ဤကမ္ဘာအတွက်တိုက်ပွဲ
Vol. 52 Ch. 727
အန်လင်းသည် အခွင့်အလမ်းအသင်္ချေသေတ္တာအား အားသွင်းနိုင်ရန် စွမ်းအင်များစွာ ကုန်ခမ်းခဲ့ရသည်။
သို့သော် ချစ်ခြင်းမေတ္တာ၏ ပါးရိုက်ခြင်းကိုသာ ရရှိခဲ့လေသည်။
အန်လင်း ပါးစပ်အဟောင်းသားဖြစ်ကာ ကျောက်ရုပ်အလား ငြိမ်သက်နေမိသည်။
မိစ္ဆာကလေးငယ်သည်လည်း ထိုသို့ပါးရိုက်ခြင်းမျိုးကို မကြုံဖူးသောကြောင့် ကြောင်တောင်တောင် ဖြစ်နေသည်။
ထိုပါးရိုက်ခြင်းသည် ခန္ဓာကိုယ်ကိုသာ စိတ်ဝိဉာဉ်ထဲသို့ပါ စွဲထင်သွားစေသည်။ ထိုသည်မှာ လမ်းမှားရောက်နေသော ရင်သွေးငယ်အား မိခင်ဖြစ်သူမှ အသိတရား ဝင်လာစေရန် ပါးရိုက်လိုက်သလိုပင်။
"ဝါး...... ဝါး...... ဝါး......."
မိစ္ဆာကလေးငယ်၏ မျက်ခေါင်းပေါက်မှ သွေးမျက်ရည်များ စီးကျလာတော့သည်။
၎င်း၏ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ခါလာပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားလေသည်။
"မေမေ....... သားသား မှားပါပြီ။ သားသားကို မထားခဲ့ပါနဲ့..... မေမေ..... မေမေ......"
နတ်သားငယ်လေး ငိုကြွေးနေသည့်အလား ကြည်လင်နေသော စကားသံ ထွက်ပေါ်လာသည်။
မိစ္ဆာကလေးငယ်၏ စကားသံမှာ ရုတ်ချည်းဆိုသလို ချစ်စဖွယ် ဖြစ်သွားခြင်းပင်။ ပါးတစ်ချက်ရိုက်ခံရသဖြင့် အမေနှင့် ရွာကိုလွမ်းသွားခြင်း ဖြစ်ပေလိမ့်မည်။
သုံးစက္ကန့်........
နှစ်စက္ကန့်.........
တစ်စက္ကန့်........
ဝုန်း......
တောက်လောင်နေသော အစိမ်းရောင် ချော်ရည်များမှာ မိစ္ဆာကလေးငယ်၏ ဦးခေါင်းထက်တွင် ရှိနေသော သက်တန့်ရောင်စဉ်ကွင်းမှတဆင့် ပြန်လည်ထွက်ခွာသကာ မြေပြင်ပေါ် ပြန်လည်စီးဆင်းသွားသည်။
အစိမ်းရောင် ဆံပင်များလည်း ကျွတ်ကျကုန်သောကြောင့် မိစ္ဆာကလေးငယ်မှာ ကတုံးပြန်ဖြစ်သွားသည်။
ချော်ရည်များအားလုံး မရှိတော့သည့်နောက် မိစ္ဆာကလေးငယ်မှာလည်း သာမန်အရွယ်အစားသို့ ပြန်လည်ကျုံ့ဝင်သွားလေသည်။
ယခင် အရွယ်အစားထက်ပင် ပိုမိုသေးငယ်သွားခြင်း ဖြစ်သည်။ နောက်ကျောဘက်မှ အတောင်ပံများလည်း ကျုံ့ဝင်လာကာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် အိပ်ပျော်နေသည့်အလား ခန္ဓာကိုယ်မှာလည်း ကွေးကွေးလေး ဖြစ်သွားသည်။ အဖြူရောင် အလင်းတစ်ခုသည် ကလေးငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားပြီး သန့်စင်သော အငွေ့အသက်များကို ပေးစွမ်းနေသည်။ ကလေးငယ်၏ မျက်နှာမှာလည်း ကြွေရုပ်လေးအလား နူးညံ့သိမ်မွေ့ကာ ရက်စက်သော အရိပ်အယောင်များ မကျန်ရစ်တော့ပေ။
"နောက်ဆုံးတော့ ပြီးသွားပြီပဲ။"
အန်လင်း ခြေပစ်လက်ပစ်လှဲကာ အားပါးတရ အသက်ရှူသွင်းလိုက်သည်။
သူသည် တိုက်ပွဲအတွင်း ရှိရှိသမျှ အသုံးချခဲ့ရပြီး ဝှက်ဖဲများအားလုံး ကုန်လုနီးနီးဖြစ်ကာ အလွန်တန်ဖိုးရှိသော စိတ်ဝိဉာဉ်လက်နက်ဓား ခြောက်လက်ပါ ဖျက်စီးပစ်ခဲ့ရသည်။
ထိုသည်မှာ ရင်နာဖွယ်ကောင်းပြီး စိတ်ဝိဉာဉ်ကျောက်တုံး သန်းချီကို ဖြုန်းတီးပစ်လိုက်ရခြင်းပင်။
ထိုအတွေးကြောင့် အန်လင်း သွေးအန်တော့မလို ဖြစ်သွားရသည်။
"အစ်ကိုကြီးအန်...... ကျွန်တော် ဆော်ပစ်လိုက်ရမလား.... ဝုတ်....."
တပိုင်သည် ခွေးကြီးအသွင်ပြောင်းကာ မိစ္ဆာကလေးငယ်နား ရောက်ရှိလာသည်။
မိစ္ဆာကလေးငယ် သောင်းကြမ်းနေစဉ်က တပိုင်မှာ အသက်ပင် ရဲရဲမရှူရဲခဲ့ပေ။
ယခုတွင်မူ မိစ္ဆာကလေးငယ်မှာ အိပ်ပျော်သလို ဖြစ်နေသောကြောင့် တပိုင်မှာ ဆော်ပလော်တီးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။ ကလေးငယ် တစ်ဦးအား အနိုင်ကျင့်ရသည်မှာ သူ့အတွက် ခက်ခဲသော အရာမဟုတ်ပေ။
"အစွယ်ကျိုးနေတဲ့ကျားတောင် ခွေးအတွက် ဒုက္ခပေးလာနိုင်တယ်"ဟု ဆိုရိုးရှိသည့်အတိုင်း ရန်သူအားနည်းနေချိန်တွင် တိုက်ခိုက်ရကောင်းမှန်း မသိသူသည် ခွေးကောင်းတစ်ကောင် မဖြစ်နိုင်ပေ။
အန်လင်း အနည်းငယ် တွေဝေနေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"သတ်ပစ်လိုက်....... အခု သူ့ပုံစံကြောင့် အရူးလုပ်မခံရစေနဲ့။ ဒင်းသာ ပြန်နိုးလာရင် ငါတို့အားလုံး ငါးပါးမှောက်ကုန်လိမ့်မယ်။"
"ဟုတ်တယ်.....ဝုတ်....."
တပိုင် ဝမ်းသာအားရပင် မိစ္ဆာကလေးငယ်ထံ ခုန်အုပ်ရန် ပြင်လိုက်သည်။
"ခဏလေး....."
ပိုင်လင် ရုတ်ချည်းဆိုသလို စကားဆိုလာသည်။
"မိစ္ဆာကလေးငယ်က စွမ်းအားတွေ အကုန်ကုန်ပြီး အိပ်ပျော်နေပြီ။ အဲ့ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ ဘယ်သူ့ကိုမှ တိုက်ခိုက်ဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကိုထိခိုက်စေလိုက်ရင် အလိုအလျောက် ခုခံကာကွယ်တဲ့ စနစ်က အသက်ဝင်လာပြီး ပြန်နိုးလာလိမ့်မယ်။"
ထိုစကားကြောင့် အန်လင်းရော၊ တပိုင်ပါ ဖြူရော်သွားရသည်။
သတ်ဖြတ်ခြင်းကြောင့် မိစ္ဆာကလေးငယ် နိုးထလာမည်ကို စိုးရွံ့သဖြင့် တပိုင်မှာ ဂရုတစိုက် နောက်ဆုတ်သွားလေသည်။
ယီးထဲမှ...... ငါးပါးမှောက်တော့မလို့ ကပ်သီးလေးပဲ လိုတယ်.....
ပိုင်လင် ခပ်ဖွဖွပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ ဒီနေရာကို ငါထိန်းချုပ်နိုင်တာနဲ့ မိစ္ဆာကလေးငယ်ကိုလည်း ထိန်းလို့ရလောက်မှာပါ။"
သူမသည် အခြေအနေ ကောင်းလာပုံရပြီး စကားပြောရသည်မှာ မောဟိုက်မနေတော့ပေ။
အန်လင်းသည် မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ် လဲကျနေပြီး ယခုမှသာ အတော်ပင် အခြေအနေ ဆိုးနေကြောင်း ကိုယ့်ကိုယ်ကို သတိပြုလိုက်မိသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေရုံသာမက ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ စွမ်းအင်ကုန်ခမ်းလုမတက် ဖြစ်နေသည်။
အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်ရန် လဝက်ခန့်ပင် ကြာမြင့်နိုင်ပေသည်။
သူခေတ္တမျှ တွေးတောလိုက်ပြီးနောက် နာကျင်နေဟန်ဖြင့် သွေးနီရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဤနေရာမှ မထွက်ရမချင်း တိုက်ပွဲများ ဆက်ဖြစ်နိုင်သောကြောင့် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာရန် လိုအပ်သည်။
ဘာမှမဖြစ်ပါဘူး....... ဒါလေးက အင်မော်တယ်ဆေးလုံး တစ်လုံးပဲဟာ......
စိတ်ဝိဉာဉ်အဆင့် လက်နက်တွေတောင် အများကြီး ဖျက်စီးလာတာ......အင်မော်တယ်ဆေးလုံး တစ်လုံးလောက်နဲ့ ထူးပြီးမွဲမသွားပါဘူး......
ထိုအင်မော်တယ်ဆေးလုံးသည် အဆင့်ရှစ် အင်မော်တယ်ဆေးဖြစ်သော အသူရာသွေးဆေးလုံးဖြစ်ပြီး သွေးမျိုးနွယ်စု အစေခံများထံမှ ရရှိထားခြင်းပင်။ ယခု အသူရာသွေးဆေးလုံးသည် နောက်ဆုံးကျန်ရှိသောဆေးလည်း ဖြစ်သည်။ အသူရာသွေးဆေးလုံးသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဒဏ်ရာဒဏ်ချက်များ ပြန်လည်ကောင်းမွန်စေပြီး အားအင်ပြည့်ဖြိုးစေသောကြောင့် တိုက်ပွဲများအတွက် အလွန်အကျိုးရှိသည်။
အန်လင်းသည် အင်မော်တယ်ဆေးအား သောက်လိုက်ပြီးနောက် အတော်ပင် အခြေအနေ ဆိုးနေသော ဂမ်ဒမ်သုံးအား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။
ငွေရောင်ဂမ်ဒမ်သည် စိတ်ဝိဉာဉ်ကျောက်တုံးမှ စွမ်းအင်များ စုပ်ယူကာ ကိုယ့်ကိုယ်ကို ပြုပြင်နိုင်ပါသော်လည်း သူ့ထံတွင် စိတ်ဝိဉာဉ်ကျောက်တုံးများ မရှိတော့ပေ။
အာ....... ဆင်းရဲလိုက်တာ.....
အန်လင်းသည် မွဲတေပြာကျနေသည် မဟုတ်ပဲ ကျင့်ကြံရေးလောကတွင် သူဋ္ဌေးကြီးတစ်ဦးအဖြစ် ခံယူနိုင်နေဆဲပင်။ သို့သော် သူ့ထံတွင် တန်ဖိုးရှိသော လက်နက်ပစ္စည်းနှင့် ရတနာများသာရှိပြီး ပိုက်ဆံတစ်ပြားမှ မရှိတော့ပေ။ ကမ္ဘာပေါ်တွင်လည်း စံအိမ်တော်ကြီးများ၊ စတုရန်းမီတာပေါင်းများစွာ ကျယ်ဝန်းသောမြေများနှင့် အပျော်စီးသင်္ဘောများစွာ ပိုင်ဆိုင်ထားပါသော်လည်း အစားအသောက်ဝယ်ရန်ပင် လက်ထဲငွေမရှိသော သူဋ္ဌေးများနှင့် ဆင်တူပေသည်။
တကယ်သနားစရာပဲ......
အန်လင်း တွေးတောကာ တုန်းကော်နားသို့ လျှောက်သွားလိုက်သည်။
"ထွက်ခဲ့....."
အန်လင်း အမိန့်ပေးလိုက်သည်။
သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းထဲတွင် ရှိနေသော တုန်းကော်မှာ ကြောင်တောင်တောင် ဖြစ်သွားရလေသည်။
အန်လင်းသည် ခန္ဓာကိုယ်မှ အပေါက်နှစ်ခုအား လက်ညှိုးထိုးပြလိုက်သည်။
"ငါ့ဒဏ်ရာတွေက ပိုအခြေအနေဆိုးလို့ အနားယူဖို့လိုတယ်။ ပြီးတော့ ငါကမင်းထက် ပိုသန်မာပြီး အဖွဲ့အတွက်လည်း ပိုအရေးကြီးတယ်။ ငါကပဲ ပထမ ဦးစားပေး ဖြစ်သင့်တယ်။"
တုန်းကော်မှာ ရင်ဘတ်အား ဓားနှင့်မွှေ့ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူသည် တိတ်တဆိတ်ပင် ခေါင်းတလားထဲမှထွက်ကာ စိတ်ဝိဉာဉ်ဆေးတစ်လုံးအား သောက်လိုက်ပြီးနောက် ဒဏ်ရာများ ကုသရန် တရားထိုင်နေလိုက်သည်။
အန်လင်း၏ စကားများကို ငြင်းပယ်လိုပါသော်လည်း မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။
ကမ္ဘာကြီးတွင် အစွမ်းကသာ အရေးအကြီးဆုံးဖြစ်ပြီး လူတိုင်းသည် ရက်စက်ကြမ်းကြုတ်ကာ သနားညှာတာမှု မရှိကြပေ။ အေးစက်ခက်ထန်သော ဤကမ္ဘာတွင် သူ့အနေဖြင့် နွေးထွေးမှု တစ်ခုတလေကိုမျှ မခံစားမိပေ။
သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းထဲ ဝင်လှဲလိုက်ပြီးနောက် တောင်တစ်ခုလုံး၏ အသက်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲ စီးဝင်လာကြောင်း သိရှိလိုက်ရသည်။ အသူရာသွေးဆေးလုံးကိုပါ သောက်ထားသောကြောင့် ဒဏ်ရာများမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်နေပြီး ခေါင်းတလား တစ်ခုလုံးမှာလည်း သွေးနီရောင်များ တောက်ပနေလေသည်။
ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်သည်။
"အန်လင်း....... မတွေ့ရတဲ့ အချိန်အတောအတွင်း နင်အရမ်း သန်မာလာမယ်လို့ ထင်မထားဘူး။ မိစ္ဆာကလေးငယ်လို လူသတ်စက်ရုပ်တောင် နင့်ကိုဘာမှမလုပ်နိုင်ဘူး။"
အန်လင်း လက်ခါပြလိုက်သည်။
"ဘာမှဟုတ်တာလည်း မဟုတ်ပဲနဲ့...... အပိုတွေ ပြောမနေပါနဲ့။"
ပိုင်လင်မှာ မျက်နှာပျက်သွားပါသော်လည်း အန်လင်း၏ ကြွားလုံးများအား အသားကျနေသောကြောင့် မကြာမီပင် တည်တည်ငြိမ်ငြိမ် ဖြစ်သွားသည်။
"ငါမြင်ဖူးသမျှထဲမှာတော့ နင့်ရဲ့တိုးတက်မှုနှုန်းက အမြန်ဆုံးပဲ။ ငါတောင်လန့်မိတယ်။ နင့်မှာ လျှို့ဝှက်ချက်တွေဘာတွေ ရှိနေတာလား။"
ထိုမေးခွန်းအား ဖြေရန်မလွယ်ကူပေ။
"ကျွန်တော့်ဆီမှာ ဇာတ်လိုက်မင်းသား အရှိန်အဝါ ရှိနေလို့ နေမှာပေါ့။"
အန်လင်း စကားဆိုလိုက်သည်။
ထိုသည်မှာ စစ်နတ်ဘုရားစနစ်ကို ရည်ညွှန်းခြင်းပင်။
စစ်နတ်ဘုရား စနစ်သည် ဇာတ်လိုက်အရှိန်အဝါနှင့် ဆင်တူသောကြောင့် ထိုအဖြေတွင် အမှားမပါပေ။
ပိုင်လင်: "......"
ထိုမျှယုံကြည်ချက်ရှိသူအား မမြင်ဖူးသောကြောင့် ပိုင်လင်မှာ မည်သည့်စကားမှ မပြောနိုင်တော့ပေ။
"ဟုတ်သားပဲ......ဒီကမ္ဘာရဲ့ ထိန်းချုပ်ခွင့်အတွက် တိုက်ခိုက်နေတာလား။ မြွေနက်ဝိဉာဉ်က ခင်ဗျားပြိုင်ဘက်လား။"
အန်လင်း ရုတ်တရက် မေးမြန်းလိုက်သည်။
သူသည် တွေ့နေမြင်နေရသော အခြေအနေများကို သုံးသပ်ကာ ခန့်မှန်းကြည့်လိုက်သည်။
ပိုင်လင် ခေါင်းညိတ်ပြလိုက်သည်။
"ဒါက ခြောက်ခုမြောက် ခရမ်းကြယ်စင် သုတေသန အဆောက်အဦးပဲ။ ဇာမဏီ သုတေသနဋ္ဌာနလို့လည်း ခေါ်ကြတယ်။ ဒီနေရာကို ခရမ်းကြယ်စင်က ပိုင်ခဲ့ဖူးပေမယ့် ခရမ်းကြယ်စင် ပျက်သုန်းမှုကြောင့် နွီဝါးရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားတယ်။"
ထိုစကားကြောင့် အန်လင်း အလွန်အမင်း စိတ်ဝင်စားသွားသည်။ နွီဝါးကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်အား မည်သူမဆို စိတ်ဝင်စားကြမည်ပင်။ ပိုင်လင်၏ စကားအရ မြွေနက်ဝိဉာဉ်သည် နွီဝါးလက်အောက်ခံ ဖြစ်ပုံရသည်။
သူစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒီခရမ်းကြယ်စင် သုတေသနဋ္ဌာနကို ခရမ်းကြယ်စင် လူမျိုးတစ်ယောက် ရောက်လာတာတောင် နွီဝါးက မပေးချင်ဘူးလား။"
ပိုင်လင် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"နွီဝါး ဘယ်လိုတွေးလဲတော့ ငါလည်းမသိဘူး။ အနည်းဆုံးတော့ မြွေနက်ဝိဉာဉ်က လက်မလျှော့ချင်တာ သေချာတယ်။ အဓိပ္ပါယ် ရှိပါတယ်။ သူမက ဒီနေရာကို နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တာလေ။ အခု ငါရောက်လာရုံနဲ့ ပေးလိုက်ချင်ပါ့မလား။ ကြိုးစားမှုတွေအားလုံး အလဟဿ ဖြစ်သွားမှာကိုတော့ ဘယ်သူက လိုချင်ပါ့မလဲ။ အဲ့ဒါကြောင့် ဒီလိုမျိုး တုံ့ပြန်လာတာကို နားလည်ပေးလို့ ရပါတယ်။"
"အဲ့တော့ ခင်ဗျားတို့က ထိန်းချုပ်ခွင့်အတွက် တိုက်ခိုက်နေကြတာပေါ့။"
အန်လင်း စကားဆိုလိုက်သည်။
"ဟမ့်....."
ပိုင်လင် ပြုံးကာပြောလိုက်သည်။
"သူမနဲ့ အလောင်းအစား တစ်ခုလုပ်ထားတယ်။ ဒီနေရာရဲ့ ထိန်းချုပ်ခွင့်ကို သူမ လက်လွှတ်ရမယ်။ သူမနဲ့ငါ နှစ်ယောက်ထဲက ဒီနေရာကို ဒီမှာ ထိန်းချုပ်နိုင်တဲ့သူက ပိုင်ရှင်ဖြစ်လာလိမ့်မယ်။"
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
"ခင်ဗျားက ခရမ်းကြယ်စင် သုတေသနဋ္ဌာနဲ့ ပက်သတ်တဲ့ ကျွမ်းကျင်ပညာရှင်လေ။ အဲ့တော့ ခင်ဗျား အပိုင်ပဲပေါ့။"
"မဟုတ်ဘူး။ အခု အခြေအနေအရ အဆင်မပြေနေဘူး။"
"မဟုတ်ရင် နင်နဲ့တောင် စကားပြောနေပါ့မလား။"
ပိုင်လင် သက်ပြင်းချလိုက်သည်။
အန်လင်း: "........"