အခန်း(၃၆) ရှက်နေတဲ့ ရှားဝမ်ချွေ့
Vol. 3 Ch. 36
အခန်း(၃၆) ရှက်နေတဲ့ ရှားဝမ်ချွေ့
သူတို့ ပိုပြီးဝေးဝေးရောက်လာလေလေ ရှားဝမ်ချွေ့ ပိုပြီး ရီဝေလာလေလေဖြစ်သည်။
သူမ ထင်ထားတာနဲ့ လုံးဝ ကွဲပြားခြားနားနေပါသည်။
ဒီနေရာက အိမ်တိုင်းက တန်ဖိုးအလွန်ကြီးသည်။
ဒီက ပတ်ဝန်းကျင် အခြေအနေ၊ လုံခြုံရေးနှင့် ငြိမ်းချမ်းသာယာရေးတို့ အားလုံးက သူမ မျက်လုံးထဲတွင် ထိပ်တန်းအဆင့် ဖြစ်နေပါသည်။
ယခင်တုန်းက လင်းဖန် ပြောဖူးသည့် ဗီလာကို ရှားဝမ်ချွေ့ တွေးလိုက်မိသည်။ မဟုတ်မှလွဲရော လင်းဖန်က တကယ်ပဲ အဲ့ဒီဗီလာထဲမှာ နေတာလား။
သူမ လင်းဖန်နှင့် လောင်းကြေးထပ်ထားဆဲ ဖြစ်သည်။ သူမက လောင်းကြေးကို ရှုံးသွားပါက သူ့ကို တကယ်ကြီး နမ်းရပါလိမ့်မည်။
မဟုတ်ဘူး။ လင်းဖန်ကို အခွင့်အရေးယူခွင့် မပေးနိုင်ဘူး။
လုံခြုံရေးအစောင့်တချို့ကို လင်းဖန် စီးကရက်များ ပေးခဲ့သည်ကို ရှားဝမ်ချွေ့မှတ်မိသွားသည်။ လင်းဖန်ကို ချက်ချင်း ကြည့်လိုက်ပါသည်။ "ဆေးလိပ်သောက်တာ နင့်ကျန်းမာရေးကို ထိခိုက်စေတယ်။ နင့်ကို သောက်ခွင့်မပြုဘူးနော်။”
လင်းဖန် ထိုစကား ကြားသောအခါ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။ "ငါဆေးလိပ် မသောက်တတ်ပါဘူးဟာ။ အိမ်ရာလုံခြုံရေးအစောင့်တွေကို စီးကရက် လက်ဆောင် ပေးရုံသက်သက်ပဲ။ သူတို့ နင့်ကို သတိမထားမိအောင်လေ။”
"တကယ်လား” ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးကို ပင့်ကာ နှုတ်ခမ်းထောင့်ကလည်း အနည်းငယ် ပြုံးလိုက်ပါသည်။
"အေး” လင်းဖန်က ပြောလိုက်သည်။
ရှားဝမ်ချွေ့က လင်းဖန်၏ လက်ကို ကိုင်ရင်း ဥယျာဥ် လျှောက်လမ်းတလျှောက် လမ်းလျှောက်လာခဲ့ကြပါသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေ၏။ သူမ၏ အသက်ရှူသံနှင့် နွေးထွေးမှုကို သူခံစားမိပါသည်။
လရောင်က လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အပေါ်တွင် တောက်ပနေခဲ့သည်။ သူတို့ နယ်မြေဝင်ပေါက်ကို ကျော်လာကြပြီဖြစ်သော်လည်း ရှားဝမ်ချွေ့က လင်းဖန်၏ လက်မောင်းကို ကိုင်ထားဆဲဖြစ်ပါသည်။
"ဒါက လှိုင်းပြာပင်လယ်အော်အိမ်ရာလေ။ အဲ့တာကြောင့် ပတ်ဝန်းကျင်အခြေအနေကော၊ သစ်ပင်ပန်းမန်တွေကော၊ လုံခြုံရေးတွေကော အကုန်ကောင်းကြတယ်။ ဒီက အိမ်စျေးတွေကလည်း ပိုစျေးကြီးတယ်။။ ဒီအိမ်ရာမှာ နေလို့ရတဲ့ အိမ်လေးတစ်အိမ် ငါ့မှာရှိတယ်။”
"ငါက ဒီနေရာက အိမ်ပိုင်ရှင်တစ်ယောက်လေ။ အဲ့တာကြောင့် လုံခြုံရေးအစောင့်တွေက ငါ့ကို အရမ်း ယဥ်ကျေးပြနေတာပေါ့” လင်းဖန်က လမ်းလျှောက်ရင်း ပြောလိုက်ပါသည်။ သူ့မှာ နှလုံးသားရေကန်ဗီလာ ရှိတဲ့အကြောင်း ရှားဝမ်ချွေ့ကို ဖုံးကွယ်ထားဖို့ မလိုတော့ပါ။
ရှားဝမ်ချွေ့က သူ့အပေါ်တွင် ရီဝေသော ခံစားချက်တချို့ ရှိနေတာကို သူသိသည်။ သို့သော် နှလုံသားရေးကိစ္စနှင့် ပတ်သက်လာလျှင် စုံတွဲတစ်တွဲက လိုက်ဖက်ရပါမည်။
ရှားဝမ်ချွေ့က သူ့မိသားစုနောက်ခံကို လျစ်လျူရှုနိုင်သော်လည်း သူကတော့ မရှုနိုင်ပါဘူး။
သူတို့အနာဂတ်တွင် အတူတူနေကြပါက ထို ဝေ့ပေါ်ပေါ်က ပရိတ်သတ်တွေ ပါးစပ်ကို ပိတ်ပစ်လို့ရပါသည်။
ရှားဝမ်ချွေ့ကို ဘေးကင်းလုံခြုံသည့် ခံစားချက်မျိုး ရစေဖို့ အိမ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တုန်းက ရှားဝမ်ချွေ့သူ့ကို သူမ၏ မန်နေဂျာလုပ်ပေးရန် သို့မဟုတ် ကုမ္ပဏီတွင် သူမနှင့်အတူတူ သရုပ်ဆောင်ရန် ပြောခဲ့ဖူးသည်။ သူမ၏ ရင်ထဲတွင် လင်းဖန် ဒီ့ထက် ပိုထူးချွန်လာစေဖို့ မျှော်လင့်နေမိပါသည်။
အခုတော့ လင်းဖန်က ရှားဝမ်ချွေ့ကို နည်းနည်းချင်းစီ ထုတ်ပြပါတော့မည်။ သူမနဲ့ သူ့ကို မထိုက်တန်ဘူးဟု ထင်နေကြသည့် ပရိတ်သတ်များကို သူထုတ်ပြချင်သည်။
"လှိုင်းပြာပင်လယ်အော်အိမ်ရာက အိမ်ပိုင်ရှင်ဟုတ်လား။”
"ဒီက အိမ်စျေးတွေက သာမန်အိမ်တစ်လုံးတောင် ယွမ် သန်း ၁၀ - ၂၀ အထက်ရှိတယ်။ ဗီလာနယ်မြေဆိုရင် ယွမ် သန်း ၁၀၀ ကျော်လောက်တယ်။”
"လင်းဖန် နင် တကယ်ကြီး... ဒီက ဗီလာတစ်ခုမှာ နေတာလား” ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။ အရင်တုန်းက လှိုင်းပြာပင်လယ်အော်အိမ်ရာကို သူမ ကြားဖူးပါသည်။ ရှန်ဟိုင်းမြို့က အဆင့်မြင့်အိမ်ရာတစ်ခု ဖြစ်သည်။
"အင်း ဒီမှာပဲ။” လင်းဖန်က ရှားဝမ်ချွေ့ကို ဗီလာဝင်ပေါက်သို့ ခေါ်လာခဲ့ပါသည်။
နှလုံးသားရေကန် ဗီလာကြီးကို မြင်သောအခါ ရှားဝမ်ချွေ့၏ လှပသော မျက်လုံးလေးများထဲတွင် ထိတ်လန့် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာခဲ့ပါသည်။
နှလုံးသားရေကန်ဗီလာ... လှိုင်းပြာပင်လယ်အော်အိမ်ရာတစ်ခုလုံးမှာ တန်ဖိုးအကြီးဆုံး ဗီလာကြီး။
ဒီက ပတ်ဝန်းကျင်အခြေအနေဲ့ မြေနေရာ အနေအထားကလည်း ဖော်မပြနိုင်လောက်အောင် ကောင်းမွန်လွန်းပါသည်။
ထို့အပြင် သူမ သတင်းများလည်း မြင်ဖူးသည်။ ဒီက ဗီလာကြီးများက ယွမ် သန်း ၂၀၀ ကျော်တန်ကြေးရှိသည်။
ရှားဝမ်ချွေ့ အရင်တုန်းက ဗီလာတစ်လုံးတွင် တစ်ခါမှ မနေခဲ့ဖူးပါ။ သူမက အလွန်ဗဟုသုတ ကြွယ်ဝသည်။ သို့သော် လင်းဖန်၏ ဗီလာကြီးအား မြင်လိုက်ရစဥ်တွင် သူမ ထိတ်လန့်သွားမိပါတော့သည်။
လင်းဖန်က... ယွမ် သန်း ၂၀၀ ကျော်တန်တဲ့ ဗီလာတစ်ခုမှာ နေတာလား။
သူ တံခါးထံသို့ လျှောက်သွားလိုက်ပြီး မျက်လုံး စစ်ဆေးမှုကို အလိုအလျောက် လုပ်ဆောင်လိုက်သည်။ အတည်ပြုပြီးသွားသောအခါ တံခါးက အလိုအလျောက် ပွင့်သွားခဲ့ပါသည်။
သူတို့အခုပဲ အဓိက တံခါးမကြီးမှ ဝင်လာခဲ့ကြသည်။ ခန်းမကြီးက စတုရန်းမီတာ ၂၀၀ ကျော် ကျယ်ဝန်းသည်။ အလိုအလျောက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသော စက်ရုပ်များ၊ သေသေသပ်သပ် စီရီထားသော ပရိဘောဂများနှင့် ခမ်းနားလှပသော သလင်းကျောက် မီးဆိုင်းကြီးများ ရှိကြသည်။ အထပ်က သုံးထပ် ရှိ၏။
ဧည့်ခန်း၊ မီးဖိုချောင်၊ အိပ်ခန်း၊ eSport ခန်း၊ အသံဖမ်းခန်း၊ အာကစားခန်း စသဖြင့် အားလုံးရှိသည်။
အလွန်ကျယ်ဝန်းပြီး တန်ဖိုးကြီးပါသည်။ နံရံပေါ်တွင်လည်း နာမည်ကျော် ပန်းချီကားများစွာ ရှိနေပါသည်။
အခန်းက အကျယ်ကြီးဖြစ်ပြီး သူတို့စံအိမ်ကြီး၏ အရှေ့တံခါးမှ ဝင်လိုက်သောအခါ နောက်ထပ် ဥယျာဥ်တစ်ခုကို တွေ့လိုက်ရပါသည်။ မြေပေါ်တွင် ကျောက်စရစ် လူသွားလမ်းလေးများ၊ ကျယ်ပြန့်သည့် ရေကူးကန်များ၊ အသားကင်စက်များ၊ ဘောလုံးကွင်းတစ်ခုလည်း ရှိပါသေးသည်။
"ဝိုး... လင်းဖန် ဒီနေရာကြီးက အကျယ်ကြီးပဲနော်။”
"အရင်တုန်းက ဗီလာတွေ မြင်ဖူးပေမယ့် အတွင်းပိုင်းကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေ့ ဒီဗီလာကြီးက တော်တော်ကြီးတယ်လို့ ခံစားလိုက်ရပြီ” ရှားဝမ်ချွေ့၏ မျက်လုံး လှလှလေးများက ဘေးပတ်လည်ကို လျှောကြည့်လိုက်ပါသည်။
"သာမန်ပါပဲ။ အိမ်တစ်လုံးက လူနေဖို့ လုံလောက်ရင် အဆင်ပြေပြီ မဟုတ်ဘူးလား။ ဘယ်မှာနေနေ ဘာခြားနားလို့လဲ” လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့၏ မျက်နှာကို ကြည့်လိုက်ပါသည်။
"နှလုံးသားရေကန်ဗီလာက ယွမ် သန်း ၂၀၀ ကျော်တယ်။ လင်းဖန် နင် ဒီလောက် ပိုက်ဆံအများကြီး ဘယ်က ရတာလဲ” ရှားဝမ်ချွေ့လင်းဖန်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။ သူမ မယုံကြည်နိုင်သေးပါ။
"ငါတက္ကသိုလ်မှာကတည်းက ကြိုးစားခဲ့တာ။ အခုတော့ အနေအထားတစ်ခုအထိ အောင်မြင်ခဲ့ပြီပေါ့။”
"နင်က အရမ်းတော်တာကိုး။ ငါလည်း တစ်ခုခု လုပ်ရတာပေါ့။ မဟုတ်ရင် နင့်ကို ဘယ်လိုလုပ် လိုက်မှီနိုင်မှာလဲ။" လင်းဖန်က ပြောလိုက်သည်။ သူဘာလုပ်ခဲ့သလဲဆိုတာကိုတော့ ရှားဝမ်ချွေ့ကို မပြောပြခဲ့ပေ။ သူ့မှာ စနစ်ရှိနေကြောင်းကိုတော့ ပြောပြလို့ မရဘူး မဟုတ်လား။
"လင်းဖန် ငါနင့်ကို ယုံကြည်ပါတယ်။ ဥပဒေကို မချိုးဖောက်တဲ့ အလုပ်မျိုးဆိုရင် နင်ဘာလုပ်လုပ် စိတ်မပူပါဘူး။”
"နင့်ကို အိမ်သေးသေးလေး ငှားနေတယ် ထင်ခဲ့တာ။ ဒီတော့ နင်က ဘဝအတွေ့အကြုံယူဖို့ သက်သက် စားသောက်ဆိုင်ငယ်လေး ဖွင့်ထားတာပေါ့” ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။
"စားသောက်ဆိုင်က ငါ့မိဘတွေ ငါ့ကိုအမွေပေးထားတဲ့ လုပ်ငန်းမို့လို့ပါ။ ငါက စားသောက်ဆိုင်ဖွင့်တာကိုပဲ စိတ်ဝင်စားတာ။ အဲ့တာကြောင့် မရောင်းရလည်း ဂရုမစိုက်ဘူး" လင်းဖန်က ပြောလိုက်ပါသည်။ "ထိုင်ဦးလေ၊ ရေသောက်ပါဦး။”
ရှားဝမ်ချွေ့က ဆိုဖာပေါ်တွင် ထိုင်ရင်းလင်းဖန်ကို သူမ၏ လှပသောမျက်လုံးလေးများဖြင့် ကြည့်လိုက်ပါသည်။ သူမ ရေရွတ်လိုက်၏။ "ဘာကြောင့်မှန်းမသိဘဲ နင်အရမ်း ထူးချွန်လာတာပဲ။ ဒါပေမယ့် နင်ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ နင်က ငါ့အတန်းဖော်နဲ့ ငါ့ရဲ့ ပါဆင်နယ်စားဖိုမှူးပဲနော်။ မြောင်~~ ဒီနေ့အတွက် င့ါအသီးအရွက်သုပ် ဘယ်မလဲ။”
လင်းဖန် ဒီလို အောင်မြင်နေသဖြင့် အံ့အားသင့်ရသည့်အပြင် သူ့အတွက် ပျော်လည်းပျော်ရွှင်မိပါသည်။
လင်းဖန် ဘယ်မှာနေနေ သူမ ဂရုမစိုက်ပေ။ သူမ ဂရုစိုက်တာ သူ့ကိုသာဖြစ်သည်။
ထိုအထိ စဥ်းစားပြီး ရှားဝမ်ချွေ့ နောက်ဆုံးတော့ လင်းဖန် ဘာကြောင့် သူမနဲ့အတူတူ သရုပ်မဆောင်ချင်၊ သူမရဲ့ မန်နေဂျာ မဖြစ်ချင်ရသလဲ နားလည်သွားခဲ့ပါသည်။
သူမ စောင့်မကြည့်နေသည့် အချိန်တွင် လင်းဖန်က သူမနောက်သို့ အမှီလိုက်နိုင်ရန် အလုပ်ကြိုးစားခဲ့သည်။
ရှားဝမ်ချွေ့ ရင်ဘတ်ထဲ အောင့်သွားပါသည်။ သူမ၏ နောက်ကွယ်တွင် လင်းဖန်က စိတ်ကူးဖြင့် မှန်းဆ၍ မရလောက်အောင် ကြိုးစားအားထုတ်ခဲ့ပုံရပါသည်။
ကြောင်လေး ချွေ့ချွေ့က ရှားဝမ်ချွေ့၏ လက်ထဲတွင် အိပ်ပျော်နေသည်။
လင်းဖန်က ပြုံးလိုက်ပါသည်။ ကံကောင်းစွာဖြင့် သူဘာအလုပ်လုပ်သလဲ ရှားဝမ်ချွေ့ မမေးခဲ့ပါ။ မဟုတ်ပါက ရှင်းပြဖို့ အလွန်ခက်ခဲနိုင်သည်။
"အသီးအရွက်သုပ်က နောက်မှ လုပ်ပေးမယ်။ အရေးတကြီး လုပ်စရာ ရှိသေးတယ်” လင်းဖန်က ရှားဝမ်ချွေ့ဘေးတွင် ထိုင်လိုက်ပြီး ကြောင်ကလေးကို ဆွဲယူလိုက်သည်။ ကြောင်လေးက အလွန်ဒေါသထွက်သွားပြီး လင်းဖန်ကို ပေစောင်းစောင်းကြည့်ကာ ထွက်ပြေးသွားတော့သည်။
"ဘာဖြစ်လို့လဲ။"
"လင်းဖန် အခန်းထဲမှာ နင်နဲ့ငါပဲရှိတာနော်။ နင်ငါ့ကို အနိုင်ကျင့်လို့မရဘူး...” ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။ လင်းဖန်ရုတ်တရက်ကြီး မဟုတ်တာ မလုပ်နိုင်ဘူးဟု မည်သူပြောနိုင်မည်နည်း။
"ငါက နင့်ကို ဘာလို့ အနိုင်ကျင့်ရမှာလဲ။”
"ဒီနေရာက တကယ် ငါနေတဲ့နေရာလေ။ လှိုင်းပြာပင်လယ်အော်အိမ်ရာက နှလုံးသားရေကန်ဗီလာလေ။ ပိုင်ဆိုင်မှုစာချုပ်ကော ကြည့်ချင်သေးလား” လင်းဖန်က ပြုံးလိုက်ပါသည်။
"ဟာ... မဟုတ်ဘူး” ရှားဝမ်ချွေ့ ရုတ်တရက်ကြီး တစ်ခုခုကို သတိရသွားသည်။ သူမ၏ မျက်နှာ နီရဲသွားပြီး ဆိုဖာပေါ်တွင် ဝှက်ထားလိုက်ပါသည်။
သူမ လင်းဖန်နှင့် လောင်းကြေးထပ်ခဲ့သည်။
သူမ ရှုံးရင် လင်းဖန်ကို နမ်းရမည်။
သို့သော် လင်းဖန်က ဗီလာတစ်လုံးတွင် နေကြောင်း သူမ ဘယ်လိုလုပ် ထင်ခဲ့မည်နည်း။
"လောင်းကြေး ရှိနေတုန်းပဲမလား” လင်းဖန်က ရှားဝမ်ချွေ့ဘေးတွင်ထိုင်ကာ နူးညံ့စွာ ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့က သူမ၏ မျက်လုံးလှလှလေးများကို မော့ရင်း လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာက နီရဲနေပါသည်။ အနည်းငယ် ရှက်ရွံ့နေသလို အနည်းငယ်လည်း စိတ်ဆိုးနေပါသည်။
လင်းဖန် သူမကို အနိုင်ကျင့်ပြန်ပြီ။
သို့သော်လည်း သူမကိုယ်တိုင် သဘောတူထားသည့် လောင်းကြေးဖြစ်သည်။ သူမ မလုပ်ပါက အမြဲတမ်း လင်းဖန်အနိုင်ယူတာကို ခံရပြီး ခေါင်းထောင်နိုင်တော့မည်မဟုတ်ပေ။
လင်ဖးန်၏ မျက်နှာကို ကြည့်ရင်း သူ့ကိုရှားဝမ်ချွေ့ ကောင်းကောင်း ကိုက်ပစ်လိုက်ချင်မိသည်။
ရှားဝမ်ချွေ့ အသက်ဝဝရှူလိုက်ပြီး သတ္တိကို စုစည်းလိုက်၏။ ဖြည်းဖြည်းချင်း လင်းဖန်အနားသို့ တိုးလားသည်။ အလွန်နီးနေသည့် လင်းဖန်ကို ကြည့်ရင်း သူမနူးညံ့စွာ ပြောလိုက်ပါသည်။
"အဲ့တာဆို... နင်... မျက်လုံးအရင်မှိတ်ထားလို့ ရမလား”