အခန်း(၅၄) ဒါ ဂန္တဝင် လက်ရာပဲ
Vol. 4 Ch. 54
အခန်း(၅၄) ဒါ ဂန္တဝင် လက်ရာပဲ
ည ၁၀ နာရီထိုးသောအခါ ညစာစားပွဲမှ လူအများစု ပြန်သွားကြပြီဖြစ်သည်။
"ရှို့ရှို့ ညီလေးလင်းကို အိမ်ပြန်လိုက်ပို့ ပေးလိုက်ပါဦး” ယွင်ချမ့်က ကျန်းကျင်းရှို့ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ" ကျန်းကျင်းရှို့က ခေါင်းငြိမ့်လိုက်ပြီး အများကြီး သောက်ထားသည့် လင်းဖန်ကို တွဲကူပေးလိုက်ပါသည်။
"ကျွန်တော့်ကားကိုမောင်း။ လှိုင်းပြာပင်လယ်အော်နယ်မြေ နှလုံးသားရေကန် ဗီလာကို...." လင်းဖန်က Bugatti ကားကြီး၏ အရှေ့ ခရီးသည်ခုံတွင်ထိုင်ရင်း ပြောလိုက်သည်။
"ဟုတ်ပါပြီ မစ်စတာလင်း" ကျန်းကျင်းရှို့က ခေါင်းငြိမ့်လိုက်ပါသည်။
Bugatti ကားကြီးထဲတွင် ဝင်ထိုင်လိုက်သောအခါ ကျန်းကျင်းရှို့တစ်ယောက် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ရလိုက်ပါသည်။
ဒီတော့ ဒါက လင်းဖန်ရဲ့ကားကြီးပေါ့။
သူဌေးတစ်ယောက်ရဲ့ ကားက တကယ်ပဲ ခြားနားတာပဲ။
ကျန်းကျင်းရှို့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး သူမ၏ ပါးများကလည်း အနည်းငယ်နီရဲလို့ နေပါသည်။ ဘယ်လိုမိန်းကလေးမျိုးက အချစ်ကို မတောင့်တဘဲ နေမှာလဲ။ သူမလို လူမျိုး၏ ရင်ထဲမှာတောင် မျှော်လင့်ချက် သေးသေးလေးတစ်ခုတော့ ရှိနေသေးသည်။ လင်းဖန်က မူးနေတာကို အသုံးချပြီး သူမကို အခွင့်ကောင်းယူသွားမလား။
ကျန်းကျင်းရှို့က သူမ၏ ရုပ်အဆင်းကို အလွန်ယုံကြည်မှုရှိပါသည်။ အဓိကအချက်မှာ လင်းဖန်က အလွန်ထူးချွန်ပြီး ချောမောခြင်းဖြစ်သည်။
သူမကို မဆိုဦးနဲ့။ တခြားကောင်မလေးများ ဆိုရင်လည်း မက်မောကြမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့လင်းဖန်နဲ့ အတူတူ အိပ်လိုက်တာနဲ့ ကျန်တစ်သက်တာလုံး ဘာမှ စိုးရိမ်နေဖို့ မလိုအပ်တော့ပါ။
သို့သော်လည်း ကျန်းကျင်းရှို့ အနည်းငယ် စိတ်ပျက်သွားခဲ့ရပါသည်။ လင်းဖန်ကို အိမ်ပြန်လိုက်ပို့တာတောင် လင်းဖန်က သူမကို ကြည့်ပင်မကြည့်ပါ။ ထိုမကောင်းသည့်အတွေးများ တွေးဖို့ဆို ပိုတောင် ဝေးပါသေးသည်။
"မစ်စတာလင်း ကောင်းကောင်း အနားယူပါနော်" လင်းဖန်က ဒီလိုအတွေးများမရှိကြောင်း သိလိုက်ရသောအခါ ကျန်းကျင်းရှို့က အရင်ဆုံး ပြန်သွားလေသည်။ သူမ လင်းဖန်ကို သိုက်တူးသမားတစ်ယောက်လို ကပ်နေမည် မဟုတ်ပေ။
"အင်း ဂရုစိုက်နော်" လင်းဖန်က ပြောကာ အိပ်ပျော်သွားလေတော့သည်။
နောက်တစ်နေ့ လင်းဖန်နိုးလာပြီး Sign-in ဝင်လိုက်သောအခါ ငွေသားကံစမ်းမဲလက်မှတ်ကို ရသွားပြန်သည်။
ထို့နောက် လင်းဖန် မူပိုင်ခွင့်စင်တာကိုသွားပြီး သူ့ဇာတ်ညွှန်းကို မူပိုင်ခွင့်သွားတင်၏။
သူ့ဇာတ်ညွှန်းကို မူပိုင်ခွင့်တင်ပြီးသွားခါမှ လင်းဖန်က "ဘဝရဲ့ပျော်ရွှင်မှု" ၏ ပထမအပိုင်းလေးပိုင်း၏ ဇာတ်ညွှန်းနှင့် မူကြမ်းကို ယွင်ချမ့်ထံသို့ ပို့ပေးလိုက်ပါသည်။
ယွင်ချမ့်က အလျင်အမြန်ဆိုသလိုပဲ လင်းဖန်ကို ကူညီကာ စီစဥ်ပေးလိုက်သည်။
"ဘဝရဲ့ပျော်ရွှင်မှု"အတွက် ဇာတ်ညွှန်းကို ယွဲ့ဟွာအင်တာတိန်းမန့်၊ ကျားရှင်းအင်တာတိန်းမန့်နှင့် ဂျွိုင်းမီဒီယာတို့အား အသီးသီးပို့ပေးလိုက်လေသည်။
ယွင်ချမ့်ကိုယ်တိုင် တင်ဆက်ခြင်းဖြစ်သဖြင့် ထိုကုမ္ပဏီကြီးသုံးခုစလုံး ဇာတ်ညွှန်းများကို အမြန် စတင်သုံးသပ်လေသည်။
သူ့ကိစ္စဝိစ္စများ ပြီးသောအခါ လင်းဖန်က Bugatti ကားကြီးကို မောင်းလျက် စားသောက်ဆိုင်သို့ လာခဲ့ပြီး အလုပ်များသော သူ့ဘဝကို ပြန်စတင်ခဲ့လေသည်။
ယွဲ့ဟွာအင်တာတိန်းမန့်တွင်။
ဇာတ်ညွှန်းရေးဆရာကြီး ထျန်ကျန်းက အသစ်ပေးပို့ထားသည့် ဇာတ်ညွှန်းများကို ဖတ်ရှုနေသည်။
ထိုဇာတ်ညွှန်းများကိုကြည့်ရင်း ထျန်ကျန်း ခေါင်းခါလိုက်ရပါသည်။ ဇာတ်ညွှန်းကောင်း တစ်ခုမှ မပါပေ။
"မစ်စတာ ထျန်ကျန်း ဒါက စီအိးအိုယွမ် ညွှန်းပေးထားတဲ့ ဇာတ်ညွှန်းပါ။ ကျေးဇူးပြုပြီး ကြည့်လိုက်ပါဦး" ဝန်ထမ်းတစ်ယောက်က ဇာတ်ညွှန်းကို ထျန်ကျန်းထံသို့ ယူလာပေး၏။
"ဟုတ်ပြီ ငါဇာတ်ညွှန်းကောင်း မတွေ့ရတာ နှစ်ဝက်လောက်ရှိပြီ။ ဒီဇာတ်ညွှန်းရဲ့နာမည်က 'ဘဝရဲ့ပျော်ရွှင်မှု' ဟုတ်တယ်နော်။ အဲ့တာလည်း ဇာတ်ညွှန်းကောင်းဖြစ်မယ် မထင်ဘူး” ထျန်ကျန်းက သက်ပြင်းချလိုက်ပါသည်။
"မစ်စတာထျန်ကျန်း ဒါက စီအီးအိုယွင်ကိုယ်တိုင် ညွှန်းဆိုပေးထားတာပါ။ အရမ်း အဆင့်မြင့်တယ်လို့ ပြောတယ်" ဝန်ထမ်းက ဆက်ပြောသည်။
ဘာပဲဖြစ်ဖြစ် ယွင်ချမ့်နဲ့ ယွဲ့ဟွာအင်တာတိန်းမန့်တို့က အတူတူပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြသည်။
"အဆင့်မြင့်တယ်ဟုတ်လား။ ငါ့ထက် ဇာတ်ညွှန်းအကြောင်း သိတဲ့လူရှိလို့လား။ ဇာတ်ညွှန်းရဲ့နာမည်ကိုက မကောင်းတာ။ ဇာတ်ညွှန်းကောင်းဆိုရင် ငါ ချက်ချင်း လက်ခံလိုက်မယ်" ထျန်ကျန်းက အနည်းငယ် စိတ်မရှည်လက်မရှည် ဖြစ်လာခဲ့သည်။
သူ ဇာတ်ညွှန်းများကို ဖတ်လာတာ နှစ်ဝက်လောက် ရှိပြီဖြစ်သော်လည်း ဇာတ်ညွှန်းကောင်း တစ်ခုတစ်လေကိုတောင် မတွေ့ခဲ့ရပါ။
ရှားဝမ်ချွေ့က ဇာတ်ညွှန်းတစ်ခုအတွက် မျှော်လင့်ချက် မြင့်မြင့်မားမားထား၏။ ရှားဝမ်ချွေ့ကို ဇာတ်ညွှန်းကောင်းတစ်ခု ရှာပေးဖို့အတွက် ထျန်ကျန်း၏ ခေါင်းလည်း ထုံကျင်နေပါပြီ။
သာမန်လူတွေပို့ပေးတဲ့ ဒီဇာတ်ညွှန်းတွေက ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။
ထျန်ကျန်းက စာရွက်စာတမ်းများကို ဖွင့်ကြည့်လိုက်သည်။ သူ မျှော်လင့်ချက် မြင့်မြင့်မားမား သိပ်မထားခဲ့ပါ။
ထျန်ကျန်းက ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းကို ကြည့်လိုက်သည်။ ပထမ စာမျက်နှာကို ကြည့်လိုက်ရုံနဲ့ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရသည်။
ဒုတိယစာမျက်နှာကို ဖတ်ကြည့်လိုက်သောအခါ ထျန်ကျန်း ခါးမတ်မတ် ထိုင်လိုက်ရပြီး ဇာတ်ညွှန်းကို တစ်လုံးချင်း ဖတ်နေရပြီဖြစ်သည်။
တတိယ စာမျက်နှာကို ဖတ်လိုက်ရသောအခါ ထျန်ကျန်း၏ မျက်နှာထား ပြောင်းလဲသွားခဲ့ပြီ။
ဒီဇာတ်ညွှန်းကို ဘယ်သူရေးတာလဲ။
ဘာဖြစ်လို့ ဒီလောက်ထိ ပြောင်မြောက်အောင် ရေးသားနိုင်ရတာလဲ။
၁၀ ရွက်မြောက်ကို မြင်သောအခါ ထျန်ကျန်း၏ အကြည့်က လေးနက်နေပါပြီ။ ဇာတ်ညွှန်းထဲက အသေးစိတ်မှန်သမျှကို စစ်စစ်ပေါက်ပေါက် ကြည့်ရှုရင်း အနည်းငယ် အံ့အားသင့်နေခဲ့ရသည်။
အမျိုးသမီးဇာတ်လိုက်၏ အပြုအမူနှင့် စကားပြောသောအခါ မျက်နှာထားများ၊ အမျိုးသား ဇာတ်လိုက်နဲ့ တွေ့ဆုံသော ပုံစံများ၊ မြို့တက်သွားသောအခါ အမျိုးသား ဇာတ်လိုက်တွေ့ကြုံရမည့် ဇာတ်လမ်းတချို့....။
စာမျက်နှာ ၂၅ ကို လှည်ကြည့်လိုက်သောအခါ ထျန်ကျန်း လုံးဝ သဘောကျသွားခဲ့ပါပြီ။
ဒီဇာတ်ညွှန်းက... ဂန္တဝင်လက်ရာတစ်ခုပဲ
အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ အကြား ဆက်ဆံရေးနှင့် တီဗီဇာတ်လမ်းတွဲတွင် ပါဝင်သည့် အမျိုးသား ဇာတ်လိုက်ရင်ဆိုင်ရမည့် ဒုက္ခမျိုးစုံတို့မှာ ထျန်ကျန်းကို လုံးဝ ဆွဲဆောင်နိုင်ခဲ့ပါသည်။
သူကိုယ်တိုင်တောင် ဒီလောက် စိတ်ဝင်စားဖို့ ကောင်းသည့် ဇာတ်ညွှန်းမျိုး ရေးနိုင်မှာ မဟုတ်ပေ။
ဒီဇာတ်ညွှန်းကိုသာ ရုပ်ရှင်ရိုက်လိုက်လျှင် ဘာဖြစ်လာမလဲ ထျန်ကျန်း စိတ်ကူးယဥ်နေမိပါပြီ။
ထျန်ကျန်းက သူ့ရှေ့တွင်ပေါ်လာသော ဇာတ်ဝင်ခန်းများကိုကြည့်ရင်း ဇာတ်ကွက်ထဲတွင် လုံးဝ နစ်မျောသွားခဲ့သည်။
တစ်ခါတစ်လေ ဒေါသထွက်သည်။ တစ်ခါတစ်လေ စိတ်ထိခိုက်သည်။ တစ်ခါတစ်လေ စိတ်ဖိစီးသည်။
စာမျက်နှာ ၃၀ ကို ရောက်သောအခါ ထျန်ကျန်း၏ မျက်လုံးများ နီရဲသွားပြီး မထိန်းနိုင်ဘဲ ငိုမိတော့သည်။
ဇာတ်ညွှန်းရေး ဆရာကြီးတစ်ယောက် အနေဖြင့် ဒီလောက်ထိကောင်းသော ဇာတ်ညွှန်းတစ်ခုကို ထျန်ကျန်းမြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပါသည်။ ဇာတ်လမ်းဖွဲ့စည်းပုံကော၊ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ ဇာတ်ကောင် စရိုက်တို့ကော၊ အချစ်ရေး ဇာတ်ဝင်ခန်းများအားလုံးကော အားလုံး အလွန်လက်ရာမြောက်လှပါသည်။
စာမျက်နှာ ၃၁ တွင် ဇာတ်ညွှန်း အဆုံးသတ်သွားခဲ့ပါသည်။
လင်းဖန်ပေးထားသည့် ဇာတ်ညွှန်းမှာ ပထမ ၄ ပိုင်းစာသာ ရှိသေးပြီး ထို့နောက်ပိုင်းကို မပို့ပေးခဲ့ပါ။
သို့သော်လည်း ထျန်ကျန်းက ဒီဇာတ်ညွှန်းထဲက ဇာတ်လမ်းကို လုံးဝ နက်နက်ရှိုင်းရှိုင်း မျောပါနေပြီ ဖြစ်သည်။
"ဂန္တဝင် မြောက်လိုက်တာ"
"တော်တော် ဂန္တဝင်မြောက်လိုက်တဲ့ ဇာတ်ညွှန်းကွာ"
"ဇာတ်ညွှန်းကောင်းရေးတတ်တဲ့လူ တကယ် ရှိနေတာပဲ။ ငါဒီဇာတ်ညွှန်းကို အမှတ်ပေးရမယ်ဆိုရင် သေချာပေါက် ၁၀၀ အပြည့်ပေးမှာပဲ။ အထဲက ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီလောက်ထိ လှပတဲ့ ဇာတ်ညွှန်းကို မမြင်ရတာ နှစ်ဝက်နီးပါးလောက် ရှိနေပြီ" ထျန်ကျန်းက ရှားပါးရတနာတစ်ခုလိုမျိုး ဇာတ်ညွှန်းကို ကိုင်ထားလိုက်ပါသည်။
"မစ်စတာထျန်ကျန်း..." ဝန်ထမ်း ကြက်သေသေသွားရ၏။ သူများ ဇာတ်ညွှန်းကို ထျန်ကျန်း ချီးကျူးတာကို သူမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲဖြစ်ပါသည်။
"ဒီဇာတ်ညွှန်းရေးဆရာကို မြန်မြန် ဆက်သွယ်လိုက်စမ်း။ ငါတို့ကုမ္ပဏီက ဒီဇာတ်ညွှန်းကို လိုချင်တယ်။ မူပိုင်ခွင့်ကြေးကို ဆွေးနွေးလို့ရတယ်။"
"ငါတို့ တီဗီဒရမ်မာတစ်ခု ရိုက်နိုင်ရင် သေချာပေါက် အွန်လိုင်းပေါ်မှာ နာမည်ကြီးလာမှာပဲ။ ဒီဇာတ်ညွှန်းရဲ့ စာရေးဆရာက သေချာပေါက် မာစတာအဆင့် စွမ်းရည်တွေ ရှိနေလောက်တယ်။ ငါတို့ သူ့ကို အထင်သေးလို့မဖြစ်ဘူး" ထျန်ကျန်းက စိတ်လှုပ်ရှားစွာပြောလိုက်ပါသည်။
ဇာတ်ညွှန်းတစ်ခုအတွက် ဒီလောက်အထိ စိတ်လှုပ်ရှားဖူးတာ သူ့ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ထျန်ကျန်းက ချက်ချင်းပဲ ယွဲ့ဟွာအင်တာတိန်းမန့်၏ စီအီးအိုလီကို သွားတွေ့သည်။
"စီအီးအိုလီ ကျုပ် ဒီနေ့ ဂန္တဝင်လက်ရာတစ်ခုကို တွေ့ခဲ့ရတယ်ဗျ။ အဲ့ဒီဇာတ်ညွှန်းနာမည်က ဘဝရဲ့ပျော်ရွှင်မှုတဲ့။ ဇာတ်ကောင်တိုင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။"
"ဇာတ်ကွက်ကလည်း အတက်အကျတွေ၊ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နှက်နေတယ်။ အဓိက အချက်က ဒီဇာတ်ညွှန်းထဲက အချစ်ရေးဇာတ်ဝင်ခန်းတွေက အရမ်းကောင်းလွန်းတယ်။ ကျုပ်တို့ ဒီလို ဇာတ်ညွှန်းကို ရမှကိုဖြစ်မှာ။ သေချာပေါက် အွန်လိုင်းပေါ်မှာ အရမ်းနာမည်ကြီးတဲ့ တီဗီဒရမ်မာ တစ်ခုကို ရိုက်ကူးနိုင်လိမ့်မယ်" ထျန်ကျန်းက ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
စိတ်ဝင်စားဖို့ကောင်းသည့် ဇာတ်ညွှန်းတစ်ခုပေါ်လာပါက ကုမ္ပဏီတစ်ခုလုံးအတွက် အလွန်အမင်း အကျိုးကျေးဇူး ရှိပါစေလိမ့်မည်။
ရေးပန်းစားနိုင်သည့် တီဗီဒရမ်မာတစ်ခုအဖြစ် ရိုက်ကူးနိုင်ပါက ကုမ္၌ဏီ၏ စျေးကွက်တန်ဖိုးကလည်း ထိုက်သင့်စွာ တိုးမြင့်သွားပါလိမ့်မည်။ ဒီဒရမ်မာတွင် ပါဝင်ရိုက်ကူးသည့် သရုပ်ဆောင်များလည်း နာမည်ကြီးလာပြီး ထောက်ခံချက်တွေ အများကြီး ရရှိနိုင်ပါသည်။ တချိန်တည်းမှာပင် ပရိတ်သတ်ကလည်း အဆင့်မြင့်သည့် ဒရမ်မာများကို မြင်နိုင်ပါလိမ့်မည်။
ဘက်စုံ အကျိုးရှိသော အခြေအနေမျိုးဖြစ်သည်။
စီအီးအိုလီက ခေါင်းငြိမ့်ကာ ပြောလိုက်၏။ "ဇာတ်ညွှန်းကို ဝမ်ချွေ့ဆီပို့ပေးလိုက်။ သူ့အမြင်ကို မေးလိုက်ပါဦး။"
"ကောင်းပါပြီ စီအီးအိုလီ။ ရှားဝမ်ချွေ့က ဒီဒရမ်မာမှာ မရိုက်ချင်ဘူးဆိုရင်တောင် စုရှောင်းယွီကို ဇာတ်လိုက်မင်းသမီး လုပ်ပေးလိုက်ရင် ဒရမ်မာက သေချာပေါက် ရေပန်းစားလာနိုင်ပါသေးတယ်။ ဒီလောက်ထိကောင်းတဲ့ ဇာတ်ညွှန်းမျိုးကို ရေးနိုင်တယ်ဆိုတော့ စာရေးဆရာမှာ သေချာပေါက် မာစတာအဆင့်ရှိတဲ့ စာရေးစွမ်းရည်ရှိလိမ့်မယ်။’
"အတိုချုံးပြောရရင် ကျွန်တော်တို့ ကုမ္ပဏီက ဒီဇာတ်ညွှန်းကို အရယူဖို့ နည်းလမ်းတစ်ခု စဥ်းစားရမယ်။ ကျွန်တော်တို့ နောက်ကျသွားရင် တခြားကုမ္ပဏီတွေ အနိုင်ယူသွားနိုင်တယ်" ထျန်ကျန်းက ပြောလိုက်၏။
"အင်း ကျွန်တော်သိပါတယ်။"
"ကုမ္ပဏီက စာရေးဆရာကို ဆက်သွယ်လိုက်ပါ့မယ်။ မစ်စတာထျန်ကျန်းရဲ့ ချီးကျူးမှုကို ခံရတဲ့ ဇာတ်ညွှန်းက ရှားတယ်" စီအီးအိုက သေသေချာချာစဥ်းစားပြီး ပြောလိုက်ပါသည်။
တစ်ဖက်တွင် ထျန်ကျန်းက ရှားဝမ်ချွေ့ထံသို့ ဇာတ်ညွှန်းကို ချက်ချင်း ပို့ပေးလိုက်ပါသည်။
ဇာတ်ညွှန်းကောင်းတစ်ခုက သရုပ်ဆောင်အသစ်စက်စက်တစ်ယောက်ကိုပင် အောင်မြင်အောင် ဖန်တီးပေးနိုင်သည်။
ပုံမှန်ဆို ကုမ္ပဏီက သေချာပေါက် ဒီဇာတ်ညွှန်းတွင် သရုပ်ဆောင်ဖို့အတွက် အားလုံးကို မျှမျှတတ ယှဥ်ပြိုင်စေမည်ဖြစ်သည်။ သို့သော်လည်း စီအီးအိုလီက ဒီဇာတ်ညွှန်းကို ရှားဝမ်ချွေ့အား ဦးစွာ ကြည့်ခိုင်းလိုက်ပါသည်။
ဒါက ကုမ္ပဏီထဲက ရှားဝမ်ချွေ့၏ အဆင့်အတန်းပဲဆိုတာကို ထျန်ကျန်း သိလိုက်ရပါသည်။
သူမ ဒရမ်မာမရိုက်တာ တစ်နှစ်နီးပါးလောက်ရှိနေပြီ ဖြစ်သော်လည်း ယွဲ့ဟွာ၏ နံပါတ် ၁ အမျိုးသမီး သရုပ်ဆောင်ဖြစ်နေဆဲဖြစ်သည်။ ရှားဝမ်ချွေ့က သူမ၏ ရုံးခန်းထဲတွင်ရှိနေ၏။ Keep Running ပထမပိုင်းကို ရိုက်ပြီး အနည်းငယ် ပင်ပန်းနေပါသည်။
ဝီချက်ကို ဖွင့်လိုက်သောအခါ လင်းဖန်က သူမကို မက်ဆေ့ချ်ပို့မထားတာ မြင်လိုက်ရသည်။
"ငါဒေါသထွက်တယ်၊ အရူးကောင်လင်းဖန် ငါ့ကိုမက်ဆေ့ချ် မပို့ရင် ငါလည်း မပို့ဘူး" ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ အနည်းငယ် မပျော်မရွှင်ဖြစ်နေပါသည်။
လင်းဖန်၏ စကားပြောခန်းမျက်နှာပြင်ကိုကြည့်ရင်း ရှားဝမ်ချွေ့ သူ့ကို မက်ဆေ့ချ်မပို့မိအောင် ကိုယ့်ကိုယ်ကို တားလိုက်ပါသည်။
ထိုအချိန်တွင် ရှားဝမ်ချွေ့က ထျန်ကျန်းဆီမှ ဖိုင်တွဲတစ်ခုနှင့် မက်ဆေ့ချ်တစ်ခုကို ရခဲ့သည်။
ဇာတ်ညွှန်း - "ဘဝရဲ့ပျော်ရွှင်မှု"
"ရှောင်းချွေ့ ဒါက ကုမ္ပဏီမင်းကိုပေးလိုက်တဲ့ ဇာတ်ညွှန်းအသစ်ပဲ။ ဘယ်လိုသဘောရလဲ" ထျန်ကျန်းက မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပါသည်။
"ကျေးဇူးတင်ပါတယ် မစ်စတာထျန်ကျန်း" ရှားဝမ်ချွေ့က ယဥ်ကျေးစွာ စာပြန်လိုက်ပါသည်။
လင်းဖန် လတ်တလော ရေးသားနေသည့် ဇာတ်ညွှန်း၏ နာမည်မှာလည်း ဘဝရဲ့ပျော်ရွှင်မှုဖြစ်ကြောင်း ရှားဝမ်ချွေ့သိထားပါသည်။
သူမ ရသစုံရုပ်သံအစီအစဉ်တစ်ခု ရိုက်ကူးဖို့ အလုပ်များနေချိန််တွင် လင်းဖန်က သူမအတွက် ဇာတ်ညွှန်းတစ်ခု ရေးသားပြီးသွားပြီ။
အမှန်ပင်။ ရှားဝမ်ချွေ့က ချက်ချင်း စာမပြန်ခဲ့ပါ။ လင်းဖန်၏ ဝီချက်ကို ကြည့်ရင်း ပြုံးလိုက်၏။
ဒါဆိုလည်း ဒီဇာတ်ညွှန်းကို ဘယ်လောက်ကောင်းကောင်း ရေးထားလဲ ကြည့်ကြသေးတာပေါ့။
ရှားဝမ်ချွေ့ ခေတ္တကြည့်ပြီးသွားသောအခါ ဇာတ်ညွှန်းကမ္ဘာထဲတွင် လုံးဝ နစ်မျောသွားခဲ့ပါသည်။
သူမ၏ လှပသော မျက်လုံးလေးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
လင်းဖန်၏ ဇာတ်ညွှန်းက အလွန်ကောင်းလွန်းနေ၏။
ဇာတ်လမ်းနဲ့ ဇာတ်ကွက်များက ဆွဲဆောင်မှုရှိလွန်းသည်။
ဇာတ်ညွှန်းထဲက အမျိုးသမီးဇာတ်လိုက်ကို လင်းဝမ်အာဟုခေါ်သည်။ အလွန်လှပပြီး စိတ်ကူးယဥ်ဆန်သော ကောင်မလေးဖြစ်၏။
ရှားဝမ်ချွေ့က ဒီဇာတ်ညွှန်းအတွက် မျှော်လင့်ချက်မြင့်မြင့်ထားခဲ့သည်။ ဒီဇာတ်ညွှန်းကလည်း ရှားဝမ်ချွေ့ကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်သွားခဲ့ပါသည်။
ကောင်းလိုက်တဲ့ ဇာတ်ညွှန်းလေး။
လင်းဖန်ရေးထားတာ မဟုတ်ရင်တောင် ရှားဝမ်ချွေ့ ဒီဒရမ်မာထဲတွင် သရုပ်ဆောင်ချင်ပါသည်။
သူမဇာတ်ညွှန်းကို ပိုဖတ်ကြည့်လေလေ ရှားဝမ်ချွေ့၏ မျက်နှာ ပိုနီလာလေလေဖြစ်သည်။ ဒီဇာတ်ညွှန်းထဲက အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်တို့က အချစ်ရေးဇာတ်ဝင်ခန်းများစွာနှင့် အကြင်နာပေးခန်းတချို့ ပါဝင်နေပါသည်။
လင်းဖန်က အမျိုးသားဇာတ်လိုက်လုပ်မည်ဟု ကတိပေးခဲ့တာ မှတ်မိပါသေးသည်။
"ဟွန်း နင့်ဇာတ်ညွှန်းကို ဒီလောက်ကောင်းမယ်လို့ မထင်ထားဘူး။ အကြင်နာပေးခန်းတွင် များနေတာ တစ်ခုပဲ။ ငါ့ကိုအနိုင်ကျင့်ဖို့ပဲသိတယ်။ စိတ်တိုလိုက်တာ" ရှားဝမ်ချွေ့၏ မျက်နှာက နီရဲနေပြီး သူမ၏ ရင်ဘက်ကိုဖိကာ စိတ်လျှော့လိုက်ပါသည်။ ရှားဝမ်ချွေ့အတွက်တော့ ဒီလိုဇာတ်ညွှန်းမျိုးက ပြီးပြည့်စုံလုနီးပါးဖြစ်နေသော ဇာတ်ညွှန်းဖြစ်သည်။
ထိုအချိန််တွင် ဒီဇာတ်ညွှန်းကို ရုပ်ရှင်ရိုက်ဖို့ သူမ ဆုံးဖြတ်လိုက်ပါသည်။
အမှန်ပင်။ အဓိက လိုအပ်ချက်ကတော့ အမျိုးသားသရုပ်ဆောင်မှာ လင်းဖန်ဖြစ်မှရမည်။ အမျိုးသား သရုပ်ဆောင်က လင်းဖန်မဟုတ်ပါက တခြားသူတွေနဲ့ ဒီလောက်များတဲ့ အကြင်နာပေးခန်းတွေကို သူမ ရိုက်ကူးမှာ မဟုတ်ပေ။
"ငါနင့်ကို အေးအေးဆေးဆေး ခွင့်လွှတ်ပေးလိုက်တယ် အရူးကောင်လင်းဖန်။ ရုပ်ရှင်ရိုက်နေတုန်း ငါ့ကို ဆက်အနိုင်ကျင့်နေရင် တကယ်ကိုက်ပစ်မှာ" ရှားဝမ်ချွေ့က ကြမ်းတမ်းစွာ ပြောလိုက်၏။
ထိုအချိန်တွင်။ ထျန်ကျန်းက မက်ဆေ့ချ်တစ်စောင် ထပ်ပို့လိုက်သည်။
ထျန်ကျန်း "ဝမ်ချွေ့ ဒီဒရမ်မာကို ဘယ်လိုသဘောရလဲ။ အမျိုးသား သရုပ်ဆောင်နဲ့ အမျိုးသမီး သရုပ်ဆောင်တို့ ထိတွေ့တာတွေ များပေမယ့် ဇာတ်ကွက်က အရမ်းကောင်းပါတယ်။ ဒီဒရမ်မာထဲမှာ အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်ချင်လား"
ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေပြီး စာလုံးတစ်လုံးကို ဖြေးညှင်းစွာ ရိုက်လိုက်ပါသည်။
"အင်း"