← Chapters

အခန်း(၁၉) Romanee Conti La Romanee-Conti

Vol. 2 Ch. 19

အခန်း(၁၉) Romanee Conti La Romanee-Conti

Vol. 2 Ch. 19

အခန်း(၁၉) Romanee Conti La Romanee-Conti

လင်းဖန်၏ မက်ဆေ့ချ်ကို အားလုံးမြင်သွားကြသောအခါ ကြက်သေသေသွားကြသည်။

ညစာစားချိန်လေး အတွင်းမှာပင် သူ ၈၄၀,၀၀၀ ယွမ်ကို ရရှိခဲ့ပါသည်။

ခုနက စာချုပ်နဲ့ ယွမ် ၈၄၀,၀၀၀ တို့နဲ့ဆို ကြွေပန်းဥယျာဥ်အိမ်ရာမှာ လင်းဖန် အိမ်တစ်လုံး ပိုင်ကြောင်း သက်သေခိုင်လုံသွားပြီ ဖြစ်သည်။

အနည်းဆုံး ယွမ် သန်း ၂၀ တန်သည်။

"လခွမ်း ယွမ် သန်း ၂၀ တောင်"

"ယောက်ဖဖန်။ ဘယ်တုန်းက မင်း ဒီလောက် တော်လာတာလဲကွာ။ အဓိကအချက်က မင်းဇာတ်နိမ့်နေလွန်းတယ်။ ကြွေပန်းဥယျာဥ်အိမ်ရာက အိမ်တစ်လုံး ပိုင်ဖို့ဆိုရင် ငါ ၁၀ နှစ် ကျော်လောက် အလုပ်လုပ်ရမယ်။ ယောက်ဖဖန် မင်းကတော့ ယွမ် သန်း ၂၀ တန်တဲ့အိမ်တောင် ပိုင်ဆိုင်ထားပြီးပြီပေါ့" ကောင်းလိရှောင်းက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

"ကြွေပန်းဥယျာဥ်အိမ်ရာက အိမ်တစ်လုံးဆိုတာ သာမန်လူတွေ ဝယ်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ လင်းဖန် နင်ဘာလို့ ဒီလောက်တောင် တော်ရတာလဲ။"

"ဒီလောက်ထိ အိမ်ကောင်းကောင်းရှိနေတာတောင် ဇာတ်နိမ့် နေနေသေးတယ်။ နင်က သာမန် နေရာတစ်နေရာမှာ နေတယ်ပြောပြီး ဒီလောက်ကောင်းတဲ့ အိမ်ကြီးတစ်လုံးရှိနေတာကိုး။ လင်းဖန်။ နင်ဘယ်တုန်းက ဒီလောက် ချမ်းသာသွားတာလဲ။"

ကောင်မလေးများစွာက လင်းဖန်ကို ဝိုင်းရံလိုက်ကြပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေကြပါသည်။

သူတို့က လင်းဖန်၏ မိသားစုနောက်ခံ အကြောင်းကို သိထားကြသည်။ သို့သော်လည်း လင်းဖန်၏ အိမ်က ယွမ် သန်း ၂၀ တန်ကြေး ရှိနေ၏။

လူများစွာက အဆင့်မြင့် ကျောင်းခရိုင်တွင် အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ စိတ်ကူးယဥ်ကြသည်။

"ငါက အဲ့လောက် မချမ်းသာပါဘူး။ အိမ်နည်းနည်းပဲ ရှိတာပါ။ ဘာမှအရေးမကြီးဘူး။ အားလုံးပဲ ကိုယ်စားစရာရှိတာ စားကြပါ။" လင်းဖန်က လက်ခါပြလိုက်ပြီး ဂရုမစိုက်ပါ။

"ကြည့်ပါဦး နှိမ့်ချတတ်လိုက်တာ။"

"ဒါမျိုးကို သူဌေးလို့ခေါ်တယ်။ အိမ်နည်းနည်းပဲ ရှိတာတဲ့။ ဒါမှမဟုတ်အဲ့လိုအိမ်မျိုး နည်းနည်းရှိတာကို ပြောချင်တာလား။"

"လခွမ်း တစ်အိမ်ကို သန်း ၂၀။ ၅ အိမ်ဆို သန်း ၁၀၀ လောက်ရှိတယ်။ မင်း ရှန်ဟိုင်းမှာ အိမ်ဘယ်နှလုံးတောင် ပိုင်ထားတာလဲ။"

"နင်တို့ အကုန်လုံးက လင်းဖန်ကို အထင်သေးနေကြတာပဲ။ စဥ်းစားကြည့်လိုက်စမ်းပါ။ သူက သန်း ၂၀ တန်တဲ့ အိမ်တစ်လုံးကို ခုလေးတင် ငှားလိုက်တာ။ သူနေတာ ဘယ်လို အိမ်မျိုးဖြစ်နိုင်မှာလဲ" ကောင်မလေး တချို့က စုရုံးသွားကြပြီး ပြောလိုက်ကြသည်။

အစကတော့ ဒီလို အရသာရှိသည့် ဟင်းလျာများစွာကို မှာယူပြီး ရွှယ်ယောင်ထင်းက ကြွားဝါချင်ခဲ့သည်။ သို့သော်လည်း အခုတော့ အားလုံး၏ စိတ်ဝင်စားမှုက လင်းဖန်ဆီကို ရောက်သွားလေပြီ။

အထူးသဖြင့် ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့ ဖြစ်ကြပြီး သူတို့မျက်လုံးများ ပြူးကျယ်နေကြပါသည်။

လင်းဖန်က... လင်းဖန်က တကယ်ကြီး ချမ်းသာတာပဲ။

သူတို့ ချက်ချင်း နားလည်သွားကြသည်။ လင်းဖန် သုံးဘီးစီးပြီး စားသောက်ဆိုင်လေး တစ်ဆိုင် ဖွင့်ထားတာ အံ့သြဖို့ မကောင်းတော့ပါ။ စားသုံးသူများကို သူ ဂရုမစိုက်ပေ။

ကောင်းလိရှောင်းက လင်းဖန်ကို လစာ ယွမ် ၈,၀၀၀ ကျော်ရသည့် အလုပ်တစ်ခု ပေးချင်သော်လည်း လင်းဖန်က ဘာမှအကြောင်းမပြန်ပါ။

ကျောင်းခရိုင်တစ်ခု၏ စျေးက သန်း ၂၀ တန်သည်။ ငှားလိုက်ရုံနဲ့တင် တစ်လကို အိမ်ငှားခ ယွမ် ၇၀,၀၀၀ ရနိုင်၏။ ဒါက လူအများစု၏ လစာထက်ပင် အတော်လေး များနေပြီ။ ပြောစရာမလိုအောင် အိမ်ငှားခကလည်း ထပ်ပြီး တိုးမြင့်သွားပါဦးမည်။

နှစ်အနည်းငယ်အတွင်း ကျောင်းခရိုင်က အိမ်များ၏ စျေးနှုန်းများ ၂ ဆ တတ်သွားနိုင်ခြေရှိသည်။

သန်း ၂၀ ကနေ သန်း ၄၀ ...

လင်းဖန်မှာသာ ကျောင်းခရိုင်အိမ် ၅ လုံးရှိရင် သူ့ ပိုင်ဆိုင်မှုက သန်း ၁၀၀ ကနေ ၂၀၀ ပြောင်းမသွားနိုင်ဘူးလား။

"လင်းဖန် မင်းဘယ်လို အလုပ်မျိုး လုပ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် တော်ရတာလဲ။ အစကတော့ ငါအားလုံးရှေ့မှာ ကြွားချင်ပေမယ့် အခုတော့ မင်းက စင်မြင့်ကို ခိုးသွားပြီပေါ့" ရွှယ်ယောင်ထင်း အထင်ကြီးသွားပါသည်။

သူက ခဏခဏ ကြွားတတ်သည့် စရိုက်သာ ရှိသည်။ သဘောကတော့ ကောင်းပါသည်။ လင်းဖန် ဘယ်လောက်တော်မှန်း သူသိလိုက်ရသောအခါ ချက်ချင်း လက်မထောင်ပြလိုက်သည်။

အားလုံးက စီးပွားရေးသမားများ ဖြစ်ကြသည်။ လင်းဖန်သာ တော်လာလျှင် နောက်ပိုင်း စီးပွားရေးလုပ်ငန်းအရ ဆက်ဆံရေးများ ရှိလာနိုင်၏။ ထိုအခါ လင်းဖန်က သူတို့ကိုတောင် ကူညီနိုင်လောက်သည်။

"အလုပ်အများကြီး သိပ်မရှိပါဘူး။ ပိုက်ဆံလည်း အများကြီး သိပ်မရှိပါဘူး။ ငါ့စုငွေက ယွမ် ၈၀၀,၀၀၀ လောက်ပဲရှိတာ မင်းတို့ မမြင်လိုက်ဘူးလား။ စားသောက်ဆိုင်ငယ်လေး ဖွင့်ထားပြီး နေ့တိုင်း ကိုယ့်ကိုယ်ကို ပျော်အောင် ထားပြီး အိမ်လခတွေ လိုက်စုတာပေါ့။ ငါ့ဘဝကို အဲ့လိုနေထိုင်တာပဲလေ" လင်းဖန်က ပြောလိုက်ပါသည်။

"သြော် ဒီတော့ မင်းက ဘဝအတွေ့အကြုံ ယူနေတာပေါ့။ ငါတို့ အရမ်းအလုပ်ကြိုးစားပေမယ့် ငါတို့ရဲ့ တစ်နှစ် ဝင်ငွေက သိန်းချီကျော်ကျော်လေးပဲ ရှိတယ်။ တခြားသူတွေနဲ့ ယှဥ်လို့မရဘူးပဲ" ရွှယ်ယောင်ထင်းက သက်ပြင်းချလိုက်ပါသည်။

ကျောက်လီလီက လင်းဖန်ဘေးတွင် လာထိုင်သည်။ လင်းဖန်ကို ကြည့်ကာ တိုးငြှင်းသော လေသံဖြင့် ပြောလိုက်၏။ "လင်းဖန် နင်ဒီလောက်ထိ တော်မယ်လို့ ထင်မထားဘူး။ တကယ်တော့လေ အထက်တန်းကတည်းက နင်တော်တယ်လို့ ငါထင်ထားပြီးသားပါ။ သေချာပေါက် အနာဂတ်မှာ နင်ကောင်းတဲ့ အရာတွေ လုပ်နိုင်လိမ့်မယ်။"

လင်းဖန်က အဆင့်အတန်း အသစ်တစ်ခု ရောက်နေပြီဟု ကျောက်လီလီ ချက်ချင်း ခံစားလိုက်ရပါသည်။ အခုတော့ ကောင်းလိရှောင်းထက် အများကြီး ကြည့်ကောင်းနေပါပြီ။

ဘာပဲဖြစ်ဖြစ် လင်းဖန်က နှိမ့်ချတတ်လွန်းသည်။ ကြည့်ကောင်းပြီး ချမ်းသာလွန်း၏။ သူမ၏ ပုံစံနဲ့သာဆို လင်းဖန်ကို ကပ်ဖို့ မခက်ခဲနိုင်မှန်း သူမ သိပါသည်။

"ငါက အဲ့လောက် မတော်ပါဘူးဟာ။ သုံးဘီး အစုတ်လေးတစ်စီးပဲ စီးနိုင်တယ်။ အဲ့လိုပြောလို့မရပါဘူး" လင်းဖန်က ခေါင်းခါလိုက်ပါသည်။

"တကယ်တော့လေ... နင်သုံးဘီးစီးနေတုန်းက အရမ်း ဆွဲဆောင်မှု ရှိတာ" ကျောက်လီလီက မျက်တောင်ခတ်ကာ လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ ပါးပြင်များက အနည်းငယ် ပန်းရောင် သန်းနေ၏။

ယခုတော့ လင်းဖန် အရမ်းချောတယ်လို့ သူထင်ပြီပေါ့။

လင်းဖန် : "..."

ရှဲ့ယွီထုံကလည်း ဝင်ပြောသည်။ "လီလီပြောတာ မှန်တယ်ထင်တယ်။ လင်းဖန် နင်ဘယ်မှာ နေတာလဲ။ အချိန်ရရင် ငါတို့ကို လာလည်ဖို့ ခေါ်လို့ရမလား။ နင့်သုံးဘီးပေါ် လိုက်စီးမယ်လေ။"

ကောင်မလေးနှစ်ယောက်က ချက်ချင်းဆိုသလိုပဲ လင်းဖန်အပေါ် အလွန်စိတ်အားထက်သန်လာကြပါသည်။

ကောင်းလိရှောင်းနှင့် ရွှယ်ယောင်ထင်းတို့ မနာလို ဖြစ်နေကြ၏။

ဘာပဲဖြစ်ဖြစ် ကောင်မလေးနှစ်ယောက်က အလွန် ကြည့်ကောင်းလွန်းသည်။ သူတို့သာ သူ့အိမ်ကို လိုက်သွားကြပါက လိုက်လျောလိုက်သည်ဟူသည့် သဘောပင်...။

ဧကန္တ လင်းဖန်သာ ဆန္ဒရှိပါက သူတို့နှစ်ယောက်ကို အလွယ်လေး ပွေရှုပ်နိုင်ပါသည်။

"ရပါတယ်။ ငါက အလုပ်နည်းနည်း များတတ်တယ်။ ငါ စားသောက်ဆိုင်ဖွင့်ပြီး အလုပ်လုပ်ရဦးမယ်လေ" လင်းဖန်က ပြုံးကာ ကောင်မလေးနှစ်ယောက်ကို ငြင်းလွှတ်လိုက်ပါသည်။

သူတို့က အထက်တန်း အတန်းဖော်များ ဖြစ်ကြသော်လည်း ကျောက်လီလီနဲ့ ရှဲ့ယွီထုံတို့ရဲ့ အကြံကို သူနားလည်နိုင်ပါသေးသည်။

သူတို့ကို အိမ်ခေါ်သွားရမယ် ဟုတ်လား။ လင်းဖန်ကလေ။

သူတို့ဘက်က စဦးရေလာမြောင်းပေး လုပ်ရင်တောင် လင်းဖန်က စိတ်မဝင်စားပါဘူး။

ကျောက်လီလီနဲ့ ရှဲ့ယွီထုံတို့က သူ သုံးဘီးစီးနေစဥ်တုန်းက သူ့ကို ဂရုပင်မစိုက်ကြပါ။ အခုတော့ ယွမ် သန်း ၂၀ တန်သည့် ကျောင်းခရိုင် အိမ်တစ်လုံး ပိုင်ဆိုင်ထားတာကို သိသွားမှ ချက်ချင်း သူ့ကို လာတွေ့ချင်သွားကြသည်။

ကျောက်လီလီနဲ့ ရှဲ့ယွီထုံတို့က ကြည့်ကောင်းကြသော်လည်း လင်းဖန်၏ အမြင်တွင်တော့ စရိုက်က ပိုအရေးကြီးသည်။

ထို့အပြင် လင်းဖန်အတွက် မိန်းမ မရှားပါဘူး။

ကောင်မလေးများထဲတွင် ရှုရှစ်ယင်၏ အကျင့်စရိုက်က သူတို့ထက် အများကြီး ပိုကောင်းသည်။ ရှားဝမ်ချွေ့က ပို၍ပင် ကောင်းသေးသည်။ ကြောင်မလေးက လင်းဖန်၏ ဘေးချင်းကပ်လျက် ထိုင်ခုံဖော်လေး အမြဲတမ်းဖြစ်ခဲ့သည်။ ဒီနေ့ညလည်း သူမကို အသီးအရွက်သုပ် လုပ်ပေးရပါဦးမည်။

"အမ် နင့်ကို ဝီချက်မှာ အပ်လိုက်လို့ ရမလား။ အခုမှ နင့်ဝီချက် ငါ့မှာမရှိမှန်း သတိရသွားတယ်" ကျောက်လီလီက လင်းဖန်ကို ကြည့်လိုက်ပြီး ဆက်ကပ်သည်။ သူမကို ဝီချက်တွင် အပ်လိုက်ပါက သူမမှာ အခွင့်အရေး ရှိနိုင်ပါသည်။

လင်းဖန် တစ်ခုခုပြောဖို့ ကြံလိုက်စဥ် စားပွဲထိုး တစ်ယောက်က တံခါးကို ဖွင့်လိုက်၏။

လှလှပပ စားပွဲထိုးမလေး နှစ်ယောက်က တံခါးနားတွင် ရပ်နေကာ ဝိုင်နီပုလင်းများစွာကို ကိုင်ဆောင်ထားသည်။

စားပွဲထိုးမိန်းမပျို ချောချောလှလှလေးများ၏ နောက်တွင်တော့ မန်နေဂျာတစ်ယောက်ရှိနေသည်။

မန်နေဂျာကိုယ်တိုင် ဝိုင်ဖြင့် လာဧည့်ခံခြင်း ဖြစ်ပါသည်။

မန်နေဂျာက လမ်းလျှောက်လာပြီး လင်းဖန်ကို ဦးညွှတ်လိုက်ပါသည်။ စားပွဲထိုးမိန်းမပျို ချောချောလှလှလေး နှစ်ယောက်က ဝိုင်နီပုလင်းများကို စာားပွဲပေါ်မှာ တင်ပြီး ဘေးဘက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။

တစ်ချိန်လုံး ဘယ်သူမှ စကားမပြောခဲ့ကြပါ။

သို့သော်လည်း ထိုနေရာတွင် ရှိနေသူတိုင်းက ဇဝေဇဝါ ဖြစ်နေကြသည်။

အထူးသဖြင့် ချက်ချင်း ထအော်သော ရွှယ်ယောင်ထင်း အတွက် ပိုမှန်ကန်ပါသည်။။

"ဒါက... ဒါက Romanee Conti La Romanee-Conti တွေပဲ"

"Romanee Conti က Romanee-Conti ဝိုင်ကုမ္ပဏီက ထုတ်တဲ့ ပရီမီယံ ဝိုင်တစ်မျိုးပဲ။ အရသာအတွက် နှစ်စဥ်နှစ်တိုင်း ပုလင်း ထောင်ကျော်ကျော်လောက်ပဲ ထုတ်လုပ်ကြတာ။ ဒီပရီမီယံ ဝိုင်ကို ကမ္ဘာကြီးထဲက ထိပ်ဆုံး စျေးအကြီးဆုံး ဝိုင် ၁၀ မျိုးထဲမှာ မကြာခဏ ဖော်ပြခံရတယ်။ စျေးနှုန်းကလည်း ယွမ် ၁၀၀,၀၀၀ ကျော်တယ်။"

"ဝိုင်တစ်ပုလင်းကို ယွမ် ၁၀၀,၀၀၀ တန်တယ်... ဒီမှာ ၆ ပုလင်းဆိုတော့ ယွမ် ၆၀၀,၀၀၀ ..."

"ဒါကို ဘယ်သူ မှာလိုက်တာလဲကွ။ လာနောက်နေတာလား။ ငါ ဒီလိုဝိုင်မျိုး မမှာလိုက်ပါဘူး" ရွှယ်ယောင်ထင်းက မတ်တပ်ရပ်လိုက်ပြီး Romanee-Conti ကို ကြည့်လိုက်သည်။ သူ တကယ်သောက်ကြည့်ချင်သော်လည်း ဒီ ၆ ပုလင်းကို သောက်ပြီးလျှင် သူ့ တစ်နှစ်စာ ဝင်ငွေ ပြောင်သွားနိုင်သည်။

All Chapters