← Chapters

မိတ်ဆွေများကို အသက်ပြန်သွင်းခြင်း

Vol. 114 Ch. 1588

မိတ်ဆွေများကို အသက်ပြန်သွင်းခြင်း

Vol. 114 Ch. 1588

မန်ဟို အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်၏ အရှင်သခင် ဖြစ်လာပြီးနောက် ၎င်း၏နာမည်ကို တောင်ပင်လယ်ကြယ်တာရာကောင်းကင်ဟု ပြောင်းလဲလိုက်သောအခိုက်အတန့်တွင် .... အပြင်ရှိ အဆုံးမဲ့အပျက်အစီးများကြားထဲ၌ ... မျက်လုံးတစ်လုံး ပေါ်လာသည်။

မျက်လုံးပွင့်လာသည့်အခါ အာကာပြင်ကျယ်စကြဝဠာကို အပြင်မှဝန်းရံနေသော အပျက်အစီးများ ပြိုကွဲကာ ဖုန်မှုန့်များ တထောင်းထောင်းထသွားတော့သည်။

နီရဲနေသော မျက်လုံးသည်သာ  အဝေးကို စိုက်ကြည့်လျက် မလှုပ်မယှက် ကျန်ခဲ့၏။

ထိုမျက်လုံးကား မိုးမီးလောင်မတတ် ဒေါသသူပုန်ထနေပုံရသည်။ သို့သော် ထိုဒေါသစိတ်၏အတွင်းထဲ၌ ကြောက်စိတ်လည်း ငုပ်လျှိုးနေသည်....

ထိုမျက်လုံးက ... လောကပါလနတ်မင်း၏ ပုံစံအစစ်အမှန်မှတစ်ပါး အခြားမဟုတ်။

အတိတ်တုန်းက လက်ချောင်းငါးချောင်းမှအပ လောကပါလနတ်မင်း၏အသွေးအသားများ ပျောက်ကွယ်သွားခဲ့သည်။ ထိုလက်ချောင်းငါးချောင်းအနက် သုံးချောင်းမှာ ဖျက်စီးခံခဲ့ရပြီးလေပြီ။ နောက်ဆုံးနှစ်ချောင်းသာ မယိုမယွင်း ကျန်ခဲ့သည်။ သို့သော် မန်ဟိုပေါ်ထွက်လာမှုကြောင့် မိစ္ဆာကို ကိုယ်စားပြုသော လက်ချောင်းမှာ ချောက်ချားစရာကောင်းလောက်အောင် ပိန်ရှုံ့ခြောက်ကပ်သွားခဲ့၏။

အင်မော်တယ်ကို ကိုယ်စားပြုသော လက်ချောင်းလည်း အလားတူပင်။

မျက်လုံးမှာတော့ မန်ဟို တန်ခိုးရှင်အဆင့်မတက်ခင်တုန်းကထက် များစွာပို၍ အင်အားနည်းပါးသွားခဲ့ကြောင်း သိသာသည်။

တခဏကြာသော် မောဟိုက်ပင်ပန်းနေသောအသံတစ်သံက အမုန်းအဃာတအပြည့်ဖြင့် ပြတ်ပြတ်တောင်းတောင်း ထွက်လာသည်။ “မန်..ဟို”

လောကပါလနတ်မင်း၏အစီအစဉ်တိုင်းသာ အခြေအနေများဖြစ်ပျက်ခဲ့လျှင် ယခုလို ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပေ။ မန်ဟိုသည် တန်ခိုးရှင်အဆင့်မတက်ဘဲ ‌လောကပါလနတ်မင်းအတွက် ၉၉ စေ့မြောက် မိစ္ဆာမျိုးစေ့ဖြစ်လာမည်။ လောကပါနတ်မင်းအနေဖြင့် သူ့ကို စုပ်ယူပြီးနောက် ‌လောကပါလသွေးဆက်အတွင်းရှိ နိဗ္ဗာနပြန်လည်မွေးဖွားခြင်းစွမ်းအားနှင့် မိစ္ဆာ၏ အမျိုးမျိုးအထွေထွေတန်ခိုးနှင့်အတူ .... သူ့ကိုယ်သူအတွက် ခန္ဓာကိုယ်အသစ် ဖန်တီးနိုင်ခဲ့လိမ့်မည်။

ထိုအခါ လောကပါလနတ်မင်းသည် ယိုယွင်းခြောက်သွေ့နေသော သူ၏ခန္ဓာကိုယ်ကိုမှ လွတ်မြောက်လာမည်။ သူသည် ကြယ်တာရာကောင်းကင်ထဲ၌ နောက်တစ်ကြိမ် အာဏာစိုးမိုးကာ ယခင်ထက်ပင်ပို၍ အသက်ရှည်ခဲ့လိမ့်မည်။

သို့သော် တစ်ခုပြီးတစ်ခု လွဲချော်ခဲ့လေသည်။

ယခု သူ့ကိုယ်ပွား ဖျက်စီးခံလိုက်ရ၍ အဆက်အသွယ်ပြတ်တောက်သွားရာ သူ့အနေဖြင့် အာကာပြင်ကျယ်စကြဝဠာအထဲ ဝင်မရတော့ပေ။ အပြင်၌သာ ... မန်ဟို့ကို စောင့်နေရလိမ်မ့ည်။

ဧရာမမျက်လုံးကြီးသည် သွေးကဲ့သို့ နီရဲနေပြီး ၎င်းအတွင်း၌ တောက်လောင်နေသော အမုန်းအဃာတသည် သတ်ဖြတ်လိုသောစိတ်ဆန္ဒ ဖြစ်လာ၏။

“အောင်မြင်နိုင်မယ့် အခွင့်အရေးတစ်ခု ... ရှိသေးတယ်”

အတော်လေးကြာမှ မျက်လုံးသည် ဖြည်းဖြည်းချင်း ပြန်ပိတ်ကာ ပျောက်ကွယ်သွားတော့သည်။

တောင်ပင်လယ်ကြယ်တာရာကောင်းကင်ထဲတွင် မန်ဟိုသည် မျက်မှောင်ကြုတ်လျက် လောကပါလနတ်မင်း၏ကျိန်စာကို တွေးတောဆင်ခြင်နေ၏။ သူ့မှာ စိတ်ဆန္ဒကို ဖြန့်ကျက်၍ နိမိတ်ဖတ်ကြည့်သော်လည်း သဲလွန်စတစ်စုံတရာ မတွေ့ရပေ။

“တန်ခိုးအကြီးဆုံးအချိန်တုန်းက လောကပါလနတ်မင်းရဲ့ကျိန်စာ...”

မန်ဟိုက သက်ပြင်းချသည်။ ဤအချိန်တွင် သူသည် တောင်ပင်လယ်လောက၏ နေရာဟောင်း၊ ယခင်တုန်းက သက်ရှိသတ္တဝါများဖြင့် တိုးတက်စည်ပင်နေခဲ့‌သော်လည်း ယခုတော့ ဗလာကျင်းမှောင်မိုက်နေသည့် ဧရာမဝဲကြီးတစ်ဝဲဆီသို့ ရောက်သွားခဲ့၏။

မန်ဟိုက ခံစားချက်များဖြင့် ထိုဝဲကို တခဏကြည့်ပြီးသော် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဝဲအတွင်း၌ အလင်းစက်များ ပေါ်လာသည်။ အသက်ဓာတ်တို့ ပြည့်ဝနေသောအလင်းသည် မီးဟုန်းဟုန်းတောက်ကြယ်များသဖွယ် လင်းထိန်တောက်ပနေတော့၏။ မကြာမီ ဝဲအတွင်းရှိ နေရာတိုင်း၌ အသက်ဓာတ်များ စိမ့်ဝင်သွား၍ ဝဲတစ်ဝဲလုံးကား.... ရောင်စုံလင်းလက်ပြိုးပြက်လာသည်။

ဤနေရာသည် အတိတ်တုန်းက တောင်ပင်လယ်လောက တည်ရှိခဲ့သော နေရာဖြစ်ပြီး ယခုတွင် တောင်ပင်လယ်လောကသည် ထိုနေရာ၌ပင် ပြန်လည်တည်ရှိလိမ့်မည်။

မန်ဟိုက လှမ်း၍ လက်ဝါးဖြန့်လိုက်သည်။ မကြာ‌သေးမီကမှ ဖန်ဆင်းထားခဲ့သော သူ၏တန်ခိုးရှင်အဆင့်ရတနာ၊ တောင်ပင်လယ်လောကအသစ်သည် လင်းလက်တောက်ပစွာ ထွက်ပေါ်လာ၏။ ၎င်းက ဝဲအပေါ်နားလေးသို့ ဖြည်းဖြည်းချင်း ဝဲပျံသွား၏။ တောင်ပင်လယ်လောကအတွင်းရှိ ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားနေကြလေသည်။

တချို့ဆိုလျှင် ဝဲကို ကိုယ်တိုင်ကြည့်ဖို့ အပြင်ပျံထွက်လာကြပြီးနောက် မျက်ရည်များဝဲနေကြသည်။

“ဒါက ကြယ်တာရာကောင်းကင်ထဲက တောင်ပင်လယ်လောကရဲ့ နေရာ၊ ငါတို့ရဲ့ အိမ်အစစ်ပဲ...”

“ငါက တောင်ပင်လယ်လောကမှာ မွေးဖွားခဲ့တယ်။ ဒီနေရာကတော့ တောင်ပင်လယ်လောက မွေးဖွားခဲ့တဲ့ နေရာပဲ....”

“အိမ်”

“ငါတို့ပြန်လာပြီ။ တောင်ပင်လယ်လောကသားတွေ ပြန်လာပြီ” ခိတိဂဗ္ဗသည် ဝဲကို ကြည့်ရင်း စိတ်လှုပ်ရှားနေသည်ကို မထိန်းနိုင်ပေ။ ဘိုးဘိုးမန်၊ ဖန်ယု၊ ဖက်တီး၊ ဝမ်ယိုချိုင်နှင့် မန်ဟို့မိတ်ဆွေအပေါင်းအသင်းဆွေမျိုးများအားလုံး အတူတူပင်။

လူတိုင်း စိတ်လှုပ်တရှား ကြည့်နေကြစဉ် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် ညာလက်ကို ဆန့်တန်းကာ ဖိချလိုက်သည်။

ထိုအပြုအမူက ဝဲအပေါ်သာ သက်ရောက်ပေသည်။ မန်ဟို့အပေါ်သော်လည်းကောင်း၊ တောင်ပင်လယ်လောကသားများအပေါ်သော်လည်းကောင်း သက်ရောက်ခြင်းမရှိ။ လူတိုင်း၏ရှေ့မှောက်မှာပင် အချိန်သည် နောက်ပြန်စီးဆင်းပြီး ဝဲသည်လည်း ဖြည်းဖြည်းချင်း မှောင်မိုက်သွား၏။

ထို့နောက် ရာစုနှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။ နောက်ဆုံးတော့ မန်ဟိုနှင့် ကြည့်နေသူတိုင်း တောင်ပင်လယ်လိပ်ပြာအား မြင်လိုက်ကြရ၏။

မရေမတွက်နိုင်သောမြင်ကွင်းများ ဖြတ်ပြေးသွားသည်။ စစ်ပွဲကို ပြန်မြင်ရသောအခါ အကုန်လုံး ရင်တဒိန်းဒိန်းခုန်လာကြတော့သည်။ ယခုတွင် မန်ဟို လုပ်‌တော့မည့်အရာအား အကုန်လုံးရိပ်စားမိကြလေပြီ။

“ဒါက တောင်ပင်လယ်လောက ပထမဆုံးပေါ်ပေါက်လာတဲ့နေရာပဲ” မန်ဟိုသည် ပုံရိပ်များကို ကြည့်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “အခု ငါတို့ ပြန်ရောက်လာခဲ့ပြီ

“ဆုံးရှုံးခဲ့ရတဲ့အရာအားလုံး၊ အချိန်စီးကြောင်းအတွင်း တိမ်မြုပ်ပျောက်ကွယ်သွားခဲ့တဲ့အရာအားလုံး၊ ငါတို့နဲ့ကွဲကွာသွားတဲ့အရာအားလုံး အခု ပြန်ရောက်လာရမယ်....

“ငါ၏နာမတော်၏ အာဏာစက်ဖြင့် ဒီနေရာမှာ သေဆုံးသွားခဲ့တဲ့လူတိုင်းကို မိန့်ကြားတယ်။ တောင်ပင်လယ်လောကကို ကာကွယ်ရင်း အသက်ပေးခဲ့ရတဲ့လူတိုင်း ... ပြန်လာကြလော့” ထို့နောက် သူ၏အင်္ကျီလက်စခါကာ ကြယ်များအား တုန်ရီလာစေသည်။ တောင်ပင်လယ်ကြယ်တာရာကောင်းကင်၏စွမ်းအားသည် မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော လက်များအသွင်ပြောင်းရင်း အတိတ်၏ပုံရိပ်များဆီ လှမ်းလိုက်၏။ အတိတ်တုန်းက သေဆုံးသွားခဲ့သော တစ်ယောက်ပြီးတစ်ယောက် ပုံရိပ်များထဲမှ ဆွဲထုတ်ခံလိုက်ရလေသည်။

ပထမဆုံးတစ်ယောက် ထွက်လာသဖြင့် တဂျုန်းဂျုန်းထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။

ထိုပထမဆုံးလူကား ... ရွှေတုန်းလျှိုမှတစ်ပါး အခြားမဟုတ်‌ပေ။

‌ရွှေတုန်းလျှိုသည် ခန္ဓာမဖောက်ခွဲခင် အခိုက်အတန့်လေးတွင် ကယ်ဆယ်ခံလိုက်ရ၏။ ဝဲအပြင်သို့ ဆွဲထုတ်ခံရပြီးနောက် သူက အူတူတူကြောင်တောင်တောင်ဖြင့် ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေလေသည်။ ဖြစ်ပျက်နေသောအရာက သူ၏စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည့်အလားပင်။ သောကဝိညာဉ်သေဖြစ်သော သူ၏ကျန်တစ်ပိုင်းပင် လက်ရှိအဖြစ်အပျက်ကို ယုံကြည်ဖို့ ခဲယဉ်းနေ၏။

လူများ တစတစပေါ်လာသည်။ ရင်းနှီးသောမျက်နှာများအား မြင်ရနိုင်သည်။ တစ်ယောက်ပြီးတစ်ယောက်  အတိတ်ဝဲထဲမှ ဆွဲထုတ်ခံလိုက်ရ၍ ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲလျက် ပေါ်လာသောအခါ အကုန်လုံးက ဆွံ့အစွာ ‌ဟိုကြည့်သည်ကြည့် ကြည့်ကြလေသည်။

တောင်ပင်လယ်သခင်များ၊ ကိုးပင်လယ်နတ်လောကများ၊ မြင့်မြတ်သောရေစီးဓားဂူများ၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့များနှင့် ကျန်ဂိုဏ်းပေါင်းမရေမတွက်နိုင်အောင် ပေါ်လာကြသည်။ တောင်ကောင်းကင်ဂြိုဟ်မှ ဧကရာဇ်လီနှင့် လီမျိုးနွယ်စုလည်း ရှိ၏။ တခြားသူများလည်း ရှိသေးသည်။

မန်ဟိုက လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော်လည်း ညင်သာသောအားတစ်လှိုင်းက ပါရာဂွန်ပင်လယ်အိပ်မက်ကို ဆုပ်ကိုင်၍ အပြင်သို့ ဆွဲထုတ်လိုက်သည်။

တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံး လက်ဖက်ရည်ပန်းကန်ပြားတမျှ ပြူးကျယ်နေသည့် မျက်လုံးများဖြင့် ဖြစ်ပျက်နေသောအရာကို ကြည့်ရင်း အသက်ပင်မရှူနိုင်ကြတော့ပေ။ လီလင်းအာသည် ပါရာဂွန်ပင်လယ်အိပ်မက်ကို မြင်လျှင်ချင်း မျက်ရည်များကျလာ၏။ ဖက်တီးသည် တိုက်ပွဲကျသွားခဲ့သော သူ့ဆရာကို လှမ်းမြင်လိုက်၏။ ဝမ်ယိုချိုင်၊ ကျင်ရှန်း.... လူတိုင်း စိတ်လှုပ်ရှားနေကြလေသည်။

“သူတို့ ပြန်ရှင်လာကြပြီဟေး”

“ဆရာ”

“အဖေ အမေ အဖေတို့ အသက်ပြန်ရှင်လာပြီ”

“ငါ့ဂိုဏ်း။ ငါ့တပည့်တွေ... အကုန် ပြန်ရောက်လာကြပြီပဲ”

တောင်ပင်လယ်လောကသားများသည် ငိုလည်းငို၊ ရယ်လည်းရယ်နေကြသည်။ ပျံသန်းနိုင်သော တောင်ပင်လယ်လောကသားကျင့်ကြံသူများမှာ ဝမ်းသာအားရအော်ဟစ်ရင်း အသက်ပြန်သွင်းခံလိုက်ရသည့် သူတို့၏မိသားစုများ၊ မိတ်ဆွေများဆီသို့ ချက်ချင်း ပျံသန်းသွားကြတော့သည်။

အသက်ပြန်ရှင်လာသူများမှာ မယုံကြည်နိုင်စွာဖြင့် အသက်ရှူမှားနေကြသည်။ သို့သော် အိပ်မက်မဟုတ်ပေ။

ပါရာဂွန်ပင်လယ်အိပ်မက်သည် လီလင်းအာကို ကြည့်ပြီးနောက် ခေါင်းလှည့်လိုက်သည်။ နတ်မင်းတစ်ပါးသဖွယ် ခံခံညားညားပျံဝဲနေသည့် မန်ဟို့ကို မြင်လျှင် သူမမျက်နှာထက်၌ အပြုံး‌ပန်းလေးပွင့်လန်းလာ၏။

အတန်ကြာတိတ်ဆိတ်နေပြီးသော် ရွှေတုန်းလျှိုက ခေါင်းတရမ်းရမ်းဖြင့် တဟားဟားရယ်တော့သည်။

All Chapters