သေရေးရှင်ရေးသုံးမိနစ် (ဒုတိယပိုင်း)
Vol. 52 Ch. 726
အဆင့်မြင့် စိတ်ဝိညာဉ်လက်နက် ဓူဝံကြယ်ဓားသည် အလင်းအပိုင်းအစများအဖြစ် ကွဲထွက်သွားသည်။
ထိုအခိုက်အတန့်တွင် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းတန်သည့် ကြွယ်ဝသော တိုက်ခိုက်မှုမှာ စတင်ခဲ့လေပြီ။
ဝှစ်....... ဝှစ်...... ဝှစ်........
ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ကြယ်စင်များ လေထုထဲတွင် ထွက်ပေါ်လာကာ ဝင်္ကပါပုံစံတစ်ခု ဖြစ်ပေါ်လာပြီး ပြင်းထန်လှသော အရှိန်အဝါများဖြင့် ကြယ်စင်ကောင်းကင်ယံမှာ မိစ္ဆာကလေးငယ်ပေါ် ပြိုဆင်းကျလာသည်။
ကြယ်စင်များသည် ကောင်းကင်ထက်မှ ကြွေကျလာသလို မိစ္ဆာကလေးငယ်မှာလည်း တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ငိုကြွေးတော့သည်။
တုန်းကော်သည် ထိုအဖြစ်အပျက်အား မည်သည့်စကားလုံးနှင့် ဖော်ပြရမည်ကိုပင် မသိတော့ပဲ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိကာ ဟနေသော ပါးစပ်အား ပြန်ပိတ်နိုင်တော့မည် မဟုတ်ဟု ခံစားနေရသည်။
အထူးသဖြင့် အလွန်အဖိုးတန်သော စိတ်ဝိညာဉ်လက်နက်များသည် မျက်စိရှေ့တွင်ပင် တစ်ခုပြီးတစ်ခု ပျက်စီးနေသောကြောင့် ကျင့်ကြံရေးနှင့် ပက်သတ်သော အတွေးအမြင်များ ပြောင်းလဲသွားသလိုပင်။
ကြောက်စရာကောင်းလိုက်တဲ့ ဓားကျင့်စဉ်ပါလား.....
ပျက်စီးသွားသော စိတ်ဝိညာဉ်လက်နက် ဓားများကြားမှ သုံးခုသည် သူ၏ဓားဖြစ်သည့် အာရုဏ်ဦးဝိဉာဉ်စိမ်းဓားနှင့်ပင် ယှဉ်နိုင်လောက်သည်ကို သတိပြုခဲ့မိသည်။ သို့သော် သစ်ကိုင်းခြောက်လေး ချိုးပစ်နေသလို လွယ်လင့်တကူ ဖျက်စီးနေသောကြောင့် သူသည်လည်း ဘာမှမပြောနိုင်တော့ပေ။
နှလုံးသား မရှိတဲ့ သူဋ္ဌေးကြီးပဲ.....
မည်သို့ပင်ဆိုစေကာမူ အန်လင်းထံတွင် ဖျက်စီးရန်အတွက် ဓားပေါင်းမည်မျှ ရှိနေပါသနည်း။ ထိုဓားများ ကုန်ဆုံးသွားပါက........
ထိုအတွေးကြောင့် တုန်းကော်သည် သိုလှောင်လက်စွပ်အားကိုင်ကာ တောင်စဉ်ရေမရ ဖြစ်နေမိသည်။ သူ့ထံတွင် စိတ်ဝိဉာဉ်လက်နက် အနည်းငယ် ရှိနေသည် မဟုတ်လော။
စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်းမျှ ကုန်ကျသည့် ကြွယ်ဝသော တိုက်ခိုက်မှုသည် မည်မျှပြင်းထန်ပါသနည်း။
အင်မော်တယ်သော့ခလောက်ကိုးခု၊ ကြယ်စင်ကြွေများ၊ ပြင်းထန်လှသော လေနှင့်မိုးကြိုးများကို တွေ့မြင်နိုင်လေသည်။
မိစ္ဆာကလေးငယ်သည် အံ့ဖွယ်တာအိုအစွမ်းနှင့် အနီးစပ်ဆုံး စွမ်းအင်အား ထုတ်လွှတ်လိုက်ပါသော်လည်း ကြယ်ကြွေများနှင့်အတူ ကြမ်းတမ်းလှသော ချိပ်ပိတ်စွမ်းအင်များမှာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသဖြင့် ခေတ္တမျှ မလှုပ်ရှားနိုင်ဖြစ်ကာ အသားအရေများလည်း ကွဲအက်ကုန်သည်။
"ဝါး......."
ချက်ချင်းဆိုသလို မိစ္ဆာကလေးငယ်မှာ အော်ဟစ်တော့သည်။
ဝုန်း....
မိစ္ဆာကလေးငယ်ထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသောကြောင့် အန်လင်းသည်ပင် အသက်ရှုသံများ ရပ်တန့်သွားရသည်။
အစိမ်းရောင် စွမ်းအင်များသည် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားသည်နှင့်အတူ မိစ္ဆာကလေးငယ်၏ ကြွက်သားများသည်လည်း ရုတ်တရက် ကြီးထွားလာသည်။ အစိမ်းရောင် ဆံနွယ်များမှာလည်း ဖြူကောင်ဆူးများလို ထောင်မတ်နေပြီး ၎င်းအားကြည့်ရသည်မှာ ကာလဗလမောင်ကြီးလိုပင်။
မိစ္ဆာကလေးငယ်သည် အနက်ရောင်လှံအား ဝေ့ယမ်းလိုက်သည်နှင့် မဟူရာ အငွေ့အသက်များနှင့်အတူ အဖျက်စွမ်းအင် ပြင်းထန်လွန်းသည့် ဦးခေါင်းခွံများ ဖြစ်ပေါ်လာပြီး နဂါးနက် ကိုးကောင်အား တမုဟုတ်ချင်း ဖျက်စီးပစ်လိုက်သည်။
အန်လင်း၏ အမူအရာမှာ ပြောင်းလဲသွားပြီး အခြားအဆင့်မြင့် စိတ်ဝိညာဉ်လက်နက်အား ဆွဲထုတ်လိုက်သည်။
မိစ္ဆာကလေးငယ်သည် အနက်ရောင်လှံဖြင့် ကောင်းကင်ထက်တွင် လည်ပတ်နေသော ဓူဝံကြယ်ဝင်္ကပါကို ထိုးချလိုက်သည်။
ဝုန်း......
ဓူဝံကြယ်ဝင်္ကပါ ပျက်စီးကာ လေထုတစ်ခုလုံးပင် ပြိုကျသွားရလေသည်။
စက္ကန့်သုံးဆယ်ပဲ ကျန်တော့တယ်......
အန်လင်းသည် ဓားမြှုပ်နှံခြင်းအတွက် ပြင်ဆင်ရန် ဓားအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သို့သော် ထိုအချိန်မှာပင် အနက်ရောင်လှံမှာ အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်ဓားအား ဖျက်စီးပစ်လိုက်သည်။
ခရက်...... ဘန်း......
အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်ဓားသည် ဓားမြှုပ်နှံခြင်းကြောင့် မဟုတ်ပဲ အနက်ရောင်လှံကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားရလေသည်။
လှံထိပ်ရှိ လည်ပတ်နေသော မဟူရာစက်ကွင်းသည် သေခြင်းတရားနှင့် ပျက်သုဉ်းခြင်းတို့ကို ကိုယ်စားပြုနေသည်။
အနက်ရောင်လှံသည် ပြင်းထန်လှသော အရှိန်ဖြင့် အန်လင်းထံ ပျံဝဲလာသည်။
ထိုတိုက်ခိုက်မှုတွင် မိစ္ဆာကလေးငယ်၏ စွမ်းအားအပြည့်အဝ ပါဝင်နေပြီး ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုကိုပင် ထိုးဖောက်နိုင်လိမ့်မည်ဟု ထင်မှတ်ရသည်။
အန်လင်းထံတွင် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်နှင့် လေတောင်ပံများ ရှိနေပါသော်လည်း တိုက်ခိုက်မှုအား မရှောင်ရှားနိုင်သောကြောင့် စစ်နတ်ဘုရား ခန္ဓာ၏ ရင်ဘတ်တွင် အပေါက်တစ်ခု ထပ်မံဖြစ်ပေါ်သွားရသည်။
ဆိုးရွားလှသော နာကျင်မှုနှင့်အတူ အန်လင်း သွေးအန်လိုက်ရသည်။
ဂမ်ဒမ်သုံး ပတ်ပန်လည်တွင် ခရမ်းရောင်လျှံဝန်းတစ်ခု ဖြစ်ပေါ်လာကာ ၎င်း၏ဓားသည်လည်း ပေတစ်ထောင်မျှအထိ ရှည်လျားလာပြီးနောက် ကြမ်းတမ်းခက်ထန်စွာဖြင့် မိစ္ဆာကလေးငယ်ထံ ပြေးဝင်လာသည်။
မိစ္ဆာကလေးငယ်သည် ကြောက်မက်ဖွယ် ဆွဲငင်အားကြောင့် တုန်ခါသွားပါသော်လည်း ၎င်း၏လှုပ်ရှားမှုများမှာ အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်နေဆဲပင်။
ဂမ်ဒမ်သုံး၏ တိုက်ခိုက်မှုအား ရှောင်လွှဲရန်အတွက် အန်လင်း၏ ရင်ဘတ်မှ လှံအားဆွဲထုတ်လိုက်သည်နှင့်အတူ မိစ္ဆာကလေးငယ်၏ ဘယ်ဘက်လက်သီးတဝိုက်တွင် မြင့်မြတ်သော အလင်းတန်းများ ဖြာထွက်လာပြီး ၎င်း၏နောက်တွင် ကောင်းကင်တမာန်တော် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ဝုန်း........
မိစ္ဆာကလေးငယ်သည် ဂမ်ဒမ်သုံးအား ထိုးနှက်လိုက်ပြီး ထိုလက်သီးချက်မှ ထွက်ပေါ်လာသော အလင်းသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးသွားကာ ကောင်းကင်နှင့်မြေပြင်သည်ပင် မှေးမှိန်သွားရသည်။
ဂမ်ဒမ်သုံး၏ သတ္ထုစပ် အပြင်ခွံမှာ ချိုင့်ဝင်သွားရပြီးနောက် မီးစမီးပွှားများ ပန်းထွက်လာကာ လေထုသည်ပင် တွန့်လိမ်ကုန်ရသည်။ ထို့နောက် ဂမ်ဒမ်သုံးမှာလည်း ကြွေကျလာသော ကြယ်တစ်ပွင့်အလား ဝှီးခနဲ ပြုတ်ကျလာတော့သည်။
ဝုန်း..... ဝုန်း...... ဝုန်း......
ဘုန်း...... ဘုန်း...... ဘုန်း.......
ဂမ်ဒမ်သုံး၏ အခြေအနေမှာ အတော်ပင် ဆိုးရွားနေလေသည်။
စက္ကန့်နှစ်ဆယ် ကျန်သေးတယ်........
အန်လင်းသည် ထိုအခွင့်အရေးအား အမိအရယူကာ မီတာတစ်ရာကျော် အကွာအဝေးထိ ဆုတ်ခွာလိုက်ပြီးမှ ဓားမြှုပ်နှံခြင်းကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည်။
အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်ဓား........ မိစ္ဆာဝိဉာဉ်သတ်ဓား......
မိစ္ဆာကလေးငယ်၏ ဖျက်စီးခြင်းကို ခံထားရသော အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်ဓားသည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသည်။
ဓားကျိုးသွားပါသော်လည်း ၎င်း၏စိတ်ဝိဉာဉ်မှာ မပျောက်ကွယ်သွားသေးသဖြင့် ဓားမြှုပ်နှံခြင်းတွင် အသုံးချနိုင်ပေသည်။ ထိုသည်မှာ ဓာတ်ဆီတစ်ပုံအား နှစ်ခြမ်းခွဲလိုက်သလိုပင်ဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ သာမန်အတိုင်း လောင်ကျွမ်းနေနိုင်ဦးမည်ပင်။
လင်ကျွင်းကျွင်း၏ ရာဖြတ်စွမ်းရည်အရ ဤစိတ်ဝိဉာဉ်လက်နက်သည် အတော်အဆင့်မြင့်ပြီး စိတ်ဝိဉာဉ်ကျောက်တုံး ငါးသိန်းငါးသောင်း တန်းကြေးရှိသည်ဟု ဆိုခဲ့သည်။
ကောင်းကင်တခွင်လုံးမှာ ရွှေရောင်အဖြစ် ပြောင်းလဲသွားလေသည်။
မန္တာန်တစ်ခုနှင့်အတူ မရေမတွက်နိုင်သော ရွှေရောင်သကျမုနိ သင်္ကေတများ ဖြစ်ပေါ်လာပြီး ပြင်းထန်လှသော ချိပ်ပိတ်စွမ်းအင်များဖြင့် မိစ္ဆာကလေးငယ်အား လွှမ်းခြုံပစ်လိုက်သည်။ သန့်စင်လွန်းသော စွမ်းအင်များကြောင့် မိစ္ဆာကလေးငယ်မှာ တုန်လှုပ်နေပြီး လက်ထဲရှိ အနက်ရောင်လှံမှလည်း ဟစ်ကြွေးသံများ ပဲ့တင်ထပ်သွားသည်။
ရွှေရောင်သကျမုနိ သင်္ကေတများအား ခုခံရန် မိစ္ဆာကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် မီးတောက်များ လောင်ကျွမ်းလာသည်။
ထို့နောက် အန်လင်းအား ကြည့်ရှုလိုက်သောအခါ ကောင်းကင်ကိုပင် ဖြိုချနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ရွှေရောင်လက်သီးတစ်လုံးကို တွေ့လိုက်ရလေသည်။
ဝုန်း......
မိစ္ဆာကလေးငယ်၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများယိုစီးကျလာကာ အမြှောက်ဆံတစ်ခုအလား အဝေးသို့ လွင့်ထွက်သွားပြီးနောက် နံရံနှင့် ရိုက်မိသွားသည်။
ထိုမြင်ကွင်းမှာ အစောပိုင်းကနှင့် ဆင်တူလှသည်။
အန်လင်းသည် ဂမ်ဒမ်သုံးအတွက် လက်စားချေနိုင်ခဲ့ပြီပင်။
ဆယ်စက္ကန့် ကျန်သေးတယ်........
အန်လင်း အမှန်တကယ် မောပန်းနေလေပြီ။ ဓားမြှုပ်နှံခြင်းသည် စွမ်းအင်မကုန်ခမ်းပါသော်လည်း အချိန်တိုအတွင်း ခြောက်ကြိမ်ဆက်တိုက် အသုံးပြုထားသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေပြီ ဖြစ်သည်။ ထို့အပြင် မိစ္ဆာကလေးငယ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် ခန္ဓာကိုယ်တွင် အပေါက်နှစ်ခု ရှိနေပြီး ဓားမြှုပ်နှံခြင်း တိုက်ကွက်အား သုံးပြီးတိုင်းတွင် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို အသက်သွင်းရန် လိုအပ်သောကြောင့် ခံနိုင်ရည်စွမ်းအား ကျော်လွန်လုမတက်ဖြစ်ကာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီပင်။
သူသည် သိုလှောင်လက်စွပ်အား ကြည့်ရှုလိုက်သောအခါ အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ဓားများ မကျန်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ အခြားသော စိတ်ဝိညာဉ်လက်နက်များသာ ကျန်ရှိတော့သည်။
အန်လင်း : “......…”
ယီးထဲမှ......... အရေးကြီးတဲ့ အချိန်ကြမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ........
ယခုလို ဖြစ်လာမည်ကိုသာ သိရှိခဲ့ပါက ကောင်းကင်ဘုံခုံရုံး၏ ဝိဉာဉ်ရတနာနန်းတော်မှ စိတ်ဝိဉာဉ်လက်နက်ဓားတစ်လက်မှ ဝယ်ယူခဲ့မည်ပင်။
အန်လင်းသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်ဓားရှည်များအား ရှာဖွေလိုက်သောအခါ အနည်းငယ် ကျန်နေသေးသည်ကို တွေ့ရှိလိုက်ရသည်။
ဟူး....... စွမ်းအင်အထွက်နည်းရင်တောင် သုံးရတော့မှာပဲ......
သို့သော် အခြားသော စိတ်ဝိညာဉ်လက်နက်ဓားအား ထုတ်ယူရန် အခွင့်မသာမီမှာပင် ပြင်းထန်လွန်းသော စွမ်းအင်တစ်ခုမှာ သူ့ခန္ဓာကိုယ်အား ရုတ်တရက် ဝင်ဆောင့်လာသည်။
မိစ္ဆာကလေးငယ်သည် အန်လင်းအား လက်သီးဖြင့် ထိုးနှက်လိုက်ခြင်းဖြစ်ပြီး ကြမ်းတမ်းလှသော စွမ်းအင်ဖိအားများသည် အလုံးအရင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ အန်လင်းသည် ကိုယ်တွင်းအင်္ဂါ အပိုင်းအစများကိုပါ သွေးများနှင့် ရောနှောအန်ထုတ်လိုက်ရသည်။
အန်လင်း မြေပြင်ပေါ် လဲကျသွားချိန်တွင် နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျနေဆဲဖြစ်သော မိစ္ဆာကလေးငယ် ရောက်ရှိလာကာ ရက်စက်စွာ ပြုံးလိုက်သည်။
အန်လင်းထံတွင် ဝှက်ဖဲဖြစ်သော လေဟာနယ် ခုန်ကူးခြင်းကဲ့သို့ စွမ်းရည်မျိုး မရှိပေ။
ကျဆင်းလာတော့မည့် အနက်ရောင်လှံအားကြည့်ကာ အန်လင်းမှာ ဦးနှောက်တစ်ခုလုံးကို အသည်းအသန် အလုပ်ပေးလိုက်သည်။
ငါဘာကိုသုံးလို့ရသေးလဲ....... မိစ္ဆာကလေးငယ် လက်ထဲကနေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ........
ဗာမီလီယမ်ငှက်ကြေးမုံက အလုပ်မဖြစ်ဘူး........သူက တိုက်ခိုက်မှုကို တန်ပြန်တာပဲ လုပ်နိုင်တာ........
ဖရိုဖရဲ သတ္ထုအုတ်ခဲကလည်း အဆင်ပြေမှာ မဟုတ်ဘူး.......
အနက်ရောင်လှံမှာ ကျဆင်းနေလေပြီ........
စွမ်းအင်လှိုင်းများ ပြန့်ကားလာသည်နှင့်အမျှ အန်လင်းသည်လည်း မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေရသည်။
မျက်ရည်သွန်းဖြိုးစေ......
ဘန်း.....
မိစ္ဆာကလေးငယ်၏ အစိမ်းရောင် မျက်ဝန်းများမှာ ရုတ်ချည်းဆိုသလို ပေါက်ကွဲသွားသည်။ မျက်လုံးအတုများမှာ မျက်ရည်မကျနိုင်သဖြင့် ပေါက်ကွဲသွားခြင်းပင်။
၎င်း၏ပါးပြင်ပေါ် သွေးများယိုစီးကျလာလေသည်။
မိစ္ဆာကလေးငယ်သည် လှံအားမြေပြင်ပေါ်ချကာ အပြင်းအထန် ငိုကြွေးနေတော့သည်။ အန်လင်းသည် ထိုအခွင့်အရေးအား အမိအရယူကာ တိုက်ခိုက်မှုမှ ရှောင်တိမ်းလိုက်နိုင်သည်။
ထို့နောက် သေတ္တာတစ်ခုအား ထုတ်ယူလိုက်သည်။
ထိုသည်မှာ လင်ကျွင်းကျွင်းထံမှ ရရှိထားသော အခွင့်အလမ်းအသင်္ချေသေတ္တာပင်။
အန်လင်းသည် အကြိမ်ကြိမ်အခါခါ အားသွင်းခဲ့ပြီးနောက် နောက်ဆုံးတွင် ငါးဆယ်ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
"အခွင့်အလမ်းအသင်္ချေသေတ္တာ....... ဒီမိစ္ဆာကလေးငယ်ကို ကြုံးပစ်လိုက်...."
အန်လင်းသည် သူ၏စွမ်းအင်များအားလုံးကို အခွင့်အလမ်းအသင်္ချေသေတ္တာထဲထည့်ကာ အမိန့်ပေးလိုက်သည်။
ဝုန်း.......
မြင့်မြတ်သော အရောင်အဝါများနှင့်အတူ နတ်သမီးတစ်ပါး၏ပုံရိပ် ထွက်ပေါ်လာသည်။
သူမသည် လွန်စွာအပြစ်ကင်းစင်သော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။
နတ်သမီးသည် မိစ္ဆာကလေးငယ်အားကြည့်ကာ လက်ကိုဆန့်ထုတ်လိုက်သည်။
ဖြန်း.......
ကျယ်လောင်လှသော ပါးရိုက်သံ ထွက်ပေါ်လာလေသည်။
အန်လင်းသည် မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
မိစ္ဆာကလေးငယ်သည် ပါးကိုက်ခံလိုက်ရသောကြောင့် ဒယိမ်းဒယိုင် ဖြစ်နေလေပြီ။
နတ်သမီးသည် မိစ္ဆာကလေးငယ်အား စိတ်ပျက်လက်ပျက် ကြည့်ရှုလိုက်ပြီးနောက် တောက်ပသော အလင်းရောင်များနှင့်အတူ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။
အခွင့်အလမ်းအသင်္ချေသေတ္တာသည်လည်း ငါးဆယ်ရာခိုင်နှုန်းမှ လေးဆယ့်ကိုးရာခိုင်နှုန်းသို့ ကျဆင်းသွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
အန်လင်းနှင့် မိစ္ဆာကလေးငယ်မှာ တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေမိကြတော့သည်။