အခန်း(၄၅) ဇာတ်ညွှန်းရေးဆရာ အဆင့် : မာစတာ အဆင့်
Vol. 3 Ch. 45
အခန်း(၄၅) ဇာတ်ညွှန်းရေးဆရာ အဆင့် : မာစတာ အဆင့်
"မစ္စတာလင်း... ကျွန်မ အိပ်မက်မက်နေတာလား” အရောင်းဝန်ထမ်းမလေး လင်လင်က လင်းဖန်ပေးသည့် ဘဏ်ကတ်ကို ကြည့်ရင်း ဘာတွေဖြစ်နေသလဲ မယုံကြည်နိုင်ဖြစ်နေပါသည်။
ဒါက ယွမ် ၆.၄ သန်း တန်ဖိုးရှိသည့် ကားတစ်စီးဖြစ်၏။ Rolls-Royce Cullinan ကားတစ်စီး ဖြစ်သည်။ သာမန်လူတွေဆို ယွမ် ၁၀၀,၀၀၀ တန်ကားဝယ်ဖို့ပင် အချိန်အကြာကြီး တွန့်ဆုတ်နေတတ်ကြသည်။ သူတို့က မေးခွန်းအများကြီး မေးကြပြီး လျှော့စျေးပင် တောင်းတတ်ကြသေး၏။ သို့သော်လည်း လင်းဖန်ကတော့ သူ့ဘဏ်ကတ်ကို တစ်ခါတည်း ဖြတ်ခိုင်းလိုက်ပါသည်။ ဒါက အလွန်တဲ့တိုးဆန်ပြီး ဒီကားအကြောင်း ပိုသိရဖို့ သူမကို မေးခွန်းများပင် မေးမသွားခဲ့ပါ။
သူဌေးတွေ အကုန်လုံးက ဒီလိုပဲလား။
"အိပ်မက်မက်နေတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော့်ကတ်ကို ဖြတ်ပြီး ကျန်တဲ့ လုပ်ငန်းစဥ်တွေ အကုန်လုံး ဆက်လုပ်ကြမယ်လေ” လင်းဖန်က ပြုံးလိုက်သည်။ အာမခံအတွက်တော့ ကားရောင်းဝယ်ရေးကိုသာ တာဝန်ပေးထားလိုက်ပါသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ။ မစ္စတာလင်း ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါနော်။”
"အကောင်းဆုံး တဟုန်ဖောင်ကနေ ထုတ်လုပ်ထားတဲ့ လက်ဖက်ရည်ရှိပါတယ်။ မစ္စတာလင်း ကျေးဇူးပြုပြီး ခဏထိုင်ပါဦးနော်။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦးနော်” လင်လင်က ပြောရင်းဆိုရင်း လင်းဖန်အတွက် လက်ဖက်ရည်ကရားတစ်ခု ချပေးလိုက်ပါသည်။
ကားရောင်းဝယ်ရေးထဲက အကောင်းဆုံး လက်ဘက်ခြောက် တဟုန်ဖောင်က ဗီအိုင်ပီများ နှင့် ဗီအိုင်ပီကတ်စတမ်မာများအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။
လင်းဖန်က သူတို့ဆိုင်တွင် ဗီအိုင်ပီကတ်စတမ်မာအဆင့်သို့ ရောက်သွားပြီဖြစ်သည်။
ဒီလိုလူမျိုးကို စကားတစ်ခွန်းတည်းဖြင့်သာ ဖော်ပြနိုင်သည်။ ချမ်းသာလိုက်တာ။
"အင်း...” လင်းဖန်က ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး တဟုန်ဖောင် လက်ဖက်ရည်ကို တစ်ငုံသောက်ကြည့်လိုက်ပါသည်။ တကယ်ပဲ အရသာကောင်းမွန်လှ၏။
ဒီက ဝန်ဆောင်မှုကလည်း မဆိုးလှပါ။
အရောင်းဝန်ထမ်းမလေး လင်လင်က သူ့ဘဏ်ကတ်ကို ယူသွားပြီး စာရွက်စာတမ်းများ ဖြည့်သွင်းဖို့ ထွက်သွားတော့ တခြား အရောင်းဝန်ထမ်းများက မနာလိုသော မျက်နှာများဖြစ်နေကြပါသည်။
"ဒါ သူဌေးတစ်ယောက်ရဲ့ ဘဝလား။ ငါစိတ်တောင် ကူးကြည့်လို့မရဘူး။ လင်လင်ကိုလည်း မနာလိုလိုက်တာ။ ဘာလို့ အဲ့လိုသူဌေးမျိုးက င့ါဆီမှာ ကားလာမဝယ်ရတာလဲ။”
"သူက ချောရုံတင်မကသေးဘူး။ ချမ်းလည်း ချမ်းသာတယ်။ မျက်တောင်တောင် မခတ်ဘဲ ကားဝယ်သွားတယ်။ အဲ့ကောင်လေးကို ငါမြင်ဖူးသလို ခံစားနေရတယ်။"
"ဟယ်ဟယ်ဟယ် ငါမှတ်မိပြီ။ အဲ့တာ လင်းဖန်ပဲ။ သူက ရသာ ၁၀၀ ဥယျာဥ်လို့ ခေါ်တဲ့ စားသောက်ဆိုင်ငယ်လေး ဖွင့်ထားတယ်။ ပြီးတော့ သူ့မှာ ယွမ် သန်းရာကျော် တန်ဖိုးရှိတဲ့ Bugatti တစ်စီးလည်း ပိုင်တယ်။ အင်္ဂလိပ်နာမည်က ဘယ်လိုပါလိမ့်။ ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် အဲ့ကားက ယွမ် သန်း ၁၀၀ ကျော်တန်တယ်။ Limited Edition ကားကြီးလေ။”
"လခွမ်း၊ အဲ့တာကြောင့်လည်း လင်းဖန်က ကားဝယ်တော့ နှစ်ခါ ပြန်မေးဖို့ မလိုတာပေါ့။ သူ့မှာ ယွမ် သန်းရာကျော်တန်ဖိုးရှိတဲ့ ပြိုင်ကားကြီး ရှိနေတာပဲ။ ငါ မှတ်မိသွားပြီ။ သူနဲ့ ရှားဝမ်ချွေ့တို့က လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ရေပန်းစားတဲ့ ရှာဖွေမှုစာရင်းထဲ ပါဝင်ခဲ့တာပဲ။”
"သူ့ကို ကြည့်စမ်းပါဦး။ ချမ်းသာပြီး ရုပ်ချောရုံတင်မကသေးဘူး။ နာမည်ကြီးတွေနဲ့ပါ ဆုံနိုင်တယ်။ လင်းဖန်က ထိပ်တန်း စားဖိုမှူးတစ်ယောက်လည်း ဟုတ်တယ်လို့ ကြားတယ်။ သူ့အချက်အပြုတ်က အရမ်း အရသာရှိတာတဲ့။"
အရောင်းဝန်ထမ်းများစွာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ လင်းဖန်အပေါ် သူတို့၏ သဘောထား ပြောင်းလဲသွားခဲ့ပါသည်။
လင်လင်တစ်ယောက် ဟိုပြေးဒီပြေး လုပ်နေတာကို မြင်ပြီး သူတို့အုပ်စု မနာလိုဖြစ်နေမိပါသည်။ သူမသာ ယွမ် ၆.၄ သန်းတန်သည့် ကားတစ်စီးကို ရောင်းနိုင်လျှင် ကော်မရှင်ခ ဘယ်လောက်တောင် ရလိုက်မလဲ သူတို့ တွေးမိသည်။
ပိုအရေးကြီးတာက ကုမ္ပဏီအတွက် ဒီလို ဖောက်သည်ကြီးတစ်ယောက်ကို ဖိတ်ခေါ်နိုင်ခဲ့သည်။
လင်းဖန်က အလွန်ချမ်းသာ၏။ အရောင်းဝန်ထမ်းများကလည်း သူ့ကို စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားသည့် ဘော့စ်အသေးစားတစ်ယောက်ဟု မထင်ကြပါ။
လင်းဖန်က သေချာပေါက် ဘဝအတွေ့အကြုံ ယူနေသည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက် ဖြစ်နိုင်ပါသည်။
သန်းရာကျော် တန်ဖိုးရှိသည့် ပြိုင်ကားတစ်စီးကို တတ်နိုင်သဖြင့် လင်းဖန်တို့မိသားစုရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်တောင်ရှိလိုက်မလဲ။
သိပ်မကြာခင် စာရွက်စာတမ်းကိစ္စများ ပြီးဆုံးသွားပါသည်။
ကားရောင်းဝယ်ရေး မန်နေဂျာက လင်လင်ကို ခေါ်လာပြီး ဘဏ်ကတ်ကို လင်းဖန်ထံသို့ ပြန်ပေးလိုက်သည်။
"မစ္စတာလင်း မင်္ဂလာပါဗျာ။ လုပ်ငန်းစဥ်တွေ အားလုံး ပြီးဆုံးသွားပါပြီ။”
"ဒါက ခင်ဗျားအတွက် ဗီအိုင်ပီ ကတ်ပါ။ ကျွန်တော်တို့ ကားရောင်းဝယ်ရေးနဲ့ ဆိုင်ခွဲတွေ အားလုံးမှာ ဗီအိုင်ပီ ဝန်ဆောင်မှုကို ရနိုင်ပါတယ်။ တစ်ချိန်တည်းမှာ ဒီတစ်ခေါက် ဝယ်ယူတဲ့ ကားကို ၅ ရာခိုင်နှုန်း လျှော့စျေး ပေးသွားမှာပါ။ ကျွန်တော် ခင်ဗျားဆီကနေ ယွမ် ၆.၀၈ သန်းကို လက်ခံရရှိလိုက်ပါပြီ။ ဒီမှာ ငွေပို့လွှာနဲ့ သက်ဆိုင်ရာ ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေပါ” မန်နေဂျာက လင်းဖန်ရှေ့သို့ လျှောက်လာပြီး အပြုံးဖြင့် ပြောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ” လင်းဖန်က ခေါင်းငြိမ့်လိုက်၏။ ဒီဆိုင်၏ ဝန်ဆောင်မှုက တကယ်ပဲ ကောင်းမွန်ပါသည်။ သူ စျေးမဆစ်ခဲ့သော်လည်း ကားရောင်းဝယ်ရေးက သူ့ကို လျော့စျေးပေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် ယွမ် ၃၂၀,၀၀၀ သက်သာခဲ့ပါသည်။
"ကျွန်တော်တို့ ခင်ဗျားအတွက် နံပါတ်ပြားနဲ့ အာမခံတွေ စာရင်းသွင်းပြီးပါပြီ မစ္စတာလင်း။ တခြား တောင်းဆိုစရာတွေရှိသေးရင် ကျွန်တော်တို့ကို အသိပေးလို့ရပါတယ်” မန်နေဂျာက အနည်းငယ် ဦးညွတ်ကာ ပြောလိုက်ပါသည်။
ကားရောင်းဝယ်ရေးက ဒီလို သူဌေး ဖောက်သည်မျိုးကို ရိုင်းရိုင်းပျပျ ဆက်ဆံမှာ မဟုတ်ပေ။
"ကောင်းပါပြီ။ ဒါဆို ကျွန်တော် ကားကို မောင်းသွားလိုက်တော့မယ်နော်။”
ကားအသစ်စက်စက်တစ်စီးက လင်းဖန်ရှေ့မှာ ရှိနေပါသည်။
အဆင့်မြင့်ပြီး ခမ်းနားသော အနက်ရောင် SUV ဇိမ်ခံကားကြီး ဖြစ်ပါသည်။
ထူထူထပ်ထပ်၊ ဂုဏ်သရေရှိပြီး အရှိန်အဝါကြီးသော SUV ကားစက်ဖုံးကြီးကလည်း ဘဝင်ကျဖွယ် ကောင်းလှပါသည်။
ယွမ် ၆.၄ သန်းတန်တဲ့ ဇိမ်ခံကားကြီးတစ်စီး
Rolls-Royce Cullinan SUV
လင်းဖန်က ကားထဲဝင်ထိုင်လိုက်ပြီး လီဗာကို နင်းလိုက်သည်။ အင်ဂျင်သံ ညက်ညောစွာ ထွက်ပေါ်လာခဲ့ပြီး Rolls-Royce Cullinan ကားကြီး ရှန်ဟိုင်းမြို့ လမ်းမများပေါ်တွင် စတင်ပြေးလွှားတော့သည်။
ရှန်ဟိုင်းမြို့တော်က နိုင်ငံတော်၏ စီးပွားရေး အချက်အချာမြို့ဖြစ်သော်လည်း ဇိမ်ခံကားများကို မကြာခဏ မြင်နိုင်သည်ဟု မဆိုလိုပါ။
ဇိမ်ခံကားတစ်စီးက အမြဲလိုလို မရေမတွက်နိုင်သော လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သည်။
"လခွမ်း ငါအမြင်မှားတာလား။။ အဲ့တာ Rolls-Royce ကားကြီးမလား။ အဲ့ဒီကားမော်ဒယ်နဲ့ ဘယ်လောက် တန်လဲဆိုတာ ဘယ်သူသိလဲ။”
"ငါလည်း ဘာမော်ဒယ်လဲ မသိဘူး။ ဒါပေမယ့် ဒီကားက သေချာပေါက် Rolls-Royce တစ်စီးပဲ။ Rolls-Royce တစ်စီးက အနည်းဆုံး ယွမ်သန်းချီပြီး ပေးရတယ်။”
"အဲ့တာ SUV လေ။ Rolls-Royce Cullinan ပေါ့။ နောက်ထပ်ဇိမ်ခံကားတစ်စီးပဲ။ ငါ Bugatti တစ်စီး၊ Koenigsegg One တစ်စီးနဲ့ ဒီနေ့လည်း Rolls-Royce Cullinan တစ်စီး မြင်ခဲ့ရတာ မင်းတို့သိလား။ မဟုတ်မှလွဲရော သုံးစီးစလုံးကို လူတစ်ယောက်တည်းကများ မောင်းနေတာလား။”
"ဘယ်သိမလဲကွာ။ ငါ့လစာ ယွမ် ၃,၀၀၀ လောက်နဲ့ ပြိုင်ကားတွေက ဘာသက်ဆိုင်လို့လဲ။ လခွမ်းပဲ။ ဒီလို ဇိမ်ခံကားမျိုးကို တတ်နိုင်ဖို့ ဘယ်တော့မှ ချမ်းသာလာမလဲမသိဘူး။”
"တကယ်တော့ ဘာကားလဲ အရေးမကြီးပါဘူး။ ပိုင်ရှင်က အရမ်းချောတယ်လို့ပဲ ထင်တယ်။ သူ့မှာ ကောင်မလေးရှိလားမသိဘူးနော်။”
လင်းဖန်က ကားထဲတွင် ထိုင်နေသည်။ ဒီလို ဘဝမျိုးကိုလည်း သူက အသားကျနေပါပြီ။
ဇိမ်ခံကားတစ်စီး မောင်းလာတာပဲဖြစ်ဖြစ်၊ သုံးဘီးစီးလာတာပဲဖြစ်ဖြစ် လူအများစုက အံ့သြတတ်ကြသည်။
ဒီ Rolls-Royce Cullinan ကားကြီးကို ဝယ်ပြီးနောက် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို သွားခေါ်ဖို့ သို့မဟုတ် သူ့မိဘများကို မွေးရပ်မြေမှာ သွားခေါ်ဖို့ အသုံးပြုနိုင်သည်။
လင်းဖန် လှိုင်းပြာပင်လယ်အော်အိမ်ရာကို ပြန်လာတော့ လုံခြုံရေးအစောင့်တချို့က လင်းဖန်၏ ကားကို ကြည့်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
"လခွမ်း ဒါညီလေးဖန်ရဲ့ ၃စီးမြောက် ဇိမ်ခံကားကြီး မလား။”
"ချီးပဲ နောက်ထပ် ဇိမ်ခံကားတစ်စီးပေါ့။ အနည်းဆုံး ယွမ်သန်းချီတန်မှာပဲ။”
"ညီလေးဖန်က အခုတကယ် ချမ်းသာနေပြီ။ ဒါက ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ရဲ့ ဘဝပဲ။”
လုံခြုံရေးအစောင့်များကို မဆိုဦးနှင့်၊ လှိုင်းပြာပင်လယ်အော်အိမ်ရာထဲက အိမ်ပိုင်ရှင်များစွာကတောင် လင်းဖန် ဒီလိုကားကြီး မောင်းလာတာကို မြင်သောအခါ တံတွေးမျိုချမိကြပါသည်။
တကယ်... ချမ်းသာတာပဲ။
သန်း ၂၀၀ ကျော်တန်သည့် နှလုံးသား ရေကန် ဗီလာကြီးတစ်လုံး၊ သန်းရာကျော် တန်ဖိုးရှိတဲ့ ပြိုင်ကား နှစ်စီး၊ ပြီးတော့ သန်းချီပြီး တန်ဖိုးရှိတဲ့ Rolls-Royce Cullinan ကားကြီး....။ ဒီပိုင်ဆိုင်မှုတွေနဲ့တင် ယွမ် သန်း ၅၀၀ ကျော် တန်နေပါပြီ။
လင်းဖန် ဘယ်လောက်တောင် ချမ်းသာတာလဲ။
လင်းဖန်က ဒုတိယမျိုးဆက် သူဌေးသားတောင် ဟုတ်ရဲ့လားဟု သူတို့ စတင် သံသယဝင်လာကြပါပြီ။ သူ နေထိုင်သည့် အိမ်နှင့် ကားများနဲ့တင် ပိုင်ဆိုင်မှု ယွမ် သန်း ၅၀၀ ကျော်နေပြီ။ သာမန် ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်က ဒီလောက် ငွေအများကြီး ထုတ်နိုင်မှာ မဟုတ်ပါ။
အိမ်ပြန်ရောက်သောအခါ လင်းဖန်က ဇာတ်ညွှန်းဘယ်လိုရေးရမလဲ စတင်လေ့လာ၏။
[စာရေးဆရာအဆင့် : မာစတာအဆင့်]
[ဇာတ်ညွှန်းရေးဆရာအဆင့် : မာစတာအဆင့်]
ထိုစကေးနှစ်ခုကြောင့် မရေမတွက်နိုင်အောင် များပြားသော လုပ်ငန်း အသိပညာများ လင်းဖန်၏ အာရုံထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
လင်းဖန်တစ်ယောက် တက္ကသိုလ်မှ ဘွဲ့ရပြီး လွန်ခဲ့သော ၃ နှစ်တာကာလတုန်းက သူရေးသားခဲ့သည့် ဇာတ်လမ်းများတချို့ကို ပြန်ကြည့်ခဲ့သည်။ လက်ရှိ သူ့အဆင့်နဲ့ ထိုဇာတ်ညွှန်းများကို အလွန်ပြောင်မြောက်သည့် လက်ရာများအဖြစ် ပြောင်းလဲနိုင်ပါသည်။
ပြီးတော့ ဒီလက်ရာရဲ့ နာမည်က "ဘဝရဲ့ပျော်ရွှင်မှု" ဆိုပါလား။
ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးခြင်းသာ အောင်မြင်သွားပါက ရှားဝမ်ချွေ့က ဒီဒရာမာထဲတွင် ခေါင်းဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်ရမည်...။ သူက ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက်ပါဝင်လိုက်ပါက ဒီဒရာမာ အလွန့်အလွန် ရေပန်းစားလာပါလိမ့်မည်။