အခန်း(၅၆) ဇာတ်ညွှန်းအတွက် ပြိုင်ဆိုင်ရင်း လင်းဖန်ချမ်းသာတော့မယ်
Vol. 4 Ch. 56
အခန်း(၅၆) ဇာတ်ညွှန်းအတွက် ပြိုင်ဆိုင်ရင်း လင်းဖန်ချမ်းသာတော့မယ်
ဒီအချိန်တောအတွင်း ကျားရှင်းအင်တာတိန်းမန့်နှင့် ဂျွိုင်းမီဒီယာတို့ကလည်း လင်းဖန်၏ ဇာတ်ညွှန်းကို စတင် သုံးသပ်ခဲ့ပါသည်။
ထိုကုမ္ပဏီနှစ်ခုတို့၏ တုန့်ပြန်မှုများကလည်း အံ့အားသင့်ဖို့ကောင်းလောက်အောင် တူညီနေပါသည်။
"ဒီဇာတ်ညွှန်းကို ဘယ်သူရေးတာလဲ။ မြန်မြန်သူ့ကို ရှာပြီး ဆက်သွယ်လိုက်။ ကျားရှင်းအင်တာတိန်းမန့်က ဒီဇာတ်ညွှန်းကို ဝယ်မှဖြစ်မယ်။"
"ဒီလိုဇာတ်ညွှန်းမျိုးရေးနိုင်တဲ့ လူမျိုး ရှိနေသေးတာပဲ။ အရမ်းဝမ်းနည်းဖို့ကောင်းပြီး ဇာတ်လမ်းဇာတ်ကွက်လည်း ကောင်းမွန်တယ်။ ဒီဇာတ်ညွှန်းကို ထိပ်တန်းအဆင့်လို့တောင် ပြောလို့ရတယ်။ ဒီဇာတ်ညွှန်းကို ပို့ပေးလိုက်တဲ့ စာရေးဆရာကို ဆက်သွယ်လို့ရမလား။ ငါကိုယ်တိုင် သူ့ကို တွေ့ချင်တယ်။"
"ငါ ငိုနေပါပြီ။ ငါဇာတ်ညွှန်းတွေ အများကြီး ဖတ်ဖူးတယ်။ ဒါပေမယ့် ဒီဇာတ်ညွှန်းက အခံစားရဆုံးပဲ။ ဘယ်လိုဇာတ်ညွှန်းရေးဆရာမျိုးက ဇာတ်ညွှန်းထဲက အချစ်ဇာတ်လမ်းတွေကို ဒီလောက်ထိ ကောင်းအောင် ရေးသားနိုင်တာလဲ။"
"ဘော့စ် ကျွန်တော်တို့ ဒီဇာတ်ညွှန်းကို ဝယ်မှဖြစ်မယ်လို့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ ဝယ်လိုက်ပြီး တီဗီဒရမ်မာအဖြစ် ရိုက်ကူးနိုင်ရင် ကျွန်တော်တို့ ကုမ္ပဏီ နာမည်ကြီးပြီပဲ။"
ကုမ္ပဏီနှစ်ခုစလုံးက ဇာတ်ညွှန်းရေးဆရာများက တူညီသော ဝေဖန်မှုကို ပြုလုပ်ခဲ့ကြပါသည်။
လင်းဖန်၏ ဇာတ်ညွှန်းက စိတ်ဝင်စားဖို့ ကောင်းလွန်းသည်။
ဘာသာစကားက ချောမွေ့၏။ ဇာတ်လမ်းဇာတ်ကွက်တွင် အထက်အောက်ရှိကာ ဇာတ်ကောင် ဒီဇိုင်းကလည်း ပြီးပြည့်စုံပါသည်။
သူတို့ကုမ္ပဏီများ အလိုအပ်ဆုံးက ဇာတ်ညွှန်းတစ်ခုဖြစ်သည်။
စဥ်းစားကြည့်ပါ။ ဇာတ်ညွှန်းသာ အလွန်ကောင်းမွန်ပါက ထုတ်လုပ်သည့် ရုပ်သံဇာတ်လမ်းတွဲကလည်း ဆိုးရွားမည် မဟုတ်ပေ။ အင်တာနက်တစ်ခွင်လုံး နာမည်ကြီးလာနိုင်ပါက ထိုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်သည့် နာမည်များ၏ ရေပန်းစားမှုကို တိုးမြင့်စေလိမ့်မည်။ ထို့အပြင် ကုမ္ပဏီကလည်း ဂုဏ်သတင်းများစွာကို ရနိုင်ပါသည်။
ပြောင်မြောက်သည့် ဇာတ်ညွှန်းတစ်ခုကိုသာ ရုပ်ရှင်တစ်ကားအဖြစ် ပြောင်းလဲရိုက်ကူးနိုင်ပါက တန်ဖိုးမှာ သေချာပေါက် တိုင်းတာလို့ မရနိုင်အောင် ရှိသွားနိုင်ပါသည်။
ဇာတ်လမ်းတစ်ကားသာ ရုံတင်ငွေ ၅ - ၆ ဘီလီယံလောက် ရနိုင်ပါက ထုတ်လုပ်သူနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်အလွန်များနိုင်သည်။
အမှန်ပင်။ ဘယ်လို ရုပ်ရှင်၊ တီဗီဒရမ်မာပဲဖြစ်ဖြစ် အဓိကအချက်က အခြေခံဇာတ်ညွှန်းသာဖြစ်သည်။
လင်းဖန်၏ ဇာတ်ညွှန်းအား ကုမ္ပဏီကြီးများက တပြိုင်တည်း အသိအမှတ်ပြုသွားကြပါသည်။
စားသောက်ဆိုင်တွင် လုပ်ငန်းကိစ္စပြီးမြောက်ကာ လင်းဖန် အိမ်ပြန်လာသောအခါ ဖုန်းတစ်ကော ဝင်လာခဲ့ပါသည်။
"မစ်စတာလင်း တွေ့ရတာ ဝမ်းသာပါတယ်။ ရှင်က "ဘဝရဲ့ပျော်ရွှင်မှု" ဇာတ်ညွှန်းရဲ့ စာရေးဆရာလား မသိဘူး။ ကျွန်မက ဂျွိုင်းမီဒီယာက ဝန်ထမ်း ကျောက်လွေ့ပါ။ ကျွန်မတို့ ကုမ္ပဏီက ရှင်နဲ့လူချင်းတွေ့ဆုံပြီး ရှင့်ရဲ့ ဇာတ်ညွှန်းမူပိုင်ခွင့်ကို ဝယ်ယူချင်လို့ပါ" ဂျွိုင်းမီဒီယာ၏ ဝန်ထမ်းတစ်ယောက်က ဖုန်းဆက်လိုက်ပြီး မေးလိုက်ပါသည်။
"ဘယ်လောက် ကမ်းလှမ်းနိုင်မလဲ" လင်းဖန်က မေးလိုက်ပါသည်။
"ကျွန်မတို့ ကုမ္ပဏီကတော့ တစ်ပိုင်းကို ယွမ် ၁၀,၀၀၀ ပေးဖို့ စီစဥ်ထားပါတယ်။ "ဘဝရဲ့ပျော်ရွှင်မှု" အပိုင်းတွေ အားလုံးရဲ့ မူပိုင်ခွင့်ဝယ်ဖို့ စုစုပေါင်း ယွမ် ၄၆၀,၀၀၀ ပေးပါ့မယ်။ ဟုတ်တာပေါ့။ စျေးအတိအကျကိုတော့ ညှိနှိုင်းလို့ရပါတယ်" ကျောက်လွေ့က ပြောလိုက်ပါသည်။
"မလိုပါဘူး" လင်းဖန်က မျက်မှောင်ကြုတ်လိုက်၏။
သူရေးထားသည့် ဇာတ်ညွှန်းက ပထမ ခြေလှမ်းသာ ရှိသေးသည်။ စုစုပေါင်း ၄၆ ပိုင်းရှိ၏။ ဂျွိုင်းမီဒီယာက သူ့ဇာတ်ညွှန်းကို ဝယ်ဖို့အတွက် ၄၆၀,၀၀၀ ယွမ်ပဲ ပေးချင်တာလား။
"မစ်စတာလင်း တကယ်တော့ ရှင့်ရဲ့ဇာတ်ညွှန်းမှာ ပြဿနာနည်းနည်းရှိပါတယ်။ ရုပ်သံဒရမ််မာအဖြစ် ရိုက်ကူးတဲ့အခါ နာမည်ကြီးမလာတာမျိုးဖြစ်နိုင်တယ်။ အရင်ဆုံး နာမည်ကြီးလာအောင် လုပ်သင့်တယ်။ ဒီရုပ်သံဒရမ်မာသာ ရေပန်းစားလာရင် ရှင့်ရဲ့နောက်ထပ် ဇာတ်ညွှန်းအတွက် ကျွန်မတို့အလုပ်တူတူ ဆက်လုပ်..." ကျောက်လွေ့ပြောလိုက်သည်။
ဂျွိုင်းမီဒီယာကလူ စကားပြောလို့ မပြီးခင်မှာပင် လင်းဖန်က ဖုန်းချလိုက်ပြီဖြစ်သည်။
လင်းဖန်က ငွေလည်း မလိုပါ။ သူ့ဇာတ်ညွှန်းကိုလည်း ၄၆၀,၀၀၀ လောက်နဲ့ ရောင်းချမှာမဟုတ်ပါ။
ဂျွိုင်းမီဒီယာက အဆင့်မြင့် ဇာတ်ညွှန်းတစ်ခုကို စျေးနိမ့်နိမ့်ပေးပြီး ဝယ်ချင်နေတာ သိသာပါသည်။
လင်းဖန်က ဒီလိုရလဒ်မျိုးကို လက်ခံမှာမဟုတ်ပေ။
လင်းဖန် ဇာတ်ညွှန်းရေးဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ ရှားဝမ်ချွေ့သာ အမျိုးသမီးဇာတ်လိုက် နေရာကပါလျှင် ဒါရုပ်ရှင်မှာ သေချာပေါက် ရေပန်းစားလာပါလိမ့်မည်။
လင်းဖန် ဖုန်းချလိုက်သောအခါ ဂျွိုင်းမီဒီယာဝန်ထမ်း ကျောက်လွေ့က အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ပါသည်။
"၄၆၀,၀၀၀ ဆိုတာတောင် အရမ်းမြင့်နေပြီ။ တစ်ပိုင်းကို ၁၀,၀၀၀ ယွမ်တောင် ပေးထားတာ။။ ရှင့်ရဲ့ ဇာတ်ညွှန်းတစ်ပိုင်းကို စာလုံး ၁၀,၀၀၀ ပဲပါတာ။ စာလုံးတစ်လုံးကို ၁ယွမ်နဲ့ ညီမျှတာတောင် ရှင်က မကျေနပ်သေးဘူး။"
"ဇာတ်ညွှန်းရေးထားတာ ကောင်းပေမယ့် ရှင့်ဇာတ်ညွှန်း ရေပန်းစားလာလိမ့်မယ်လို့ ထင်နေတာလား။ ကျွန်မတို့ ကုမ္ပဏီကလွဲပြီး တခြားကုမ္ပဏီတွေက ရှင့်ဇာတ်ညွှန်းကို လက်ခံမှာ မဟုတ်ဘူး။" ကျောက်လွေ့က လင်းဖန်၏ ဇာတ်ညွှန်းကို လှန်ကြည့်လိုက်ပါသည်။
"လင်းဖန် နောက်တစ်ခေါက်သာ ရောက်လာရင် ကျွန်မ စျေးကို ယွမ် ၄၀၀,၀၀၀ အထိ လျှော့ချပစ်လိုက်မယ်။ ဇာတ်ညွှန်းတစ်ခုအတွက် ယွမ် ၄၀၀,၀၀၀ ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး" ကျောက်လွေ့က ယုံကြည်ချက်ရှိစွာ ပြောလိုက်ပါသည်။
သူမ၏ အမြင်မှာတော့ ဇာတ်ညွှန်း၏ ဇာတ်လမ်းက ကောင်းမွန်ပါသည်။ သို့သော်လည်း လင်းဖန်က လူသစ်တစ်ယောက်သာဖြစ်သည်။
ရုပ်သံဒရမ်မာ ကောင်းကောင်း ရိုက်ကူးချင်ပါက ဇာတ်ညွှန်းနဲ့တင် မလုံလောက်သေးပါ။ လူသစ်တစ်ယောက်က ပေးထားတဲ့ ဇာတ်ညွှန်းက အဲ့လောက် အလားအလာရှိနိုင်လို့လား။ ကျောက်လွေ့၏ နောက်ကွယ်က ဂျွိုင်းမီဒီယာကလည်း လင်းဖန်ကို တကယ်မယုံကြည်ပါ။
တစ်ချိန်တည်းမှာပဲ ကျားရှင်းအင်တာတိန်းမန့်နှင့် ယွဲ့ဟွာအင်တာတိန်းမန့်တို့ကလည်း လင်းဖန်ကို ဆက်သွယ်လာကြသည်။
အထူးသဖြင့် ယွဲ့ဟွာအင်တာတိန်းမန့်မှ ထျန်ကျန်းဖြစ်သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေ၏။
လင်းဖန်ရေးထားသည့် ဇာတ်ညွှန်းမှာ ပြီးပြည့်စုံလွန်းပါသ်ည။ ဒီလောက်ထိ ကောင်းမွန်သည့် ဇာတ်ညွှန်းဖြစ်ပြီး ရှားဝမ်ချွေ့ သဘောကျသည့် ဇာတ်ညွှန်းလည်းဖြစ်ပါသည်။
ရှားဝမ်ချွေ့ကြိုက်တဲ့ ဇာတ်ညွှန်းကို မမြင်ရတာ တစ်နှစ်လောက် ရှိနေပါပြီ။
ရှားဝမ်ချွေ့က ဒီဇာတ်ညွှန်းအတွက် အမျိုးသမီးဇာတ်လိုက်ဖြစ်လာချင်တာ သိသာပါသည်။ ထို့ကြောင့် ထျန်ကျန်းက ဒီဇာတ်ညွှန်း၏ မူပိုင်ခွင့်ကို မရရအောင် ဝယ်ယူရပါမည်။
ကုမ္ပဏီ၏ ရက်ရောမှုကို ဖော်ပြဖို့အတွက် ထူးချွန်သည့် ဇာတ်ညွှန်းရေးဆရာကြီး ထျန်ကျန်းကိုယ်တိုင် စီအီးအိုလီထံမှ ခွင့်ပြုချက်ရပြီးနောက် လင်းဖန်ကို စကားလာပြောခဲ့ပါသည်။
"မစ်စတာလင်း ဟယ်လို ကျုပ်က ယွဲ့ဟွာအင်တာတိန်းမန့်က ထျန်ကျန်းပါ။ ကျုပ်တို့ကုမ္ပဏီက မင်းနဲ့ စာချုပ်ချုပ်ဖို့ အရမ်းစိတ်အားထက်သန်နေပါတယ်။ ကျုပ်နဲ့တွေ့ဖို့ ဘယ်တော့အားနိုင်မလဲမသိဘူး" ထျန်ကျန်းက ပြုံးလိုက်ပါသည်။
"ဟယ်လို ဆရာကြီးထျန်ကျန်း။ ကျွန်တော် ခင်ဗျားအကြောင်းကို ကြားဖူးပါတယ်။ လတ်တလော နာမည်ကြီး ရုပ်ရှင်တွေအားလုံးရဲ့ ဇာတ်ညွှန်းကို ခင်ဗျားရေးထားတာ မဟုတ်လား" လင်းဖန်က ပြုံးရွှင်ကာ ပြောလိုက်ပါသည်။ အမှန်ပင်။ သူလည်း ထျန်ကျန်းကို သိပါသည်။ သူ့အကြောင်း ရှားဝမ်ချွေ့ပြောတာ ခဏခဏ ကြားဖူးသည်။ ယွဲ့ဟွာအင်တာတိန်းမန့်၏ ဇာတ်ညွှန်းရေးဆရာကြီးမှာ စံနှုန်းမြင့်မားသည်။
ယွဲ့ဟွာအင်တာတိန်းမန့်မှ ထျန်ကျန်းကို သူ့အား ဆက်သွယ်ခိုင်းလိုက်ခြင်းမှာ ယွဲ့ဟွာအင်တာတိန်းမန့်က သူ့ဇာတ်ညွှန်းကို ဘယ်လောက်တောင် တန်ဖိုးထားပြီး စိတ်အားထက်သန်မှုရှိနေသလဲဆိုတာကို ကိုယ်စားပြုနေပါသည်။ လင်းဖန်က ဒီလိုစိတ်အားထက်သန်မှုမျိုးကိုမှ ကျေနပ်ပါသည်။
"ဟားဟား မစ်စတာလင်း ကျုပ်ကို ဆရာကြီးလို့ မခေါ်ပါနဲ့။ မင်းရေးခဲ့တဲ့ ဇာတ်ညွှန်းက ငါ့တစ်သက်လုံး လေးလေးစားစားနဲ့ အံ့အားသင့်သွားအောင် လုပ်နိုင်တယ်။ ဒီဇာတ်ညွှန်းနဲ့ ယှဥ်လိုက်ရင် ငါ့အရင် အောင်မြင်မှုတွေက ဘာမှမဟုတ်တော့ပါဘူး။"
"ရိုးရိုးသားသား ပြောရရင် မစ်စတာလင်း ကုမ္ပဏီက စျေနှိမ်ချင်တယ်ဆိုရင်တောင် ကျုပ်သေချာပေါက် လက်မခံပါဘူး။ မင်းရဲ့ ဇာတ်ညွှန်းက ဆွဲဆောင်မှုရှိလွန်းတယ်။ ရုပ်သံ ဒရမ်မာတစ်ကား ရိုက်လိုက်တာနဲ့ ရေပန်းစားမယ်ဆိုတာ ငါအာမခံရဲတယ်" ထျန်ကျန်းက ပြုံးကာ ပြောလိုက်ပါသည်။
ဒါက အနုပညာရှင် မျိုးဆက်ဟောင်းများ၏ အလုပ်အပေါ်ချစ်မြတ်နိုးစိတ်ဖြစ်သည်။ ထျန်ကျန်းက ဖျော်ဖြေရေးလောကထဲမှာ ရှိနေသော်လည်း ဇာတ်ညွှန်းအစစ်အမှန်နှင့် နိုင်ငံတော်၏ ယဥ်ကျေးမှုအဆင့်ကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်မိသည်။
ထို့အပြင် ထျန်ကျန်း၏ ဇာတ်ညွှန်းများစွာနှင့် ရှားဝမ်ချွေ့တို့၏ ကြိုးစားမှုကြောင့် ရှားဝမ်ချွေ့၏ လက်ရှိအဆင့်အတန်းကို ရနိုင်ခြင်းဖြစ်သည်။ လင်းဖန်က ဒီလိုအနုပညာရှင်ဟောင်းကို အလွန်လေးစားပါသည်။
"ဒီလိုလုပ်ရင်ကော။ ကျားရှင်းအင်တာတိန်းမန့်လည်း ခုနလေးတင် ကျွန်တော့်ကို ဆက်သွယ်သွားတယ်။ ခင်ဗျားတို့ ကုမ္ပဏီနှစ်ခုစလုံးက အခြေခံစျေးကို ကမ်းလှမ်းကြလိမိ့်မယ်။ စျေးက ကျေနပ်ဖို့ကောင်းရင် ကျွန်တော်တို့ အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့။ ဆရာကြီးထျန်ကျန်း ဘယ်လိုသဘောရလဲ" လင်းဖန်ကမေးလိုက်သည်။
ဒီဇာတ်ညွှန်းက ကြောင်မလေးအတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ဇာတ်ညွှန်း၏ မူပိုင်ခွင့်ကို ဝယ်သွားတာ ကျားရှင်းအင်တာတိန်းမန့်ဖြစ်ဖြစ် ယွဲ့ဟာ ဖျော်ဖြေရေးဖြစ်ဖြစ် ရှားဝမ်ချွေ့က အမျိုးသမီးဇာတ်လိုက်ဖြစ်နိုင်ပါသည်။ အမှန်ပင်။ လင်းဖန်ရှုံးမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဒီဇာတ်ညွှန်းရေးဖို့ လင်းဖန် အားအင် အများကြီး စိုက်ထုတ်ခဲ့ရသည်။ နောက်ဆုံးမှာတော့ ၎င်းတို့၏ ကမ်းလှမ်းမှုအပေါ်မှာပဲ အားလုံးမူတည်ပါသည်။
ထို့အပြင် ကုမ္ပဏီနှစ်ခုက ဒီဇာတ်ညွှန်းအတွက် ပြိုင်ဆိုင်ကြကပါက အကျိုးကျေးဇူး အရဆုံးမှာ လင်းဖန်ဖြစ်လိမ့်မည်။
လင်းဖန်က ဂျွိုင်းမီဒီယာ၏ တစ်ပိုင်းကို ယွမ် ၁၀,၀၀၀ လို ကမ်းလှမ်းချက်မျိုးကို လက်ခံမည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ကိုယ်ပိုင် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုပင် တည်ထောင်နိုင်ပါသည်။
"ဟုတ်ပါပြီ မစ်စတာလင်း ကျုပ်တို့မကြာခင် ပြန်ဆက်သွယ်လိုက်ပါ့မယ်" ထျန်ကျန်းက ပြောလိုက်သည်။ ဒီဇာတ်ညွှန်းကို အလွန်ပြောင်မြောက်စွာ ရေးသားထားပြီး လင်းဖန်တစ်ယောက် အားအင် အများကြီး စိုက်ထုတ်ထားရတာ သူသိပါသည်။ နောက်ဆုံးမှာတော့ မူပိုင်ခွင့်ကြေးနဲ့သာ သက်ဆိုင်ပါလိမ့်မည်။
တစ်ဖက်မှာတော့ ကျားရှင်းအင်တာတိန်းမန့် ဝန်ထမ်းများကလည်း လင်းဖန်အတွက် ကမ်းလှမ်းချက်တစ်ခုကို ပြင်ဆင်နေကြပါသည်။
ကုမ္ပဏီနှစ်ခုစလုံးတွင် ကမ်းလှမ်းဖို့ အခွင့်အရေးတစ်ခုသာ ရှိသည်။
သူတို့အရင်ဆုံး အခြေခံစျေးကို ဖော်ပြပြီး လက်ခံမှသာ နောက်ထပ် ဆွေးနွေးမှုများထပ်လုပ်သွားနိုင်မည်ဖြစ်သည်။
ကျားရှင်းအင်တာတိန်းမန့်တွင်...
"စီအီးအိုဝမ်။ ယွဲ့ဟွာအင်တာတိန်းမန့်က ကျွန်တော်တို့နဲ့ ယှဥ်ပြိုင်နေတယ်။ ကျွန်တော်တို့ ကမ်းလှမ်းဖို့ အခွင့်အရေးတစ်ခုပဲ ရှိတယ်နော်။ ကျွန်တော်တို့ ဒီဇာတ်ညွှန်းကို ဝယ်နိုင်ရင် အကျိုးခံစားခွင့်တွေက အဆုံးရှိမှာ မဟုတ်ဘူး။ ဘယ်လိုစျေးနှုန်းမျိုးကို ကမ်းလှမ်းသင့်တယ်လို့ ထင်လဲ" ဝန်ထမ်းက မေးလိုက်၏။
ကျားရှင်းအင်တာတိန်းမန့်၏ ဘော့စ်ဖြစ်သူ စီအီးအိုဝမ်က လင်းဖန်၏ ဇာတ်ညွှန်းကို လှန်ကြည့်နေပါသည်။
အစကတော့ ဇာတ်ညွှန်းအပိုင်းကို ဆုံးဖြတ်ဖို့က ဘော့စ်တာဝန်မဟုတ်ပေ။
သို့သော်လည်း... လင်းဖန်၏ ဇာတ်ညွှန်းက ကျားရှင်းအင်တာတိန်းမန့်မှ ဇာတ်ညွှန်းဆရာအားလုံးကို အံ့သြသွားစေခဲ့သည်။
လင်းဖန်၏ ဇာတ်ညွှန်းရေးအဆင့်က လုပ်ငန်းထဲက အမြင့်ဆုံးအဆင့်ထက်ပင် ကျော်လွန်သွားခဲ့ပါပြီ။
ယွဲ့ဟွာအင်တာတိန်းမန့်က ထျန်ကျန်းပင် မယှဥ်နိုင်တော့ပါ။
ဒါတောင် ဇာတ်ညွှန်း၏ ကျန်အပိုင်းများကို သူတို့ မမြင်ကြရသေးပါ။ သူတို့သာ မြင်သွားပါက ထိုနာမည်ကျော် ဇာတ်ညွှန်းရေးဆရာများ၏ မျက်နှာ ဘယ်လိုဖြစ်သွားမလဲ မသိပေ။
လင်းဖန်က သူ့ဇာတ်ညွှန်းအပေါ် အလွန်အမင်း ယုံကြည်ချက်ရှိပါသည်။
စီအီးအိုဝမ်က ခေတ္တ စဥ်းစားကြည့်လိုက်ပြီး ဝန်ထမ်းကိုကြည့်ကာ ပြောလိုက်သည်။ "ဒီလောကထဲက အကောင်းဆုံး ဇာတ်ညွှန်းရေးဆရာရဲ့ စံနှုန်းအတိုင်း တစ်ပိုင်းကို ယွမ် ၂၈၀,၀၀၀ ဖြစ်သင့်တယ်။ ဒါပေမယ့် ယွဲ့ဟွာအင်တာတိန်းမန့်က ငါတို့နဲ့ ယှဥ်ပြိုင်ချင်တယ်ဆိုတော့ ငါတို့ စျေးကို တစ်ပိုင်း ယွမ် ၃၀၀,၀၀၀ အထိ တိုးမြှင့်လိုက်မယ်။"
စီအီးအိုဝမ်၏ ထောက်ခံချက်ကို ရပြီးနောက် ကျားရှင်းအင်တာတိန်းမန့်၏ ဝမ်ထမ်းက လင်းဖန်ကို အကြောင်းပြန်လိုက်ပါသည်။
လင်းဖန်၏ ဇာတ်ညွှန်းတွင် စုစုပေါင်း ၄၆ ပိုင်းရှိ၏။ တစ်ပိုင်းကို ၃၀၀,၀၀၀ စျေးအရ ဇာတ်ညွှန်း၏ မူပိုင်ခွင့်ကိုဝယ်ယူဖို့ ကျားရှင်းအင်တာတိန်းမန့်က ယွမ် ၁၃.၈ သန်းကို သုံးစွဲမည့်သဘောဖြစ်သည်။
ကျားရှင်းအင်တာတိန်းမန့်က လင်းဖန်၏ ဇာတ်ညွှန််းကို အပြည့်အဝ အသိအမှတ်ပြုပါသည်။
တစ်ဖက်တွင် ထျန်ကျန်းကလည်း ယွဲ့ဟွာအင်တာတိန်းမန့်၏ စီအီးအိုဝမ်နှင့် တိုင်ပင်နေပါသည်။
ရှားဝမ်ချွေ့က ယွဲ့ဟွာအင်တာတိန်းမန့်ကဖြစ်သည်။ ရှားဝမ်ချွေ့က ဒီဇာတ်ညွှန်းတွင် သူမ၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းကို ရိုက်ကူးမည်ဖြစ်သည်။
တစ်နည်းအားဖြင့် ယွဲ့ဟွာအင်တာတိန်းမန့်က ဒီဇာတ်ညွှန်းကို ဘယ်နည်းနဲ့မှ လက်လွှတ်လို့ မဖြစ်နိုင်ပါ။
အဘယ့်ကြောင့်ဆိုသော် ဒီဇာတ်ညွှန်းတွင် ထိပ်တန်း နာမည်ကျော်သုံးယောက် ပါဝင်မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ ရှုယန်တို့ဖြစ်ကြသည်။
အထူးသဖြင့် ရှားဝမ်ချွေ့ဖြစ်သည်။ ရုပ်ရှင် မရိုက်တာ တစ်နှစ်လောက်ကြာနေပြီဖြစ်ပြီး သူမ ဒရမ်မာအသစ်တစ်ခုရိုက်မည်ဟု အတည်ပြုလိုက်ပါက ပရိသတ် ဘယ်လောက်တောင် အံ့သြသွားကြမလဲမသိပါ။
စီအီးအိုလီက ထျန်ကျန်းကိုကြည့်ပြီး ဇာတ်ညွှန်းကို သေသေချာချာာကြည့်လိုက်ပါသည်။
"ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ ရှုယန်တို့ တစ်ချိန်တည်းမှာ သရုပ်ဆောင်မယ်ဆိုတော့ ဒီဇာတ်ညွှန်းက သာမန်အဆင့်ရှိရင်တောင် ရေပန်းစားမှုက မကြုံစဖူးအဆင့်ကို ရောက်မှာပဲ။ ဒါပေမယ့် ဒီဇာတ်ညွှန်းက ကောင်းလွန်းတယ်။ အဲ့ဒီတော့ ကျုပ်တောင်းဆိုစရာ တစ်ခုပဲရှိတယ်...."
"ဒီဇာတ်ညွှန်းကို ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဝယ်ရမယ်။"