အခန်း(၄၈) ကြောင်မလေး စိတ်ဆိုးနေပြီ အကျိုးဆက်က ပြင်းထန်လိမ့်မယ်
Vol. 4 Ch. 48
အခန်း(၄၈) ကြောင်မလေး စိတ်ဆိုးနေပြီ အကျိုးဆက်က ပြင်းထန်လိမ့်မယ်
"အစ်ကိုလင်းဖန် ဘာလို့ ဆိုင်ကို ပိတ်သွားတာလဲ။ ၂ နာရီပဲ ဖွင့်တာလား။ နေ့လည် ၃ နာရီပဲ ရှိသေးတာလေ။"
"အေး ငါတို့ မနက်ဖြန်မှ ပြန်လာဖို့ပဲ ရှိတော့တယ်။ စားသောက်ဆိုင်သာ ဆက်ဖွင့်မယ်ဆို ဘယ်လောက် ကောင်းလိုက်မလဲ။"
"ဒီလောက် စားကောင်းတဲ့ အစားအသောက်တွေ ရောင်းတဲ့ စားသောက်ဆိုင်က တစ်ရက်ကို ၂ နာရီပဲ ဖွင့်တယ်။ Review မကောင်းအောင် ပေးလိုက်ဦးမယ်။"
စားသုံးသူများစွာက သက်ပြင်းချပြီး ပြန်သွားကြပါသည်။ တန်းစီနေကြသည့် စားသုံးသူများမှာ ရွေးချယ်စရာ မရှိတော့ဘဲ မနက်ဖြန်မှ ပြန်လာနိုင်ပါတော့သည်။
အားလုံးပြန်သွားသောအခါ လင်းဖန်က စားသောက်ဆိုင် တံခါးကို ပိတ်လိုက်သည်။
ထိုအချိန်တွင် ကောင်မလေးတစ်ယောက်က လင်းဖန်၏ ဘေးသို့ ပြေးလာ၏။
"ဆိုင်ပိတ်ပါပြီ။ မနက်ဖြန်မှ ပြန်လာခဲ့ပါ" လင်းဖန်က ပြုံးကာ ဆိုင်တံခါး ပိတ်လိုက်ပါသည်။
"လင်းဖန် နင်တကယ် ဒီမှာ ရှိနေတာပဲ" ကောင်မလေးက ပြောလိုက်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေပြီး ငိုနေပါသည်။
"ရှုရှစ်ယင် နင်ဘာလို့ ဒီကိုရောက်လာတာလဲ" လင်းဖန်က ပြုံးလိုက်ပါသည်။ ရှုရှစ်ယင် သူ့အိမ်ကို လာလည်ပြီးကတည်းက သူတို့မတွေ့ရတာ ကြာပြီဖြစ်သည်။
"လင်းဖန် ငါ့မောင်လေး... အပြင်းအထန် ဖျားနေတယ်။"
"ဆေးရုံက သူ အပြင်းအထန် ဖျားနေပြီး ခွဲစိတ် ကုသဖို့ လိုတယ်လို့ အကြောင်းကြားတယ်... ဒါ...ဒါပေမယ့် ငါ့မှာ ငွေမရှိဘူး" ရှုရှစ်ယင်က အားမဲ့စွာ လင်းဖန်၏ ရှေ့တွင် မျက်လုံးနီနီဖြင့် ငိုကြွေးနေပါသည်။
သာမန်လူတွေ အဖျားရောဂါနှင့် အလွန်အမင်း များပြားသော ခွဲစိတ်ကုသစရိတ်တွေကို ပေးချေဖို့ ဘယ်လိုလုပ်ပြီး လွယ်ကူနိုင်မည်နည်း။ အဆိုပါ အလွန်အမင်း များပြားသော ခွဲစိတ်ကုသစရိတ်ကြောင့် မိသားစုတစ်စုလုံးကို ဖိချေပစ်လိုက်နိုင်သည်။
အရင်က ရှုရှစ်ယင်၏ မောင် နာမကျန်းဖြစ်နေမှန်း လင်းဖန်သိသည်။ ထို့ကြောင့် အဝတ်အစား သိန်းချီဖိုး ဝယ်ယူခဲ့ခြင်းဖြစ်၏။ ဒီလိုဆို ရှုရှစ်ယင် ကော်မရှင်ခကောင်းကောင်း ရနိုင်ပါသည်။
လင်းဖန်က ရှုရှစ်ယင်အကြောင်း ကောင်းကောင်း သိပါသည်။ သူမက အလုပ်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုလည်း လေးစားသမှုရှိသည်။ ဒုတိယမျိုးဆက် သူဌေးသားများစွာက သူမကို မပိုးပမ်းနိုင်ခဲ့ပါ။
လင်းဖန်က ချမ်းသာသော်လည်း ထိုအချိန်က ရှုရှစ်ယင်ကို ပိုက်ဆံပေးလိုက်လျှင် သူမ၏ မာနကို ထိခိုက်စေပါလိမ့်မည်။
တကယ်လို့ သူမ၏ မောင်လေးသာ အသည်းအသန် ဖြစ်မနေပါက ရှုရှစ်ယင်က သူ့ကို အကူအညီတောင်းမှာ မဟုတ်မှန်း လင်းဖန်သိ၏။
"နင့်မောင်လေးက ဘာရောဂါဖြစ်နေတာာလဲ" လင်းဖန်က မေးလိုက်သာည်။
ရှုရှစ်ယင်က ခေါင်းငုံ့ကာ အံကြိတ်လိုက်ပါသည်။ "သွေးကင်ဆာ"
"သူတို့တွေက ငါ့မောင်လေးအတွက် သင့်တော်တဲ့ ရိုးတွင်းခြင်ဆီတစ်ခုကို တွေ့ထားပြီးပြီ။ ဒါပေမယ့် ငါတို့မိသားစုက ခွဲစိတ်ကုသစရိတ် ယွမ် ၃၀၀,၀၀၀ ကို မတတ်နိုင်ဘူး။ လင်းဖန် ငါ့ကို ယွမ် ၃၀၀,၀၀၀ လောက် ချေးပါလား။ သေချာပေါက် ငါပြန်ဆပ်မှာပါ။".
"နင်ငါ့ကို ကူညီပေးမယ်ဆိုရင် ငါ ဘာမဆိုလုပ်ပေးပါ့မယ်။ လင်းဖန် ငါက... အပျိုပါ" ရှုရှစ်ယင်က သတ္တိကို စုစည်းလိုက်ပြီး လင်းဖန်၏ အင်္ကျီလက်ကို ဆွဲလိုက်ပါသည်။
လင်းဖန်က သူမ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်မှန်း သူမ သိပါသည်။
သူမ၏ မိသားစုက သူတို့ ချေးငှားနိုင်သည့် နေရာတိုင်းမှ ပိုက်ဆံများ ချေးငှားပြီးပြီ ဖြစ်သည်။ သူမမောင်လေး၏ ဆေးကုသစရိတ်နှင့် ခွဲစိတ်ကုသစရိတ်များ ရက်ပေါင်းများစွာ ကြာလာသောအခါ ရှုရှစ်ယင်၏ မိသားစု အကြွေးနွံထဲနစ်သွားနိုင်ပါသည်။
ရှုရှစ်ယင် ဒီလိုပြောပြီးသောအခါ သူမကိုယ်သူမ အလွန် သိက္ခာမဲ့သည်ဟု ခံစားလိုက်မိပါသည်။
လင်းဖန်ကို သူမ၏ ညှို့အားပြင်းသော မင်းသားလေးလို အမြဲတမ်း သဘောထားခဲ့သည်။ ထို့ကြောင့် လင်းဖန်၏ ရင်ထဲတွင် သူမကို ပြီးပြည့်စုံသော ကောင်မလေးတစ်ယောက်လို မြင်စေချင်၏။ အနည်းဆုံးတော့ လင်းဖန်က ချမ်းသာသဖြင့် သူမ ကပ်မည် မဟုတ်ပါ။ သူမကို သိုက်တူးသမားဟု ထင်သွားနိုင်သည်။
သို့သော်လည်း သူမက သိုက်တူးသမား မဟုတ်ပါဘူး။ ဘယ်လို ကောင်မလေးမျိုးက ရင်ထဲမှာ ညှို့အားပြင်းတဲ့ မင်းသားလေးတစ်ယောက် မရှိကြဘဲနေမှာတဲ့လဲ။
ထိုစကားလုံးများကို လင်းဖန်ရှေ့တွင် ပြောပြီးသွားသောအခါ သူမ၏ အကျင့်သိက္ခာများ ထာဝရ ပျက်စီးသွားပြီဟု ခံစားလိုက်ရပါသည်။
လင်းဖန်က သူမကို ငွေကြောင့် ခန္ဓာကိုယ် ရောင်းချချင်သော မိန်းမတစ်ယောက်ဟု ထင်သွားလောက်သည်။
သို့သော် သူမက ထိုကဲ့သို့လူမျိုး မဟုတ်ပါဘူး။
သူမ ဘာမှ ရှင်းမပြနိုင်တော့ပါ။
ထိုကဲ့သို့ စကားများပြောပြီးနောက် လင်းဖန်ကို သူမ ဘယ်လို ကပ်နိုင်ပါတော့မည်နည်း။
ရှုရှစ်ယင်တစ်ယောက် ပုန်းအောင်းဖို့ တစ်နေရာရာသာ ထွက်ပြေးသွားချင်သည်။
လင်းဖန်က မည်သည့်တုန့်ပြန်မှုမှ မရှိဘဲ ၂ စက္ကန့် ၃ စက္ကန့်လောက် ကြက်သေ သေနေတာကို မြင်သောအခါ ရှုရှစ်ယင်တစ်ယောက် ထပ်ငိုပြန်သည်။
"ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်။ ကျေးဇူးတင်ပါတယ်။ နင့်မှာလည်း နင့်အခက်အခဲနဲ့ နင်ရှိတာ ငါသိပါတယ်။ ငါသွားတော့မယ်နော်။"
ရှုရှစ်ယင်က လင်းဖန်ရှေ့မှာ မျက်နှာမပြဝံ့တော့ပါ။ သူမ ထွက်ပြေးသွားချင်သည်။
သူမ သဘောအကျဆုံးကောင်လေးရှေ့တွင် သူမ၏ ဂုဏ်သိက္ခာ ပျက်စီးသွားခဲ့ရပြီ။
စိတ်ကူးယဥ်ဆန်သည့် မိန်းကလေးများက ဒီလိုပဲဖြစ်သည်။ အများကြီး တွေးတောတတ်၏။
"ရှုရှစ်ယင်" လင်းဖန်က ရှုရှစ်ယင်၏ လက်ကို ဆွဲလိုက်ပါသည်။
"ပိုက်ဆံကိစ္စပဲ မဟုတ်လား။ ငါနင့်ကို နင့်မောင်လေးရဲ့ ရောဂါ ကုသဖို့အတွက် ယွမ် ၆၀၀,၀၀၀ ချေးလိုက်မယ်။ ပြီးတော့ နင့်ကျန်းမာရေးကလည်း အရေးကြီးတယ်။ နင့်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်" လင်းဖန်က ရှုရှစ်ယင်ကို ကြည့်ရင်း ပြောလိုက်ပါသည်။
"ဟင်" ရှုရှစ်ယင်က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်ပါသည်။ လင်းဖန် ဒီလိုမျိုး ပြန်ပြောလိမ့်မည်ဟု မထင်ထားပါ။
လင်းဖန် သူ့ပါးစပ်ကို ဖွင့်ဟလိုက်ချိန်တွင် ယွမ် ၆၀၀,၀၀၀ ချေးမည်ဟူသည့် စကားထွက်လာခဲ့သည်။
တကယ်တော့ ယွမ် ၃၀၀,၀၀၀ ဆိုတာ ခွဲစိတ်ကုသမှု အခြေခံစရိတ်သာ ရှိပါသေးသည်။ သူ့မောင်လေးကို ဆေးရုံတင်ထားရဦးမည်။ သူမ၏ မိသားစုကိုလည်း စောင့်ရှောက်ရဦးမည်။ အသေးအဖွဲ မဟုတ်သည့် တခြား ကုန်ကျစရိတ်များလည်း ရှိပါသေးသည်။
လင်းဖန်က ရှုရှစ်ယင်၏ ခေါင်းကို ပုတ်ပေးကာ တည်တံ့စွာဖြင့် ပြောလိုက်ပါသည်။ "ငါ့ကို အဲ့လိုနှာဗူးတစ်ယောက်လို သဘောမထားပါနဲ့။ ကောင်မလေးတစ်ယောက်ရဲ့ ပထမဆုံး အကြိမ်ဆိုတာ သူချစ်မြတ်နိုးတဲ့ လူတစ်ယောက် အတွက်ပဲ ဖြစ်သင့်တယ်။ အဲ့လို တောင်းဆိုချက်မျိုး ငါ့ကို နောက်တစ်ခါ မတောင်းဆိုနဲ့။"
"နင်က လှပေမယ့် ငါက အဲ့လိုလူမျိုး မဟုတ်ဘူး။ နင့်ကိုယ်နင် ကောင်းကောင်း ဂရုစိုက်ပါ။ ငါ့ရှေ့မှာ အဲ့လိုစကားတွေ ထပ်ပြောရင် ငါပိုက်ဆံမချေးဘဲ နေလိုက်မှာနော်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန်ကလည်း ယောက်ျားတစ်ယောက်ဖြစ်ပြီး ကောင်မလေး ချောချောလှလှများကို သဘောကျတတ်ပါသည်။ သို့သော် ဒါက ကောင်မလေးများအပေါ် မဟုတ်တရုတ် အတွေးများ ထားတတ်သည်ဟု မဆိုလိုပါ။
ရှုရှစ်ယင်က ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေခဲ့သည်။ သူမ၏ လှပသော မျက်လုံးလေးများက လင်းဖန်ကို ကြည့်လိုက်ပြီး ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်ပါသည်။
ဒီတော့ လင်းဖန်က ဒီလူလိုမျိုး မဟုတ်ဘူးပေါ့။ လင်းဖန်ကလည်း သူမကို ဒီလိုလူမျိုးလို့ သဘောမထားဘူးလား။
ဒီလို သူငယ်ချင်းမျိုး ရှိရတာ ကောင်းလိုက်တာ။
"လင်းဖန် ကျေးဇူးတင်ပါတယ်... တကယ် ကျေးဇူးတင်ပါတယ်။"
"ငါ အဲ့လိုတောင်းဆိုချက်မျိုး ထပ်မလုပ်တော့ပါဘူး" ရှုရှစ်ယင်က လင်းဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပါသ်ည။
"အဲ့တာ မကောင်းဘူးလား။ ပြီးတော့လည်း နင်အဲ့ပိုက်ဆံကို ပြန်ပေးရမှာနော်။ အခမဲ့ လက်ဆောင်ပေးတာ မဟုတ်ဘူး။ နောက်ပိုင်း နင်ပိုက်ဆံတွေ အများကြီးရရင် ငါ့ကို ပြန်ဆပ်လို့ရတယ်" လင်းဖန်က ပြောလိုက်ပါသည်။
"ဒါပေါ့ ငါ့မောင်လေးကို ကုသပြီးရင် သေချာပေါက် အလုပ်ကြိုးစားပြီး နင့်ပိုက်ဆံတွေ အကုန်လုံးကို ပြန်ဆပ်မှာပါ” ရှုရှစ်ယင် နောက်ဆုံးတော့ ပြန်ပြုံးသွားပါသည်။
လင်းဖန်က သူမကို ပြန်မဆပ်စေချင်ရင်တောင် သူမ ပြန်ဆပ်ပါမည်။ ဒါက သူမ၏ သဘောထား ဖြစ်သည်။
"ငါ့ကို နင့်ဘဏ်ကတ်ပေး၊ အခုပဲ ပိုက်ဆံလွှဲပေးလိုက်မယ်" လင်းဖန်က ပြောလိုက်ပါသည်။
ယွမ် ၆၀၀,၀၀၀ က လင်းဖန်အတွက် ဘာမှ မဟုတ်သော်လည်း ရှုရှစ်ယင်အတွက် သူ့မောင်လေး၏ အသက်ကို ကယ်တင်ပေးနိုင်သည်။
"အင်း" ရှုရှစ်ယင်က ခေါင်းငြိမ့်လိုက်ပြီး သူမ၏ ဘဏ်အကောင့်နံပါတ်ကို လင်းဖန်အား ပေးလိုက်ပါသည်။
"ဟုတ်ပြီ၊ ငါလွှဲလိုက်ပြီ။ နင့်မောင်လေးကို သွားတွေ့လိုက်ပါ။ နင် ပိုက်ဆံမလောက်သေးရင် ငါ့ဆီက ထပ်ယူလို့ ရသေးတယ်နော်" လင်းဖန်က ပြောလိုက်ပါသည်။
"လင်းဖန် ကျေးဇူးတင်ပါတယ်။ ငါ့မောင်လေးရဲ့ အသက်ကို ကယ်တင်တဲ့ ကျေးဇူးကို ငါ တစ်သက်လုံး မမေ့ပါဘူး" ရှုရှစ်ယင်က လင်းဖန်ကို ကြည့်လိုက်ပါသည်။
သူမ ရှေ့က ကောင်လေးက အလွန်အရပ်ရှည်ပြီး ချောမောလာသလို ခံစားလိုက်ရပါသည်။
ဘဏ်ကတ်ကို သူမလက်ထဲတွင် ဆုပ်ကိုင်ထားပြီး စိတ်ခံစားချက် ပြင်းပြသွားရသည်။
ပိုက်ဆံကို နေရာတိုင်းတွင် လိုက်လံချေးငှားဖူးသူများသာ ပိုက်ဆံချေးငှားရခြင်း၏ အခက်အခဲကို နားလည်နိုင်ပါသည်။
သူမ လှပသော မျက်လုံးလေးများကို မော့ကြည့်လိုက်သည်။ သူမ သတ္တိကို စုစည်းလျက် လင်းဖန်ကို ဖက်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်ကို သူမကျေးဇူးတင်ရမည် မဟုတ်လား။
ရွေးချယ်စရာမရှိဘဲ ဒီလိုနည်းလမ်းဖြင့် ကျေးဇူးတင်လိုက်ရပါသည်။
သူ့ရှေ့က အားနည်းသည့် ကောင်မလေးကို ကြည့်ရင်း လင်းဖန်က အခွင့်အကောင်းယူပြီး သူမ၏ ခန္ဓာကိုယ်ပေါ် လက်မတင်ပါ။ သူ့ကို စက္ကန့်ပိုင်းလောက်သာ ဖက်ထားခွင့်ပေးလိုက်ပါသည်။
ဘာရှုပ်ထွေးသည့် အဓိပ္ပာယ်မှ မပါသော ရိုးရှင်းသည့် ပွေ့ဖက်မှုက သူမကို အကောင်းဆုံး နှစ်သိမ့်မှု ပေးနိုင်ပါသည်။
"ငါသွားတော့မယ်နော်" ရှုရှစ်ယင်ထိုသို့ ပြောပြီးနောက် သူမမျက်နှာ နီရဲသွားပြီး ခပ်သုတ်သုတ် လမ်းပြန်လျှောက်သွားခဲ့ပါသည်။
ရှုရှစ်ယင် ရောက်လာသောကြောင့် သူအချိန်အနည်းငယ် ကုန်သွားသည်။
ထိုအချိန်တွင် လင်းဖန် ဖုန်းကို ဖွင့်လိုက်ပါသည်။
ရှားဝမ်ချွေ့က လွန်ခဲ့သည့် ၁၀ မိနစ်လောက်ကတည်းက ဝီချက်မက်ဆေ့ချ်ချ်ချ်ပို့ထားတာကို မြင်လိုက်ရပါသည်။
ရှားဝမ်ချွေ့ : "ငါနဲ့ ရှောင်းယွီတို့ကို အလုပ်မှာ လာခေါ်တော့ ညစာအတူတူစားကြရအောင်~"
ရှားဝမ်ချွေ့ : "???"
ရှားဝမ်ချွေ့ : "ခွေးကောင် နင်စာမပြန်ဘူးလား။"
ရှားဝမ်ချွေ့ : "ငါစိတ်ဆိုးလာပြီနော်။"
ရှားဝမ်ချွေ့ : "အရူးကောင်"
စုစုပေါင်း မဖတ်ရသေးသည့် ဝီချက်မက်ဆေ့ချ်ချ်ချ် ၃၂ စောင်ရှိနေသည်။ အကုန်လုံးက ရှားဝမ်ချွေ့ ပို့ထားခြင်း ဖြစ်၏။
ရှားဝမ်ချွေ့ထံမှ စုစုပေါင်း Missed call ၁၈ ခု ဝင်ထားသည်။
ဒီလောက်များပြားသည့် မက်ဆေ့ချ်ချ်များနှင့် Missed call များကို မြင်လိုက်ရသောအခါ လင်းဖန်တစ်ယောက် အရိုးထဲထိ စိမ့်ကာ ကြက်သီးထသွားပါသည်။
သွားပြီ။
ကြောင်မလေးသာ စိတ်ဆိုးရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်။