အခန်း(၄၆) ဘယ်သူက နင့်ကောင်မလေးယောင်ဆောင်ချင်လို့လဲ
Vol. 4 Ch. 46
အခန်း(၄၆) ဘယ်သူက နင့်ကောင်မလေးယောင်ဆောင်ချင်လို့လဲ
အလုပ်များသော နေ့လည်ခင်း ပြီးဆုံးသွားသောအခါ လင်းဖန်တစ်ယောက် ကျောဆန့်လိုက်ပါသည်။
သူ့မှာ မာစတာအဆင့် စာရေးသူစွမ်းရည်နှင့် မာစတာအဆင့် ဇာတ်ညွှန်ရေးသူစွမ်းရည်တို့ ရရှိခဲ့ပြီးကတည်းက ဇာတ်ညွှန်းထဲက ဇာတ်လမ်း၏ စမှတ်များ၊ အကြောင်းတရားများ၊ အတွေ့အကြုံများနှင့် ရလဒ်များကို သိသိသာသာ နားလည်လာခဲ့သည်။
လင်းဖန်၏ ဘောပင်အောက်တွင် ကောင်းမွန်သော ဇာတ်လမ်းများ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်လာခဲ့၏။
တခြားဘာအကြောင်းပြချက်မှ မရှိဘဲ ရှားဝမ်ချွေ့အတွက်သာဖြစ်ပါသည်။
ဇာတ်ညွှန်းကောင်းကောင်းမရှိပါက ရှားဝမ်ချွေ့ ဘယ်လောက်ပဲ နာမည်ကျော်နေပါစေ၊ တဖြည်းဖြည်း ဖျော်ဖြေရေးလောကတွင် အရောင်မှေးမှိန်လာပြီး အစားထိုးခံရမည်ဖြစ်သည်။
သို့သော်လည်း သူ ရှိနေပါက ဇာတ်ညွှန်းပြဿနာကို သူ ဖြေရှင်းပေးနိုင်သည်။
ထိုအချိန်တွင် လင်းဖန်ထံသို့ ကောင်မလေး တစ်ယောက်၏ ဖုန်းဝင်လာခဲ့သည်။
လှိုင်းပြာပင်လယ်အော်အိမ်ရာက အိမ်ခြံမြေအေးဂျင့် ရှားရန်ရန်ဖြစ်ပါသည်။
"ဟယ်လို" လင်းဖန်က ဖုန်းကိုင်လိုက်၏။
"လင်းဖန်... ကျွန်မ ရှင့်ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ အိမ်ခြံမြေထိန်းသိမ်းခွန် ပေးဆောင်လို့ ရမလားရှင့်။ စုစုပေါင်း ၂၃,၈၂၅ ယွမ်ပါ” ရှားရန်ရန်၏ အသံ ထွက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီလောက် ကောင်းမွန်သည့် ဗီလာကြီး၏ အိမ်ခြံမြေထိန်းသိမ်းခွန်မှာ သေချာပေါက် မနည်းလောက်ပါ။
"ရပါတယ်" လင်းဖန်က ပြောလိုက်၏။
ရှားရန်ရန်ကို သူ သဘောကျပြီး ရှားရန်ရန်က တခြားသူများအပေါ်တွင်လည်း အလွန်ယဥ်ကျေးသူဖြစ်၏။
လင်းဖန် သဘောတူလိုက်သောအခါ ရှားရန်ရန် ရှက်သွေးဖြာသွားပါသည်။
သူမ လင်းဖန်ကို ဖုန်းဆက်ဖို့ သတ္တိတွေ စုစည်းခဲ့ရ၏။
လင်းဖန်က အလွန်ချောပြီး အလွန်တော်သည်။ ဘယ်လိုမိန်းကလေးမျိုးက မကြိုက်ဘဲ နေမှာလဲ။
သူမကလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါသည်။ သူမ လင်းဖန်နှင့် အရင်တစ်ခေါက် လမ်းခွဲပြီးကတည်းက သူ့အပေါ်ခံစားချက်မှ စရှိလာခြင်းဖြစ်သည်။
သူမဘက်ကသာ မစလျှင် လင်းဖန်ကို နောက်ထပ် ဘယ်တော့မှ ထပ်ကပ်နိုင်မည် မဟုတ်တော့ပေ။
"ဘာကိစ္စရှိသေးလဲ" လင်းဖန်က ပြုံးကာ မေးလိုက်ပါသည်။
"လင်းဖန် ကျွန်မ မေးခွန်းတစ်ခုမေးချင်လို့ပါ။ ရှင် အတည်ဖြေပေးလို့ ရမလားဟင်" ရှားရန်ရန်က အတည်ပေါက် မေးလိုက်သည်။ သူမ၏ မျက်နှာက ပို၍ပင် နီရဲလာ၏။
"ရှင့်မှာ... ကောင်မလေးရှိလားဟင်” ရှားရန်ရန်ဘက်က အရင်မေးလိုက်ပြီး အလွန်ရှက်နေပါပြီ။
ဖုန်းထဲက ပြောတာဖြစ်သော်လည်း သူမ၏ စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက် အနည်းငယ်တို့ကို လင်းဖန် ခံစားမိပါသေးသည်။
မိန်းကလေးတစ်ယောက်ဘက်က ယောက်ျားလေးတစ်ယောက်ကို ဦးစွာ သဘောကျလျှင် ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက်အကြားက သံယောဇဥ်ပိုခိုင်မာသည်ဟု ဆိုကြသည်။ ဒါက ယောက်ျားလေးတစ်ယောက်ကို သူမဘက်က ပထမဆုံး ချဥ်းကပ်ခြင်း ဖြစ်ပါသည်။
လင်းဖန်က ရှားရန်ရန်၏ ဆိုလိုရင်းကို နားလည်ပါသည်။
အခု သူ့မှာအဖြေသုံးမျိုးရှိ၏။
ပထမဆုံး သူ့မှာ ကောင်မလေး ရှိသည်။ ဒီလိုဆို သူမကို ပြတ်ပြတ်သားသား ငြင်းလိုက်ရာကျသည်။
ဒုတိယက ကောင်မလေး မရှိသေးပါ။
တတိယတော့ ခင်ဗျားက လူကောင်းတစ်ယောက်ပါ။ ဒါပေမယ့်...
စုစုပေါင်း အဖြေသုံးခုရှိကာ ဒုတိယ အဖြေကိုရမှ ရှားရန်ရန် အခွင့်အရေးရှိမည်ဖြစ်သည်။
ထိုအဖြေသုံးခုက မိန်းကလေးများက ယောက်ျားလေးများကို ငြင်းသောအခါ ပေးတတ်သော ပုံမှန် အဖြေများဖြစ်ကြ၏။ သူတို့က လူကောင်းဖြစ်သော်လည်း စာသင်နေခြင်းနှင့် အလုပ်လုပ်နေခြင်းတို့ကြောင့် အချိန်မပေးနိုင်ပါဘူးဟု ပြောတတ်သည်။ သို့သော်လည်း အခုတော့ နေရာချင်း ပြောင်းပြန် ဖြစ်နေပါပြီ။
ရှားရန်ရန်က လင်းဖန်၏ အဖြေကို စောင့်ဆိုင်းနေပါသည်။
လင်းဖန် ကောင်မလေး မရှိသေးဘူးဟုသာ ဖြေလိုက်ပါက ရှားရန်ရန် သူနဲ့တွေ့ဖို့ နည်းလမ်းတစ်ခုခုရှာပြီး လက်လျှော့တော့မှာ မဟုတ်ပေ။
လင်းဖန် မွေးဖွားလာပြီး အခုချိန်အထိ ကောင်မလေးများ ချဥ်းကပ်တာကို ခံခဲ့ရတာ ၈၈၆ ကြိမ် ရှိပါပြီ။
ရှားရန်ရန်က တကယ့်ကို ရုပ်ရည်မဆိုးဘဲ လှလည်းလှပါသည်။
သို့သော်...
လင်းဖန်က သူ့အိမ်က ကြောင်လေးကို ကြည့်လိုက်သည်။
သူ့နှလုံးသားထဲတွင် အဖြေတစ်ခုက ရှိနေပြီးသားပင်။
"ကျွန်တော့်မှာ ကောင်မလေးရှိပါတယ်" လင်းဖန်က ပြုံးကာ ပြန်ဖြေလိုက်ပါသည်။
"သြော်... ဟုတ်ပါပြီ။ ရှင်အချိန်ရရင် ထျင်ထျင်နဲ့ ကျွန်မတို့ ရှင့်ကောင်မလေးကို လာတွေ့လို့ရမလား။ သူက အရမ်းလှမှာပဲနော်" ရှားရန်ရန်က ပျော့ပျောင်းစွာ မေးလိုက်ပါသည်။
"ဟုတ်တယ်။ သူက အရမ်းလှတယ်။" လင်းဖန်က ပြောလိုက်ပါသည်။
"အင်းအင်း ဒါဆို ကျွန်မ ဖုန်းချလိုက်တော့မယ်နော်။ အိမ်ခြံမြေထိန်းသိမ်းခွန် ပေးဖို့ မမေ့နဲ့ဦး။ မေ့သွားရင် ကျွန်မရှင့်အိမ်လာပြီး အတင်းတောင်းမှာနော်" ရှားရန်ရန်က ပြုံးကာ ပြောလိုက်ပါသည်။
ရှားရန်ရန်၏ စိတ်ခံစားချက်ပြောင်းလဲမှုကို လင်းဖန် မခံစားမိပါ။ သို့သော် ဆက်ဆံရေးများက အမြဲတမ်း ဒီလိုပဲဖြစ်ပါသည်။
သူ့မှာ ကောင်မလေးတကယ် မရှိသေးသော်လည်း လင်းဖန်က တခြားကောင်မလေးများနှင့် ပွေရှုပ်ပြီး သူတို့ကို မျှော်လင့်ချက် မပေးချင်ပါ။
ဒါက အကောင်းဆုံး တုန့်ပြန်မှုပဲဖြစ်ပါသည်။
"ချွေ့ချွေ့ရေ..." လင်းဖန်က ကွန်ပြူတာ စားပွဲအောက်တွင် အိပ်နေသည့် ကြောင်လေးကို ပွတ်သပ်ပေးလိုက်ပါသည်။
"မြောင်~" ကြောင်လေးက အော်ပြီး လင်းဖန်၏ လက်ပေါ်သို့ တက်လာခဲ့ပါသည်။
လင်းဖန်က ကွန်ပြူတာမျက်နှာပြင်ကို ကြည့်လိုက်သည်။ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် သူပြန်လည်ပြုပြင်နေသည့် ဇာတ်ညွှန်းတစ်ခုရှိသည်။ ကွန်ပြူတာပေါ်မှာ တင်ထားတဲ့ မျက်နှာပြင်ပုံလေးက ရှားဝမ်ချွေ့၏ ဂါဝန်လေး ဝတ်ဆင်ထားသည့် ပုံလေးတစ်ပုံ ဖြစ်သည်။ သူမလေးက အလွန်လှပနေပါသည်။
ပရိတ်သတ်တွေသာ ဒီပုံကို မြင်သွားလို့ကတော့ ရူးသွပ်သွားနိုင်လောက်သည်။
ဒီပုံထဲက ရှားဝမ်ချွေ့က အလွန်အမင်း လှပပါသည်။ ထို့အပြင် ဒီဓာတ်ပုံက ရှားဝမ်ချွေ့နဲ့ နှစ်ယောက်တည်း အတူတူရှိနေစဥ် လင်းဖန်ရိုက်ထားသည့် ပုံဖြစ်ပါသည်။
ညည့်နက်အချိန်ဖြစ်ပြီး ကြယ်ပွင့်လေးများကလည်း ကောင်းကင်တွင် ပြည့်နှက်နေခဲ့သည်။
လူတစ်ယောက်၊ ကြောင်လေးတစ်ကောင်နဲ့ ကွန်ပြူတာမျက်နှာပြင်ပေါ်မှ ကောင်မလေးတစ်ယောက်ရဲ့ ဓာတ်ပုံလေးတို့က ညအလှနှင့် အေးချမ်းမှုကို ခံစားနေကြသည်။
ညသန်းခေါင်ကြီး လင်းဖန် အလုပ်လုပ်နေတုန်း ရှားဝမ်ချွေ့ထံမှ ဝီချက်မက်ဆေ့ချ်ဝင်လာခဲ့သည်။
[ ရှားဝမ်ချွေ့ : "~~~" ]
[ လင်းဖန် : "???" ]
[ လင်းဖန် : "ခုလေးတင် ကောင်မလေးတစ်ယောက်က ငါ့ကိုဖွင့်ပြောပြီး ကောင်မလေးရှိလားလို့ မေးသွားတယ်" ]
[ ရှားဝမ်ချွေ့ : "ဘယ်သူလဲ" ]
[ လင်းဖန် : "ဒီက အိမ်ခြံမြေအေးဂျင့်ကောင်မလေးတစ်ယောက်ပါ။ တော်တော်လေး လှတယ်" ]
[ ရှားဝမ်ချွေ့ : "ဟွန်း နင်က ဘာပြန်ပြောလိုက်လဲ" ]
[ လင်းဖန် : "ငါ့မှာ ကောင်မလေး ရှိတယ်လို့ ပြောလိုက်တာပေါ့" ]
[ ရှားဝမ်ချွေ့ : "အရူးကောင်" ]
[ ရှားဝမ်ချွေ့ : "နင့်မှာ... တကယ် ကောင်မလေး ရှိတာလား" ]
[ လင်းဖန် : "မရှိသေးပါဘူး။ ဒါပေမယ့် ငါ့အမေက ငါ့ကို အရမ်းတိုက်တွန်းနေတယ်။ ငါ့ကောင်မလေး အယောင်ဆောင်ပြီး ငါ့အိမ်ကိုလိုက်ခဲ့ပါလား။ ငါ့အမေကို အရင်ထိန်းကြရအောင်လေ" ]
[ ရှားဝမ်ချွေ့ : "အရူးကောင်လင်းဖန် ဘယ်သူက နင့်ကောင်မလေးယောင် ဆောင်ပေးချင်လို့လဲ။ ငါ့ကို ဘယ်လို အနိုင်ကျင့်ရမလဲဆိုတာပဲ နင်သိတယ်" ]
လင်းဖန် စာပို့ပြီးသွားသောအခါ ရှားဝမ်ချွေ့ထံမှ ဗီဒီယိုဖုန်းခေါ်မှုတစ်ခု ဝင်လာခဲ့သည်။
ဗီဒီယိုဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သောအခါ ရှားဝမ်ချွေ့၏ မျက်နှာလေးကို လင်းဖန် မြင်လိုက်ရ၏။
သူမသည် ရေချိုးပြီးခါစဖြစ်ပြီး ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၏။ သူမလေး၏ ကျော့ရှင်းလှပသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အသက်ရှူမှားလောက်စရာ ပင်ကိုမျက်နှာလေးကို မြင်လိုက်ရပါသည်။
လင်းဖန်၏ လက်ထဲက ကြောင်လေးပင် ကြက်သေသေသွားရ၏။ ရှားဝမ်ချွေ့ကို ကြည့်ကာ ဆက်တိုက် အော်နေလေသည်။
ရှားဝမ်ချွေ့က မိတ်ကပ် မပါဘဲနဲ့တောင် အလွန်လှပလွန်းပါသည်။ ထို့ကြောင့်လည်း ဒီလောက်ထိ မြန်မြန် ရေပန်းစား နာမည်ကျော်လာခဲ့ခြင်းဖြစ်၏။
လင်းဖန် : "နင်ဘာလုပ်နေတာလဲ"
ရှားဝမ်ချွေ့ : "ခစ်ခစ် မြောင်မြောင်~~ နင့်ကို စစ်ဆေးနေတာ မလှုပ်နဲ့နော်"
လင်းဖန် : "ငါ့ကို စစ်ဆေးနေတာ ဟုတ်လား။ ငါက နင့်ကောင်လေး မဟုတ်သေးဘူး ထင်တယ်နော်"
ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဟင်း ဒါဆိုလည်း ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ချလိုက်လေ"
ရှားဝမ်ချွေ့ : "နင့်အခန်းကို ကြည့်မယ်~"
လင်းဖန်က တိတ်ဆိတ်စွာဖြင့် သူ့ဖုန်းနဲ့အတူ အခန်းထဲ ပတ်ပြလိုက်ပါသည်။
ရှားဝမ်ချွေ့ : "ဘယ်ဆိုးလို့လဲ"
လင်းဖန် : "ဘာလို့ ငါရှုံးတယ်လို့ ခံစားနေမိပါလိမ့်။ နင့်အခန်းကိုလည်း ပြလေ"
ရှားဝမ်ချွေ့ : "မြောင်မြောင်~~ အိမ်မှာ ဘယ်သူမှ မရှိဘူး"
လင်းဖန် : "..."
လင်းဖန် : "ဒါဆို ငါနင့်အိမ်ကိုလာမယ်"
ရှားဝမ်ချွေ့ : "အတင့်ရဲလိုက်တာ"
ရှားဝမ်ချွေ့ : "စုတောင်းလေ ဟွန်း။ ငါ့ကို အနိုင်ကျင့်ဖို့ပဲ စဥ်းစားနေတယ်။"
လင်းဖန် : "နင်နဲ့ နှစ်ညတောင် အတူတူအိပ်ပြီးပြီပဲ ရပါတယ်လေ ငါမရှုံးပါဘူး။"
ရှားဝမ်ချွေ့၏ မျက်နှာ နီရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်ပါသည်။ "ဘယ်သူက နင်နဲ့ အိပ်လို့လဲ လူဆိုးကောင်။ နင်ငါ့အိမ်လာပြီး မပြန်လို့လေ။ ပြီးတော့ နင့်အိမ်မှာ ညအိပ်တာလည်း... အကုန်လုံး နင့်အပြစ်ပဲ။"
ရှားဝမ်ချွေ့ : "ဆက်လိုက်ကြရအောင် နင့်ကွန်ပြူတာ မျက်နှာပြင်ကို ပြစမ်း။"
လင်းဖန် : "နင်လွန်လာပြီ ငါ့ကွန်ပြူတာ မျက်နှာပြင်မှာ ဘာရှိမှာမို့လို့လဲ။"
ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။ "ဘယ်ပြောလို့ရမလဲ ကွန်ပြူတာထဲမှာ မဟုတ်တာတွေ ရှိနေမလားဆိုတာ ဘယ်ပြောလို့ရမလဲ။"
လင်းဖန်က အမှန်အတိုင်းပြောလိုက်၏။ "ငါက အဲ့လိုလူမျိုးလား။ ပြီးတော့ ရှိနေရင်တောင် အဲ့ဒီ မဟုတ်တာတွေက နင်နဲ့ ဘာဆိုင်လို့လဲ"။
လင်းဖန် အနည်းငယ် စိတ်ဆိုးသွားပါသည်။ ရှားဝမ်ချွေ့က သူ့ကို တကယ်မယုံဘဲ စစ်တောင် စစ်ဆေးနေပါသည်။
သူ့ကို စစ်ဆေးတာက ပြဿနာမရှိပါ။ သူမကိုလည်း စစ်ဆေးနိုင်သည်။
သို့သော် ကွန်ပြူတာ မျက်နှာပြင်ကို ပြဖို့ကတော့ များလွန်းပါသည်။ ဘာပဲဖြစ်ဖြစ် ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ ရှားဝမ်ချွေ့ရဲ့ ဓာတ်ပုံလေူ ရှိနေတာ မဟုတ်ပါလား။
သူမသာ ဒါကို မြင်သွားရင် သူ့ကို တစ်သက်လုံး အနိုင်ယူမသွားနိုင်ဘူးလား။
ရှားဝမ်ချွေ့က သနားစရာကောင်းစွာ ပြောလိုက်သည်။ "လင်းဖန် အဲ့ဒီမဟုတ်တဲ့ဟာတွေကို ကြည့်လို့မရဘူးလေ။ ငါက... မလှဘူးလား။"
ရှားဝမ်ချွေ့က အလွန်စိတ်ရှုပ်ထွေးနေပါသည်။ လင်းဖန် ကွန်ပြူတာမှာ အဲ့လိုဟာတွေ ကြည့်နေကြောင်း စိတ်ထဲမှ လက်ခံမိသလိုဖြစ်နေပြီ။ သူမ၏ လှပသော မျက်လုံးလေးများက စိတ်ပျက်ပြီး အနည်းငယ် စိတ်ဆိုးနေသလိုပင်။ သူ့ကို ဘယ်သူမဆို သနားသွားနိုင်သည်။ သူမက ငိုတော့မလိုလို ပုံစံဖြစ်နေပါပြီ။
ရှားဝမ်ချွေ့ကိုကြည့်ရင်း လင်းဖန်တစ်ယောက် မလွန်ဆန်နိုင်တော့ပါ။
နောက်ပိုင်း သူမ အနိုင်ယူတာ ခံရရုံလောက်ပဲ မဟုတ်လား။ ဒါဆိုလည်း ရှိပါစေတော့။
နောက်ပိုင်း ပြန်အနိုင်ယူနိုင်ရင် အဆင်ပြေတာပဲ မဟုတ်လား။ သူ့ရဲ့ ရိုးသားတဲ့ စရိုက်အား ရှားဝမ်ချွေ့ကို သံသယဖြစ်ခွင့်မပေးနိုင်ပါ။
ရှားဝမ်ချွေ့က အဆင့် ၂ လောက်သာ ရှိသေးသော်လည်း လင်းဖန်က အဆင့် ၅ လောက် ရောက်နေပါပြီ။ ရှားဝမ်ချွေ့ အနိုင်ယူတာကိုသာ ခံရနိုင်သော်လည်း သူမရုတ်တရက် သူ့ကိုစစ်ဆေးကြည့်လိုက်လျှင် အံ့သြသွားအောင် လုပ်နိုင်ပါသည်။
လင်းဖန် : "ငါတယ် အဲ့ဒီမဟုတ်တာတွေ မကြည့်ပါဘူး။ ငါ့ကိုမယုံရင် ငါ့ကွန်ပြူတာကို ပြမယ်"
ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများကို မော့လိုက်ပြီး ပြောင်းလဲသွားသော ဗီဒီယိုထဲက လင်းဖန်ကို ကြည့်လိုက်ပါသည်။
ကင်မရာထဲတွင် လင်းဖန်၏ ရုပ်ပုံမှတဆင့် လင်းဖန်၏ ကွန်ပြူတာ မျက်နှာပြင်ပုံသို့ ပြောင်းသွားသည်။
ကွန်ပြူတာပေါ်တွင် Word စာဖိုင်တစ်ဖိုင်သာ ဖွင့်လျက်သားရှိနေသည်။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းဖြစ်ပါသည်။
လင်းဖန်၏ ကွန်ပြူတာ မျက်နှာပြင်မှာ ရှားဝမ်ချွေ့၏ ဂါဝန် ဝတ်ဆင်ထားသည့် ပုံလေးတစ်ပုံ ဖြစ်နေပါသည်။
နေရောင်အောက်တွင် သူမက ဂါဝန်လေးတစ်ထည်ဝတ်ကာ ကမ်းခြေတွင် လမ်းလျှောက်နေသည်။ သူမတွင် သွယ်လျပြီး နှင်းလိုဖြူဖွေးသည့် ခြေချောင်းကလေးများ ရှိသည်။ ပုံထဲတွင် သူမက အနောက်ကို ပြန်လှည့်ကြည့်ပြီး ပြုံးနေပါသည်။ အသက်ရှူမှားလောက်အောင် လှပပြီး ကမ္ဘာကြီးထဲက ဘယ်အရာမဆို သူမကို ရပ်ကြည့်သွားလောက်သည်။
ရှားဝမ်ချွေ့က အကုန်လုံးကို ကြောင်တောင်တောင်နဲ့ ကြည့်နေမိသည်။
ဒါဆို လင်းဖန်က မဟုတ်တာတွေ မကြည့်ဘူးပေါ့။
ကွန်ပြူတာပေါ်က ဓာတ်ပုံကို သူမကို မမြင်စေချင်ခြင်းသာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်...
ကွန်ပြူတာ မျက်နှာပြင်ပေါ်က ကောင်မလေးမှာ သူမပဲ ဖြစ်နေသောကြောင့်သာပင်။