← Chapters

အခန်း(၁၇) နက်နဲသောလူ

Vol. 2 Ch. 17

အခန်း(၁၇) နက်နဲသောလူ

Vol. 2 Ch. 17

အခန်း(၁၇) နက်နဲသောလူ

ရှန်ဟိုင်းမြို့က ခေတ်သစ်လီရှန်း ဟိုတယ်တွင် ထိတ်လန့်စရာ သတင်းတစ်ခု ပေါ်ထွက်လာခဲ့၏။

တစ်စုံတစ်ယောက်သည် ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို လွှဲပြောင်းပေးခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရသော် တစ်စုံတစ်ယောက်သည် ခေတ်သစ် လီရှန်း ဟိုတယ်ကြီး၏ ဒုတိယ အကြီးဆုံး ရှယ်ယာဝင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ထိုလူ၏ အမည်က လင်းဖန်တဲ့။

ရုံးခန်းတစ်ခုထဲတွင် သပ်ရပ်ပြီး စနစ်တကျ ရှိလှ၏။ ရုံးစားပွဲခုံတစ်ခုံ၊ ကွန်ပျူတာ တစ်လုံးနှင့် စားပွဲတစ်လုံး ရှိ၏။

ဒါက ခေတ်သစ်လီရှန်းဟိုတယ်ကြီး၏ အများဆုံး ရှယ်ယာဝင်၏ ရုံးခန်းဖြစ်ပါသည်။

ထိုင်ခုံပေါ်တွင် ထိုင်နေသူက ပုံစံအားဖြင့် ၁၀ မှတ်တွင် ၈ မှတ်လောက်ရနိုင်သော အမျိုးသမီး ယန်ရွှယ်ဖြစ်သည်။ သူမဘေးတွင် လှပသည့် လက်ထောက်အတွင်းရေးမှူးမလေး တစ်ယောက်ရှိသည်။

ကြယ်ငါးပွင့် ဟိုတယ်ကြီး၏ အဓိက ရှယ်ယာဝင် တစ်ယောက် ပြောင်းလဲခြင်းကြောင့် အထက်လူကြီးများ၏ အာရုံစိုက်မှုကို ခံလာရသည်။

"မစ္စတာလင်းကို ကူညီဆက်သွယ်ပေးပါဦး" ယန်ရွှယ်က ပြောလိုက်သည်။ လင်းဖန်၏ အချက်အလက်များကို ဖတ်ရင်း သူမ၏ အတွေးများ နက်ရှိုင်းသွားခဲ့သည်။

ဟိုတယ်ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဝယ်ယူနိုင်တယ် ဆိုတော့ ကုမ္ပဏီထဲမှာ လင်းဖန်က အချက်အချာကျတဲ့ နေရာတစ်ခုရထားပြိးသား ဆိုတဲ့သဘောဖြစ်ပါသည်။

လင်းဖန်၏ ဆုံးဖြတ်ချက်များက ကုမ္ပဏီ၏ ကံကြမ္မာကို သက်ရောက်မှုရှိနိုင်ပါသည်။

ယန်ရွှယ်က ရှယ်ယာဝင်အသစ် လင်းဖန်အကြောင်း ဘာမှ သိမထားပါ။

လင်းဖန်သာ ကုမ္ပဏီ၏ ဖွံ့ဖြိုးရေးနှင့် ပတ်သတ်ပြီး ညွှန်းဆိုချက် သို့မဟုတ်ဆုံးဖြတ်ချက်များ ချလိုပါက သူမတောင် လျစ်လျူရှုလို့ မရနိုင်ပါ။

"ဟုတ်ကဲ့ပါ" အမျိုးသမီး အတွင်းရေးမှူးက ပြောလိုက်သည်။ ထို့နောက် လင်းဖန်ကို ဖုန်းဆက်လိုက်၏။

"မစ္စတာလင်းလား မသိဘူး။ ကျွန်မက မစ္စယန်ရဲ့ အတွင်းရေးမှူးပါ" အတွင်းရေးမှူး၏ အသံထွက်လာခဲ့သည်။

"မစ္စယန်က ဘယ်သူလဲ" လင်းဖန်က မေးလိုက်၏။

"ဟယ်လို ရှင်က ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်ပြီး မစ္စယန်က ကုမ္ပဏီရဲ့ ပထမအများဆုံး ရှယ်ယာဝင်ပါ" အတွင်းရေးမှူးက ရှင်းပြလိုက်သည်။

"ဘာကိစ္စရှိလို့လဲဗျ" လီရှန်းဟိုတယ် ရှယ်ယာကို ရပြီးပြီးချင်း တဖက်လူက သူ့ကို ချက်ချင်း ဖုန်းဆက်လိမ့်မည်ဟု ထင်မထားခဲ့ပါ။

"မစ္စယန်က ရှင်နဲ့တွေ့ပြီး ရှင့်ရဲ့အမြင်နဲ့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးရေးအပေါ် အစီအစဥ်တွေကို နားထောင်ချင်နေပါတယ်။" အတွင်းရေးမှူးက ပြောလိုက်သည်။

"ကျွန်တော် အလုပ်များနေလို့ အချိန်မရှိဘူး။"

"ကျွန်တော် တဲ့တိုးပဲ ပြောလိုက်မယ်ဗျာ။ မစ္စယန်ကို ပြောလိုက်ပါ။ ကျွန်တော်က ကုမ္ပဏီရဲ့ ဖွံ့ဖြိုးရေးနဲ့ အစီအစဥ်တွေအတွက် ဘာအကြံမှ မရှိဘူး။ ကျွန်တာ်က ကုမ္ပဏီရဲ့ အတွင်းရေး ကိစ္စတွေကိုလည်း ဝင်ပါဖို့ စိတ်မဝင်စားဘူး။ ခင်ဗျားတို့ကို တွေ့ဖို့ မလိုအပ်ပါဘူး" လင်းဖန်က ပြောလိုက်ပြီး ဖုန်းချလိုက်ပါသည်။

ကုမ္ပဏီ၏ ဗဟိုအဖွဲ့ဝင်တစ်ယောက် အနေဖြင့် အစည်းအဝေးပွဲများကို နေ့တိုင်းတက်ရောက်ရသည်။ လင်းဖန်က ဒီလို ဘဝမျိုးကို သဘောမကျပါဘူး။

သူဆိုလိုတာက ယန်ရွှယ်ကို ကုမ္ပဏီထဲက သူ့ရာထူးနေရာအား မနှောင့်ယှက်ဘူးဟု ပြောလိုက်ခြင်း ဖြစ်ပါသည်။ သို့မဟုတ် ကုမ္ပဏီ၏ လုပ်ဆောင်ချက်များတွင်လည်း ဝင်ရောက်နှောင့်ယှက်မည် မဟုတ်ပါ။ သူက အမြတ်ငွေကို ဒီတိုင်း ထိုင်စားချင်ရုံသာ ဖြစ်သည်။

လင်းဖန်က ကုမ္ပဏီတစ်ခုကို စီမံဖို့ စိတ်မဝင်စားပေ။ သူက သူကြိုက်တာသာ လုပ်ချင်ပါသည်။

"မစ္စယန်" အတွင်းရေးမှူးက ယန်ရွှယ်ကို ကြည့်လိုက်ပါသည်။

"အင်း ငါသိပြီ။"

"လင်းဖန်က သာမန်လူတော့ မဟုတ်လောက်ဘူး။ သူ့မှာ လှိုင်းပြာပင်လယ်အော် အိမ်ရာမှာ နှလုံးသားရေကန်တစ်ခု ပိုင်ထားပြီး မီလီယံ ရာကျော်တန်ဖိုးရှိတဲ့ Limited Edition ပြိုင်ကားကြီးလည်း ရှိတယ်။ ဒါပေမယ့် အမြဲလိုလို သုံးဘီး ဆိုင်ကယ်ပဲ စီးတတ်တယ်။ အဲ့လိုလူမျိုးက ငါတို့ကုမ္ပဏီရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကိုပဲ စိတ်ဝင်စားပြီး ကုမ္ပဏီကို စိတ်မဝင်စားဘူးတဲ့လား။"

"လင်းဖန်ရဲ့ တခြား အချက်အလက်တွေကတော့ လျှို့ဝှက်ထားပြီး ရှာမတွေ့ဘူး။ တစ်နည်းအားဖြင့် လင်းဖန်ရဲ့ နောက်ကြောင်းရာဇဝင်က နက်နဲတယ်" ယန်ရွှယ်က စဥ်းစားချင့်ချိန်ကာ ပြောလိုက်ပါသည်။

ဧကန္တ လင်းဖန်က ဒီဟိုတယ်ထဲ သူ့ရှယ်ယာ ဘယ်လောက်ရှိရှိ ဂရုမစိုက်တာ ဖြစ်နိုင်သည်။ မီလီယံသန်းရာချီ တန်ဖိုးရှိသည့် စံအိမ်ကြီးနှင့် ပြိုင်ကားများကို ဝယ်နိုင် စီးနိုင်သော လူတစ်ယောက်တွင် စိတ်ကူးဖြင့် မှန်းကြည့်၍ မရနိုင်သော ပိုင်ဆိုင်မှုများစွာ ရှိနိုင်ပါသည်။

"အဲ့တာဆို မစ္စတာလင်းကို ပိုပြီးတော့တောင် တွေ့ချင်လာပြီ။"

"အတိုချုံးပြောရရင် ကုမ္ပဏီရဲ့ ဘယ်ဟိုတယ်ကမဆို မစ္စတာလင်းကို ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်အဖြစ် ဧည့်ခံပေးရမယ်။ ငါတို့ သူ့ကို လျစ်လျူရှုလို့ မဖြစ်ဘူး။"

"မစ္စတာလင်းကို နင်တို့တွေ စော်ကားမိရင် သူတို့ နင်တို့ကို စိတ်ထဲမထားရင်တောင် ငါ့ကိုတော့..." ယန်ရွှယ်က ပြောလိုက်သည်။

လင်းဖန်က သူမအပေါ် သဘောကောင်းဖို့ ကြိုးစားနေပြီး ကုမ္ပဏီထဲတွင် သူမနှင့် အာဏာ မပြိုင်ချင်မှန်း သိပါသည်။ လင်းဖန်ကိုလည်း သူမ လေးစားသမှုနှင့် ရိုသေသမှု လုံလုံလောက်လောက် ပြသရပါမည်။

လင်းဖန်က သူမကို ဘယ်လိုမျက်နှာသာမှ မပေးရင်တောင် လင်းဖန်က ကုမ္ပဏီကြီး တစ်ခုလုံး စော်ကား၍ မရနိုင်သော ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်ပါသည်။

...

"ခေတ်သစ် လီရှန်းဟိုတယ် ကြားဖူးသလိုပဲ။"

"နှစ်တိုင်း မီလီယံဆယ်ချီပြီး အမြတ်ရဖို့က မဆိုးပါဘူး။ တော်တော်လေး ကောင်းတဲ့ ဝင်ငွေပဲ" လင်းဖန်က ပြုံးကာ စားသောက်ဆိုင်ငယ်သို့ ပြန်လာခဲ့ပါသည်။ အထုပ်အပိုးပြင်ပြီး ကျောင်းသားဟောင်း တွေ့ဆုံပွဲသို့ သွားဖို့ ပြင်လိုက်၏။

ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင် လင်းဖန် ကြွားဝါဖို့ စိတ်ကူးမရှိပါ။

သူတို့အားလုံးက အတန်းဖော်ဟောင်းများ ဖြစ်ကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် တွေ့ချိန်တွင် ကြွားဝါနေကြပါက ကျောင်းသားဟောင်း တွေ့ဆုံပွဲတစ်ခု၏ အဓိပ္ပာယ် ကင်းမဲ့သွားနိုင်ပါသည်။ လင်းဖန်က ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သွားရခြင်းမှာ သူ့အထက်တန်းအတန်းဖော်များကို တွေ့ပြီး သူတို့အကြောင်း ပိုသိချင်ရုံသာ ဖြစ်သည်။

"ဟေ့ ယောက်ဖဖန်။ ငါတို့ ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သွားကြမှာလေ။ မင်းကို ခေါ်သွားပေးမယ်" ကောင်းလိရှောင်းက သူ့ BMW 5 စီးရီး ကားကြီးနှင့် လင်းဖန်၏ စားသောက်ဆိုင်ထံသို့ မောင်းလာခဲ့သည်။ ကျောက်လီလီလည်း ကားထဲတွင် ရှိနေသည်။

"မလိုပါဘူး။ အချိန်မကျသေးဘူး။ ခဏနေမှ ငါ့ဖာသာငါ သွားလိုက်ပါ့မယ်" လင်းဖန်က ပြောလိုက်၏။ သူက စားသောက်ဆိုင်ကို သန့်ရှင်းရေး မလုပ်ရသေးပါ။ ရှားဝမ်ချွေ့ကလည်း ဒီနေ့ည ရောက်လာဦးမည် ဖြစ်သည်။

"ဟုတ်ပြီ ယောက်ဖဖန်။ ဒါဆို ငါအရင်ဆုံး သွားနှင့်ပြီနော်" ကောင်းလိရှောင်းက ပြောရင်းဆိုရင်း မောင်းထွက်သွားလေသည်။

လမ်းတွင် ကျောက်လီလီက သက်ပြင်းချလိုက်ပြန်ပါသည်။

"လင်းဖန်က သူ့မာနကြောင့် အခုထိ ထိခိုက်နေတုန်းပဲ။ နင့်ကားထဲမှာ ထိုင်ရတာ ဘာများ အပန်းကြီးလို့လဲ" ကျောက်လီလီက ပြောလိုက်ပါသည်။

ကောင်းလိရှောင်းက ခေါင်းကို စိတ်မပါစွာ ခါလိုက်ပါသည်။ "ဟုတ်တယ်။ ယောက်ဖဖန်က ငါ့ကားနဲ့ လိုက်လာလည်း ရရဲ့သားနဲ့ကွာ။ ငါတို့တွေက ညီအစ်ကိုတွေပဲကို။ သူ့သုံးဘီးဆိုင်ကယ်ကြီးနဲ့ လာလို့မှ မရတာ။ သူ့အကြောင်း မသိတဲ့ တခြားကျောင်းသားတွေ လှောင်တာ ခံရရင် ယောက်ဖဖန်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ ဟူး ငါ ယောက်ဖဖန်ကို ကူညီချင်တောင် ဘာမှမလုပ်နိုင်ဘူး။"

"တကယ်အဆင်မပြေရင် ကျောင်းသားဟောင်း တွေ့ဆုံပွဲပြီးသွားရင် ယောက်ဖဖန်အတွက် စိတ်ချရတဲ့ အလုပ်တစ်ခု ရှာပေးဦးမှပါ။ လီလီ နင့်မှာ စိတ်ချရတဲ့ အလုပ်ဖြစ်ဖြစ် ဆိုင်ဖြစ်ဖြစ် ရှိလား။ ယောက်ဖဖန်ကို စားသောက်ဆိုင်အသစ် တစ်ဆိုင်ဖွင့်ချင်လား မေးလိုက်ဦးမှပါ။ လိုအပ်ရင် ငါပိုက်ဆံချေးပေးလိုက်မယ်" ကောင်းလိရှောင်းက ပြောလိုက်ပါသည်။

"လိရှောင်း နင်တကယ်ကြီး လင်းဖန်ကို ပိုက်ဆံ ချေးမလို့လား။ F&B မှာသာ အဆင်မပြေရင် နင်ယွမ် သိန်းနဲ့ချီပြီး ဆုံးရှုံးမှာနော်" ကျောက်လီလီက ဇဝေဇဝါဖြစ်စွာ မေးလိုက်ပါသည်။

ကောင်းလိရှောင်းက လက်ခါပြလိုက်၏။ "ဘာပဲဖြစ်ဖြစ် ငါကူညီရမယ်။ ဒါက ယွမ်သိန်းကျော်လေးပါပဲ။ သွားကြားထဲကနေတောင် ထုတ်ပေးလို့ရတယ်။"

ကျောက်လီလီက ကောင်းလိရှောင်းကို ကြည့်ကာ သူ့အပေါ်မြင်သော အမြင်လည်း ပြောင်းလဲသွားသည်။

ကောင်းလိရှောင်းက ချမ်းသာရုံသာ မကဘဲ အကျင့်စရိုက်လည်း ကောင်းမွန်ပါသည်။ သူ့ကို ပိုပြီး မျက်စိကျစရာ ကောင်းသည်ဟု ခံစားမိ၏။

သူမသာ လက်ထပ်ရမည်ဆိုလျှင် ဒီလို လူမျိုးကိုသာ လက်ထပ်ချင်ပါသည်။

သို့သော်လည်း ကောင်းလိရှောင်းနဲ့ သူမ တကယ်တွဲနိုင်ပါက လင်းဖန်ကို ပိုက်ဆံမချေးအောင် တိုက်တွန်းမည်ဖြစ်သည်။

ပိုက်ဆံ သိန်းကျော်နဲ့ မတန်ပါ။

ရှားဝမ်ချွေ့က အခုလက်ရှိ အဆင်အပြေဆုံး ဖြစ်နေသည့် အထက်တန်း အတန်းဖော် တစ်ယောက်ဖြစ်သည်။ လင်းဖန်သာ စားသောက်ဆိုင် အသစ်တစ်ဆိုင် ဖွင့်ချင်ပါက ရှားဝမ်ချွေ့ကို သွားတောင်းလည်း ရတာပဲ။

ကျောက်လီလီ၏ အမြင်မှာတော့ လင်းဖန်ကို ရှားဝမ်ချွေ့ အဆက်အသွယ်ဖြတ်ခဲ့တာ တော်တော်ကြာလောက်ပြီထင်သည်။ ရှားဝမ်ချွေ့တောင် လင်းဖန်ကို မကူညီပါက သူမက ဘာကြောင့် ကူညီပေးရမည်နည်း။

မကြာမီ ကျောင်းသားဟောင်းတွေ့ဆုံပွဲ အချိန် ကျရောက်တော့မည်။

သူ့စားသောက်ဆိုင်က လီကျန်းဟိုတယ်နှင့် သိပ်မဝေးသဖြင့် လင်းဖန် Bugatti ကြီးကို မောင်းမသွားတော့ပါ။

သူ့စက်ဘီးကိုစီးရင်း ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း လုပ်နိုင်၏။ ကြွားဖို့ဝါဖို့ လင်းဖန်က စိတ်မဝင်စားပါ။

ဝီချက်ကိုဖွင့်လိုက်ပြီး ရှားဝမ်ချွေ့၏ ပရိုဖိုင်းကို နှိပ်လိုက်ပါသည်။

[လင်းဖန် : "ငါသွားတော့မယ်"]

[လင်းဖန် : "ကျောက်လီလီကို ခုလေးတင် တွေ့လိုက်တယ်"]

[ရှားဝမ်ချွေ့ : "နှာဘူးကောင်"]

[ရှားဝမ်ချွေ့ : "ဒီနေ့ည ငါအသီးအရွက်သုပ် မစားရရင် နင်အသေပဲ”]

[ရှားဝမ်ချွေ့ : Angry.jpg]

All Chapters