အခန်း(၂၃) ငါ့ဂေါ်ဖီထုပ်လေးကို ခိုးသွားတာ လင်းဖန်လား
Vol. 2 Ch. 23
အခန်း(၂၃) ငါ့ဂေါ်ဖီထုပ်လေးကို ခိုးသွားတာ လင်းဖန်လား
လင်းဖန်၏ စကားလုံးများကြောင့် ရှားဝမ်ချွေ့ စိတ်ဆိုးသွားသည်။
သူမက အလွန်လှပါသည်။ ထို့အပြင် စူပါစတား တစ်ယောက်လည်းဖြစ်၏။ ပရိတ်သတ်များစွာ ရှိပြီး လူများစွာက သူမကို သဘောကျကာ ချစ်ကြိုက်ချင်ကြသည်။
သို့သော်လည်း လင်းဖန်က သူ့ကို ကြိုက်နေလားဟု လာမေးသည်။
ဟင်း ... ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ကောင်။
သူမ ငတ်သေရပြီး ပြတင်းပေါက်က ခုန်ချရရင်တောင် လင်းဖန်ကို သဘောကျမည်မဟုတ်ပေ။
လင်းဖန်ကို သဘောကျရင် သူမ ဝက်တစ်ကောင် ဖြစ်သွားလိမ့်မည်။
"အေးပါ အေးပါ။ ငါနောက်နေတာပါ။ ဒါပေမယ့် နင်တကယ်ဝက်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ စနောက်လိုက်ပါသည်။
"နင်ကမှ ဝက်၊ နင့်တစ်မိသားစုလုံးလည်း ဝက်တွေ။ အကျင့်မကောင်းတဲ့ လင်းဖန်။ နင့်ကို စကားမပြောတော့ဘူး။" ရှားဝမ်ချွေ့က ခေါင်းလှည့်ကာ လင်းဖန်ကို မကြည့်တော့ပေ။
"ငါစိတ်ဆိုးတယ်။ တစ်ခုခု စားချင်တယ်။" ရှားဝမ်ချွေ့က လက်ကိုဖြန့်ကားကာ လင်းဖန်ကို သူမ၏ လှပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူမ တစ်ခုခု စားချင်လို့သာ ဖြစ်သည်။
သူမက နာမည်ကျော်တစ်ယောက် ဖြစ်သော်လည်း အစားသောင်းကျန်းသူတစ်ယောက်လည်း ဖြစ်ပါသည်။
စားသောက်ရတာ မကြိုက်တဲ့ မိန်းကလေး ရှိနိုင်ပါ့မလား။ အထူးသဖြင့် ရှားဝမ်ချွေ့က ကြောင်မလေးလို ကောင်မလေး အမျိုးအစား ဖြစ်သဖြင့် သူမ၏ အကြိုက်နှစ်သက်ဆုံး အစားအစာက အသားနှင့် ငါးခြောက်ဖြစ်သည်။
"ပိုက်ဆံပေး" လင်းဖန်က ပြောလိုက်သည်။ "ငါက နင့်အတွက် နေ့တိုင်း ချက်ပေးမယ့် ပါဆင်နယ် စားဖိုမှူး မဟုတ်ဘူး။”
ရှားဝမ်ချွေ့က ပြန်ပြောလိုက်၏။ "ဟင်း ငါ့မှာ ပိုက်ဆံမရှိဘူး။ ငါ့အသက်တောင် မပေးနိုင်ဘူး။”
လင်းဖန်က ရှေ့တိုးလာပြီး ရှားဝမ်ချွေ့၏ ကြောင်နားရွက် ဦးထုပ်ကို ထိတွေ့လိုက်ပါသည်။ ဒေါသထွက်နေသော ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး စိတ်ကျေနပ်သွား၏။ "ဟုတ်ပြီ။ ဒါကို အကျိုးခံစားခွင့်လို့ သဘောထားလိုက်ပေါ့။ ငါဘာမှ မရဘဲနဲ့တော့ ငါးပေါင်း လုပ်မပေးနိုင်ဘူး။"
"ငါးပေါင်း ရှိတယ်လား" ရှားဝမ်ချွေ့က မတ်တပ်ရပ်ကာ လင်းဖန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပါသည်။
သူမ လင်းဖန်ကို အိမ်ခေါ်လာခဲ့သည်။ အသီးအရွက်သုပ်အပြင် ငါးပေါင်းလည်း စားချင်ပါသေးသည်။
သူမအကြိုက်ဆုံး ဟင်းလျာက ငါးပေါင်း ဖြစ်သည်။ သူမ အထက်တန်းတုန်းက တစ်ခါပဲ ပြောခဲ့ဖူးသော်လည်း လင်းဖန်က မှတ်မိနေပါသည်။
"ဟင့်အင်း အခုမှ စချက်မှာ" လင်းဖန်က ပြောလိုက်ပြီး စချက်ပြုတ်လိုက်ပါသည်။
ရှားဝမ်ချွေ့အတွက် ငါးပေါင်း အလကား လုပ်မပေးပါ။ အနည်းဆုံးတော့ သူမ၏ကြောင်နားရွက် ဦးထုပ်ကို ထိခဲ့ပါသည်။
သူမကိုအခွင့်ကောင်းယူသည်ဟု ပြောနိုင်၏။ ထို့အပြင် ရှားဝမ်ချွေ့က လင်းဖန်ကို ယွမ် ၂၀,၀၀၀ ပေးထားခဲ့သည်။ ငါးပေါင်း နည်းနည်းလောက် လုပ်ပေးရတာ အပန်းမကြီးပေ။
ရှားဝမ်ချွေ့၏ ကျောက်စိမ်းလို လက်ကလေးများက သူမ၏ ပါးပြင်ကို ထောက်ပံ့ထားပြီး သူမ၏ လှပသော ခြေထောက်လေးများကတော့ ငြိမ်သက်နေခဲ့သည်။ လင်းဖန်ကို သေသေချာချာ ကြည့်ရင်း သူမ ပြုံးလိုက်၏။
အတည်ပေါက် ချက်ပြုတ်နေသည့် လင်းဖန်က တကယ်ပဲ ချောမောလွန်းလှပါသည်။
အများကြီး ပြင်ဆင်ပြီးသွားသောအခါ လင်းဖန်က အိုးထဲ ဆီထည့်ပြီး အဆင့်ခြောက်အထိ မီးတင်ကာ အပူပေးလိုက်သည်။ အိုးထဲမှ အငွေ့များ ထွက်လာပါသည်။
ပထမဆုံဂ ငါးခေါင်းကို ဆီအိုးထဲ နှစ်လိုက်ပြီး ခေတ္တ ကြော်လိုက်၏။ ထို့နောက် ငါးတစ်ကောင်လုံးကို ဆီအိုးထဲ ထည့်လိုက်ပါသည်။ ခေတ္တကြာသောအခါ သင်းပျံ့သည့် မွှေးရနံ့တစ်ခု ထွက်လာခဲ့၏။ ပဲနှစ်ကို ထည့်လိုက်ပြီး ခပ်မြန်မြန် မွှေကြော်ကာ ဆီနီကို ထုတ်လိုက်၏။
ထို့နောက် လင်းဖန်က ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်၊ ငရုတ်သီးခြောက်နှင့် တခြားဟင်းခတ်ပစ္စည်းများကို ထည့်လိုက်သည်။ မွှေးရနံ့က လင်းဖန်၏ နှာခေါင်းထဲ ဝင်ရောက်လာသည်။ လင်းဖန်က ကျွမ်းကျင်စွာ မီးကို ထိန်းညှိလိုက်သည်။ ထိုအချိန်တွင် ငါးကြော်၏ မွှေးရနံ့များကို ရနိုင်ပါပြီ။
ထို့နောက် ဇွန်းတစ်ချောင်းဖြင့် ငါးအပေါ်တွင် ဟင်းအနှစ်တချို့ လောင်းထည့်ပြီး နောက်ဆုံးတော့ နှမ်းဆီ ဆမ်းလိုက်ပါသည်။ ထို့နောက် ဟင်းအနှစ်ကို ညီမျှစွာ ထပ်လောင်းထည့်သည်။
ငါးပေါ်တွင် ကြက်သွန်မြိတ်တချို့ကို ဖြူးလိုက်ပြီး ငါးပေါင်းဟင်း အသင့်ဖြစ်နေပါပြီ။
အနံ့ရှူကြည့်ရုံနဲ့ ရှားဝမ်ချွေ့ သဘောကျသွားပါပြီ။
ဒီငါးပေါင်းဟင်းက အရသာရှိသည့်ပုံပင်။
"တကယ်... အရသာရှိတာပဲ" ရှားဝမ်ချွေ့က တစ်ကိုက်ကိုက်ကြည့်လိုက်ပြီး ငါးက ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ နူးညံ့ပြီး အရသာရှိပြီးရင်း ရှိနေပါသည်။
လင်းဖန်၏ ငါးပေါင်းက ဒီလောက် အရသာရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာက ရှက်သွေးဖြာ၍ နီရဲနေ၏။
လင်းဖန်ချက်တဲ့ဟင်းက ဘာလို့ ဒီလောက် အရသာရှိရတာလဲ။
လင်းဖန်ကို သူမ ထပ်ပြီး စိတ်မဆိုးနိုင်တော့ပါ။
"အရသာက ဘယ်ဆိုးလို့လဲ" လင်းဖန်လည်း တစ်ကိုက် စားလိုက်ပါသည်။
ဒီလိုနဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ ပြီးသောအခါ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ ၎င်းတို့၏ ညစာအစစ်ကို စတင်ခဲ့ကြသည်။
ငါးပေါင်း၊ ဆန်ပြုတ်များ၊ အသီးအရွက်သုပ် စသည်တို့ရှိသည်။
လင်းဖန်က သူချက်သည့်ဟင်းကို သူစားနေကျဖြစ်သည်။ ကြယ် ၅ ပွင့်ဟိုတယ်ကြီးက စားဖွယ်များကိုတော့ အသားမကျသေးပါ။
ပိုအရေးကြီးတာက ကြယ် ၅ ပွင့်ဟိုတယ်က ချက်ပြုတ်သော ဟင်းလျာမှာ သူချက်တာလောက် မကောင်းပေ။
ဗိုက်ပြည့်သည့်အထိ စားသောက်ပြီးနောက် ရှားဝမ်ချွေ့က ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပါသည်။
ဒီလို ဘဝမျိုးက ကောင်းလိုက်တာ။
သူမ ဝလာမှာသာ စိုးရသည်။
"မြောင် မြောင်~ ငါဝလာတော့မှာပဲ။ လေ့ကျင့်ခန်း အတူတူ သွားလုပ်ကြရအောင်" ကုတင်ပေါ်တွင်လှဲလျောင်းနေသည့် လင်းဖန်ကို ရှားဝမ်ချွေ့ဆွဲခေါ်လိုက်ပါသည်။
"လူနှစ်ယောက် လေ့ကျင့်ခန်းလား" လင်းဖန်က ပြုံးလိုက်သည်။
"ဟွန်း နင်က လူဘယ်နှယောက် ပါစေချင်လို့လဲ။" ရှားဝမ်ချွေ့၏ ပါးပြင်များက အနည်းငယ် နီရဲနေပါသည်။ "အိမ်မှာ အပြေးလေ့ကျင့်စက်ရှိတယ်။ အတူတူ လေ့ကျင့်ရအောင်လေ။"
"ဒါဆိုရင်တော့ နင်ငါ့ကိုရှုံးတော့မှာပဲ။ ငါက နေ့တိုင်း ငါ့ခန္ဓာကိုယ်ကို လေ့ကျင့်နေကျပဲ" လင်းဖန်က ပြုံးကာပြောလိုက်ပါသည်။
"ငါမရှုံးပါဘူး" ရှားဝမ်ချွေ့က အရှုံးမပေးဘဲ အပြေးစက်ပေါ်တက်လိုက်သည်။
တစ်နာရီကြာသောအခါ...
ရှားဝမ်ချွေ့၏ မျက်နှာက နီရဲနေပြီး သူမ၏ ခန္ဓာကိုယ်ကလည်း ချွေးများဖြင့် စိုရွှဲနေ၏။ သူ အနည်းငယ် မောဟိုက်နေပြီး စကားပင် မပြောနိုင်တော့ပါ။
လင်းဖန်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ သို့သော်လည်း သူကတော့ အဆင်ပြေနေသည့်ပုံပင်။ လင်းဖန်၏ ခန္ဓာကိုယ်က မကြာခဏ လေ့ကျင့်ပေးသဖြင့် သိပ်ပြီး အခြေအနေ မဆိုးလှပါဘူး။
လေ့ကျင့်ပြီးနောက် ရှားဝမ်ချွေ့တစ်ယောက် ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့ပါသည်။
အစကတော့ လင်းဖန် အိမ်ပြန်ချင်သော်လည်း ဒီနေ့ ပင်ပန်းလွန်းနေပါပြီ။ ငါးပေါင်းကို စားသောက်ပြီး တစ်နာရီလောက် လေ့ကျင့်ပြီးသောအခါ သူအိပ်မောကျသွားခဲ့၏။
သူတို့နှစ်ယောက် အဝတ်အစားများပင် မချွတ်ဘဲ ကုတင်ပေါ်တွင် အိပ်စက်အနားယူခဲ့ကြပါသည်။
အချိန်ဘယ်လောက် ကြာသွားမှန်း မသိလိုက်ဘဲ နောက်တစ်နေ့ကို ကူးပြောင်းသွားခဲ့သည်။
ရှားဝမ်ချွေ့က အရင်နိုးလာခဲ့၏။
သူမဘေးတွင် လင်းဖန်အိပ်နေတာကို မြင်သောအခါ ရှားဝမ်ချွေ့ ထိတ်လန့်သွားပါသည်။
မဟုတ်မှလွဲရော မနေ့ညက...
စစ်ဆေးကြည့်ပြီးသောအခါ ရှားဝမ်ချွေ့ စိတ်အေးစွာ သက်ပြင်းချလိုက်မိပါသည်။
တခြားသူများသာ ဒီအကြောင်းသိသွားပါက ဝေ့ပေါ်ပင် ကြောင်သွားနိုင်ပါသည်သ။
ရှားဝမ်ချွေ့က တစ်ညလုံး အမည်မသိ လူတစ်ယောက်နဲ့ အတူတူအိပ်ခဲ့သည်။
လင်းဖန် နိုးလာသောအခါ သူ့မျက်လုံးများက ရှားဝေ့ချွေ့နှင့် အကြည့်ချင်း ဆုံသွားပါသည်။
ကံကောင်းလို့ ဘာမှမဖြစ်ခဲ့ပါ။ ရှားဝမ်ချွေ့၏ ပါးလေးများက အနည်းငယ် ပန်းရောင်သန်းနေ၏။
"လင်းဖန် မြန်မြန်သွားတော့။ နင်အခုမသွားရင် ငါ့မန်နေဂျာ အစ်မယန် လာတော့မယ်" ရှားဝမ်ချွေ့၏ မျက်နှာက နီရဲနေပြီး လင်းဖန်ကို ကြည့်လိုက်သညသ်။ ဘာမှ မဖြစ်ခဲ့သော်လည်း သူမ၏ ပုံစံလေးက မဟုတ်တာလုပ်နေသည်ဟု အထင်လွဲသွားစေနိုင်ပါသည်။
"ငါတို့ကို တွေ့သွားကြရင်... ပြဿနာတက်လိမ့်မယ်" ရှားဝမ်ချွေ့က လင်းဖန်ကို တံခါးမှ တွန်းထုတ်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူမ၏ လက်ရှိ အဆင့်အတန်းက ထူးခြားသည်။ သူမ၏ မန်နေဂျာက သူမ၏ လူ ဖြစ်သော်လည်း ယန်ချင်းသာ ဒီအကြောင်း သိသွားပါက သေချာပေါက် နားပူအောင် ပြောပါဦးမည်။
"မြောင် မြောင် ပြန်တော့နော်" ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်ကာ နှုတ်ခမ်းစူပြလိုက်သည်။ အလွန်ချစ်ဖို့ ကောင်းပါသည်။
"ကောင်းပြီ" လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ သူ့ဂျတ်ကတ်ကို ဝတ်ရင်း အပြင်သို့ ထွက်လာခဲ့၏။ ရှားဝမ်ချွေ့ ဘယ်လောက် စိတ်လှုပ်ရှားနေသလဲ မြင်ကာ လင်းဖန် ပြုံးလိုက်ပါသည်။ အထက်တန်းတုန်းကနဲ့ ဘာမှ သိပ်ပြီး မပြောင်းလဲခဲ့ပါ။
သူတို့နှစ်ယောက် ဘာမှမဖြစ်ခဲ့ကြသော်လည်း တစ်ယောက်ယောက်သာ သူ့တို့ကို မြင်သွားပါက ရှင်းပြဖို့ ခက်ပါလိမ့်မည်။
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အခန်းတစ်ခန်းထဲမှာ အတူတူ ရှိနေခဲ့ကြသည်။ အဓိကက ကောင်မလေးက အလွန်လှပြီး ကောင်လေးကလည်း အလွန်ချောပါသည်။
လင်းဖန်က လှေကားမှ ဆင်းလာသောအခါ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်နှင့် တွေ့ခဲ့၏။
ထိုအမျိုးသမီးက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သို့သော်လည်း သိပ်ပြီး မစဥ်းစားခဲ့ပါ။
လင်းဖန်က လှမ်းကြည့်လိုက်၏။ ဒီအမျိုးသမီးက ရှားဝမ်ချွေ့၏ မန်နေဂျာ ယန်ချင်း ဖြစ်နိုင်သည်။
သူတို့ တကယ်ကြီး ဆုံကြ၏။
သို့သော်လည်း လင်းဖန်က အလွန်တည်ငြိမ်နေပါသည်။
ဘာမှ မဖြစ်သလို ဟန်ဆောင်ကာ ဒီအိမ်၏ ပိုင်ရှင်ယောင်ယောင် ဟန်ဆောင်လိုက်ပါသည်။
သူတို့ လက်ချင်းတောင် မထိတွေ့သော်လည်း ရှားဝမ်ချွေ့နဲ့အတူတူ အိပ်ခဲ့တာပဲ မဟုတ်ပါလား။
အစကတော့ ယန်ချင်း ဘာမှ သံသယ မဖြစ်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဒါက အဆောက်အဦးတစ်ခု ဖြစ်သဖြင့် ပိုင်ရှင်တစ်ယောက် ဆင်းလာတာ ပုံမှန်ပဲဖြစ်ပါသည်။
သို့သော်လည်း သူမ အပေါ်ထပ် တက်သွားသောအခါ ယန်ချင်း နောက်ဆုံးတော့ နားလည်သွားသည်။
ရှားဝမ်ချွေ့က အဆောက်အဦးတစ်ခုလုံးတွင် နေထိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။
ခုနက ဖြတ်သွားတဲ့ လူက ဘယ်သူလဲ။
ဒါကြောင့် ရှားဝမ်ချွေ့က အခုတလော ဘယ်သူ့ကိုမှ အသိမပေးဘဲ တစ်နေရာရာသို့ ခိုးသွားနေတတ်ခြင်း ဖြစ်ပါသည်။ ဒါကို ယန်ချင်း အမြဲတမ်း သံသယ ဝင်ခဲ့မိ၏။
ယခု လင်းဖန်ကို သူမ မြင်သွားသဖြင့် နားလည်သွားပါသည်။
မဟုတ်မှလွဲရော... ငါ့ဂေါ်ဖီထုပ်လေးကို ခိုးသွားတာ လင်းဖန်လား။
ပြီးတော့... သူနဲ့အတူတူတောင် အိပ်ခဲ့တာလား။