အခန်း(၂၄) ၂၄သန်းတန် ကျောင်းခရိုင် အိမ်တစ်လုံး
Vol. 2 Ch. 24
အခန်း(၂၄) ၂၄သန်းတန် ကျောင်းခရိုင် အိမ်တစ်လုံး
ယန်ချင်းက အခန်းထဲ တိုးတိုးတိတ်တိတ် ဝင်လာပြီး ရှားဝမ်ချွေ့ကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားမိပါသည်။
ရှားဝမ်ချွေ့က စူပါစတားတစ်ယောက် ဖြစ်ပြီး ဘာကြောင့် တခြားသူနဲ့ အတူတူ အိပ်ရတာလဲ။
တစ်ယောက်ယောက်သာ သူမကို ဓာတ်ပုံရိုက်သွားလျှင် သူမ၏ နာမည်ကို ရှင်းလင်းနိုင်တော့မည် မဟုတ်ပေ။
ယန်ချင်းက ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ရှားဝမ်ချွေ့ အဝတ်အစားများတော့ ချွတ်မထားခဲ့ပေ။
"ဝမ်ချွေ့ ငါ့ကို ပြောစမ်း။ နင်သဘောကျတဲ့ လူတစ်ယောက်ယောက် ရှိနေပြီလား။" ယန်ချင်းက ရှားဝမ်ချွေ့ဘေးတွင် ဝင်ထိုင်ပြီး မေးလိုက်၏။
ထိုမေးခွန်းကို ကြားသောအခါ ရှားဝမ်ချွေ့ အနည်းငယ် ရှက်သွေးဖြာသွားခဲ့ပါသည်။ "မရှိပါဘူး အစ်မယန်"
ယန်ချင်းက ရှားဝမ်ချွေ့ကို ကြည့်ကာ သက်ပြင်းချလိုက်ပါသည်။ "ဝမ်ချွေ့ ခုတလော နင်တစ်ယောက်တည်း ထွက်ထွက်သွားပြီး ယောက်ျားတစ်ယောက်ကို နင့်အိမ်မှာ ညဘက်ကြီး နေခိုင်းခဲ့တယ်။ နင့်မှာ ရည်းစားရှိတယ် ဆိုတဲ့သတင်းထွက်သွားတာနဲ့ နင့်အလုပ်ကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်နော်။”
"ပြီးတော့လည်း သာမန်လူတစ်ယောက်နဲ့ ကြိုက်တာဆိုရင် နင့်လုပ်ငန်းနဲ့ အလုပ်တွေကို ထိခိုက်စေလိမ့်မယ်" ယန်ချင်းက ပြောလိုက်သည်။ ရှားဝမ်ချွေ့၏ မန်နေဂျာ တစ်ယောက်အနေဖြင့် သူမ၏ နေ့စဥ်ဘဝကို ဂရုစိုက်ပေးမည်ဖြစသည်။
"အစ်မယန် မဟုတ်ဘူး။ လင်းဖန်က ကျွန်မရဲ့ အထက်တန်းကျောင်းက အတန်းဖော်ပါ။ ကျွန်မတို့က ရင်းနှီးကြတယ်လေ။"
"ပြီးတော့လည်း သူလုပ်ပေးတဲ့ အသီးအရွက်သုပ်က အရသာရှိတယ်။ ငါးပေါင်းလည်း ပါသေးတယ်။ တစ်နေ့နေ့ကျရင် သွားစားကြရအောင်လေ" ရှားဝမ်ချွေ့က မျက်တောင်ခတ်ရင်း ယန်ချင်းကို ကြည့်လိုက်ပါသည်။
"သူက ဟင်းလျာကောင်းကောင်း ချက်ပေးနိုင်တယ်ပေါ့။ ဒါဆို မနေ့ညက..." ယန်ချင်းက ဆက်မေးသည်။
"ကျွန်မ စားတာ များသွားပြီး အပြေးခဏလေ့ကျင့်ပြီးတော့ အိပ်ပျော်သွားတာ။ မြောင်မြောင် ဘာမှ မဖြစ်ခဲ့ပါဘူး" ရှားဝမ်ချွေ့က မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်ပြောပြလိုက်ပါသည်။
"နင် တကယ် ရည်းစားမရှိဘူးလား" ယန်ချင်းက ထပ်မေးလိုက်သည်။
"မရှိပါဘူး" ရှားဝမ်ချွေ့က ခေါင်းခါလိုက်ပါသည်။
ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများကို မြှင့်တင်ရင်း ယန်ချင်းကို အတည်ပေါက် ကြည့်လိုက်သည်။
"ကျွန်မ ရည်းစားထားရင်တောင် ကျွန်မ ကိစ္စပါ။ ကုမ္ပဏီနဲ့ ဘာမှ မဆိုင်ဘူး။"
"ဘော့စ် ကျွန်မကို လာပြောရင်တောင် ကျွန်မရဲ့ သဘောထားက ဒီတိုင်းပဲ ဖြစ်မှာပဲ" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။ သူမ ဒီလောက် တည်တံ့တာကို မြင်ရခဲ့ပါသည်။
သူမ၏ အလုပ်နှင့် ကုမ္ပဏီ၏ ဂုဏ်သတင်းကြောင့် လင်းဖန်နဲ့ ဝေးဝေးနေရမှာလား။
ဆောရီး၊ မနေနိုင်ပါဘူးနော်။
ယန်ချင်းက ရှားဝမ်ချွေ့၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို ကြည့်လိုက်ရင်း သက်ပြင်းသာချနိုင်တော့သည်။ ဘာပဲဖြစ်ဖြစ် သူမက မန်နေဂျာတစ်ယောက်သာ ဖြစ်သည်။
ထို့အပြင် သူမက ရှားဝမ်ချွေ့၏ မန်နေဂျာလည်းဖြစ်သည်။ ရှားဝမ်ချွေ့က သူမကိုအစားထိုးလိုလျှင် အလွယ်လေး လုပ်နိုင်ပါသည်။
ရှားဝမ်ချွေ့က လှပပြီး ထူးချွန်သည့် သရုပ်ဆောင် စွမ်းရည်များ ရှိသော်လည်း စည်းကမ်းပိုင်းနှင့် ပတ်သက်လာလျှင် ခေါင်းမာတတ်သည်။
အဆင့်နိမ့်သည့် ဇာတ်ကားများကို ငွေတစ်ခုတည်းကြောင့် မရိုက်ပါ။ နမ်းသည့်အခန်း သို့မဟုတ် အချစ်အခန်းများကိုလည်း မရိုက်ပါဘူး။
သူမ ရိုက်ချင်လျှင် ပိုရေပန်းစားလာနိုင်သော်လည်း သူမ ငြင်းဆန်ခဲ့ပါသည်။
ဒီလိုဆိုရင်တောင် ရှားဝမ်ချွေ့၏ ကုမ္ပဏီလက်အောက်ရှိ နံပါတ် တစ် အမျိုးသမီး သရုပ်ဆောင် ဖြစ်နေဆဲ ဖြစ်သည်။ သူမတွင် ပရိတ်သတ် သန်း ၈၀ ကျော်ရှိ၏။ ထို့အပြင် သူမကို သဘောကျသည့် လူများစွာလည်း ရှိပါသည်။
ဒါကြောင့် ရှားဝမ်ချွေ့က ဇာတ်ညွှန်းများစွာကို ငြင်းဆန်ခဲ့ဖူးသည်။ သို့သော်လည်း သူမ၏ ခေါင်းမာမှုကြောင့် ကုမ္ပဏီကပင် သူမကို လက်လျှော့ထားရပါသည်။
ရှားဝမ်ချွေ့ကို ဖျောင်းဖျလို့မရမှန်း ယန်ချင်းသိသည်။
နောက်ဆုံးတော့ ရှားဝမ်ချွေ့ ဘာကြောင့် အကြင်နာပေးခန်းများကို မရိုက်တာလဲ နားလည်သွားပါပြီ။
အလွန်အပြစ်ကင်းစင်သည့် ရှားဝမ်ချွေ့က ကောင်လေးတစ်ယောက်ကို သူမ အိမ်မှာ တစ်ညလုံး ဘာကြောင့် နေခိုင်းမည်နည်း။
ရှားဝမ်ချွေ့က ဒီလောက်ထိ ကာကွယ်ပေးနေရအောင် အဲ့ဒီ အကျင့်မကောင်းတဲ့ လင်းဖန်ဆိုသူမှာ ဘယ်လို ဂုဏ်သတ္တိတွေ ရှိနေလို့လဲ။
"ဝမ်ချွေ့ သူချက်တဲ့ ဟင်းတွေက တကယ်အရသာရှိတာလား။ နောက်တစ်ခေါက်ဆို ငါစားဖို့ ယူလာပေးပါဦး" ယန်ချင်းက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
"ဒါပေါ့။ အရသာရှိတာပေါ့" ရှားဝမ်ချွေ့က ခေါင်းငြိမ့်ပြီး ချစ်ဖို့ကောင်းသည့် မျက်နှာထားတစ်ခုကို လုပ်ခဲ့ပါသည်။
...
...
"ဒင်"
"အောင်မြင်စွာ Sign-in ဝင်ပြီးပါပြီ။ ကြွေပန်းဥယျာဥ်အိမ်ရာမှ ကျောင်းခရိုင် အိမ်တစ်လုံးကို ပိုင်ဆိုင်လိုက်ရတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ စုစုပေါင်း ၁၂၀ စတုရန်းမီတာ ဧရိယာ ရှိပြီး ခန့်မှန်းခြေစျေးအရ ယွမ် ၂၄ သန်းတန်ပါတယ်။"
"သက်ဆိုင်ရာ ပိုင်ဆိုင်မှု စာချုပ်များကို စနစ်၏ သိုလှောင်ခန်းထဲ ထည့်ထားပြီးပါပြီ။"
စနစ်၏ အသံထွက်လာခဲ့သည်။ နေ့သစ် တစ်နေ့တွင် လင်းဖန် နောက်ထပ် ကျောင်းခရိုင် အိမ်တစ်လုံး ရလိုက်ပြန်ပါသည်။
ယွမ် ၂၄ သန်းတောင် တန်သည်။
သူ ငှားရမ်းလိုက်ပါက နှစ်စဥ် အိမ်ငှားခ အနည်းဆုံး ယွမ် ၉၀၀,၀၀၀ ရနိုင်ပါသည်။
၁၀ နှစ်ဆို ယွမ် ၉ သန်းဖြစ်ပြီး နှစ် ၂၀ ဆို ယွမ် ၁၈ သန်းဖြစ်သွားပါပြီ။
လင်းဖန်က ချက်ချင်းပဲ အိမ်ငှားကြေညာချက်နှင့် ကြေညာခကို ပေးလိုက်ပါသည်။
ယခု သူ့မှာ နှလုံးသားရေကန်ဗီလာတစ်လုံး၊ Bugatti ပြိုင်ကားတစ်စီး၊ ကြွေပန်းဥယျာဥ် ကျောင်းခရိုင်မှာ အိမ် ၂လုံး ပိုင်ဆိုင်နေပါပြီ။
လင်းဖန် သူ့ဖုန်းကို ဖွင့်လိုက်ပြီး ဘဏ်ကတ်ထဲက လက်ကျန်ငွေကို ကြည့်လိုက်သည်။
[ လက်ကျန်ငွေ : ၈၇၅, ၂၁၄ ယွမ် ]
ယွမ် ၈၇၀,၀၀၀ တောင် ရှိနေပါလား။
ဒီကျောင်းခရိုင် အိမ်အသစ်ကို သူ ငှားရမ်းနိုင်ပါက လင်းဖန် မီလျံနာကြီး ဖြစ်သွားပါတော့မည်။
လင်းဖန်က ချက်ချင်းပဲ ရွာက သူ့မိဘများထံသို့ ယွမ် ၅၀၀,၀၀၀ လွှဲပေးလိုက်သည်။ ထို့နောက် ဖုန်းဆက်လိုက်သည်။
"အမေ အဖေနဲ့ အမေတို့ ဘဏ်ကောင့်ထဲ ယွမ် ၅၀၀,၀၀၀ လွှဲပေးလိုက်တယ်။ ကျေးဇူးပြုပြီး သေချာစစ်ကြည့်နော်" လင်းဖန်က ဖုန်းထဲမှ ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ယွမ် ၅၀၀,၀၀၀ ဆိုတာ ကျေးရွာဘက်မှာ အိမ်တစ်လုံးပင် ဆောက်နိုင်သော ပမာဏဖြစ်ပါသည်။
"ဘာ ယွမ် ၅၀၀,၀၀၀ ဟုတ်လား။ သား ဒီလောက် ပိုက်ဆံတွေအများကြီး ဘယ်ကရတာလဲ။ နင်တရားမဝင်တာ တစ်ခုခု လုပ်နေတာလား" ယွမ် ၅၀၀,၀၀၀ ဟုကြားလိုက်ရသောအခါ လင်းဖန်၏ အမေက ထိတ်လန့်သွားပါသည်။
"အမေ ကျွန်တော်က ဘာလို့ အဲ့တာတွေ လုပ်ရမှာလဲ။ ကျွန်တော်အခု အပြင်ဘက်မှာ ကုမ္ပဏီတစ်ခု ထောင်ထားပြီး ရှယ်ယာဝင် တစ်ယောက်ဖြစ်နေတာလေ။ ကျွန်တော် အစုပေါ် အမြတ်အဖြစ် ယွမ် သန်းချီပြီးရတာ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ကုမ္ပဏီ ရှယ်ယာဝင်... မီလီယံချီပြီးတော့... တကယ်ကြီးလား။"
"ငါ့သား ဘယ်တုန်းက ဒီလောက်ထိ တော်လာတာလဲ။ ယွမ် သန်းချီပြီးတော့ ရှိတယ်ပေါ့။ နင့်အဖေသာ ဒါကို သိသွားရင် အောင်ပွဲခံဖို့ ဝိုင်တွေ သောက်လိမ့်မယ်။ နင် ဥပဒေကို မချိုးဖောက်ရင် အဆင်ပြေမှာပါ။ အဲ့ဒီ ယွမ် ၅၀၀,၀၀၀ ကို အမေ သိမ်းထားပေးမယ်။ နောက်ပိုင်း နင်မိန်းမယူတဲ့အခါကျရင် တင်တောင်းဖို့ စုထားပေးမယ်။" လင်းဖန်၏ အမေက ပျော်ရွှင်နေသည့်ပုံပေါက်ပါသည်။ မိမိတို့၏ သားသမီး ကြီးပွားလာတာကို မပျော်ရွှင်သည့် မိဘ ရှိပါ့မလား။
"အမေ ကျွန်တော့်အတွက် မိန်းမယူဖို့ စုပေးဖို့ မလိုပါဘူးဗျာ။ အဖေနဲ့ အမေတို့အတွက်ပဲ သုံးလိုက်ပါ။ ကျွန်တော်က ငွေမလိုဘူး။ ရှန်ဟိုင်းမှာ ငွေရှာရတာ အရမ်းမြန်တယ်။ " လင်းဖန်က ပြောလိုက်ပါသည်။
သူမိဘတွေက ဒီလိုပဲဖြစ်သည်။ သူက သူ့မိသားစု၏ ဘဝကို အဆင့်မြှင့်တင်ပေးချင်၏ သို့သော်လည်း သူ့မိဘများက သူ့ပိုက်ဆံကို မသုံးရက်ကြပါ။
"စကားမစပ် ငါ့သား နင်ကောင်မလေး ရပြီလား။ သူ့ကိုဘယ်တော့ အိမ်ပြန်ခေါ်ခဲ့မှာလဲ" သူ့အမေ၏ အသံက တစ်ဖက်ဖုန်းထဲမှ ထွက်လာခဲ့သည်။
လင်းဖန် စိတ်ပျက်သွားပါသည်။
သူ့အမေကို သူ ဖုန်းဆက်လိုက်တိုင်း သူ့အချစ်ရေးကိစ္စကို မေးမြန်းတတ်သည်။
ကောင်မလေးတစ်ယောက်ရှာဖို့က ဒီလောက် လွယ်ပါ့မလား။
ထို့အပြင် လင်းဖန်မှာလည်း ကောင်မလေး မရှိသေးပေ။
ထို့အပြင် ကောင်မလေး ရှိခဲ့ရင်တောင် ဆက်ဆံရေး ခိုင်မာမှ အိမ်ကို ပြန်ခေါ်လာနိုင်မည်ဖြစ်သည်။
"အမေ ဇာတ်လမ်းက စတောင်မစရသေးပါဘူးဗျာ" လင်းဖန်က ပြောလိုက်သည်။
"ဟုတ်ပါပြီ။ နင့်မှာ ကောင်မလေး မရှိသေးတာ ကောင်းတယ်။ ငါတို့အိမ်နီးချင်းရဲ့ သမီးလေးက အရမ်းလှတာ။ သူ့နာမည်က ရှီထျင်ထျင်တဲ့။" လင်းဖန်၏ အမေက ပြောလိုက်ပါသည်။
"အမေ ကျွန်တော် မျက်မမြင် ချိန်းတွေ့ခြင်း မလုပ်ချင်ဘူး..." လင်းဖန်က ငြင်းလိုက်ပါသည်။
"နင်ငြင်းလို့ မရဘူးနော်။ နင်က အသက် ၂၅ နှစ်တောင် ရှိနေပြီ။ နင့်အတွက် ချိန်းတောင် ချိန်းထားပေးပြီးပြီ။ အခုပဲ နင့်ကို ဖုန်းခေါ်တော့မလို့။ ၄ နာရီခွဲ နင့်ဘေးက စားသောက်ဆိုင်မှာ။ မမေ့ဘဲ သွားဖြစ်အောင် သွားလိုက်ဦးနော်။"
"နင်သွားမှ ဖြစ်မယ်။ ငါအားလုံး စီစဥ်ပြီးပြီ။ နင်မသွားရင် ငါမျက်နှာပျက်ရမယ်။ ကောင်မလေးကလည်း လာမယ်လို့ ပြောတယ်။ ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့နော်" လင်းဖန်၏ အမေက ပြောကာ ဖုန်းချလိုက်ပါသည်။
လင်းဖန် ဆွံ့အသွား၏။
လင်းဖန် မျက်မမြင် ချိန်းတွေ့ခြင်း တကယ် မလုပ်ချင်ပါ။ သူ ရည်းစားထားဖို့ စိတ်ကူးမရှိပါ။
သို့သော်လည်း သူ့အမေက သူ့အတွက် ချိန်းပင် ချိန်းထားပေးပြီးပါပြီ။ အားလုံးက အိမ်နီးချင်းများ ဖြစ်ကြသဖြင့် သူ မသွားရင် သူ့အမေ အရှက်ရပါလိမ့်မည်။
"ဟုတ်ပြီ။ ဒါဆိုလည်း သွားကြည့်တာပေါ့။ ဘာမှ အဆင်မပြေဘူးလို့ ပြန်ပြောလိုက်မယ်" လင်းဖန်က ပြောလိုက်ပါသည်။ အချိန်ကို ကြည့်လိုက်သောအခါ ၄ နာရီပင်ထိုးနေပြီ။ အခုချိန်သွားလျှင် အချိန်ကိုက် ဖြစ်ပါသည်။
သန်း ၁၀၀ ကျော် တန်ဖိုးရှိသည့် Bugatti ပြိုင်ကားကြီးကို မောင်းရင်း သူ့ပထမဆုံး မျက်မမြင် ချိန်းတွေ့ခြင်း အတွက် ရှန်းယွမ်ယန်စားသောက်ဆိုင်ကို သွားခဲ့ပါသည်။
သူတကယ် မျက်မမြင် ချိန်းတွေ့ခြင်း မလုပ်ချင်ပါ။ သို့သော် သူ့အမေက ဒီတိုင်သွားထိုင်ကြည့်ဖို့သာ တိုက်တွန်းနေခဲ့၏။ ယဥ်ကျေးမှုအရသာ ဖြစ်ပါသည်။
သူတို့အဆင်မပြေလည်း လင်းဖန် ဂရုမစိုက်ပေ။ သူ ကောင်မလေးရဖို့အတွက် မျက်မမြင် ချိန်းတွေ့ခြင်း တစ်ခုကို အားမကိုးချင်ပါ။
သူမသာ ရှားဝမ်ချွေ့ထက် ပိုလှ၊ ပိုချစ်ဖို့ကောင်းပါက သူ စဥ်းစားပေးနိုင်ပါသည်။
ရှားဝမ်ချွေ့ကို သူ့ကောင်မလေးအယောင် ဆောင်ခိုင်းပြီး ဘယ်တော့ အိမ်ပြန်ခေါ်လာရမလဲ။
Bugatti ကားကြီးကိုမောင်းရင်း လင်းဖန်က လမ်းမပေါ်တွင် မျက်စိကျစရာ အကောင်းဆုံး မြင်ကွင်းတစ်ခု ဖြစ်လာခဲ့ပါသည်။
ဘေးက ဖြတ်သွားသူများလည်း အံ့အားသင့်စွာ ရေရွတ်မိကြသည်။
"ဟာ Bugatti La Voiture Noire ကားကြီးပါလား။ အဲ့တာ ယွမ်သန်းရာကျော်တဲ့ ပြိုင်ကားကြီး မဟုတ်ဘူးလား။"
"နင်တို့တွေ မြင်လိုက်လာ။ ပြိုင်ကားကို မောင်းနေတဲ့ ကောင်လေးက အရမ်းချောတာပဲ။"
"ငါလည်း မြင်လိုက်တယ်။ စူပါစတား တစ်ယောက်ထပ်တောင် ပိုချောတယ်။ ဒါပေမယ့် ငါဓာတ်ပုံမရိုက်လိုက်မိဘူး။"