← Chapters

ဇာမဏီဥ၏သခင်

Vol. 52 Ch. 728

ဇာမဏီဥ၏သခင်

Vol. 52 Ch. 728

ထိုအဖြေကြောင့် အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"သောက်ဂွထဲမှ........ ခင်ဗျားက ရှုံးတော့မှာကို ဘာတွေယုံကြည်ချက် ရှိနေတာလဲ။"

အန်လင်း တအံ့တသြ မေးလိုက်သည်။

ပိုင်လင် ပုခုံးတွန့်ကာ ပြုံးပြလိုက်သည်။

"ရှုံးတော့မှာဆိုပေမယ့် ငါကတော့ ယုံကြည်ချက် ရှိနေတုန်းပဲ။ အဲ့ဒါ ဘာဖြစ်လဲ။"

အန်လင်း မျက်လုံးအပြူးသားဖြင့် မေးမြန်းလိုက်သည်။

"ခင်ဗျားက ဒီသုတေသနဋ္ဌာန တစ်ခုလုံး ဆုံးရှုံးရတော့မှာကိုတောင် ဘာလို့အရမ်းတွေ တည်ငြိမ်နေတာလဲ။"

ပိုင်လင်မှာ အမူအရာပင် ပြောင်းမသွားပေ။

"ငါလည်း ဘယ်တတ်နိုင်မှာလဲ။ မြွေနက်ဝိဉာဉ်ကိုမှ ယှဉ်မချနိုင်တာ။ ထွက်လာတဲ့ ရလဒ်ကို လက်ခံရမှာပေါ့။"

"တောင်းပန်ပါတယ်။ အားလုံးက ကျွန်တော့် အမှားတွေပါ။"

အန်လင်း အားတုံ့အားနာ ဖြစ်မိသွားသည်။

ဤနေရာသို့ ရောက်ရှိလာပြီးနောက် ငွေရောင်ဂမ်ဒမ်နှင့် မိစ္ဆာကလေးငယ်တို့ကြား ချောင်ပိတ်မိခဲ့ပြီး ပိုင်လင်သာ မကယ်တင်ခဲ့ပါက ထိုစဉ်ကတည်းက သေနေလောက်ပြီပင်။ မြွေနက်ဝိဉာဉ်၏ စကားအရ ပိုင်လင်သည် ထိန်းချုပ်မှုပြိုင်ပွဲကိုပင် ရှုံးနိမ့်နိုင်မှန်းသိလျက် ဝင်ရောက်ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

"မတောင်းပန်ပါနဲ့။"

ပိုင်လင် လက်ခါပြလိုက်သည်။

"နင့်ကြောင့်သာ မဟုတ်ရင် ကမ္ဘာကြီးကို လှည့်ပတ်ကြည့်ရှုဖို့တောင် ဆုံးဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဒီလိုမျိုး သုတေသနဋ္ဌာနတွေက အရမ်းကြီးလည်း အရေးမကြီးပါဘူး။ ထိန်းချုပ်ခွင့် ရလာတော့လည်း ပိုကောင်းတာပေါ့။ ဒါပေမယ့် မရလည်း ဘာအရေးလဲ။"

အမ်.......... ဒီသုတေသနဋ္ဌာနထက် ငါကပိုပြီး အရေးကြီးတယ်လို့ ပြောနေတာလား........

ထိုအတွေးကြောင့် အန်လင်းမှာ ပိုမိုအားနာမိလာသည်။

"အော်..... ဟုတ်သားပဲ...... ဇာမဏီဥကိုတော့ သူ့ဆီ ပေးလို့မဖြစ်ဘူးနော်။"

ပိုင်လင်သည် အန်လင်း ကျောပေါ်မှ သေတ္တာအားကြည့်ကာ ပြောလိုက်သည်။

"ဇာမဏီသုတေသနဋ္ဌာန တစ်ခုလုံးမှာ ဇာမဏီဥက တန်ဖိုးအရှိဆုံးပဲ။ ငါနင့်ကို မန္တာန်တစ်ခု သင်ပေးမယ်။ အဲ့ဒါကို ရွတ်ပြီးရင် နင့်ရဲ့ သွေးအဆီအနှစ် တစ်စက်ကို ဇာမဏီဥပေါ်ချလိုက်။ ဒီဇာမဏီဥက နင့်ကို သခင်အဖြစ် လက်ခံသွားလိမ့်မယ်။"

"ဟမ့်.....အဲ့လိုဆိုရင် တစ်ယောက်ယောက်က ဥကိုယူသွားရင်တောင် ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့်လည်း မြွေနက်ဝိဉာဉ်က ဇာမဏီဥနဲ့ ပက်သတ်ပြီး အလောမကြီးဘူး ဖြစ်နေတာလေ။"

"ဘာပဲဖြစ်ဖြစ် ဇာမဏီဥက နင့်လက်ထဲ ရောက်လာပြီး နင်ကငါနဲ့ တွေ့တယ်ဆိုတော့ ကံကြမ္မာပဲ ဖြစ်မှာပါ။"

ပိုင်လင်သည် အတိတ်ကို ပြန်တွေးနေသည့်အလား မျက်ဝန်းများတွင် ဝမ်းနည်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

အန်လင်း အနည်းငယ် တွေဝေသွားသည်။

"အစ်မကြီးပိုင်...... ဒီဇာမဏီဥက အရမ်းတန်ဖိုးရှိတယ်လေ။ ကျွန်တော့်ကို ဒီတိုင်းပေးလိုက်လို့ ဖြစ်ရဲ့လား။"

သူမ၏ စကားအရ ဇာမဏီဥသည် ခရမ်းကြယ်စင် အပိုင်ဖြစ်ကြောင်း ထင်ရှားနေသည်။ သို့သော် ပိုင်လင်သည် ဇာမဏီဥ၏ သခင်ဖြစ်လာအောင် ကူညီပေးမည်ဟု ဆိုလာသောကြောင့် အံ့အားသင့်မိရသည်။

"နင့်အတွက် အခွင့်အရေးပဲကို....... တွေဝေမနေစမ်းပါနဲ့။"

ပိုင်လင် စကားဆိုလိုက်သည်။

အန်လင်း ခေါင်းညိတ်သဘောတူလိုက်ပြီးမှ အတွေးတစ်ခု ဝင်ရောက်လာသည်။

"ဒီဥကို ယူလိုက်လို့ နွီဝါးရဲ့အင်အားစုတွေက ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ။"

"မေးခွန်းကောင်း။ နင့်ကို မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ဟာငါပဲ ယူထားတော့မယ်။"

"မဟုတ်ဘူး။ ယူမယ်......ယူမယ်....."

အန်လင်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

ယီးထဲမှ....... ဒီဥအတွက် ငွေသောက်သောက်လဲ ကုန်သွားတဲ့အပြင် သေမလိုပါ ဖြစ်ခဲ့ရသေးတာကို...... လက်လွှတ်လိုက်စရာလား..........

ပိုင်လင် မျက်လုံးပင် မပေါ်အောင် အော်ဟစ်ရယ်မောလိုက်သည်။

"နင့်လိုလူမျိုးက ကိုယ့်ကိုယ်ကို ပိုပြီးရိုးသားသင့်တယ်။ စိတ်မပူပါနဲ့...... မြွေနက်ဝိဉာဉ်က အဲ့လောက်မဆိုးပါဘူး။ ဇာမဏီဥမှာ သခင်ရှိသွားရင် သူမ လက်လွှတ်ပေးလိမ့်မယ်။ လူသတ်တာတို့ ဓားပြတိုက်တာတို့ လိုက်လုပ်မှာ မဟုတ်ဘူး။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် မြွေနက်ဝိဉာဉ်နှင့် တွေ့ဆုံခဲ့ဖူးပြီး သူမသည် စွမ်းအင်အား အသုံးချကာ အလိုရှိသလို အနိုင်ကျင့် နှိပ်စက်မည့်သူမျိုး မဟုတ်လောက်ပေ။ သူမအား ကြည့်ရသည်မှာ ကျိုးကြောင်းဆင်ခြင်တတ်ပုံ ရသည်။

ဟုတ်တယ်....... အဲ့လိုပဲဖြစ်မယ်.......

ဇာမဏီဥနှင့် ပက်သတ်သော သတင်းအချက်အလက်များ၊ မန္တာန်များ ပါဝင်နေသည့် အံ့ဖွယ်စိတ်ဆန္ဒတစ်ခု သူ၏စိတ်ထဲ ဝင်ရောက်လာသည်။

အန်လင်းသည် သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းထဲမှထကာ အံ့ဖွယ်မြေခွေးဖြူသေတ္တာထဲမှ ဇာမဏီဥအား ဂရုတစိုက် ထုတ်ယူလိုက်ပြီးနောက် ပိုင်လင် ပြောပြထားသည့်အတိုင်း မန္တာန်ရွတ်ဆိုလိုက်သည်။

ထို့နောက် ဇာမဏီဥထံမှ ရွှေရောင်အလင်းများ ဖြာထွက်ကာ တုန်ခါလာလေသည်။

တစ်ချိန်တည်းမှာပင် သားရဲကြီးတစ်ကောင် နိုးထလာသလို ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြစ်ပေါ်လာသည်။

အန်လင်းသည် စွမ်းအင်ဖိအားများကို ခုခံကာ သားရဲစာချုပ် ပြုလုပ်ရန် လက်သင်္ကေတများ ပြောင်းလဲလိုက်ပြီးနောက် သွေးအဆီအနှစ် တစ်စက်အား ဇာမဏီဥပေါ် ချလိုက်သည်။

သွေးအဆီအနှစ်အား ဇာမဏီဥမှ စုပ်ယူသွားပြီးနောက် ရွှေရောင်အလင်းများ မှေးမှိန်ကာ အရှိန်အဝါများလည်း ကျဆင်းသွားသည်။

ထိုသို့ဖြင့် အန်လင်းနှင့် ဇာမဏီဥကြားတွင် ဆက်နွယ်မှုတစ်ခု ဖြစ်သွားလေသည်။

သူ၏သက်ရှိစွမ်းအင်ပင်လယ်ထဲတွင်ရှိသော အဖြူရောင် ဗာမီလီယမ်ငှက်မှာ တစ်စုံတစ်ခုကို အောင်ပွဲခံနေသည့်အလား ပျော်ရွှင်စွာ အော်ဟစ်နေတော့သည်။

ဝေလငါးငယ်လေး၏ ဦးခေါင်းထက်တွင် ထိုင်နေသော အန်ကီရင်မှာ သမ်းဝေလိုက်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေပုံရသော အဖြူရောင် ဗာမီလီယမ်ငှက်အား နားမလည်နိုင်စွာ ကြည့်ရှုလိုက်သည်။

အန်လင်းသည် ငြိမ်သက်သွားသော ရွှေရောင်ဥအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေသည်။

"ဒါပဲလား။"

ပိုင်လင် ခေါင်းညိတ်ပြလိုက်သည်။

"အခုက ဥပေါက်လာတဲ့ထိ စောင့်ရုံပဲ။"

"ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်ရဲ့ အံ့ဖွယ်မီးတောက်တွေနဲ့ အနွေးတွေဘာတွေ ပေးလို့ရလား။"

အန်လင်း စိတ်ဝင်တစား မေးမြန်းလိုက်သည်။

ပိုင်လင် မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

"နင်ရူးနေလား။ ဒါဥဟဲ့ဥ...."

တပိုင်လည်း အံ့သြသွားသည်။

"အစ်ကိုကြီးအန်....... ဒီဇာမဏီကိုရော နံပါတ်လေးညီအတိုင်း လုပ်ပစ်မလို့လား..... ဝုတ်......"

အန်လင်း ခေါင်းကုတ်လိုက်မိသည်။

"ဇာမဏီတွေက မီးပင်လယ်ထဲကနေ ပြန်မွေးဖွားကြတာမလား။ အဲ့ဒါကြောင့် မီးပေးဖို့ လိုမလားလို့ပါ။"

ပိုင်လင်: "အရူးလိုလို၊ အပေါလိုလို လုပ်မနေနဲ့တော့။"

တုန်းကော်မှာ တပိုင်၏ စကားအား စိတ်ဝင်စားသွားသည်။

"မင်းပြောတဲ့ ညီငယ်လေးက ဘယ်သူလဲ။"

အန်လင်းရော၊ တပိုင်ပါ တိတ်ဆိတ်သွားလေသည်။

ထိုသည်မှာ ၎င်းတို့ဘဝ၏ အမည်းစက်တစ်ခုဖြစ်ကာ ဘယ်သောအခါမှ ထုတ်ဖော်ပြောကြားလိုစိတ် မရှိပေ။

"အစ်ကိုကြီးအန်...... နာလေးက နံပါတ်ငါး၊ ထျန်းလေးက နံပါတ်ခြောက်ဆိုတော့ ဇာမဏီက နံပါတ်ခုနစ် ဖြစ်လာမှာလား..... ဝုတ်....."

တပိုင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဟုတ်သားပဲ။"

အန်လင်း၏ မျက်ဝန်းများ တောက်ပကာ အတွေးများ တန်းစီဖြစ်ပေါ်လာသည်။

"ခုနစ်ကောင်မြောက် သားရဲရလာပြီဆိုတော့ ဟူးလူညီနောင်အဖွဲ့ လုပ်လို့ရပြီပဲ။"

(ဟူးလူညီနောင်ဆိုတာ ဘူးသီးခြောက်ညီနောင် ခုနစ်ဦးပါ။ အရင်က TVမှာ လာဖူးတယ်လို့ သိရပါတယ်။ စာရေးသူက ၂၀၀၁ဖွားမို့ မြန်မာနာမည်လေးတော့ မသိပါဘူးရှင့်။ အဆင်ပြေသလိုလေး ထည့်ရေးပေးထားပါတယ်နော်။)

"ဖိုးဖိုး..... ဖိုးဖိုး.....​ မြွေဝိဉာဉ်ကို သွားဖမ်းကြရအောင် ..... ဝုတ်... "

တပိုင်သည်လည်း မျက်လုံးအဝိုင်းသားဖြင့် အန်လင်းအားကြည့်ကာ ပြဇာတ်ကလိုက်သည်။

အန်လင်းနှင့်အတူ သေမျိုးကမ္ဘာထံ လိုက်သွားခဲ့စဉ်က ဟူးလူညီနောင်ကားကို ကြည့်ရှုခဲ့ဖူးသောကြောင့် ချက်ချင်းဆိုသလို သိရှိသွားရခြင်းပင်။

"ကောင်းပြီလေ။ မြွေဝိဉာဉ်က ဘယ်မှာလဲ။ သင်ခန်းစာ ပေးရသေးတာပေါ့။"

အန်လင်းသည် ပုံပြင်ထဲမှ အဖိုးအိုအတိုင်း လေးလေးနက်နက် စကားဆိုလိုက်သည်။

"ဖိုးဖိုး...... မြွေဝိဉာဉ်က ဟိုကျောက်ဆောင်ပေါ်မှာပါ.... ဝုတ်...."

တပိုင် ရယ်မောကာ ပိုင်လင်အား ညွှန်ပြလိုက်သည်။

"ကောင်းတယ်။ ငါတို့ဆီမှာ အဖိုးအိုရယ်၊ ဟူးလူညီနောင် ခုနစ်ဖော်ရယ်၊ မြွေဝိဉာဉ်ရယ် ရှိနေပြီပဲ။"

အန်လင်း စိတ်လှုပ်ရှားစွာ ပိုင်လင်အား ကြည့်ရှုလာသည်။

ပိုင်လင်: ".........."

အန်လင်းနှင့် တပိုင်မှာ ကြက်သီးမွှေးညှင်းများ ထသွားရသည်။

သတ်ဖြတ်ခြင်း စိတ်ဆန္ဒပဲ......

တုန်းကော်သည်ပင် ပါးစပ်ပေါက်အား ပြန်ပိတ်လိုက်ရလေသည်။ သူပြောလိုက်သော စကားအား မည်သူကမှ အရေးတယူ အဖက်မလုပ်ခဲ့ကြပေ။

သူသည် စိတ်ဆင်းရဲနေဟန်ဖြင့် အင်္ကျီစအား ခပ်တင်းတင်း ဆွဲထားမိသည်။

ဒီကမ္ဘာက အရမ်းအေးစက်ခက်ထန်ပြီး ရက်စက်လွန်းတယ်...... ဘာနွေးထွေးမှုမှ မရှိဘူး......

"အစ်ကိုကြီးအန်......ဒီဇာမဏီကို ဘယ်လိုနာမည်ပေးမှာလဲ.....ဝုတ်....."

ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကြောင့် တပိုင်မှာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"မေးတာကောင်းတယ်။ ဖုန့်လေးလို့ ခေါ်သင့်လား။ ဒါမှမဟုတ် ဟွမ်လေးလို့ ခေါ်ရမလား။"

အန်လင်း မေးဖျားကိုပွတ်ကာ အပီအပြင် စဉ်းစားနေသည်။

ပိုင်လင် ကူကယ်ရာမဲ့စွာ ဝင်ပြောလိုက်သည်။

"ဘယ်သူကမှ အဲ့လိုနာမည်မျိုး စဉ်းစားမိမှာ မဟုတ်ဘူး။"

"ကောင်းပြီလေ။ ဟွမ်လေးလို့ ခေါ်ကြတာပေါ့။ အဝါရောင်က ဟွမ်နဲ့ဟွမ်မယ်။"

အန်လင်း၏ ခေါင်းပေါ်တွင် မီးလုံးသင်္ကေတ ပေါ်လာသည့်အလား အကြံကောင်းတစ်ခုကို ထုတ်ပြောလိုက်သည်။

(ကာတွန်းတွေမှာ အကြံထွက်လာရင် မီးလုံးလေး လင်းနေတဲ့ပုံနဲ့ သရုပ်ဖော်ကြပါတယ်။)

ပိုင်လင်: ".........."

တပိုင်: "............"

"ဇာမဏီနဲ့ အိမ်မွေးခွေး မှားနေတာတော့ မဟုတ်ပါဘူးနော်။"

တုန်းကော် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

အရှိန်အဝါ ကြီးမားတဲ့ နတ်သားရဲကို ဟွမ်လေးလို့ ခေါ်မယ်တဲ့လား......

ကျင့်ကြံရေးလောကအပေါ် ထားရှိထားသော သူ၏အတွေးအမြင်များအားလုံး ပြောင်းပြန်ဇောက်ထိုး ဖြစ်သွားသလိုပင်။

All Chapters