အခန်း(၄၂) အကြင်နာ ပေးခန်း
Vol. 3 Ch. 42
အခန်း(၄၂) အကြင်နာ ပေးခန်း
ထိုပရိတ်သက်များက စည်းကမ်းတော့ ရှိပါသည်။ လင်းဖန် ဆိုင်တံခါး ပိတ်လိုက်တာကို မြင်သောအခါ သူတို့ တွန့်ဆုတ်စွာဖြင့် ပြန်သွားကြတော့သည်။ မနက်ဖြန်မှ လင်းဖန်၏ စားသောက်ဆိုင်ကို ပြန်လာကြမည် ဖြစ်သည်။
လင်းဖန် အိမ်ကို အောင်အောင်မြင်မြင်ဖြင့် ပြန်ရတော့မည်ဟု ထင်လိုက်စဥ်မှာပင် တံခါးကို ထပ်အကာခံလိုက်ရပါသည်။
အသက် ၂၀ ဝန်းကျင်အရွယ်၊ အသွင်အပြင်ပုံစံအားဖြင့် ၁၀ မှတ်တွင် ၈ မှတ်ရလောက်သော ကောင်မလေး တစ်ယောက်က လင်းဖန်ရှေ့မှာ မတ်တပ်ရပ်နေပြီး ယဥ်ကျေးစွာဖြင့် ဦးညွှတ်လိုက်ပါသည်။
"ဟယ်လို မစ္စတာလင်း။ ကျွန်မတို့က သို့ယွီပလက်ဖောင်းက ဝန်ထမ်းတွေပါ။ ကျွန်မတို့ ရှင်နဲ့အတူ ပူးပေါင်းဖို့အတွက် ဆွေးနွေးဖို့ လာခဲ့တာပါ။”
"ရှင့်ရဲ့ ကြည့်ကောင်းတဲ့ ပုံစံနဲ့ ရေပန်းစားမှုတို့ကြောင့် သို့ယွီပလက်ဖောင်းက ရှင်နဲ့စာချုပ် ချုပ်ချင်ပါတယ်။ စာချုပ်ကြေးက တစ်နှစ်ကို ယွမ် ၅ သန်းပါ။ ပြီးတော့ ဒါတောင် အစုပေါ်အမြတ် မပါသေးပါဘူး။ ရှင် အလုပ်ကို ကြိုးစားပြီးလုပ်မယ်ဆိုရင် နောက်နှစ်ထဲ စာချုပ်ကြေးက ၂ ဆ တိုးသွားပါလိမ့်မယ်။ ရှင်စာချုပ်ချုပ်လိုက်တာနဲ့ ရှင့် ဘဏ်အကောင့်ထဲ ကျွန်မတို့ ချက်ချင်း ယွမ် ၃ သန်းကို လွှဲပေးလိုက်ပါ့မယ်” ကောင်မလေးက ပြောလိုက်ပါသည်။
"မင်းတို့ သို့ယွီက လူတွေ သွားစမ်းပါကွာ။ ကျွန်တော်က ဖျင်လိဖျင့်လိ တိုက်ရိုက်ထုတ်လွှင့်မှုကုမ္ပဏီက ဝန်ထမ်းတွေပါ။ ကျွန်တော်တို့ ကုမ္ပဏီက ခင်ဗျားကို တစ်နှစ် ယွမ် ၆သန်း ပေးနိုင်တယ်ခင်ဗျ။ ခင်ဗျား စာချုပ်ချုပ်မယ်ဆိုရင် ကုမ္ပဏီက ခင်ဗျားကို အများကြီး ထောက်ပံ့ပေးသွားမှာပါ။”
"မစ္စတာလင်း ကျွန်မတို့က ဟူယျာကပါ။ ကျွန်မတို့ ကုမ္ပဏီက ယွမ် ၆.၅ သန်း ပေးပါမယ်ရှင့်။”
"တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကလူတွေ ဖယ်ကြစမ်း၊။ ကျွန်တော်တို့ စီမံခန့်ခွဲရေးကုမ္ပဏီက ခင်ဗျားနဲ့ တစ်နှစ်ကို ယွမ် ၇ သန်း စာချုပ် ချုပ်ချင်ပါတယ်။”
"မစ္စတာလင်း ရှန်ဟိုင်း နေ့စဥ် သတင်းက ရှင့်အကြောင်း သတင်းရေးပေးနိုင်မယ်လို့ထင်လားရှင့်။ ကျွန်မတို့နဲ့ အင်တာဗျူးဖို့ အချိန်ပေးနိုင်မလား။”
"မစ္စတာလင်း။ ပရိုဂရမ်တစ်ခု မှတ်တမ်းတင်ချင်လို့ ဖိတ်ကြားချင်ပါတယ်။”
"မစ္စတာလင်း မသွားပါနဲ့။ မစ္စတာလင်း ကျွန်မ ပိုက်ဆံ ပိုပေးနိုင်ပါတယ်။ ပိုက်ဆံမဟုတ်ဘဲ ကောင်မလေးတွေ ပေးရမလား။ ကျွန်မတို့ ကုမ္ပဏီထဲမှာ လှလှပပ ကောင်မလေးတွေ အများကြီး ရှိပါတယ်။ ရှင်လိုချင်ရင်...”
လင်းဖန်က တိုးကြိတ်ပြီး Bugatti ကားကြီးထဲဝင်ကာ ချက်ချင်း မောင်းထွက်သွားခဲ့ပါသည်။ သူဒီလောက်တောင် နာမည်ကြီးလာခဲ့ပြီလား။
သို့ယွီ၊ ဟူယျာ၊ ဖျင်လိဖျင့်လိ နဲ့တခြား တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတွေကော၊ ရှန်ဟိုင်းနေ့စဥ်သတင်းဌာနကကော အားလုံး သူနဲ့ အလုပ်တူတူတွဲလုပ်ဖို့ ရောက်လာခဲ့ကြသည်။
အမှန်ပင်။ လင်းဖန်က ထိုကုမ္ပဏီများနဲ့ စာချုပ်ချုပ်ဆိုမည်မဟုတ်ပေ။
စာချုပ်ချုပ်လိုက်တာနဲ့ ထိုကုမ္ပဏီများ၏ ချုပ်နှောင်မှုကို ခံရမည်ဖြစ်သည်။ လင်းဖန်က လွတ်လပ်မှုကို သဘောကျပြီး ထိုကုမ္ပဏီများ၏ ချုပ်ချယ်မှုကို မခံလိုပါ။
ထို့အပြင် လင်းဖန်က ပိုက်ဆံလည်း တကယ် မလိုအပ်ပေ။
သူက Bugatti La Voiture Noire ကားကြီး မောင်းနေတာဖြစ်ပြီး ဘဏ်အကောင့်ထဲမှာလည်း ယွမ် ၂သန်းကျော် ရှိသည်။ ဘယ်လိုလုပ်ပြီး ငွေလိုအပ်မည်နည်း။
လှိုင်းပြာပင်လယ်အော်အိမ်ရာဝင်ပေါက်သို့ သူပြန်ရောက်လာသောအခါ လင်းဖန် ပို၍ပင် ကြက်သေ သေသွားရပါသည်။
လခွမ်း တစ်ယောက်ယောက်က တကယ်ကြီး လှိုင်းပြာပင်လယ်အော်အိမ်ရာ ဝင်ပေါက်ရှေ့မှာ သူ့ကို ရပ်စောင့်နေခဲ့သည်။
လင်းဖန်က ကားထဲမှထွက်လိုက်ပြီး လိုရင်းကို ပြောခဲ့ပါသည်။ "ခင်ဗျားက တိုက်ရိုက်မှုပလက်ဖောင်းကုမ္ပဏီ၊ စီမံခန့်ခွဲရေး ကုမ္ပဏီ၊ ရှန်ဟိုင်းနေ့စဥ်သတင်းဌာနတွေကဆိုရင် ကျွန်တော့်ကို လိုက်ရှာဖို့မလိုတော့ဘူး။ ကျွန်တော့်ကို ဘယ်လိုတွေ့တာလဲမသိပေမယ့် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို နှောင့်ယှက်သလိုဖြစ်နေပြီ။”
စားသောက်ဆိုင်ဝင်ပေါက်ရှေ့မှာ သူ့ကို ပိတ်ဆို့ခဲ့သည့် လူများ ရှိခဲ့ရုံသာ မကဘဲ လှိုင်းပြာပင်လယ်အော်အိမ်ရာဝင်ပေါက်ရှေ့တွင် သူ့ကို ရပ်စောင့်နေခဲ့ကြသည့် လူတွေလည်း ရှိပါသည်။
နောက်ဆို သူ့အိမ်ကို ကြောင်လေး ခွေးလေးတွေ ဘယ်လိုခေါ်လာရတော့မလဲ။
တစ်ဖက်လူကလည်း ပုံစံအားဖြင့် ၁၀ မှတ်တွင် ၈ မှတ် ရနိုင်သော ကောင်မလေးတစ်ယောက် ဖြစ်၏။ ကောင်မလေးက တောင်းပန်လိုက်ပါသည်။ "မစ္စတာလင်း ကျွန်မ တောင်းပန်ပါတယ်ရှင်။ ရှင့်လိပ်စာကို အစ်မ ရှောင်းယွီက ပြောပြထားတာပါ။”
"ကျွန်မတို့က Keep Running အစီအစဥ်ရဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေပါ။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ပရိုဂရမ်မှာ ပါဝင်မယ်လို့ အတည်ပြုပြီးသွားပြီမို့လို့ ရှင့်ကိုလည်း Keep Running နောက်ဆုံးအပိုင်းမှာ ပါဝင်ဖို့ အထူးတလည် ဖိတ်ကြားချင်လို့ပါ။”
"ရှင်နဲ့ ရှားဝမ်ချွေ့တို့က အတန်းဖော်တွေမှန်း ကျွန်မတို့ သိပါတယ်။ အဲ့တာကြောင့် ရှင်တို့နှစ်ယောက် Variety Show မှာ အတူတူပေါ်လာဖို့ မျှော်လင့်မိတာပါ။”
“အစီအစဥ်အရဆို နောက်ဆုံးပိုင်း ရိုက်ကူးရေးက ရှားဝမ်ချွေ့ရဲ့ မွေးနေ့ ဖြစ်နေတယ်။ အဲ့တာကြောင့် အစ်မရှောင်းယွီက ရှင့်ကို စပရိုက်လုပ်ပေးဖို့ မျှော်လင့်နေပါတယ်” ကောင်မလေးက နူးညံ့သော အပြုံးဖြင့် ပြောလိုက်ပါသည်။
"ပြီးတော့လည်း ရှင့်ရဲ့ လိပ်စာတွေ၊ ဘယ်လို အချက်အလက်တွေကိုမှ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒီမှာ သဘောတူစာချုပ်လည်း ပါပါတယ်။ နောက်ဆုံးပိုင်းအတွက် ရိုက်ကူးရေးကြေးက ယွမ် ၁ သန်းပါ” ကောင်မလေးက ယဥ်ကျေးစွာ ပြုံးလိုက်ပါသည်။
"စာချုပ်က ဒီမှာပါ။ ရှင့်သဘောပါပဲ” ကောင်မလေးက ပြောလိုက်ပါသည်။
"သူ့မွေးနေ့က ရိုက်ကူးရေးနောက်ဆုံးနေ့တဲ့၊ တူနေတာလား” လင်းဖန်က ကောင်မလေးကို ကြည့်ရင်း မေးလိုက်ပါသည်။
"ဟုတ်တယ်။ ရှင်စာချုပ်ကို ချုပ်မယ်ဆိုရင် ရှားဝမ်ချွေ့ကို ကျွန်မတို့ လျှို့ဝှက်ထားပေးမှာပါ။" ကောင်မလေးက ခေါင်းငြိမ့်ပြလိုက်ပါသည်။
လင်းဖန်က တခြား တိုက်ရိက်ထုတ်လွှင့်မှုစာချုပ်များကိုတော့ လက်ခံမည်မဟုတ်ပါ။ သို့သော် Keep Running က ရေပန်းအစားဆုံး ရသစုံလင်အစီအစဥ်တစ်ခုဖြစ်ပြီး ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လည်း ရှိနေကြမှာဖြစ်သည်။ ထို့အပြင် နောက်ဆုံးအပိုင်းက ရှားဝမ်ချွေ့၏ မွေးနေ့တွင် ရိုက်ကူးမှာဖြစ်ပါသည်။ ရှားဝမ်ချွေ့က မကြာခဏ အလုပ်များနေတတ်သဖြင့် လင်းဖန် သူ့မနဲ့ မကြာမကြာ မတွေ့ရပါ။
နှစ်ပေါင်းများစွာတိုင်အောင် ရှားဝမ်ချွေ့၏ မွေးနေ့ပွဲကို သူမနဲ့အတူ မဆင်နွှဲခဲ့ဖူးပေ။ ဘာမှ ထူးထူးခြားခြား မဖြစ်ပါက ဒီနှစ်လည်း သူမ၏ မွေးနေ့ပွဲကို သူမနဲ့အတူ ကျင်းပပေးနိုင်မည်မဟုတ်ပေ။
သူမလည်း အနည်းငယ် စိတ်ပျက်သွားနိုင်ပါသည်။
ထို့ကြောင့်လည်း စုရှောင်းယွီက Keep Running ကို သွားတွေ့ခဲ့ခြင်းဖြစ်သည်။ သူတို့ကို လင်းဖန်၏ လိပ်စာ ပေးခဲ့သည်။ လင်းဖန်ကို ထိုနေရာတွင်သာ စောင့်နေနိုင်ကြောင်း သိထားသဖြင့် ဖြစ်ပါသည်။
ပုံမှန်ဆို ထိုခွေးမလေးက အလွန်ချစ်ဖို့ကောင်းပြီး ဘာမှ လေးလေးနက်နက်မရှိသည့်ပုံပေါ်သော်လည်း စုရှောင်းယွီတွင် တကယ် နွေးထွေးပြီး ဂရုစိုက်တတ်သော နှလုံးသားရှိပါသည်။
ရှားဝမ်ချွေ့ကို စပရိုက်လုပ်နိုင်သည့်အပြင် သူလည်း ရိုက်ကူးရေးကြေး ယွမ် ၁ သန်း ရနိုင်၏။
"ရပါတယ်။ စာချုပ်အဆင်ပြေရင် ကျွန်တော် လက်မှတ်ထိုးလိုက်ပါ့မယ်” လင်းဖန်က ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ။ ရိုက်ကူးရေးပြီးရင် ငွေကို ရှင့်ဘဏ်အကောင့်ထဲ လွှဲပြောင်းပေးမယ်နော်။ လုပ်ငန်း အတူတူလုပ်ရတာ ဝမ်းသာပါတယ်” ကောင်မလေးက ပြောလိုက်ပါသည်။
ကောင်မလေး ထွက်သွားပြီးနောက် လင်းဖန်က သူ့ရဲ့ ပထမဆုံးစာချုပ်ကို ချုပ်ဆိုလိုက်ပါသည်။
ရှားဝမ်ချွေ့၏ မွေးနေ့မတိုင်ခင် ၂ လကျော်လောက် လိုသေးသည်။
သူမအတွက်သာ မဟုတ်ရင် လင်းဖန် ဒီလို စာချုပ်မျိုး ချုပ်မည်မဟုတ်ပေ။
သူမ၏ မွေးနေ့ပွဲအတွက် ဂုဏ်ပြုချင်ပြီး စပရိုက် လုပ်ပေးချင်ရုံသာဖြစ်သည်။ ကျန်တာ ဘာမှ မရှိပါ။
၁ သန်းရတာကလည်း မဆိုးလောက်ပါ။
တစ်ချိန်တည်းမှာပင် ဝီချက်၌ စုရှောင်းယွီထံမှ မက်ဆေ့ချ်တစ်ခု ရောက်လာခဲ့ပါသည်။
စုရှောင်းယွီ : "ဆရာ ကျွန်မကို ကျေးဇူးတင်စရာ မလိုဘူးနော်။”
လင်းဖန် : "ငါ့ကို ဆရာလို့ မခေါ်စမ်းနဲ့။ အသက်ကြီးသွားသလို ခံစားရတယ်။”
စုရှောင်းယွီ : "ငါနောက်နေတာ မဟုတ်ဘူး။ နင့်ကို အများကြီး ကူညီပေးလိုက်တယ်နော်။ ဟီးဟီး ငါနဲ့ အစ်မဝမ်ချွေ့တို့ကို အိမ်ခေါ်ပြီး စားကောင်းသောက်ဖွယ်တွေ ချက်ကျွေးရမယ်။ ပြီးတော့ ဒီကိစ္စကို လျှို့ဝှက်ထားရမယ်နော်။”
လင်းဖန် : "အင်းပါ။ ငါ နင်တို့ကို လာခေါ်ပါ့မယ်။”
စုရှောင်းယွီ : "လင်းဖန် နင်ဒီလောက် တော်မယ်လို့ မထင်ထားဘူး။ ငါတကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် ဖျော်ဖြေရေး လောကထဲက ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တယ်။ နင် ဇာတ်ညွှန်းကောင်းတစ်ခု ရေးနိုင်ရင် အစ်မဝမ်ချွေ့ကို ကူညီရမယ်နော်။ သူဇာတ်ညွှန်းတွေ လက်မခံတာ တစ်နှစ်ပြည့်တော့မယ်။ ကုမ္ပဏီက သူ့ကို သိပ်မကျေနပ်လောက်ဘူး။”
လင်းဖန် : "ကုမ္ပဏီက သူ့ကို ဘာလုပ်နိုင်လဲ။”
စုရှောင်းယွီ : "အစ်မဝမ်ချွေ့သာ ဒီနှစ်ထဲ ဇာတ်ညွှန်းကောင်းကောင်းမရရင် ကုမ္ပဏီက သေချာပေါက် သူ့ကို ဖိအားပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်... ဆိုးဆိုးဝါးဝါးဖြစ်လိမ့်မယ်။ သူသာ စီးပွားရေးတန်ဖိုး ကျဆင်းသွားရင် ကုမ္ပဏီက သူ့ကို လက်လွှတ်ပြီး မြေတောင် မြှောက်တာတောင် ရပ်လိုက်နိုင်တယ်။”
လင်းဖန် : "ငါနားလည်ပါပြီ။”
ခုခေတ် ဖျော်ဖြေရေးလုပ်ငန်းများက ရေပန်းစားမှု သရုပ်ဆောင်စွမ်းရည်နှင့် အလုပ်အပေါ် အမှီပြုနေသည်ကို လင်းဖန်လည်း နားလည်ပါသည်။
ရှားဝမ်ချွေ့သာ ဖန်သားပြင်ပေါ်မှာ ထပ်ပေါ်မလာပါက ကုမ္ပဏီက သေချာပေါက် သူ့ကို ဖိအားပေးပြီး သူမ သဘောမကျသည့် ဇာတ်ညွှန်းများကို အတင်းလက်ခံခိုင်းနိုင်သည်။ မကြာသေးခင်က ကောလဟာလ တချို့ထွက်လာပြီး သူမကုမ္ပဏီ၏ တောင်းဆိုချက်ကို မလိုက်လျောပါက ယွဲ့ဟွာ ဖျော်ဖြေရေးက သူမကို မြေတောင်မြှောက်ပေးတာတောင်ပင် ရပ်တန့်ပစ်လိုက်နိုင်ပါသည်။
ကုမ္ပဏီက စီးပွားရေး တန်ဖိုးမရှိသည့် နာမည်ကျော်တစ်ယောက်ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိမ့်မည်။ နာမည်ကျော်တစ်ယောက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ ကုမ္ပဏီတစ်ခုနဲ့တော့ ပြိုင်ဆိုင်နိုင်မှာ မဟုတ်ပေ။
ထို့အပြင် ရှားဝမ်ချွေ့က မိန်းကလေးတစ်ယောက်သာ ဖြစ်ပါသည်။
ရှားဝမ်ချွေ့ ကုမ္ပဏီမှာ ဖိအားများစွာနှင့် ရင်ဆိုင်ရနိုင်မှန်း လင်းဖန်သိပါသည်။ သို့သော်... သူဘေးမှ ရှိနေသရွေ့ ဖိအား အားလုံးကို မျှဝေကူထမ်းပေးမည်ဖြစ်သည်။
ဇာတ်ညွှန်းပြဿနာကို သူဖြေရှင်းမည်။
သူမနဲ့အတူတူ သရုပ်ဆောင်ဖို့ပင် ကတိပေးခဲ့၏။
အချစ်ရေး ဇာတ်ဝင်ခန်းများ၊ လက်ချင်းတွဲသည့် ဇာတ်ဝင်ခန်းများနှင့် အကြင်နာပေးသည့် ဇာတ်ဝင်ခန်းများ...။