တောင်တန်းပေါက်ကွဲခြင်း
Vol. 52 Ch. 732
မြွေနက်ဝိဉာဉ်သည် ဒေါသထွက်လွန်းသောကြောင့် သွေးအန်တော့မလို ဖြစ်နေသည်။
သူမ၏ အကာအရံမှာ ပျက်စီးသွားရုံသာမက အိမ်တော်တစ်ခုလုံး အပိုင်းပိုင်းအစစဖြစ်ကာ အဝတ်အစားများပင် ဆုတ်ပြဲသွားခဲ့ရသည်။ သူမအနေဖြင့် မည်သို့မှ စိတ်အေးအေး မထားနိုင်တော့ပေ။
အဲ့နှစ်ကောင် သေကိုသေရမယ်..........
ပြိုင်ပွဲအတွက် အပြည့်အဝ အာရုံစိုက်ထားရန် လိုအပ်ပါသော်လည်း ဒေါသကို မထိန်းနိုင်သောကြောင့် ထိုနှစ်ဦးအား အားရအောင် ဆော်ပလော်တီးပစ်လိုက်သည်။ သို့သော် စိတ်လက်မာန်ပါ လုပ်လိုက်မိသောကြောင့် ပြိုင်ပွဲ၏ အခြေအနေမှာ ပြောင်းသွားရလေသည်။
ပိုင်လင်သည် အခွင့်အရေးအား အမိအရယူကာ လှုပ်ရှားလိုက်သည်။
မြွေနက်ဝိဉာဉ် တရှူးရှူးတရှဲရှဲ ဖြစ်နေသည်။
အဲ့နှစ်ကောင်က ဘယ်ကပေါ်လာတာလဲ.........
နတ်သမီးငယ်လေးသည် ဘီလူးအန်လင်းဟု ဆိုခဲ့သေးသည်။ အန်လင်း စေလွှတ်လိုက်လေသည်လော။
"ဟမ့်..အန်လင်း ခွေးကောင်......... ငါဒါကို မမေ့ဘူး။"
မြွေနက်ဝိဉာဉ်သည် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် အံတင်းတင်း ကြိတ်ထားလိုက်သည်။
..............
ဇာမဏီသုတေသနဋ္ဌာန၌
အန်လင်းသည် အတော်ပင် သက်သာနေပြီ ဖြစ်သောကြောင့် သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းအား တုန်းကော်ထံ တစ်လှည့်ပေးလိုက်သည်။
အင်မော်တယ်ဆေး၏ အစွမ်းအပြင် အင်မော်တယ်ရတနာနှင့် စစ်နတ်ဘုရား ခန္ဓာတို့ကြောင့် အန်လင်းမှာ လျင်မြန်စွာပင် ကောင်းမွန်လာသည်။
"အန်လင်း...... သုတေသနဋ္ဌာနကို ငါတော်တော်လေး ထိန်းချုပ်လို့ ရနေပြီ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးယောက်က အပြင်ဘက်မှာ နင့်ကိုစောင့်နေကြတယ်။ သေချာဂရုစိုက်ဦး။"
ပိုင်လင် သတိပေးလိုက်သည်။
အန်လင်း မြေပြင်ပေါ် ထိုင်ချလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ အစ်မကြီးပိုင် လုပ်စရာရှိတာ လုပ်ပြီးမှ ကျွန်တော်တို့ တူတူသွားကြတာပေါ့။ အဲ့ဒေါင်းဇားတွေကို ရှင်းပေးမယ်မလား။"
ပိုင်လင် ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ငါကူညီပေးမယ်လို့ ဘာလို့သေချာနေတာလဲ။"
"အစ်မကြီးပိုင် ကူညီပေးမယ်ဆိုတာ သိပြီးသားလေ။ ကျွန်တော်တို့က သေရေးရှင်ရေး အခြေအနေတွေကို တူတူကျော်ဖြတ်လာတဲ့ ရဲဘော်ရဲဘက်တွေပဲဟာ။"
အန်လင်း ဝံ့ကြွားစွာ ပြောလိုက်သည်။
"ခစ်ခစ်..... ဟုတ်ပါပြီ။"
ပိုင်လင် ငြင်းဆိုခြင်း မရှိပေ။
"မြွေနက်ဝိဉာဉ်ဆီက ရထားတဲ့ ငွေရောင်ဂမ်ဒမ်ကိုရော ပြန်ပြင်ပြီးပြီလား။"
"မပြင်ရသေးဘူး။ ကျွန်တော့် သိုလှောင်လက်စွပ်ထဲမှာ စိတ်ဝိဉာဉ်ကျောက်တုံး မကျန်တော့ဘူးလေ။"
ပိုင်လင်၏ မေးခွန်းကြောင့် အန်လင်း သက်ပြင်းချမိသည်။ သိုလှောင်လက်စွပ်ထဲတွင် စိတ်ဝိဉာဉ်ကျောက်တုံးပင် မကျန်တော့သည့်အတွက် ငွေရောင်ဂမ်ဒမ်ကိုပင် ပြုပြင်မပေးနိုင်ပေ။
"နင်က တော်တော်လေး ချမ်းသာတယ် မဟုတ်လား။"
ပိုင်လင် အံ့အားတကြီး ဖြစ်သွားသည်။
အန်လင်း သက်ပြင်းချလိုက်ပြန်သည်။
"စိတ်ဝိဉာဉ်ကျောက်တုံးတွေ အားလုံးကို ပစ္စည်းဝယ်တဲ့ နေရာမှာ သုံးလိုက်ပြီ။"
ထို့နောက် တုန်းကော်အားကြည့်ကာ ပြုံးလိုက်မိသည်။
"ဘာ......... ဘာလုပ်မလို့လဲ။ "
တုန်းကော် ထိတ်လန့်သွားသည်။
အန်လင်းသည် သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းထံသွားကာ တုန်းကော်အား မျက်နှာချင်းဆိုင် ကြည့်ရှုလိုက်သည်။
"ငွေလေးဘာလေး ချေးမလို့ပါ။"
တုန်းကော်: "............."
တုန်းကော်သည် ရွေးချယ်စရာ မရှိပဲ မျက်ရည်အရွှဲသားဖြင့် စိတ်ဝိဉာဉ်ကျောက်တုံးများ ပေးလိုက်ရသည်။
သူအလွန်ပင် စိတ်မသက်မသာ ဖြစ်နေမိသည်။
သခင်က ဒီငွေတွေ ပြန်ပေးပါ့မလား.......... သူက အရမ်းချမ်းသာတော့ ပြန်ဆပ်လောက်မှာပါ......... ဟုတ်တယ်မလား...........
ဤသို့ဖြင့် နှစ်နာရီမျှသော အချိန်မှာ ကုန်ဆုံးသွားခဲ့သည်။
တုန်းကော်သည်လည်း ဒဏ်ရာများ သက်သာသွားသောကြောင့် ၎င်းတို့သုံးဦးမှာ ပိုင်လင်၏ အောင်မြင်မှုကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
အစိမ်းရောင် ဂိတ်တံခါး အပြင်ဘက်တွင် ရှိနေသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးမှာလည်း စိတ်ရှည်ရှည် ရှိနေကြသည်။
အနောက်ဘက်ခြမ်းတွင်မူ စုဝမ်ကျွင်းသည် လျှိုချင်းဟွမ်နှင့် စုချန်းရန်တို့အားခေါ်ကာ တောင်တန်းကြီးထံ ပျံသန်းလာသည်။
မြောက်ဘက်ခြမ်းတွင်မူ ဗိုလ်ချုပ် လုံကွေးသည် ရွှေရောင်လှံအား ကိုင်ဆောင်ထားပြီး ရွှေအလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ တာအိုသခင် ယွီလန်နောက် လိုက်တော့သည်။
"သခင်မ လုံကွေး ကျုပ်အင်မော်တယ်မြက်ပင်ကို ပေးပြီးပြီလေ။ ဘာလို့ အနောက်က လိုက်နေသေးတာလဲ။"
တာအိုသခင် ယွီလန်မှာ အသားကုန် ထွက်ပြေးနေရသောကြောင့် မောပန်းနေလေပြီ။
"ဟမ့်........... ကောင်းကင်မိစ္ဆာဂိုဏ်းက ခရမ်းကြယ်စင်ပြည်နယ်ရဲ့ ဂြိုလ်ဆိုးဆိုပြီး နာမည်ကျော်ကြားကြတယ်လေ။ ခရမ်းကြယ်စင်ပြည်နယ်ရဲ့ ကောင်းကျိုးအတွက် ကောင်းကင်မိစ္ဆာဂိုဏ်းကို အမြစ်ဖြတ်ပေးရမှာပေါ့။"
လုံကွေး စကားဆိုလိုက်သည်နှင့် ရွှေရောင်လှံထံမှ နဂါးများ ရုပ်လုံးပေါ်လာကာ တာအိုသခင် ယွီလန်ထံ ပျံဝဲသွားသည်။
တာအိုသခင် ယွီလန်သည် လှုပ်ရှားမှုများကိုသုံးကာ လုံကွေး၏ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်ရသည်။
သူသည် လုံကွေးအား အနိုင်မတိုက်နိုင်ပါသော်လည်း လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။
မိစ္ဆာကျင့်ကြံသူအတွက် မည်သည့်အရာမှာ အရေးကြီးပါသနည်း။
ကြောက်မက်ဖွယ် မိစ္ဆာမန္တာန်များ မဟုတ်ပဲ ထွက်ပြေးခြင်းသာ ဖြစ်သည်။
ခြေထောက်နှင့်တင်ပါး တသားတည်းကျအောင် မပြေးနိုင်သော မိစ္ဆာကျင့်ကြံသူများသည် အနှေးနှင့်အမြန် ဒုက္ခရောက်ရမည်သာ ဖြစ်သောကြောင့် အသက်ဘေးအတွက် ဝှီးခနဲနေအောင် ပြေးတတ်မှရမည်သာ။
တာအိုသခင် ယွီလန်သည် နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်လာသော မိစ္ဆာကျင့်ကြံသူ ဖြစ်သောကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကြားတွင်ပင် ထွက်ပြေးသည့် စွမ်းရည်မှာ ထိပ်တန်းအဆင့် ရှိသည်။ ထိုသို့မဟုတ်ပါက ယခင်ကတည်းက အသက်ပျောက်နေလောက်ပြီပင်။
အင်း......... ကြည့်ရတာ ဟိုအဝေးမှာ တောင်ကြီးတစ်လုံး ရှိပုံပဲ............. ကောင်းတယ်......... ပုန်းဖို့အတွက် အသင့်တော်ဆုံးပဲ.......... လုံကွေးနဲ့ ဝေးသွားအောင် လျှို့ဝှက်ကျင့်စဉ်နဲ့ ထွက်ပြေးပြီး တောင်ကြီးဆီရောက်ရင် အရှိန်အဝါ ဖုံးထားလိုက်မယ်....... အဟက်....... အဲ့လိုသာဆို လုံကွေး ဘယ်လောက်တော်တော် ငါ့ကိုရှာနိုင်မှာ မဟုတ်ဘူး........
တာအိုသခင် ယွီလန်သည် ခြေထောက်အား ဆောင့်နင်းကာ မြန်ဆန်လှသော အလျင်ဖြင့် တောင်ကြီးထံ ပျံသန်းသွားတော့သည်။
..................
တောင်ထိပ်၌
မြွေနက်ဝိဉာဉ်မှာ မူမမှန်သော စွမ်းအင်စီးကြောင်းအား ရုတ်တရက် အာရုံခံလိုက်မိသည်။
သူမ မျက်မှောင်ကျုံ့ကာ တောင်တစ်ခုလုံး၏ အခြေအနေအား စစ်ဆေးကြည့်ရှုလိုက်သည်။
ချက်ချင်းဆိုသလို မျက်နှာပျက်သွားကာ ပိုင်လင်အား လှမ်းအကြောင်းကြားလိုက်ရသည်။
...............
ဇာမဏီသုတေသနဋ္ဌာန၌
မြွေနက်ဝိဉာဉ်ထံမှ သတင်းစကားကြောင့် ပိုင်လင်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ။"
အန်လင်း ပိုင်လင်အားကြည့်ကာ မေးလိုက်သည်။
"မြွေနက်ဝိဉာဉ်က အရေးကြီး ကိစ္စရှိလို့ ထိန်းချုပ်ခွင့် လိုချင်တယ်တဲ့။"
ပိုင်လင် စကားဆိုလိုက်သည်။
အန်လင်း မျက်နှာပျက်သွားလေသည်။
"ဒီကမ္ဘာရဲ့ ထိန်းချုပ်ပိုင်ခွင့်ကို လိုချင်လို့ ပလီနေတာ မဟုတ်ဘူးလား။"
ပိုင်လင် ခေါင်းခါပြလိုက်သည်။
"သူမ ပြောတာက အရှုံးကို လက်ခံတယ်တဲ့။ ဒါပေမယ့် ထိန်းချုပ်ခွင့်ကိုတော့ ခဏပြန်ပေးရမယ် ပြောတယ်။"
"အစ်မကြီးပိုင် သူမကို ယုံလား။"
အန်လင်း မေးမြန်းလိုက်သည်။
မြွေနက်ဝိဉာဉ်သာ စကားမတည်ခဲ့ပါက ပိုင်လင်သည်လည်း ဘာမှတတ်နိုင်မည် မဟုတ်ပေ။
ပိုင်လင် တွေဝေနေချိန်တွင် သတင်းတစ်ခု ထပ်ရောက်လာသည်။
"အရေးကြီးတယ်။ တကယ်အရေးကြီးနေလို့ ကျေးဇူးပြုပြီး ငါ့ကိုယုံပေးပါ။"
"ဟူး......"
ပိုင်လင် သက်ပြင်းချလိုက်သည်။
"ယုံလိုက်ပါ့မယ်လေ။"
သူမသည် လက်ထဲမှ အဖြူရောင် အလုံးအား လက်လွှတ်ကာ အပြာရောင် အကာအရံကိုလည်း ရုတ်သိမ်းလိုက်သည်။
အဖြူရောင် အလင်းလုံးမှာ ချက်ချင်းဆိုသလို မှေးမှိန်သွားလေသည်။
ပိုင်လင် တောက်ပစွာပြုံးကာ ကျောက်ဆောင်ပေါ်မှ ဆင်းသက်လာသည်။
"ဒီကနေ သွားရအောင်......အန်လင်း။"
အန်လင်း ခေါင်းညိတ်ပြကာ ပိုင်လင်နှင့်အတူ ဂိတ်တံခါးထံ ထွက်လာလိုက်သည်။
ဒုန်း.....
အန်လင်းမှာ ရုတ်တရက် ထိတ်လန့်သွားရသည်။
ထို့နောက် နားကွဲမတက် ကျယ်လောင်သော ပေါက်ကွဲသံအား ကြားလိုက်ရတော့သည်။
တောင်ကြီးတစ်ခုလုံး ပုံမှန်မဟုတ်ပဲ အက်ကွဲတော့မည့်အလား ပြင်းထန်စွာ တုန်ခါလာလေသည်။
"သတိထား......"
ပိုင်လင် အဖြူရောင် အလင်းတစ်ခုအားထုတ်ကာ အန်လင်း၊ တုန်းကော်နှင့် တပိုင်တို့ကို လွှမ်းခြုံပေးထားလိုက်သည်။
ဝုန်း.........
အနက်ရောင် အလင်းတစ်ခုသည် ကောင်းကင်နှင့်မြေပြင်အား ထိုးဖောက်ကာ ကြီးမားလှသော တောင်တန်းကြီးအား နှစ်ပိုင်းပြတ်သွားစေသည်။
တောင်တန်းထဲမှ သက်တန့်အလင်းများ ဖြာထွက်လာကာ နတ်ဘုရားများ၏ အပြစ်ဒဏ်အလား အရာအားလုံးကို တိုက်စားပစ်လိုက်သည်။
ဧရာမ တောင်တန်းကြီးမှာ စတင်ပြိုကျလာတော့သည်။
"ဝေါင်း......"
"ဝါး........"
"မိုက်တယ်..... ဟဟ။"
မတူညီသော စကားသံ သုံးခုလည်း ပဲ့တင်ထပ်သွားလေသည်။