အခန်း(၂၈) သူ နင့်ကို သဘောကျနေတာ
Vol. 2 Ch. 28
အခန်း(၂၈) သူ နင့်ကို သဘောကျနေတာ
လင်းဖန်ထွက်သွားပြီးနောက် ကျန်ခဲ့သည့် လုံခြုံရေး အစောင့်နှစ်ယောက် ကြောင်သွားကြပါသည်။
လင်းဖန်က ပိုက်ဆံကြောင့်မဟုတ်ဘဲ လူတစ်ယောက်ကြောင့် စားသောက်ဆိုင်ကို ဖွင့်နေတာတဲ့လား။
မဟုတ်မှလွဲရော ကောင်မလေး ချောချောလေး တစ်ယောက်များလား။
...
ကားတစ်စီးထဲတွင်။
ရှားဝမ်ချွေ့နှင့် တခြား ကောင်မလေးတစ်ယောက် အတူတူ ထိုင်နေကြပါသည်။
"အစ်မဝမ်ချွေ့ နင်ပြောတဲ့ စားသောက်ဆိုင်က တကယ်အရသာရှိတာလား။" ကောင်မလေးက မေးလိုက်သည်။
"ဒါပေါ့" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပါသည်။
"ဟီးဟီး ဒါဆိုရင်တော့ ငါမျှော်နေပြီ။ စားသောက်ဆိုင် ပိုင်ရှင်က ခပ်ချောချော ကောင်လေး မဟုတ်ဘူးလား။" ကောင်မလေးက မျက်တောင်ခတ်လိုက်ပါသည်။
"ရှောင်းယွီ ငါတို့က သွားစားမှာနော်" ရှားဝမ်ချွေ့က ရှက်သွေးဖြာကာ ပြောလိုက်ပါသည်။
"သိပါတယ် ငါသိပါတယ်။ နင်က နင့်ချစ်သူလေးကို သွားတွေ့မလို့မလား" ကောင်မလေးက ပြောလိုက်သည်။
"မြောင် မြောင် နင်ကမှ နင့်ချစ်သူလေးကို သွားတွေ့မယ့်လူ" ရှားဝမ်ချွေ့က သရော်လိုက်ပါသည်။
"ဟင်း ငါမသိဘူး မထင်နဲ့နော်။ ခုတလော အဲ့ဒီ စားသောက်ဆိုင်လေးကို နင်ခဏခဏ သွားနေတာ။ အရသာရှိတဲ့ ဟင်းနံ့တွေကို အဝေးကြီးကနေတောင် ငါရတယ်" ကောင်မလေးက သူမ၏ ခေါင်းကို ချစ်ဖို့ ကောင်းစွာ ရှေ့တိုးလိုက်ပါသည်။
"ငါတို့အစ်မဝမ်ချွေ့ကို ဒီလောက်ထိ ဆွဲဆောင်နိုင်တယ်ဆိုတော့ သူက ဘယ်လောက်တောင် ချောလိုက်မလဲ" ကောင်မလေးက ချိုမြိန်စွာ ပြုံးလိုက်ပြီး အနည်းငယ် ချစ်ဖို့ ကောင်းနေပါသည်။
"ရှောင်းယွီ ငါနင့်ကို ကုတ်မိတာ့မယ်" ရှားဝမ်ချွေ့က ရှောင်းယွီ၏ လက်ကောက်ဝတ်ကို ကုတ်လိုက်ပါသည်။
"အီးဟီးး အစ်မဝမ်ချွေ့ နင်ငါ့ကို အနိုင်ကျင့်တယ်" ကောင်မလေးက ငိုတော့မလို လုပ်ပြလိုက်ပါသည်။
"ဘယ်တုန်းကလဲ" ရှားဝမ်ချွေ့က လက်ခါပြလိုက်ပါသည်။
ထိုအချိန်တွင် ကောင်မလေးက အခွင့်ကောင်းယူပြီး ရှားဝမ်ချွေ့၏ မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။
"ဟီးဟီး ပရိတ်သတ်ပေါင်းများစွာရဲ့ နတ်သမီးလေးမျက်နှာကို ငါပွတ်ပေးနေတာပါ" ကောင်မလေးက ပြုံးလိုက်ပြီး သူ့မ၏ သရုပ်ဆောင်စွမ်းရည်ကလည်း ပြီးပြည့်စုံနေပါသည်။
ထိုကောင်မလေးက ယွဲ့ဟွာ ဖျော်ဖြေရေး၏ ဒုတိယ နာမည်အကြီးဆုံး အမျိုးသမီးသရုပ်ဆောင် ဖြစ်ပါသည်။
စုရှောင်းယွီက ချစ်ဖို့ကောင်းပြီး ချိုမြိန်၏။ အရေးအကြီးဆုံးက သူမ လိုလီတာလေးတစ်ယောက်လို ပြုမူကာ ဝတ်စားဆင်ယင်တတ်ပါသည်။
သူမတွင် ပရိတ်သတ် သန်း ၅၀ ရှိပြီး ရုပ်ရှင်နှင့် ဒရမ်မာများတွင် မကြာခဏ သရုပ်ဆောင်ပါသည်။ အဓိက အချက်က စုရှောင်းယွီ၏ သီချင်းဆိုသံက အလွန်ကောင်းမွန်ပြီး ထူးခြားသည့် စရိုက်တစ်ခုလည်း ရှိသေးသည်။ သူမက အစားပုတ်သူ ဖြစ်ခြင်းပင်။
ကောင်မလေးနှစ်ယောက်စလုံးက ယွဲ့ဟွာ ဖျော်ဖြေရေးမှ သရုပ်ဆောင်များ ဖြစ်ကြသည်။ ခြွင်းချက်မရှိ စူပါစတားများ ဖြစ်ကြပါသည်။
ကုမ္ပဏီထဲတွင် ကောင်မလေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြိုင်ဆိုင်နေသင့်သည်။
သို့သော်လည်း ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်လွန်းပါသည်။ သူတို့ကြားမှာ လျှို့ဝှက်ချက်ဆိုတာမျိုး မရှိပေ။ သူတို့နှစ်ယောက်က အနုပညာလောကတွင် တစ်ယောက်ကို တစ်ယောက် အကူအညီပေးကြပြီး အတူတူတိုးတက်လာခဲ့ကြသူများဖြစ်ပါသည်။
ကောင်မလေး နှစ်ယောက်၏ စကားလုံးများကြောင့် ကားဒရိုင်ဘာ ချွေးပြန်လာသည်။
နင်တို့နှစ်ယောက်က နာမည်ကျော်ကြီးတွေ။ ကိုယ့်ပုံကိုယ် သတိထားကြပါဦး။
သို့သော်လည်း ဒရိုင်ဘာက စုရှောင်းယွီ၏ လက်အောက်ငယ်သား ဖြစ်သဖြင့် ဘာမှ မပြောခဲ့ပါ။
ကောင်မလေးနှစ်ယောက် စားသောက်ဆိုင်သို့ ရောက်လာသောအခါ အာရုံစိုက်ခံရမှု သိပ်ပြီး မရှိခဲ့ပါ။
"မြောင်~" နူးနူးညံ့ညံ့ ကောင်မလေး တစ်ယောက်၏ အသံထွက်လာခဲ့သည်။
ရှားဝမ်ချွေ့ ရောက်နေပြီဆိုတာ သိရဖို့ လင်းဖန် နောက်လှည့်ကြည့်ရန်ပင် မလိုပါ။
ဒီအကျင့်မကောင်းသည့် ကောင်မလေးက သူ့အသီးအရွက်သုပ်ကို စားဖို့ ရောက်လာခဲ့ပြန်ပြီ။
"ငါ့ကို မကြိုဆိုဘူးလား" ရှားဝမ်ချွေ့က ရှေ့သို့ လျှောက်လာပြီးထိုင်လိုက်ပါသည်။
"ဘာလို့ မကြိုဆိုရမှာလဲ" လင်းဖန်က လှည့်ကြည့်လိုက်သောအခါ ရှားဝမ်ချွေ့ကို မြင်လိုက်ပါသည်။
ယနေ့ ရှားဝမ်ချွေ့က သူမတူအောင် လှပစွာ ဝတ်စားထားသည်။ မိတ်ကပ်တချို့ပင် လိမ်းခြယ်ထားသေးသည်။ သူမ၏ ကြောင်နားရွက် ဦးထုပ်လေးကလည်း ချစ်ဖို့ ကောင်းဆဲဖြစ်သည်။ သို့သော် အဓိက အချက်က သူမ၏ အရှိန်အဝါက အလွန်ကောင်းမွန်နေခြင်းပင်။
လင်းဖန် အံ့အားသင့်ခဲ့သည်က ရှားဝမ်ချွေ့ဘေးတွင် ကောင်မလေးတစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်။ ကောင်မလေးက အလွန် လှပ၏။ ပုံစံအားဖြင့် ၁၀ မှတ်တွင် ၉.၅ လောက်ရနိုင်သူ ဖြစ်သည်။
ထိုကောင်မလေးက ပို၍ပင် ချစ်ဖို့ကောင်းပါသေးသည်။ သူမက သာမန်မိသားစုတစ်ခုမှ ချစ်ဖို့ကောင်းသည့် ကောင်မလေးအဖြစ် မွေးလာသလိုပင်။
ထို့အပြင် လင်းဖန်က ဒီကောင်မလေးကို အလွန်အမင်း ရင်းရင်းနှီးနှီး သိနေပါသည်။
ယွဲ့ဟွာ၏ ဒုတိယ နာမည်အကြီးဆုံး အမျိုးသမီး သရုပ်ဆောင်ဖြစ်ပြီး ပရိတ်သတ် များစွာ ရှိသည့် စုရှောင်းယွီပဲ ဖြစ်သည်။
ချစ်ဖို့လည်းကောင်း၊ ချိုလည်း ချိုမြိန်ကာ သရုပ်ဆောင်ကောင်းသည်။
ဇာတ်ကားတစ်ကားထဲတွင် စုရှောင်းယွီက ရှားဝမ်ချွေ့နှင့်အတူတူ သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်ကားကြောင့် သူတို့နှစ်ယောက်စလုံး နာမည်ကြီးလာခဲ့ကြပါသည်။
ထို့နောက် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ ဇာတ်ကားတစ်ကားတည်း အတူတူမရိုက်သလောက် ရှားသွားသည်။ သို့သော်လည်း ၎င်းတို့၏ တိုးတက်မှုက ပိုပိုပြီး ကောင်းမွန်လာခဲ့ပါသည်။
သို့သော် ဒီနေ့တော့... ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ နှစ်ယောက်စလုံး သူ့စားသောက်ဆိုင်ငယ်လေးသို့ ရောက်လာခဲ့ကြသည်။
လင်းဖန်၏ နှလုံးသား အေးစက်သွားသည်။
လူအများကြီး မတွေ့စေချင်သဖြင့် သူ ဒီလို ဇာတ်နိမ့်နေထိုင်ခဲ့ခြင်းဖြစ်ပါသည်။
ရှားဝမ်ချွေ့က ပုံမှန်ဆို တစ်ယောက်တည်း လာတတ်သော်လည်း ဒီနေ့တော့ စုရှောင်းယွီပါ ရောက်နေလေပြီ။
သူ့ကိုသာ လူမိသွားပါက ချက်ချင်း အလွန် နာမည်ကြီးလာနိုင်ပါသည်။
သတင်းထူး စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက်က စူပါစတား ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့နဲ့အတူ စားသောက်ဆိုင်ငယ်တစ်ခုထဲမှာ "အုပ်စု လေ့ကျင့်ခန်း" လုပ်ခဲ့ကြတယ်။
ဒီလို သတင်းခေါင်းစဥ်ကို စဥ်းစားကြည့်ရင်း လင်းဖန် ရှက်သွားပါသည်။
သို့သော်လည်း သူတို့ ရောက်လာမှတော့ နှင်ထုတ်လို့ ရပါဦးမလား။
"ဝိုး... ချောလိုက်တာ။ အစ်မဝမ်ချွေ့ နင်က အမြင်ကောင်းသားပဲ" လင်းဖန်ကို မြင်သောအခါ စုရှောင်းယွီ၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ချက်ချင်းပဲ ရှားဝမ်ချွေ့ကို တီးတိုးပြောလိုက်ပါသည်။
"မင်္ဂလာပါ ကျွန်မက အစ်မ ဝမ်ချွေ့ရဲ့ အချစ်ဆုံး သူငယ်ချင်း စုရှောင်းယွီပါ" စုရှောင်းယွီက ယဥ်ကျေးစွာဖြင့် သူမလက်ကို အရင်ကမ်းပေးလိုက်ပါသည်။
"မင်္ဂလာပါ ကျွန်တော်က လင်းဖန်ပါ" လင်းဖန်က စုရှောင်းယွီ၏ လက်ကို ဆွဲကာ နှုတ်ဆက်လိုက်ပါသည်။
သာမန်လူတစ်ယောက်သာ ဒီလိုကြယ်ပွင့်မျိုးကို မြင်လိုက်ပါက သေချာပေါက် ဖုန်းများဖြင့် ဓာတ်ပုံရိုက်မည်ဖြစ်သည်။
သို့သော်လည်း လင်းဖန်ကတော့ အလွန်တည်ငြိမ်နေပါသည်။ သူနာမည်ကျော်များစွာကို မြင်ဖူးပြီး တချို့တစ်ယောက်နှင့် အတူတူပင် အိပ်ဖူးပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
ရှားဝမ်ချွေ့က နှုတ်ခမ်းစူနေသည်။ သူမ နည်းနည်း သဝန်တိုနေသော်လည်း ဘာမှ ပြောလို့မရပါ။ သူမ လင်းဖန်ကို အပြစ်ကင်းသော မျက်နှာထားမျိုးဖြင့် ကြည့်လိုက်သည်။
ခဏကြာသောအခါ လင်းဖန်နှင့် ရှားဝမ်ချွေ့ကို အကြည့်ချင်းဆုံသွားကြပါသည်။
"အစ်မ ဝမ်ချွေ့။ နင်သဝန်တိုနေတာပဲ" စုရှောင်းယွီက လက်ကို ပြန်ရုတ်ကာ ရှားဝမ်ချွေ့ကို ပြုံးပြလိုက်ပါသည်။
"မတိုပါဘူး" ရှားဝမ်ခွေ့က ခေါင်းခါရင်း နှုတ်ခေါင်းရှုံ့လိုက်ပါသည်။
"ဟီးဟီး အစ်ဝမ်ချွေ့နောက် စားသောက်ဖို့ လိုက်လာတာ မှန်တယ်ဟေ့။ ဒီနေ့ အရမ်းချောတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်" စုရှောင်းယွီက ဆက်ပြောသည်။
ကောင်မလေး နှစ်ယောက်ကို ကြည့်ရင်း လင်းဖန် အနည်းငယ် စိတ်ဓာတ်ကျသွားပါသည်။
"ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီ နင်တို့နှစ်ယောက်က ယွဲ့ဟွာရဲ့ နံပါတစ်နဲ့ နံပါတ်နှစ် မိန်းကလေး သရုပ်ဆောင်တွေနော်။ နာမည်ကျော်တွေဆိုလည်း ဟုတ်တယ်။ နင်တို့နှစ်ယောက် ငါ့စားသောက်ဆိုင်ဆီ အတူတူ လာမယ်ဆို အခုက နေ့ဘက်ကြီး ဖြစ်နေတယ်လေ။ သတင်းသမားတွေသာ တွေ့သွားရင် ငါ့အပြစ်ကင်းစင်မှုကို ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ဘူး" လင်းဖန်က ပခုံးတွန့်ပြလိုက်သည်။
"မြောင်မြောင် လူဆိုးကောင် လင်းဖန်။ ငါတို့ ကောင်မလေး နှစ်ယောက်ကတောင် ဘာမှ ဂရုမစိုက်ဘူး။ နင့်အပြစ်ကင်းစင်မှုကို မထိန်းသိမ်းနိုင်ဘူး ထင်လို့လား" ရှားဝမ်ချွေ့က လင်းဖန်ကို စိုက်ကြည့်ကာ ပို၍ပင် စိတ်ဆိုးသွားပါသည်။
"ဟုတ်ပါ့ ဟုတ်ပါ့။ ဘာမှမဖြစ်ပါဘူး။ အစ်မဝမ်ချွေ့နဲ့ ငါက ဒီကို တိုးတိုးတိတ်တိတ် လာခဲ့တာပါနော်။ ငါတို့ကို တွေ့သွားရင် ငါတို့ ဒုက္ခရောက်မှာပေါ့” စုရှောင်းယွီက ဝင်ပြောလိုက်ပါသည်။
"ဒါပေမယ့်... ငါတစ်ခုခု စားချင်တယ်" စုရှောင်းယွီ၏ မျက်နှာတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွား၏။ သူမက အစားသောင်းကျန်းသူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဒီအခွင့်အရေးကို ဘာကြောင့် မယူဘဲ နေရမှာလဲ။
"ငါလည်း စားချင်တယ်" ရှားဝမ်ခွေ့က သူမ၏ ပါးလှပ်နေသော ဗိုက်ကို ထိလိုက်ပါသည်။
"လင်းဖန်"
အေးပါ၊ အစားပုတ်နှစ်ယောက်ရဲ့။
မကြာမီ ဝေ့ပေါ်ပေါ်တွင် နံပါတ် ၁ ရှာဖွေသူ အများဆုံးက သူဖြစ်လာတော့မည်ကို လင်းဖန် ခန့်မှန်းနေနိုင်ပါပြီ။
အုပ်စု လေ့ကျင့်ခန်းတဲ့။ ပြီးတော့ နာမည်ကျော်နှစ်ယောက်နဲ့အတူ။ စိတ်ကူးကြည့်ရုံနဲ့ ရူးသွပ်သွားနိုင်ပါသည်။
"နင်တို့နှစ်ယောက်က အထက်တန်း အတန်းဖော်တွေလား။ အစ်မဝမ်ချွေ့ နင့်အကြောင်း ပြောတာ ခဏခဏကြားဖူးတယ်။ နင့်ကို ဒီနေ့ တွေ့လိုက်ရတော့ နောက်ဆုံးတော့ နင်ဘယ်လောက်တောင် ချောလဲ နားလည်သွားတယ်" စုရှောင်းယွီက လင်းဖန်ကို စပ်စုစွာဖြင့် ကြည့်လိုက်ပါသည်။
"သူငါ့အကြောင်းတွေ ဘာပြောသေးလဲ" လင်းဖန်က ပြုံးကာ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်ပါသည်။
ရှားဝမ်ချွေ့ ပျာယာခတ်သွားပြီး စုရှောင်းယွီကို ကြည့်လိုက်သ်ည။
စုရှောင်းယွီက သူမကို မမြင်ချင်ယောင် ဆောင်ကာ ပြောလိုက်၏။ "ဟမ်း... ပြန်စဥ်းစားကြည့်ဦးမယ်။ အစ်မဝမ်ချွေ့ပြောတာက နင်ကချောပြီး ဉာဏ်ကောင်းတယ်တဲ့။ သြော်ဟုတ်သားပဲ။ နင်လုပ်ပေးတဲ့ အသီးအရွက်သုပ်နဲ့ ငါးပေါင်းဟင်းတွေကလည်း အရမ်း အရသာရှိတယ်တဲ့။"
ရှားဝမ်ချွေ့က စိတ်ဆိုးကာ ခြေထောက်ကို ဆောင့်နင်းလိုက်ပါသည်။
အလွန် စိတ်ဆိုးပါသည်။
စုရှောင်းယွီက သူမ တိုးတိုးလေး ပြောခဲ့သမျှကို လင်းဖန်အား ပြန်ပြောပြလိုက်ပါသည်။
လင်းဖန်သာ ဒါတွေအားလုံး သိသွားလျှင် နောက်ပိုင်း သူမကို အမြဲတမ်း အနိုင်ယူလိမ့်မည်။ သူမ ဘယ်တော့မှ ပြန်တုန့်ပြန်နိုင်တော့မည် မဟုတ်ပေ။
စုရှောင်းယွီက ရှားဝမ်ချွေ့ကို မမြင်ချင်ယောင်ဆောင်ကာ နှုတ်ခမ်းစုလိုက်သည်။ "အစ်မ ဝမ်ချွေ့က တစ်ခုခုပြောသေးတယ်..."
"သူပြောတာက..."
"နင့်ကို သဘောကျတယ်တဲ့"