← Chapters

အံ့ဖွယ်အကာအရံဖျက်လက်ညှိုး

Vol. 52 Ch. 731

အံ့ဖွယ်အကာအရံဖျက်လက်ညှိုး

Vol. 52 Ch. 731

၎င်းတို့သည် မြွေနက်ဝိဉာဉ်အား အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်စေပါသော်လည်း အံ့ဖွယ်တာအိုအား မရရှိသေးသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည် အကာအရံအား ဖျက်စီးနိုင်မည် မဟုတ်ကြောင်း သိရှိနေသောကြောင့် သူမ အတတ်နိုင်ဆုံး လျစ်လျူရှုထားလိုက်သည်။

တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနှင့် ဆူညံနေသောကြောင့် စိတ်အခန့်မသင့် ဖြစ်ရသည်သာ ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် အိမ်တော်၏ အကာအရံအား ချိုးဖျက်နိုင်မည် မဟုတ်ပေ။

အိမ်တော်အပြင်ဘက်တွင်ရှိသော ရှောင်ဇယ်နှင့် တီနာတို့သည် အဆက်မပြတ် ထုတ်လွှတ်နေရသော တိုက်ခိုက်မှုများကြောင့် ပင်ပန်းနွမ်းနယ်စ ပြုလာလေပြီ။

၎င်းတို့သည် အသက်ပြင်းပြင်းရှူကာ သွေးဝိဉာဉ်ဆေးလုံးကို သောက်သုံးလိုက်ကြသည်။

"အလုပ်မဖြစ်ဘူး။ ဂိတ်ပေါက်က အဲ့လောက်ကြီး အဆင့်မြင့်နေပါ့မလား။ ဒါကတကယ်ရော ပြင်ပကမ္ဘာကိုသွားတဲ့ ထွက်ပေါက်မှဟုတ်ရဲ့လား။"

"ငါတို့ကို ပိတ်ထားဖို့ အတွက်လောက်နဲ့ ဒီလောက်ကြီး အဆင့်မြင့်တဲ့ အကာအရံကို လုပ်ထားပါ့မလား။ ဒါမှမဟုတ် ဒါက ကာကွယ်ထားတဲ့ အိမ်တော်တစ်ခုများလား။"

ချွေးဒီးဒီးကျနေသော တီနာမှာ ရှောင်ဇယ်၏ သုံးသပ်ချက်အား သံသယ ဝင်လာလေပြီ။

မြွေနက်ဝိဉာဉ်သည် ပြိုင်ပွဲတွင် အာရုံစိုက်နေရသောကြောင့် လှုပ်ရှားမရပါသော်လည်း ၎င်းတို့၏ စကားများကို ကြားနေရသည်။

ထို့ကြောင့် တီနာ၏ စကားအား ကြားလိုက်ရသောအခါ အလွန်ပင် ရင်ထဲထိသွားရသည်။

တော်သေးတာပေါ့........ နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဦးနှောက်ရှိသေးလို့....... နောက်ဆုံးတော့ အခြေအနေမှန်ကို သိသွားပြီပဲ........

"မင်းသိချင်မှသိမှာ..... ဒါပေမယ့် တချို့ အဆင့်မြင့် ကျင့်ကြံသူတွေက အဲ့လိုလုပ်ရတာ သဘောကျကြတယ်။"

ရှောင်ဇယ် လေးနက်စွာ စကားဆိုလိုက်သည်။

"သူတို့တွေက အချိန်အကြာကြီး အသက်ရှင်လာတော့ ဘဝကို ပျင်းရိနေပြီလေ။ အဲ့ဒါကြောင့် လူတချို့ကိုထောင်ဖမ်း မကောင်းဆိုးဝါးတွေ လွှတ်ပေးပြီးတော့ အမဲလိုက်ခိုင်းကြတယ်။ သူတို့ကတော့ ပွဲတော်ကြီး တစ်ခုလို စောင့်ကြည့်နေကြတာပေါ့။ အဲ့လိုစိတ်ဓာတ်ရှိတဲ့ အဆင့်မြင့် ကျင့်ကြံသူသာဆို ငါတို့ကို ထွက်သွားစေချင်မှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် အခုလိုမျိုး သေသေချာချာ အပေါက်ပိတ်ထားတာပေါ့။"

တီနာမှာ ကြားလိုက်ရသော စကားအား မယုံကြည်နိုင်ပင် ဖြစ်မိသွားသည်။

"ဘယ်လိုတောင် ယုတ်မာတဲ့ဟာတွေလဲ။"

မြွေနက်ဝိဉာဉ်မှာ သွေးအန်တော့မလိုပင် ဖြစ်သွားရသည်။

"နင်ကသာ ယုတ်မာတာ။ နင့်ရဲ့ တစ်မျိုးလုံး၊ တစ်ဆွေလုံး၊ တစ်မိသားစုလုံးကသာ ယုတ်မာတာ။"

ရုတ်တရက် ထောင်းထလာသော ဒေါသတရားကြောင့် ဤကမ္ဘာအား ထိန်းချုပ်နေသော မြွေနက်ဝိဉာဉ်၏ စွမ်းအင်များ တုန်ခါသွားကာ ပိုင်လင်အား အခွင့်အရေး ပေးသလို ဖြစ်သွားခဲ့သည်။

မြွေနက်ဝိဉာဉ်မှာ ခံစားချက်များအား တည်ငြိမ်စေကာ ပြိုင်ပွဲအပေါ် အာရုံစိုက်လိုက်လေသည်။

တီနာ အနည်းငယ်တွေးကာ ပြောလိုက်သည်။

"ဒီနည်းလမ်းကို မသုံးချင်ပါဘူး။ ဒါပေမယ့် ဒီဝှက်ဖဲကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ အဲ့ဒါ​က အကာအရံကို ဖျက်စီးပစ်နိုင်လိမ့်မယ်။"

မြွေနက်ဝိဉာဉ် လှောင်ပြုံးပြုံးလိုက်သည်။ ထိုနတ်သမီးငယ်လေးနှင့် နဂါးနက်တို့ တစ်နေကုန် ဗုံးထိုင်ခွဲနေလျှင်ပင် သူမ၏ အကာအရံအား ဖျက်စီးနိုင်မည် မဟုတ်သည်ကို အပြည့်အဝ ယုံကြည်ပေသည်။

တီနာ ရှောင်ဇယ်အားကြည့်ကာ ပြောလိုက်သည်။

"ဒီနည်းလမ်းကို သုံးပြီးရင် ငါအားနည်းသွားလိမ့်မယ်။ အဲ့ဒါကြောင့် ဘီလူးအန်လင်းကို စောင့်ရှောက်ဖို့ တာဝန်ကို နင့်ဆီပဲ လွှဲထားရတော့မယ်။"

ရှောင်ဇယ် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဆရာ့ကို ကာကွယ်ဖို့အတွက်တော့ စိတ်မပူပါနဲ့။ ဒီအကာအရံကို မင်းဖျက်စီးနိုင်တာ သေချာရဲ့လား။ ငါကူညီပေးနိုင်တာရော ရှိသေးလား။"

ထိုအကာအရံအား ရှောင်ဇယ်အနေဖြင့် မည်သို့မျှ မဖျက်စီးနိုင်ပေ။

ထို့ကြောင့်ပင် တီနာအား စိုးရိမ်မိနေခြင်း ဖြစ်သည်။

"စိတ်မပူပါနဲ့။ ဒီကျင့်စဉ်က ငါ့ကိုယ်တိုင် ဖန်တီးထားတဲ့ နတ်ဘုရားအဆင့် ကျင့်စဉ်လေ။ နာမည်က အံ့ဖွယ်အကာအရံဖျက်လက်ညှိုးတဲ့။"

တီနာ၏ မျက်ဝန်းထဲတွင် တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြား လင်းလက်နေသော အရောင်အဝါတစ်ခု တောက်ပလာပြီးနောက် သက်တန့်အကာအရံအား လက်ညှိုးထိုးလိုက်သည်။

ကောင်းကင်နှင့်မြေပြင်မှာ ရုတ်ချည်းဆိုသလို ဆိတ်ငြိမ်သွားကာ တီနာ၏ လက်ညှိုးထိပ်ကသာ အာရုံစိုက်စရာ ဖြစ်လာသည်။

မြွေနက်ဝိဉာဉ် အမူအရာ ပြောင်းလဲသွားလေသည်။

"ဒါက.........."

ဝုန်း.......

နယ်မြေထိုးဖောက်ခြင်း စွမ်းအင်များ ပါဝင်နေသော ရွှေရောင်အလင်းတစ်ခု ထွန်းလင်းလာသည်။

ထိုသည်မှာ တောင်ထိပ်တွင် နေမင်းအသစ်တစ်လုံး ထွက်ပေါ်လာသလိုပင်။

ထို့နောက် စူးရှရှ အက်ကွဲသံနှင့်အတူ တစ်စုံတစ်ခု ပျက်စီးသွားလေသည်။

ပတ်ဝန်းကျင်တခွင်လုံး ရွှေရောင်များသာ ကြီးစိုးနေသည်။

ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီးနောက် တီနာသည်လည်း ရှောင်ဇယ်၏ ရင်ခွင်ထဲ လဲကျသွားတော့သည်။

ရှောင်ဇယ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။

"နာလေး....... မင်းလက်ညှိုး...... မင်းက ကောင်းကင်ဘုံကိုတောင် ဖျက်စီးတော့မလို့လား။"

တီနာသည် အားယူကာ တိုးညင်းစွာ ပြောလိုက်သည်။

"ဟီးဟီး.......အထင်ကြီးစရာ ကောင်းတယ်မလား။ ဘယ်လိုလဲ.......... အကာအရံ ပျက်စီးသွားရဲ့လား။"

ရှောင်ဇယ် ခေါင်းညိတ်ပြလိုက်သည်။

"အင်း....... ပျက်စီးသွားပြီ။"

တီနာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

"အကာအရံတင် မကဘူး။ ဂိတ်ပေါက်ပါ ပျက်စီးသွားတာ။"

ရှောင်ဇယ် စကားဆိုလိုက်သည်။

တီနာ အံ့အားသင့်ကာ ထထိုင်လိုက်မိသည်။

မူးနောက်နောက် ဖြစ်နေခြင်းများပင် ဘယ်ရောက်သွားသလဲ မသိတော့ပေ။

သက်တန့်ရောင် အကာအရံသာမက ကြီးမားလှသော ဂိတ်ပေါက်ကြီးသည်လည်း ပျက်စီးနေလေပြီ။

အဖြူရောင် နန်းတော်ကြီးမှာလည်း အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် အဝတ်အစားများ ဆုတ်ပြဲနေသော အလွန်လှပသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ လက်ထဲတွင် မဟူရာအလုံးတစ်လုံး ရှိနေပြီး ၎င်းတို့အား အေးစက်ခက်ထန်စွာ ကြည့်ရှုနေသည်။

တီနာ: "........ "

"ရှောင်ဇယ်........ ငါတို့အမှားလုပ်မိပြီလို့ ဘာလို့ခံစားနေရတာလဲ။ ဒီမိန်းမက အရမ်းလှပေမယ့် မျက်ဝန်းထဲမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတွေ ပြည့်နေတယ်။"

တီနာ ခက်ခဲစွာ ပြောလိုက်သည်။

ရှောင်ဇယ်လည်း စိတ်ကသိကအောက် ဖြစ်နေလေသည်။

"တစ်ခုခုကို နားလည်မှု လွဲနေပုံပဲ။"

မြွေနက်ဝိဉာဉ်: "ဟင်းဟင်း......"

ရှောင်ဇယ်သည် ဆိုးရွားလှသော အကြောက်တရားကို ခံစားမိလိုက်ပြီးနောက် နဂါးအသွင်ပြောင်းကာ တီနာအားသယ်လျက် တချိုးတည်း ထွက်ပြေးတော့သည်။

ဝုန်း.......

အနက်ရောင် စွမ်းအင်များသည် ကောင်းကင်တခွင် လွှမ်းမိုးသွားသောကြောင့် နေရောင်များပင် ကွယ်ပျောက်ကုန်ရသည်။

ကျင့်ကြံသူများသည် တအံ့တသြဖြင့် တောင်ထိပ်အား လှမ်း​ကြည့်မိကြသည်။ အလွန်ဝေးကွာနေပါသော်လည်း ၎င်းတို့သည်ပင် အသက်ရှူမဝ ဖြစ်လာသည်။

ထို့အပြင် နဂါးတစ်ကောင်၏ အော်ဟစ်သံကိုပါ ကြားနေရသလိုပင်။

မကြာမီပင် အမှောင်ထုများ ပျောက်ကွယ်ကာ ဟာသမျက်နှာများ ပြန်လည်ပေါ်ထွက်လာသည်။

ကြီးမားလှသော နဂါးကြီးသည် တောင်ထိပ်မှ ပြုတ်ကျလာကာ နဂါးကြေးခွံများသည်လည်း မိုးရွာချသလို ကျဆင်းလာသည်။

ရှောင်ဇယ်မှာ သွေးပွက်ပွက်အန်ကာ တုန်လှုပ်စွာဖြင့် တောင်ထိပ်အား မော့ကြည့်မိသည်။

သူသေတော့မလိုပင် ခံစားနေရသည်။ တစ်စုံတစ်ခုသည် ထိုအမျိုးသမီး၏ အာရုံစိုက်မှုအား ဆွဲယူသွားသောကြောင့်သာ မဟုတ်ပါက သူသည်ပင် ဘဝကူးနေလောက်ပြီ။

ရှောင်ဇယ်သည် လက်အားဖြန့်လိုက်သောအခါ တီနာမှာ မထိခိုက်ပဲ ရှိနေသောကြောင့် စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။

ကြည့်ရတာ အခုတော့ လွတ်ပြီထင်တယ်.........

သို့သော် ၎င်းတို့နှစ်ဦးလုံး အခြေအနေ ဆိုးရွားနေသောကြောင့် ပြန်လည်ကုသရန် နေရာကောင်းတစ်ခု ရှာရဦးမည်ပင်။

ရှောင်ဇယ်မှာ အဝေးသို့ ပျံဝဲသွားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုတောင်နားသို့ ဘယ်သောအခါမှ ပြန်လာတော့မည် မဟုတ်ပေ။

...............

တောင်တန်းကြီး၏ အတွင်းပိုင်း တစ်နေရာ၌

ပိုင်လင်သည် ပြိုင်ပွဲအတွက် အပြည့်အဝ အာရုံစိုက်နေသည်။

အခွင့်အရေးပဲ.......

သူမသည် မြွေနက်ဝိဉာဉ်၏ ဖျက်စီးမရနိုင်သော ချပ်ဝတ်တန်ဆာတွင် ပေါ်လာသော အကွဲကြောင်းအား တိုက်ခိုက်လိုက်သည်။

"ဟီးဟီး...... မြွေနက်ဝိဉာဉ်က ရုတ်တရက် အမှားလုပ်မိလိုက်ပုံပဲ။ တုံးအလိုက်တာ။"

ပိုင်လင် ကူကယ်ရာမဲ့စွာ ရယ်မောကခုန်လိုက်သည်။

အန်လင်းသည်လည်း စိတ်ဝင်စားသွားရသည်။

"မြွေနက်ဝိဉာဉ် တစ်ခုခု ဖြစ်လို့လား။"

"ငါလည်းမသိဘူး။ ဒါပေမယ့် သူမရဲ့ ထိန်းချုပ်မှု အားလုံးကို ရုတ်တရက် လွှတ်ချလိုက်တယ်။"

"ဟားဟား...... သူမအိမ် ပေါက်ကွဲသွားတာများလား။"

"ခဏလေးဆိုပေမယ့် အခြေအနေတွေပြောင်းဖို့ လုံလောက်တယ်လေ။"

ပိုင်လင်မှာ အမှန်တကယ် စိတ်ကျေနပ်နေပုံ ရသည်။

အန်လင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ မြွေနက်ဝိဉာဉ်နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံဖူးပါသော်လည်း မကောင်းသော အမှတ်တရများသာ ရှိခဲ့သောကြောင့် သူသည် ပိုင်လင်ကိုသာ ပိုပိုသာသာ အလေးသာသည်။ ထို့ကြောင့် ဤကမ္ဘာ ထိန်းချုပ်ခွင့်အား ပိုင်လင် ရရှိမည်ကို ကျေနပ်မိသည်။

"တစ်ခုခု မဖြစ်ပဲနဲ့တော့ မြွေနက်ဝိဉာဉ်က အခုလို အမှားလုပ်မှာ မဟုတ်ဘူး။"

ပိုင်လင် အဓိပ္ပါယ်ရှိစွာ သုံးသပ်လိုက်သည်။

"ကံကြမ္မာများလား။"

အန်လင်း ရယ်မောလိုက်သည်။

"ဘယ်သူပဲဖြစ်ဖြစ် မြွေနက်ဝိဉာဉ်ကို အနှောင့်အယှက်ပေးနိုင်တာ တကယ်တော်တာပဲ။ မသိရင် နတ်ဘုရားမတစ်ပါး လာကူညီပေးနေသလိုပဲနော်။"

(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဉ် (၆၂) ထိရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)

All Chapters