← Chapters

အချိန်ဟာ အကန့်အသတ်နဲ့တဲ့လား

Vol. 114 Ch. 1589

အချိန်ဟာ အကန့်အသတ်နဲ့တဲ့လား

Vol. 114 Ch. 1589

ရင်းနှီးသောမျက်နှာများ အသက်ပြန်သွင်းခံနေရသည်နှင့်အမျှ တောင်ပင်လယ်လောက၏အိမ်ဖြစ်သော ဝဲသည် လင်းလက်တောက်ပလာ၏။ တောင်ပင်လယ်စစ်ပွဲ၌ ဝင်ရောက်ဆင်နွှဲခဲ့သူတိုင်း ပြန်လည်ရှင်သန်လာကြသဖြင့် ဝမ်းသာအား‌ရအော်ဟစ်နေသံများကို မည်သည့်နေရာတွင်ဆို ကြားရနိုင်လေသည်။

အဘိုးအိုတစ်ယောက်ပေါ်လာသည်.... ဘိုးဘိုးဖန်။ မန်ဟိုသည် ဘိုးဘိုးဖန်ကို မြင်သည်နှင့် တုန်ရီသွားပြီး အပြေးအလွှားသွားကာ မျက်ရည်များဖြင့် လေးလေးစားစား ဂါဝရပြုလိုက်၏။

ဘိုးဘိုးဖန်မှာ ဘေးဘီဝဲယာကို တွေဝေစွာ ကြည့်နေသော်လည်း မန်ဟို့ကို မြင်သည့်အခါ ပြုံးလေသည်။ အမှန်က ဘိုးဘိုးဖန်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာ ရွှေတုန်းလျှို သူ့အား ပေးခဲ့သော နောက်ဆုံးတာဝန်အတိုင်း ကောင်းကင်ဘုံ ၃၃ ဘုံထဲသို့ သူလျှိုအဖြစ်ဝင်ရောက်ကာ သူတို့၏မြေထုများအား ချက်ချင်း တိုက်သွားစေခဲ့သူဖြစ်၏။ ထိုအချိန်ကမှ သူ အမှန်သေသွားခဲ့သောအချိန်ပင်။ သူသည် အားရကျေနပ်စွာ ရယ်ရင်း မြေးဖြစ်သူအား ကူတွဲ၍ ထခိုင်းလိုက်၏။

ထိုအခိုက်အတန့်မှာပဲ ဝဲထဲမှ နောက်တစ်ယောက်ထွက်လာသည်။ သူမပေါ်လာလျှင်ချင်း လူအတော်များများ သူမအား မှတ်မိကြသည်။ သူမသည် တစ်ခါတုန်းက ကိုးပင်လယ်နတ်လောက၏ နတ်သမီးတော်ဖြစ်ခဲ့သော .... ဖန်းတုံးအာပင်။

တကယ်တမ်း ဖန်တုံးအာမှာ စစ်ပွဲတွင် မသေခဲ့ပေ။ သူမကို အမြဲကပ်နေခဲ့သည့် အဖြူရောင်ဝတ်ရုံနှင့်အလောင်းက သူမအား ဟင်းလင်းပြင်၏အနက်ပိုင်းထဲ ဆွဲခေါ်သွားခဲ့ခြင်းဖြစ်သည်။ ယခုတွင် ဖန်တုံးအာသည် ပြန်ထွက်လာသောအခါ မန်ဟို၊ သူမသိသောလူများနှင့် အသက်ပြန်ရှင်လာသူများအား ကြည့်ရင်း တုန်ရီလာ၏။ မျက်ရည်များက သူမပါးပြင်တစ်လျှောက်က လိမ့်ဆင်းလာသည်။

လူများ အသက်ပြန်ရှင်နေကြစဉ် စိတ်လှုပ်ရှားသောကျင့်ကြံသူများက ထောင်စုနှစ်များအတွင်း ဖြစ်ခဲ့သည့်အရာအားလုံးကို ရှင်းပြကြသည်။ နောက်ဆုံး လူတိုင်းစေ့အသက်ပြန်သွင်းပြီးသောအခါ မန်ဟိုက လက်ပြန်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝဲသည် စတင်လည်လာ၏။

မကြာမီ ၎င်းက အရှိန်အဟုန်ဖြင့် တဝေါဝေါမြည်လာပြီး မန်ဟို၏မျက်ဝန်းများက လွန်စွာစူးရှတောက်ပနေသည်။ မန်ဟိုသည် ဘိုးဘေးတစ်ပိုင်းအဆင့်၌သာ ရှိတုန်းက အသက်ပြန်သွင်းချင်သော်လည်း မသွင်းနိုင်ခဲ့သော၊ သူ့နှလုံးသား၏တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့် လူတစ်ယောက်ရှိခဲ့၏။

သို့သော် ယခု သူကား လောကပါလနတ်မင်း၏ကိုယ်ပွားကို စား၍ ဘိုးဘေးတစ်ပိုင်းအဆင့်သို့ အပြည့်အဝဝင်ရောက်ခဲ့လေပြီ။ သူ၏တန်ခိုးအားလုံးနှင့် ရာနှုန်းပြည့်မရင်းနှီးသေးသော်လည်း သေချာပေါက် အရင်တုန်းကထက် အဆများစွာ အင်အားကြီးမားနေပြီဖြစ်သည်။

သူ၏လက်ရှိကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် ရှေးခေတ်မှ လူများကို အသက်ပြန်သွင်းဖို့ပင် သူ့အတွက် မဖြစ်နိုင်သည့်အရာမဟုတ်ပေ။

“မွေးစားအ‌ဖေ...” သူက နွေးထွေးသောအသံဖြင့် ရေရွတ်ရင်း ဝဲဆီ လက်ဝှေ့ယမ်းလိုက်သည်။ ဝဲအတွင်း၌ အချိန်နောက်ပြန်စီးဆင်းသွားရာ ပုံရိပ်များသည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း ပေါ်လာသည့်တိုင်အောင် ဖြတ်ပြေးသွား၏။

မည်သူမှ ထိုမြင်ကွင်းကြောင့် မတုန်လှုပ်သော်လည်း ခဲကျုံစစ်မှာ ဝဲကို ကြည့်ရင်း တုန်ရီနေလေသည်။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ မြင်ကွင်းက သူ့နှလုံးသားထဲ၌ ခံစားချက်လှိုင်းလုံးများ ထကြွလာစေသည်။ ထိုခံစားချက်များအား အဖေကို ဆုံးရှုံးခဲ့ဖူးသောလူမှအပ မည်သူမှ နားမလည်နိုင်ပေ။

“အဖေ....” သူ့အသံတွင် လွမ်းဆွတ်မှုတို့ ပြည့်နှက်နေသည်။ မန်ဟိုသည် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လက်ချောင်းဖြင့် နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။ ဝဲက ငြိမ်သွားပြီး... ရှေးခေတ်မှ လူတစ်ယောက်ထွက်လာသည်။ ထိုလူ၏မျက်နှာ ထင်ရှားလာသောအခါ ....

ခဲယွင်ဟိုင်။

တဖြည်းဖြည်း ခဲယွင်ဟိုင်သည် ဝဲထဲမှ ဆွဲထုတ်ခံလိုက်ရ၏။

မန်ဟိုကား လွန်ခဲ့သောအသင်္ချေနှစ်များသို့ ပြန်သွားကာ ... ခဲယွင်ဟိုင်အား အသက်ပြန်သွင်းခဲ့လေပြီ။

ခဲယွင်ဟိုင်မှာ ပျံဝဲနေစဉ် ကြောင်တောင်တောင်ဖြစ်နေသောအမူအရာ ရှိ၏။ ခဲကျုံစစ်မှာတော့ မျက်ရည်များဖြင့် အပြေးအလွှားသွားပြီး သူ့အဖေရှေ့၌ ချက်ချင်း ဒူးထောက်လိုက်သည်။

“အဖေ”

မန်ဟိုလည်း အပြေးအလွှားသွားပြီး အသက်ဝဝရှူပြီးနောက် ခဲယွင်ဟိုင်၏အရှေ့တွင် ဒူးထောက်လိုက်သည်။

“မွေးစားအဖေ”

ခဲယွင်ဟိုင်သည် ခဲကျုံစစ်အား တွေဝေစွာ ကြည့်ပြီးနောက် မျက်လုံးများ ပိတ်လိုက်၏။ တခဏကြာသော် သူ့မျက်လုံးများက ပြန်ပွင့်လာပြီး နားလည်သွားပုံပေါ်သည်။ နွေးထွေးသောအပြုံးတစ်စက သူ့မျက်နှာထက်၌ ဖြစ်ထွန်းလာသည်။ ထို့နောက် သူသည် မန်ဟို့ကို လှမ်းကြည့်ကာ ဝမ်းသာအားရရယ်တော့သည်။

ဤဖြစ်ရပ်ကား တောင်ပင်လယ်ကြယ်တာရာကောင်းကင်အတွင်းတွင် မယုံကြည်နိုင်ဖွယ်ရာအဖြစ်အပျက်ပင်။ စစ်ပွဲ၌ သေဆုံးသွားခဲ့သူတိုင်း ရှင်သန်ထမြောက်လာသည်။ အကုန်လုံးအသက်ပြန်သွင်းပေးပြီးနောက်တွင် မန်ဟိုမှာ တန်ခိုးကြီးမားသည့်တိုင် အလွန်နုံးခွေသွား၏။

သို့သော် တောင်ပင်လယ်လောက၏ စိတ်လှုပ်ရှားပျော်ရွှင်နေသော ကျင့်ကြံသူများကို ကြည့်လိုက်သောအခါ အပျော်တို့က သူ့နှလုံးသားအား ကူးစက်လာကြလေသည်။

မန်ဟိုသည် တောင်ပင်လယ်လောကအသစ်ကို မူလနေရာသို့ ပြန်ထားလိုက်၏။ ပြန်လည်ရှင်သန်လာကြသူများကို သူတို့မိသားစုများနှင့် မိတ်ဆွေများက ‌တောင်ပင်လယ်လောကသို့ ပြန်ခေါ်သွားကြပြီး သူတို့မရှိသည့်အတောအတွင်း ဖြစ်ပျက်ခဲ့သည်များကို ဆက်လက်ပြောပြကြသည်။

အချိန်တွေ ကုန်လွန်သွား၏။ မန်ဟိုသည် ကြယ်တာရာကောင်းကင်တစ်ခွင် ခရီးလှည့်လည်မသွားလာပေ။ ထိုအစား တောင်ပင်လယ်လောကထဲတွင် ရှုချင်၊ သူ့အဖေ၊ အမေနှင့် ခဲယွင်ဟိုင်တို့နှင့်သာ အချိန်ကုန်ဆုံးနေသည်။

တောင်ပင်လယ်လောကအသစ်သည် ဆက်လက်တိုးတက်ကြီးထွားလာ၏။ တောင်ပင်လယ်ကိုးခုအတွင်း၌ တောင်ပင်လယ်လောကသားကျင့်ကြံသူများက အိမ်အသစ်အား တည်ဆောက်၍ မန်ဟို၏မိစ္ဆာချုပ်နှောင်ခြင်းမှော်ပညာကို ကျင့်ကြံအားထုတ်ကြသည်။

ကြယ်တာရာကောင်းကင်မှာ ဆိတ်ငြိမ်အေးချမ်းနေတော့သည်။ အာကာပြင်ကျယ်‌ကျောင်းတော်၏ ကျင့်ကြံသူများကတော့ အာကာပြင်ကျယ်ဂြိုဟ်သို့ ပြန်သွားကြပြီး ကျန်သက်ရှိသတ္တဝါများလည်း သူတို့အိမ်သူတို့ ပြန်ကြသည်။ သူတို့နေထိုင်သောနေရာကား အာကာပြင်ကျယ်စကြဝဠာ မဟုတ်တော့ဘဲ တောင်ပင်လယ်ကြယ်တာရာကောင်းကင်ဖြစ်လာခဲ့ကြောင်း ကျင့်ကြံသူတစ်ယောက်မကျန် သိကြလေသည်။

ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒသည် လောကပါလနတ်မင်းမဟုတ်တော့၊ မန်ဟို ဖြစ်လာခဲ့ပြီ။

မန်ဟိုကား ကြယ်တာရာကောင်းကင်၏အရှင်သခင်ပင်။

ထို့ကြောင့် ကြယ်တာရာကောင်းကင်ထဲ၌ တောင်ပင်လယ်လောကသည် ဩဇာအာဏာအကြီးမားဆုံးဖြစ်လာပြီး အထွတ်အမြတ်နယ်မြေသဖွယ် ဖြစ်လာ၏။

နေ့ရက်များ၊ လများ၊ နှစ်များ အလီလီကုန်ဆုံးသွားသည်။ မန်ဟို့ကို သိပ်မတွေ့ရတော့ပေ။ သူသည် တောင်ပင်လယ်လောက၊ နဝမတောင်ပေါ်တွင်သာ အေးအေးချမ်းချမ်း နေ,နေ၏။ နှစ်ငါးရာကား လျှပ်တပြက်လေးသာ ကြာလိုက်သည်။

ထိုနှစ်ငါးရာအတွင်း မန်ဟိုသည် အေးဆေးနေပုံရသော်လည်း တကယ်တော့ လောကပါလနတ်မင်း၏ကျိန်စာအကြောင်း နေ့စဉ်ရက်ဆက် တွေးနေခဲ့၏။ ‘အချိန်များ အကန့်အသတ်ရှိစေသား’ ဟူသော ကျိန်စာ၏အပိုင်းက မန်ဟို့အား အထူးသဖြင့် စိတ်များလေးလံနေစေသည်။

အခြေအနေများကို သူ ပြောင်းလဲချင်သည်။ တန်ခိုးအကြီးဆုံးအချိန်က ဖန်ဆင်းခံခဲ့ရသော လောကပါလကျိန်စာကို သူ ချိုးဖျက်ချင်သည်။

သို့သော် ထိုနှစ်ငါးရာအတွင်း မည်သည့်နည်းလမ်းကိုပဲ စမ်းကြည့်စေကာမူ ဘာမှမထူးပေ။ ဘိုးဘေးနယ်ပယ်အဆင့် ဖြစ်သည့်တိုင် မန်ဟိုမှာ တန်ခိုးအကြီးဆုံးလောကပါလနတ်မင်းနှင့် အကွာကြီးကွာနေသေး၏။

ထိုကွာဟမှုကြောင့် ကျိန်စာအား ဖြေမရပေ။

ကုန်ဆုံးသွားခဲ့သောနှစ်ငါးရာအတွင်း တောင်ပင်လယ်လောက၏ မျိုးဆက်သစ်များ မွေးဖွားလာသည်။ အချိန်တွေကြာလာသည်နှင့်အမျှ မန်ဟိုသည် သူရှိနေသည်ဆိုသော သက်သေများကို တမင်တကာ ဖျောက်ပစ်၏။ သူ့အကြောင်း ဇာတ်လမ်းများလည်း ပြောခွင့်မပေးပေ။ ထိုသို့လုပ်ခြင်းအားဖြင့် သူနှင့် ကံကြွေးအားဖြင့် ပတ်သက်နေမည့် လူအရေအတွက်ကို လျှော့ချနိုင်ပါစေရန် မန်ဟို မျှော်လင့်နေမိ၏။

သို့သော် ယင်းကား လုပ်ဖို့မလွယ်ပေ။ ကျိန်စာ၏အယုတ်မာဆုံးအပိုင်းက မန်ဟိုနှင့်ကံကြွေးအားဖြင့် ပတ်သက်နေသူများကိုသာ သက်ရောက်ခြင်းမဟုတ်ဘဲ နှစ်ဆင့်ထပ်မံ၍ကူးစက်ခြင်းမဟုတ်ပါလော။

ကျိန်စာသင့်ရပ်ဝန်းမှာ ပျံနှံ့သထက် ပျံ့နှံ့နေပြီး လျှော့ချ၍လည်းမရပေ။

နှစ်ငါးရာအတွင်း တောင်ပင်လယ်လောကသည် ဆက်လက်စည်ပင်သိုက်ဝန်းနေသော်လည်း လျစ်လျူရှုမရသည့် ထူးဆန်းသောအရာများလည်း ဖြစ်ပျက်နေ၏။ ဥပမာ... အနုသုခုမနတ်ခန္ဓာအဆင့်ကျင့်ကြံသူများအနေဖြင့် နှစ်လေးရာ၊ ငါးရာမျှ နေထိုင်နိုင်သင့်သည်။ သို့သော် သူတို့၏သက်တမ်းမှာ နှစ်နှစ်ရာဝန်းကျင်သို့ ကျဆင်းသွားခဲ့လေသည်။

ထိုမျှသာမက များစွာအသက်ရှည်ရှည်နေထိုင်နိုင်သင့်သော ကျင့်ကြံသူတချို့လည်း တစတစ အားနည်းလာကြသည်။ သူတို့၏သက်တမ်းများ လျော့ကျသွားကြပြီး နောက်ဆုံး လူများ... သေစပြုလာသည်။

သို့သော် လောက၏ တိုးတက်နှုန်းနှင့် ကြီးထွားနှုန်းကြောင့် ထိုအရာများအား အမှတ်တမဲ့သာဖြစ်ကြသည်။ မန်ဟိုမှလွဲ၍။ မန်ဟိုကတော့ သတိထားမိ၏။

လူတစ်ယောက် သေသွားတိုင်း မန်ဟိုသည် ထိုအလောင်း၏ဘေး၌ ပေါ်လာတတ်သည်။ သက်တမ်းကုန်သွားသော အလောင်းတစ်လောင်းစီတိုင်းတွင် ကျိန်စာအငွေ့အသက်များ ရှိလေသည်။

“အချိန်ဟာ အကန့်အသတ်နဲ့တဲ့လား...” မန်ဟိုက ခါးသီးစွာ တွေးနေသည်။ နောက်ဆုံးသော သူနှင့် ရင်းနှီးသူများ အိုမင်းစပြုလာသည့်နေ့ရက်သို့ ရောက်လာ၏။ ယခုတွင် မန်ဟိုမှာ အင်မတန်စိုးရိမ်ကြောင့်ကြနေချေပြီ။

မန်ဟိုသည် စိတ်ကူးထဲပေါ်လာသမျှအရာတိုင်း စမ်းကြည့်၏။ မှော်အတတ်များ သုံးကြည့်သည်။ သဘာဝနိယာမ၊ မှော်ဥပဒေအသစ်များ ဖန်ဆင်းကြည့်သည်။ ကျိန်စာစွမ်းအားကို အားနည်းစေဖို့ တတ်နိုင်သမျှအကုန် လုပ်သော်လည်း .... ကျိန်စာကို မဖျက်စီးနိုင်သေးပေ။

ဖြစ်ပျက်နေသည့်အရာများကြောင့် မန်ဟိုမှာ အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ပင် ထွက်ကြည့်ခဲ့၏။ ကျိန်စာတိုက်ခဲ့သူက လောကပါလနတ်မင်းဖြစ်သည့်အတွက် လောကပါလနတ်မင်းက ချိုးဖျက်နိုင်မည်မဟုတ်ပါလော။ သို့သော် နတ်ဘုရားအာရုံစွမ်းအားအလုံးစုံ သုံးပြီးနောက်တွင်ပင် လောကပါလနတ်မင်း၏ကိုယ်အစစ်အား ရှာမတွေ့ခဲ့ပေ။

ကြည့်ရသရွေ့ လောကပါလနတ်မင်းသည် မန်ဟိုနှင့် နောက်ဆုံးတိုက်ပွဲမတိုက်လိုသေး၍ ပုန်းနေခြင်းဖြစ်မည်။ လောကပါလနတ်မင်းမှာ သူကိုယ်တိုင်လည်း အားနည်းနေပြီဖြစ်သည့်တိုင် ကိုယ်ယောင်ထွက်မပြသေးပေ။

All Chapters