← Chapters

ဒါကထွက်ပေါက်ပေါ့

Vol. 52 Ch. 730

ဒါကထွက်ပေါက်ပေါ့

Vol. 52 Ch. 730

ရွှမ်းယွီခုံး သည် ကြောက်မက်ဖွယ် အရှိန်အဝါများကြောင့် ရူးတော့မလို ဖြစ်သွားပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် တိုက်ပွဲအတွေ့အကြုံများစွာ ရှိနေသောကြောင့် စိတ်အားထိန်းချုပ်ကာ တွေဝေမနေပဲ ဝှက်ဖဲများ ထုတ်ဖော်လိုက်သည်။

ကောင်းကင်နေသူရိန်ဒိုင်း........

လေဟာပြင်ဝိဉာဉ်ရှောင်လွှဲခြင်း........

အသက်နတ်ဘုရားအဆောင်........

ရွှမ်းယွီခုံး၏ ခန္ဓာကိုယ် တဝိုက်တွင် အံ့ဖွယ်လျှပ်စီးများ ဖြစ်ပေါ်လာသည်။

ကောင်းကင်နေသူရိန်ဒိုင်းထံမှလည်း ကျယ်ပြန့်လှသော ခုခံကာကွယ်ရေး စွမ်းအင်များ ထွက်ပေါ်နေသည်။

"ဗိုက်ဆာလိုက်တာ...."

လူသားခေါင်းသည် တိုးညင်းစွာ ရေရွတ်ရင်း ကြီးမားလှသော သွေးနီရောင် မျက်ဝန်းများဖြင့် ရွှမ်းယွီခုံးအား ကြည့်ရှုလိုက်သည်။ ပေတစ်သောင်းကျော်ရှိသော ပတ်ဝန်းကျင်သည် ရုတ်ချည်းဆိုသလို ဝဲဂယက်အဖြစ် အသွင်ပြောင်းကာ ကောင်းကင်နေသူရိန်ဒိုင်းလည်း ပျက်စီးသွားရသည်။

"ဖူး....."

ရွှမ်းယွီခုံး သွေးပွက်ပွက်အန်ကာ အော်ဟစ်လိုက်ရသည်။

ဘန်း.....

သူ၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပေါက်ကွဲသွားလေသည်။

ခန္ဓာကိုယ် အပိုင်းအစများအား လူသားခေါင်းမှ စုပ်ယူကာ ဝါးစားရန် ပြင်လိုက်သည်။

"အမ် .........အရသာက ဘယ်လိုကြီးလဲ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အတုကြီးများလား။"

လူသားခေါင်းမှာ တွေဝေသွားရသည်။

ထိုအချိန်တွင် အတုအ​ယောင်များ အားလုံးကို ဖောက်ထွင်းမြင်နိုင်သည်ဟု ထင်မှတ်ရသော နဂါးခေါင်း၏ ရွှေရောင်မျက်ဝန်းများ ပွင့်ဟလာသည်။

"သောက်တုံးကောင်......မင်းက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အတုကို စားနေတာပဲ။"

နဂါးခေါင်း စကားဆိုလိုက်သည်။

ခရက်.......

ဝုန်း......

နဂါးပါးစပ်ထဲမှ ရွှေရောင်မိုးကြိုးများ ထွက်ပေါ်လာကာ တစ်နေရာသို့ ပျံဝဲသွားသည်။ လေထုတစ်ခုလုံးလည်း တုန်ခါနေလေပြီ။

"အား......."

ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခု ရှိနေသော အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။

ထိုသည်မှာ အသက်နတ်ဘုရားအဆောင်အား အသုံးပြုခဲ့သော ရွှမ်းယွီခုံးပင်။

ရွှမ်းယွီခုံးမှာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အဝေးသို့ ထွက်ပြေးလိုက်သည်။

ရန်သူများသည် အလွန်အစွမ်းထက်လွန်းသည်။ ၎င်းတို့၏ လေဟာနယ် ထိန်းချုပ်နိုင်စွမ်းသည် ထိတ်လန့်ဖွယ် ကောင်းလွန်းလှသလို အသက်နတ်ဘုရားအဆောင်ဖြင့် ပြုလုပ်ထားသော ပြောင်းလဲမှုကိုလည်း အလွယ်တကူ တွေ့မြင်နိုင်သည်။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများသည်ပင် ထိုသည်ကို သိရှိနိုင်မည် မဟုတ်ပေ။

ထိုမျှကြောက်မက်ဖွယ်ကောင်းသော သတ္တဝါအား သူမည်သို့မျှ အနိုင်မယူနိုင်ပေ။

သူသည် ဆုတ်ခွာထွက်ပြေးရန် ကြိုးစားနေရင်း ပတ်ဝန်းကျင် တစ်ခုလုံးမှာ မီးပင်လယ်အဖြစ် ပြောင်းလဲသွားလေသည်။

ရွှမ်းယွီခုံး အမူအရာ ပြောင်းလဲကာ မီးလျှံများကို ငြှိမ်းသက်ရန်အတွက် ရေခဲစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ သို့သော် မီးတောက်မီးလျှံများမှာ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး သူ၏ခုခံကာကွယ်မှုများအား ဖျက်စီးကာ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"အား........."

နာနာကျင်ကျင် ဟစ်ကြွေးသံမှာ ပတ်ဝန်းကျင်တခွင် ပဲ့တင်ထပ်သွားသည်။

"အေ့......"

မျက်လုံးမှိတ်ထားခဲ့သော ဇာမဏီခေါင်းမှာ လေချဉ်တက်ကာ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

"ဒေါင်းဇား.......ငါ့ရဲ့အစာကို အစွမ်းသုံးပြီး ခိုးရဲတယ်ပေါ့။"

နဂါးခေါင်း ဒေါသထွက်သွားသည်။

"ဘာလို့ ငါ့ကိုဆူနေတာလဲ။"

လူသားခေါင်းမှာ မကျေမနပ် ဖြစ်သွားလေသည်။

ဇာမဏီခေါင်း : "..........."

"ကျပ်မပြည့်တဲ့ကောင်......"

နဂါးခေါင်းမှာ လူသားခေါင်းအား ဟိန်းဟောက်လိုက်သည်။

"မင်းကိုငါပြောနေလို့လား။"

လူသားခေါင်း ပို၍ပင် စိတ်တိုလာသည်။

"အဲ့ဒါဆို ဘယ်သူ့ကို ပြောနေတာလဲ။"

ဇာမဏီခေါင်းမှာ နေမင်းအလား တောက်ပနေသော မျက်ဝန်းအစုံကို ဖွင့်လိုက်သည်။

"ဒီနေရာမှာ မင်းပဲရှိတယ် ထင်နေလား။"

"ဟုတ်သားပဲ။ မင်းတို့နှစ်ယောက်က ငါနဲ့အတူ ရှိနေတာပဲ။"

လူသားခေါင်း ပျော်ရွှင်စွာ သဘောတူလိုက်သည်။

"ငါပြောချင်တာ အဲ့တာမဟုတ်ဘူး။"

ဇာမဏီခေါင်း တည်ငြိမ်စွာ တုံ့ပြန်လာသည်။

လူသားခေါင်းမှာ နားမလည်နိုင်တော့ပေ။

"ဦးနှောက်မရှိတဲ့ကောင်....."

နဂါးခေါင်းမှာ ငေါက်ငန်းလိုက်ပြန်သည်။

လူသားခေါင်းလည်း ဒေါသဖြစ်လာလေသည်။

"ကောင်းပြီ။ ရန်မဖြစ်ကြနဲ့တော့။"

ဇာမဏီခေါင်းသည် အဖွဲ့ခေါင်းဆောင်အလား ဖြည်းညင်းလေးနက်စွာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါစားလိုက်တဲ့ အစားအစာက မင်းတို့ကိုလည်း အားဖြစ်စေမှာပဲ။ ငါက အကူအညီ ပေးလိုက်တာကို မင်းတို့ ကျေးဇူးတင်သင့်တယ်။"

"ကျေးဇူးတင်ပါတယ်.....ကိုကြီးဇာဇာ....."

လူသားခေါင်းမှာ အလွန်အမင်း ကျေးဇူးတင်သွားသည်။

နဂါးခေါင်းမှာ သည်းမခံနိုင်တော့ပေ။

"သောက်တုံးကောင်......"

ဇာမဏီခေါင်း: "..........."

..............

ဇာမဏီသုတေသနဋ္ဌာန၏ မြောက်ဘက်ပိုင်းတွင် အလွန်မြင့်မားသော တောင်တန်းတစ်ခု ရှိသည်။

ထိုတောင်ထိပ်တွင် အင်မော်တယ်ကုန်းမြေတစ်ခု ရှိလေသည်။

ကောင်းကင်ထက်တွင် ရင်သက်ရှုမောဖွယ် တိမ်စိုင်များ တွဲလဲခိုနေပြီး ရောင်စုံတောက်ပသော ပန်းပွင့်များလည်း နေရာအနှံ့ ပေါက်ရောက်နေသည်။

ပန်းပင်လယ်၏ အလယ်ဗဟိုတွင် အဖြူရောင် နန်းဆောင်တစ်ခု ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။

နန်းဆောင်အား သက်တန့်ရောင်စဉ်တစ်ခု ကာရံကာ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်ထားသည်။

"ဒီနေရာက ထွက်ပေါက်ဆိုတာ သေချာရဲ့လား။"

တီနာ လက်ညှိုးသေးသေးလေးဖြင့် ညွှန်ပြလိုက်သည်။

ရှောင်ဇယ်သည် အရာအားလုံးကို သိနေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့။ နန်းတော်က အဲ့လောက်မကြီးတာကို တွေ့တယ်မလား။ ဒါပေမယ့် ဂိတ်ပေါက်က နည်းတာကြီး မဟုတ်ဘူး။ တစ်ခုခု လွဲနေတာတော့ သေချာတယ်။ ပြီးတော့ ဘယ်လိုဂိတ်ပေါက်က လေဟာနယ် တုန်ခါမှု ရှိမှာလဲ။ အဲ့ဒါကြောင့် ဒီနန်းတော်က ဂိတ်ပေါက်ကို ဖုံးထားတဲ့ ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်။ တကယ်တော့ ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားတဲ့ နေရာပဲ။"

ရှောင်ဇယ်၏ သုံးသပ်ချက်မှာ အဓိပ္ပါယ် ရှိသည်။ ထို့အပြင် တောင်တန်းသည်လည်း သာမန်နှင့် ကွဲထွက်နေလေသည်။ ထူးခြားသော တောင်ထိပ်ရှိ ဂိတ်ပေါက်သည်လည်း ဆန်းကြယ်နေပေလိမ့်မည်။ ထိုယူဆချက်မှာ မှန်ကန်လွန်းလှပေသည်။

"ဆရာက အနားမှာ ရှိနေတာတော့ အာရုံခံမိတယ်။ ဒါပေမယ့် တစ်ခုခုက ခြားထားသလိုပဲ။ အဲ့ဒါကြောင့် တည်နေရာ အတိအကျကို အာရုံခံလို့ မရဘူး။ ဒီဂိတ်ကြောင့်လည်း ဆရာ့ရဲ့ တည်နေရာကို မသိတာ ဖြစ်နိုင်တယ်။"

ရှောင်ဇယ် စကားဆိုလိုက်သည်။

"အင်း....... ငါလည်း ဘီလူးအန်လင်း ရှိနေတာကို သိပေမယ့် ဘယ်နေရာမှာလဲ မပြောတတ်ဘူး။ ဒီဂိတ်ရဲ့ တခြားတစ်ဖက်မှာ စောင့်နေတာ ဖြစ်လောက်တယ်။"

တီနာ ပြုံးကာပြောလိုက်သည်။

သားရဲစာချုပ်နှင့် ဆရာတပည့်စာချုပ်သည် တစ်ဦးနှင့်တစ်ဦး တည်ရှိမှုများကို အာရုံခံစေနိုင်သည်။

သို့သော် ဆန်းကြယ်သော စွမ်းအင်တစ်ခုကြောင့် ၎င်းတို့သည် အန်လင်း၏ တည်နေရာအား အတိအကျ အာရုံမခံနိုင်ကြပေ။ ထိုသည်မှာ ဤဂိတ်ပေါက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

"အဲ့ဒါဆို ဘာလို့တွေဝေနေဦးမှာလဲ။ အကာအရံကို ဖျက်စီးကြရအောင်။"

ရှောင်ဇယ် တက်ကြွစွာ ပြောလိုက်သည်။

"ဆရာတောင် အကာအရံကို ဖျက်စီးနိုင်ရင် ငါတို့လည်း လုပ်နိုင်မှာပဲ။"

"ကောင်းပြီလေ။"

တီနာ လေးလေးနက်နက် တုံ့ပြန်ကာ စွမ်းအင်များ စီးဆင်းစေလိုက်သည်။

ဝုန်း...... ဝုန်း...... ဝုန်း......

မြင့်မြတ်သော အလင်းရောင်နှင့်အတူ မိုးကြိုးများ ပေါက်ကွဲနေလေသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် စွမ်းအင်လှိုင်းဂယက်များ ​ဖြစ်ပေါ်လာကာ ကောင်းကင်ထက်ရှိ ဟာသမျက်နှာများသည်ပင် ပေါက်ကွဲကုန်ရသည်။

ထိုအချိန်တွင် အဖြူရောင် နန်းတော်ထဲရှိ မဟူရာ အလုံးတစ်ခုမှာလည်း ပြင်းထန်စွာ လည်ပတ်နေလျက် ရှိသည်။

ခန္ဓာကိုယ်အောက်ပိုင်းသည် မြွေအသွင် ရှိနေသော အလွန်လှပသည့် အမျိုးသမီး တစ်ဦးမှာ မျက်မှောင်ကျုံ့လိုက်သည်။

ငါ့ရဲ့အိမ်တော်ကို ဘယ်သူက ဗုံးလာခွဲနေတာလဲ.......

သုတေသနဋ္ဌာနအတွက် ထိန်းချုပ်ပိုင်ခွင့်အား ပိုင်လင်နှင့် ပြိုင်ဆိုင်နေရသောကြောင့်သာ မဟုတ်ပါက ထိုသူများအား သင်ခန်းစာ ပေးပြီးလောက်ပြီပင်။

ထိုသည်မှာ မြွေနက်ဝိဉာဉ်၏ အစစ်အမှန်ခန္ဓာ ဖြစ်သည်။

သူမ၏ ကိုယ်ပွားသည် အစောပိုင်းကပင် အန်လင်းနှင့်တွေ့ကာ ဇာမဏီဥအားယူရန် ကြိုးစားခဲ့သေးသည်။

သို့သော် ထိုကြိုးစားမှု ကျရှုံးခဲ့ရုံတင်မက ပိုင်လင်အား အနှောင့်အယှက်ပေးရန် စေလွှတ်ထားသော မိစ္ဆာကလေးငယ်ပါ ဖိနှိပ်ခံခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ပြိုင်ပွဲတွင် အသာစီး ရနေသောကြောင့် ထိုအ​​ခြေအနေများကို သည်းခံနိုင်ပေသည်။

ယခုတွင်မူ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူနှစ်ဦးမှာ သူမအိမ်အား ဗုံးလာခွဲနေသည်။

သူမသည် ပြိုင်ပွဲတွင် အာရုံစိုက်နေရသောကြောင့် ကိုယ်ပွားတစ်ခုသာ ထုတ်နိုင်ခဲ့ပြီး ထိုကိုယ်ပွားမှာလည်း ပိုင်လင်၏ ဖျက်စီးခြင်းကို ခံခဲ့ရသောကြောင့် အိမ်တော် အပြင်ဘက်တွင် ရှိနေသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦးအား ဆုံးမနိုင်မည့်သူ မရှိပေ။

ဝုန်း..... ဝုန်း........ ဝုန်း.........

ဘုန်း....... ဘုန်း....... ဘုန်း.........

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူသည် အလောတကြီး ဖြစ်မနေပဲ အေးအေးဆေးဆေးပင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

မြွေနက်ဝိဉာဉ်မှာ အလွန်အမင်း ဒေါသထွက်နေလေပြီ။

ဒီနှစ်ကောင်က ဘာတွေလဲ......

သူတို့ ဗုံးခွဲနေတာ အိမ်တော်ကြီးဆိုတာ မမြင်ဘူးလား......

ငါ့ပိုင်ဆိုင်မှုကို အသားလွတ်ကြီး လာဖျက်စီးနေတာပဲ.....

သူမသည် အိမ်တော်အား ကာကွယ်ရန် အကာအကွယ်များ ပြုလုပ်ထားခြင်းပင်။

ထိုသည်ကို ယင်းမျောက်မနိုင်မသား နှစ်ကောင်မှာ ဗုံးလာခွဲနေလေသည်။

ဒါက ပြစ်မှုမြောက်တယ် ဆိုတာရော ဒင်းတို့သိရဲ့လား......

မြွေနက်ဝိဉာဉ် မသိလိုက်သည်မှာ ရှောင်ဇယ်နှင့် တီနာသည် သူမ၏ အိမ်တော်တံခါးဝအား ပြင်ပကမ္ဘာနှင့် ဆက်နွယ်နေသည့် ဂိတ်ပေါက်ထင်နေသောကြောင့် လွတ်လပ်ရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်နေခြင်းပင် ဖြစ်တော့သည်။

All Chapters