းသောကြောင့် အန်လင်းသည်ပင် အာရုံမခံလိုက်နိုင်ပေ။

စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းခန့် ကုန်ကျခဲ့ရသော တိုက်ခိုက်မှုမှာ အလဟဿ ဖြစ်သွားခဲ့လေပြီ။

မိစ္ဆာကလေးငယ်သည် ရက်စက်စွာပြုံးရင်း ကြောက်မက်ဖွယ် အစိမ်းရောင် မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

"ဝါး........ဝါး......ဝါး......"

အန်လင်းမှာ အသက်ရှူပင် ကြပ်လာရသည်။

မိစ္ဆာကလေးငယ်သည် သူ့အား လူသေကောင်တစ်ဦးလို ကြည့်ရှုနေခြင်းပင်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.......

လေတောင်ပံ.......

အန်လင်း၏ မျက်ဝန်းများမှာ နှင်းကဲ့သို့ ဖြူဖွေးသွားပြီး ကျောဘက်တွင်လည်း လေတောင်ပံတစ်စုံ ရုပ်လုံးပေါ်လာသည်။ မည်မျှပင် ကြမ်းတမ်းခက်ထန်ပါစေ သုံးမိနစ်မျှ အချိန်အား သူတောင့်ခံရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ကူးတို့ခပင် မပါ​ပဲ ဤဘဝအား တာ့တာပြလိုက်ရလိမ့်မည်။

ပိုင်လင် တောင်းဆိုထားသော အချိန်မှာ နှစ်မိနစ်ခွဲသာ ​ကျန်တော့သည့်အပြင် မိစ္ဆာကလေးငယ်မှာလည်း တိုက်ခိုက်ရန် အလောကြီးနေပုံ မရပေ။

အန်လင်းသည် ယခုကဲ့သို့ မျက်နှာချင်းဆိုင် တိုက်ခိုက်နေရသည်ကို ဝမ်းသာမိသည်။ အချိန်သုံးမိနစ်ခန့် တောင့်ခံနိုင်လျှင်ပင် အဆင်ပြေနေလေပြီ။

ဝှစ်.....

စူးရှရှအသံနှင့်အတူ မိစ္ဆာကလေးငယ်၏ အနောက်ဘက်တွင် ကြီးမားလှသော သွေးနီရောင် မျက်ဝန်းတစ်စုံ ထွက်ပေါ်လာသည်။

ထိုသွေးနီရောင် မျက်ဝန်းကြီးများမှာ ဆိုးယုတ်ခြင်း၊ ကြမ်းတမ်းခြင်း၊ ကြောက်ရွံ့ဖွယ်ကောင်းခြင်း၊ သေခြင်းတရားနှင့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပါဝင်နေသောကြောင့် အန်လင်းမှာ မူးနောက်နောက်ပင် ဖြစ်သွားရသည်။

ဒါက........ စိတ်ဝိဉာဉ် တိုက်ခိုက်မှုပဲ......

မိစ္ဆာကလေးငယ်သည် ထိုသို့သော တိုက်ခိုက်မှုမျိုး ဖော်ထုတ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အန်လင်း၏ အသိစိတ်သည်သာ သာမန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမျှသာ ရှိပါ​က ထိုတိုက်ခိုက်မှုကြောင့် ဒုက္ခရောက်သွားနိုင်သည်။

သို့သော် မိစ္ဆာကလေးငယ်အတွက် ကံမကောင်းသည်မှာ အန်လင်း၏ သိစိတ်အာရုံသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင်ပင် ပထမအဆင့် ဖြစ်နေခြင်းပင်။

အန်လင်း မချိတင်ကဲ ဖြစ်နေဟန်ဖြင့် ခေါင်းအားဆုပ်ကိုင်ထားလိုက်သည်။

မိစ္ဆာကလေးငယ်သည် အန်လင်း ခံစား​နေရသည်ကို ကျေနပ်နေပုံ ရသည်။

"ဝါး....... ဝါး...... ဝါး......"

အချိန်တစ်မိနစ်ခန့် ကြာသွားပါသော်လည်း အန်လင်းမှာ ဘာမှမဖြစ်သေးပေ။

"အား.... အား......"

အန်လင်းသည် အသက်ရှူသံများ တိုတောင်းလာကာ နာနာကျင်ကျင် ဟစ်ကြွေးတော့သည်။

အဆက်မပြတ် အော်ဟစ်နေပါက မည်သူမဆို မောပန်းနွမ်းနယ်လာမည်ပင်။

မိစ္ဆာကလေးငယ်မှာ နားမလည်နိုင်ဟန်ဖြင့် နှုတ်ခမ်းထက်ရှိ အပြုံးများ ပျောက်ကွယ်လာသည်။

"ဝါး....... ဝါး...... ဝါး......"

၎င်းသည် တိတ်တဆိတ်ပင် တိုက်ခိုက်မှုအား ရုတ်သိမ်းလိုက်ပါသော်လည်း အန်လင်းမှာ အရူးတစ်ယောက်လို အော်ဟစ်နေဆဲပင်။

"အား...... အား....."

အန်လင်းသည် လက်နှစ်ဖက်ဖြင့် ဦးခေါင်းအား ဆုပ်ကိုင်ကာ ​သေတော့မလို ဟစ်ကြွေးနေသည်။

"အား...... ဟမ်....."

သူတစ်ချက်မျှ လှမ်းကြည့်လိုက်သောအခါ မိစ္ဆာကလေးငယ်၏ အနောက်ဘက်တွင် မည်သည့်သွေးနီရောင် မျက်ဝန်းမှ မရှိတော့ပဲ သူတစ်ယောက်တည်းကသာ ကြောင်တိကြောင်တောင် ပြဇာတ်ကနေခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။

မိစ္ဆာကလေးငယ်၏ အမူအရာမှာ ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။

အရူးလုပ်ခံလိုက်ရသော ခံစားချက်ကြောင့် ဒေါသစိတ်များ ကြီးစိုးလာကာ ဦးခေါင်းထက်ရှိ သက်တန့်ရောင်စဉ်ကွင်းလည်း ပြင်းထန်စွာ တုန်ခါလာသည်။

"ဝါး...... ဝါး....... ဝါး......"

အန်လင်းသည်လည်း မဆိုင်းမတွပင် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ဖြစ်သော ကိုးမာန်စွယ်နဂါး အင်မော်တယ်ဓားအား ထုတ်ယူလိုက်သည်။

စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်....... ဓားမြှုပ်နှံခြင်း.....

ဘန်း......

ကိုးမာန်စွယ်နဂါး အင်မော်တယ်ဓားသည် အပိုင်းပိုင်းအစစ ဖြစ်သွားကာ အပိုင်းအစ တစ်ခုချင်းစီသည် နဂါးကြေးခွံသဖွယ် တလက်လက် တောက်ပနေသည်။

ထိုတိုက်ခိုက်မှုသည် စိတ်ဝိဉာဉ်ကျောက်တုံး ငါးသိန်းခန့် တန်ကြေးရှိသည်။

နေပါဦး...... အချိန် တစ်မိနစ်ခွဲလောက် လိုသေးတာပဲ.....

အန်လင်းသည် ကိုးမာန်စွယ်နဂါး အင်မော်တယ်ဓား၏ အရှိန်အဝါအား အမြင့်ဆုံးထိ ထုတ်ဖော်တော့မည့် အချိန်မှာပင် မိစ္ဆာကလေးငယ်သည် ရက်စက်စွာပြုံးရင်း သူ၏အနားသို့ ရောက်ရှိလာသည်။

"ဝါး...... ဝါး....... ဝါး......"

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းထားသောကြောင့် အရာအားလုံးသည် အန်လင်း၏ အမြင်အာရုံတွင် သိသိသာသာ နှေးကွေးနေသည်။

သို့သော် မိစ္ဆာကလေးငယ်၏ လှုပ်ရှားမှုမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန်နေဆဲပင်။

အနက်ရောင်လှံသည် မိုးကြိုးလျှပ်စီးအလား လေထုအား ဖောက်ထွင်းသွားသည်။

အန်လင်းမှာ တက်နိုင်သမျှ ရှောင်ရှားလိုက်ပါသော်လည်း ခန္ဓာကိုယ်အား လှည့်လိုက်ပြီးသည့်နောက် လှံထိပ်နှင့် ပုခုံးတို့ တွေ့ဆုံသွားတော့သည်။

အန်လင်း၏ ပုခုံးမှ သွေးများပန်းထွက်လာကာ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

စစ်နတ်ဘုရား ခန္ဓာသည်လည်း အလုပ်မလုပ်တော့သလို ထင်မှတ်ရပြီး ခန္ဓာကိုယ် တစ်ခုလုံး ဆိုးရွားလှသော ခံစားချက်များကို ရရှိနေသည်။

မိစ္ဆာကလေးငယ်သည် ရက်စက်ခက်ထန်သော အမူအရာဖြင့် အန်လင်း၏ခေါင်းအား လှံဖြင့်ထိုးရန် လုပ်လိုက်သည်။

အန်လင်းသည် ဆိုးရွားသော တိုက်ခိုက်မှုအား ရင်ဆိုင်နေရပါသော်လည်း သေသေချာချာ တုံ့ပြန်နိုင်မည့် နည်းလမ်းမရှိပေ။

ဓားမြှပ်နှံခြင်း တိုက်ကွက်အား ထုတ်ဖော်ခဲ့ပါသော်လည်း အသုံးမပြုကသေးခင်မှာပင် ရန်သူမှ သမသွားသောကြောင့် မည်သို့ဆက်လုပ်ရမည်ကို မသိတော့ပေ။

အန်လင်း စိတ်ပျက်လက်ပျက် ဖြစ်လာမိသည်။

အနက်ရောင်လှံ ကျဆင်းလာတော့မည့် အချိန်မှာပင် ရွှေရောင်စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်တခွင်လုံး ရွှေရောင်သမ်းသွားစေသည်။

ထိုစွမ်းအင်သည် အရာအားလုံးကို အမှုန်အဖြစ် ပြောင်းသွားစေနိုင်သော အဆင့်မြင့် နည်းပညာများ ပါဝင်နေသည်။

ဝုန်း.....

မိစ္ဆာကလေးငယ်မှာ အဝေးသို့ လွင့်ထွက်သွားရသည်။

၎င်း၏ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ် ပြုတ်ကျလာပြီး အဝတ်အစားများ ဆုတ်ပြဲကာ ချက်မှအနက်ရောင် အခိုးအငွေ့များ ထွက်လာသည်။

ငွေရောင်ဂမ်ဒမ်သည် ပါးစပ်ထဲမှ ဆီများယိုစီးကျနေရင်း လက်နှစ်ဖက်လုံးဖြင့် မိစ္ဆာကလေးငယ်အား ချိန်ရွယ်ထားသည်။

အန်လင်း ပျော်ရွှင်သွားရသည်။

"တော်တယ်...... ဂမ်ဒမ်သုံး......"

ဒီကောင်ကမှ တုန်းကော်ထက်စာရင် သေရေးရှင်ရေး အခြေအနေမှာ အများကြီး အားကိုးရသေးတယ်......

အန်လင်း မတ်တပ်ရပ်ကာ လေထုအား လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။

ကိုးမာန်စွယ်နဂါး အင်မော်တယ်ဓား....... အသက်ဝင်စမ်း.....

"ဝေါင်း...."

ကိုးမာန်စွယ်နဂါးများသည် ထူးခြားသော အသွင်ပုံစံတစ်ခုဖြင့် မိစ္ဆာကလေးငယ်ထံ ကျဆင်းလာသည်။ ထိုသည်မှာ ကိုးမာန်စွယ်နဂါး အင်မော်တယ်ဝင်္ကပါပင်။

လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးများသည်လည်း ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။

ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် မြေပြင်သည်ပင် ချိုင့်ဝင်လာရလေသည်။

အန်လင်း အမြန်တွက်ချက်လိုက်သောအခါ တစ်မိနစ်ခန့် ကျန်နေသေးသည်ကို သိလိုက်ရသည်။

နောက်ဆုံးတစ်မိနစ်ကို တောင့်ခံထားမှ ဖြစ်မယ်.....

အန်လင်းသည် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဓူဝံကြယ်ဓားအား ထုတ်လိုက်သည်။

အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ကသာ မိစ္ဆာကလေးငယ်အပေါ် အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။

သေဆုံးသွားပါက ပိုက်ဆံသည်လည်း အဖိုးမတန်တော့သဖြင့် သူသည် ကြွယ်ဝသော တိုက်ခိုက်မှုများကို မရပ်နားခဲ့ပေ။

စိတ်ဝိဉာဉ်ကျောက်တုံး ငါးသိန်းသည် အလုပ်မဖြစ်ပါ​က နောက်ထပ် စိတ်ဝိဉာဉ်ကျောက်တုံး ငါးသိန်း ပေါင်းထည့်လိုက်ရုံသာ။

ယခု တိုက်ခိုက်မှုသည် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်း တန်ကြေးရှိသည်။

အန်လင်းသည် ဝင်္ကပါထဲ ပိတ်မိနေသော မိစ္ဆာကလေးငယ်အား ကြည့်ရှုလိုက်သည်။

စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်....... ဓားမြှပ်နှံခြင်း........

ဘန်း.......

ဓူဝံကြယ်ဓားမှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

All Chapters