မကြောက်နဲ့
Vol. 164 Ch. 2290
အားလုံး သူ့ကိုကြည့်နေကြသည်ကို ကြည့်ပြီး မို့ယီရှန်းသည် ခိုက်ခိုက် တုန်သွားကာ တိုးညင်းသောအသံဖြင့် ပြောလေသည် “ယီရှန်း မသိဘူး”
“မကြောက်နဲ့ ဒီအတိုင်းအကုန်လုံးကို ပြောလိုက်.. မင်းသာဆိုရင် ဘယ် ဘက်ကိုသွားမှာလဲ.. ဘာမှမဖြစ်ဘူး မင်းတွေးတဲ့အတိုင်းပဲပြောလိုက်” ရှီမာယ ယူသည် သူ့ကို ညင်သာစွာပြောလေသည်။
မို့ယီရှန်းသည် ပတ်ပတ်လည်ကြည့်ကာ တွေ့ကရာဦးတည်ဘက်ကို ညွှန် ပြလိုက်သည်။
အားလုံး၏ နှုတ်ခမ်းထောင့်များသည် တညီတညွှတ်တည်း တွန့်တက် သွားသည် “ငါတို့က အဲဘက်ကလာတာပဲလေ”
“ဟင် မသိလို့ပါ တောင်းပန်ပါတယ်” မို့ယီရှန်းသည် တောင်းပန်ပြီး ပြော လေသည်။
“ဒါဆို ပြန်သွားကြမှာလား” ဝမ်ရှီသည် ပိုင်ယီယန်ကို ချီရင်းပြောလေ သည်။
“သွားမယ် သွားမယ်” ပိုင်ယီယန်ပင်လျှင် ၂ နှစ်အရွယ်ရောက်ပြီဖြစ်ကာ စတင်စကားပြောနိုင်ပြီဖြစ်သည်။
အားလုံးသည် ရှီမာယူယူဘက်သို့ အာရုံရောက်သွားပြီဖြစ်ရာ ရှီမာယူယူ ခေတ္တမျှစဉ်းစားပြီးနောက် ဝူလင်းယူကိုကြည့်လိုက်သည်။ သူ ငြင်းဆန်ခြင်း မရှိသည်ကိုမြင်သည်နှင့် ပြောလိုက်သည် “ယီရှန်းက အဲဒီဘက်ကိုညွှန်ပြမှ တော့ ပြန်သွားကြတာပေါ့”
“ငါတို့ အရှေ့ကတောင်တန်းကနေ လာတုန်းက ကြားထဲမှာ တောင်တန်း လေးတစ်လုံးကို ဖြတ်ခဲ့တာမှတ်မိတယ်.. အဲတုန်းက သေးလွန်းလို့ ငါတို့တွေ မသွားခဲ့ကြဘူးလေ” ဝူလင်းယူ ပြောလေသည်။
ထိုနေရာတွင် တောင်တန်းတစ်ခုရှိသည်ကို အားလုံးမှတ်မိကြသည်။ သို့သော် ထိုအချိန်က တောင်တန်းမှာ အလွန်သေးငယ်သဖြင့် ဝင်မသွားခဲ့ကြ ပေ။ တကယ်တော့ တောင်တန်းတစ်ခုတွင် တောင်တချို့ရှိကာ စုစုပေါင်း အရေအတွက်မှာ ကီလိုမီတာဒါဇင်ခန့်သာရှိသည်။ ကျားဖြူသည် ထိုကဲ့သို့ သေးငယ်သောနေရာတွင် မရှိနိုင်ဟု ခံစားမိသဖြင့် ဝင်မသွားခဲ့ခြင်းဖြစ်သည်။
“ပြန်သွားမယ်ဆိုမှတော့ သေးတဲ့နေရာဖြစ်ရင်တောင် သွားကြည့်သင့် တယ်” ပိုင်ရှောင်ဖေး ပြောလိုက်သည်။
“အင်း ဘယ်လိုပဲဖြစ်ဖြစ် သွားစရာဦးတည်ဘက်မှမရှိတောတာ သွား ကြည့်ကြတာပေါ့” ဖူရှီ ပြောလိုက်သည်။
ထို့ကြောင့် ထိုအဖွဲ့၏ခရီးစဉ်ဦးတည်ဘက်မှာ နောက်ပြန်လှည့်ကြသည်။ ကြားထဲမှ တောင်တန်းလေးကို မလွတ်စေရန်အတွက် ကျန်ခရီးကို သားရဲပျံ မသုံးဘဲ ဖြတ်လမ်းအစီအရင်ကိုသုံးကြသည်။ တောင်ရှိသည်နှင့် တောင်ထိပ်ပင် ဖြစ်စေကာမူ သူတို့တွေ ဝင်ကြည့်ကြသည်။
သူတို့တွင် ဦးတည်ချက်မရှိသလို ယခုလိုသာ လုပ်နိုင်သဖြင့် သူတို့၏ လုပ်ဆောင်ချက်များမှာ နည်းစနစ်မရှိပေ။
သို့သော် ထိုသို့ဆိုလျှင်တောင် ဘာမှမရသေးပေ။
“ဒီကျားဖြူစုတ်ကိုတွေ့လို့ကတော့ အရေစုတ်ပြီး သားမွေးအင်္ကျီလုပ်ဝတ် ပစ်ဦးမယ်” လိပ်မည်းသည် အေးစက်စွာ နှာမှုတ်လေသည်။
“အဘိုး ဒေါသမထွက်ပါနဲ့ ကျွန်တော်တို့တွေ ဒီလောက်လူများတာ သူ့ကို သေချာပေါက် ရှာတွေ့မှာပါ” မို့ယီရှန်း ပြောလိုက်သည်။
အားလုံး၏စိတ်ထဲတွင် မအေးနိုင်တော့ပေ။ သူသည် လက်ရှိအခြေအနေ ကို မသိသောတစ်ဦးတည်းသောသူဖြစ်ကာ လိပ်မည်းကိုပင် အကောင်းမြင်စိတ် ဖြင့် နှစ်သိမ့်ပေးနေသည်။
“အချိန်တွေကုန်လို့လေ” လိပ်မည်း သက်ပြင်းချလေသည်။
“လိပ်မည်း တစ်ခုခုခံစားမိလား” ကြက်သွေးရောင်မီးတောက် မေးလိုက် သည်။
လိပ်မည်း ခေါင်းညိတ်ပြီး လေးနက်သောအသံနေအသံထားဖြင့် ပြန်ဖြေ လေသည် “ခံစားလို့ရတယ် ဒါပေမဲ့ အရမ်းအန္တရာယ်ကြီးတာ တစ်ခုခုဖြစ်တော့ မယ်.. ငါတို့တွေကျားဖြူဆီက သတင်းရတဲ့အချိန်က သူတို့တွေလည်း တစ်ခုခု မြင်ခဲ့တာဖြစ်မယ် ၂ နှစ်ဆိုတာက ငါတို့ကိုရှာတွေ့ဖို့ လုံလောက်နေတာပဲ”
“အဲဒီသားရဲကြီးတွေ ထပ်လာတော့မှာလား” ဝမ်ရှီးသည် ရင်ခွင်ထဲမှ ပိုင်ယီယန်ကို မသိစိတ်မှ ဖက်ထားမိသည်။ ပြီးခဲ့သည့်ကျွန်းတွင်ဖြစ်ခဲ့သည့် အချိန်က ထိုလူများ၏အင်အားသည် သူမကို အကြောက်တရားများ ကျန်နေခဲ့ စေသည်။ အထူးသဖြင့် ယခုအချိန်တွင် သူမနှင့် ပိုင်ရှောင်ဖေးတို့တွင် ကလေး ရှိနေပြီဖြစ်သည်။
“တစ်ခုခုဖြစ်လာရင် ကလေးကိုအရင်ခေါ်သွားလိုက်” ပိုင်ရှောင်ဖေး ပြော လိုက်သည်။
“မဟုတ်ဘူး ကျွန်မရှင့်နောက်လိုက်မယ်” ဝမ်ရှီး ပြောလိုက်သည် “အဲအချိန် ဖြတ်သွားတဲ့လူရှိရင် ကလေးကိုအပ်ထားလိုက်မယ်… ကိစ္စတွေ ပြီး သွားရင် ကလေးကိုပြန်သွားခေါ်မယ်”
“အဲလိုဆို ဘေးကင်းမှမဟုတ်ဘူး” ဖူရှီ ပြောလိုက်သည် “သက်ရောက်မှု ကြီးရင် သူတို့တွေလည်း ကလေးကိုကာကွယ်နိုင်မှာမဟုတ်ဘူး ယူယူ သူတို့ကို ဝိညာဉ်စေတီထဲထည့်ထားလိုက်”
“ကိစ္စမရှိဘူးရယ် ဒါပေမဲ့ ငါ တစ်ခုခုဖြစ်သွားရင် သူတို့တွေထွက်လို့ရမှာ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒီမှာ သွေးမိစ္ဆာမြို့က လူတွေရှိတယ်မလား သူတို့တွေတောင် ဒီလောက် ကြာအောင်နေနိုင်တာ.. ယီယန်သာ အဲဒီမှာဘေးကင်းကင်းနဲ့ ကြီးပြင်းနိုင်ရင် ဘာပြဿနာမှမဖြစ်ပါဘူး” ပိုင်ရှောင်ဖေး ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
သူမ သေသွားလျှင် ဝိညာဉ်စေတီလည်း မတော်တဆဖြစ်သွားနိုင်သည်။ သို့သော် ပျက်စီးသွားမည်မဟုတ်ပေ။ အနာဂတ်တွင် တခြားသခင်ကိုတွေ့ပါက ထိုအချိန်တွင် သူတို့ထွက်လာနိုင်လိမ့်မည်။ အရင်ကတည်း သခင်များစွာရှိခဲ့ သည်မဟုတ်ပါလား။
ထို့အပြင် ကိစ္စများသည် ထိုအဆင့်ထိ မတိုးတက်နိုင်ပေ။
မို့ယီရှန်းသည် ဘာတွေဖြစ်နေသည်ကို မသိပေ။ သို့သော် သူ၏ဆရာ ဖြစ်သူအပါအဝင် အားလုံးသည် အရင်နှင့်မတူတော့သည်ကို ခံစားမိသည်။
“ရှေ့ကတောင်တန်းလေးက ငါတို့အရင်ကဖြတ်ဖူးတဲ့ဟာပဲ” ဖူရှီသည် အရင်တောင်တန်းကြီးနှင့် အနီးဆုံးဖြစ်သည့် တောင်တန်းလေးကိုကြည့်နေ သည်။ ထိုနေရာတွင် ကျားဖြူသတင်းမရှိပါက ဖြတ်ခဲ့သည့်တောင်များကို ပြန် သွားရှာရုံသာရှိတော့သည်။
ဦးတည်ရာမဲ့ ပျံနေရသည့် ခံစားချက်သည် ကောင်းလှသည်တော့ မဟုတ် ပေ။
သူတို့ တောင်များဆီသို့ ချည်းကပ်သွားချိန်တွင် လူအများအပြားသည် လေဟာနယ်ထဲမှ ထွက်လာကြသည်။ ရာပေါင်းများစွာသော လူများသည် သူတို့ ကို ဝိုင်းလိုက်ကြသည်။ ထိုပွဲသည် အရင်ကလိပ်မည်း၏ကျွန်းငယ်တွင် ဖြစ်ခဲ့ သည်ထက် ပိုကြီးနိုင်သည်။
“ကြည့်ရတာ သူတို့တွေ အားအများကြီးထုတ်ထားတာပဲ” ဖူရှီ လှောင်ရယ်လေသည်။
“ဒီလောက် လူအများကြီးနဲ့ သူတို့ကို မသတ်နိုင်ရင်တောင် စွမ်းအားတော့ အများကြီးကုန်မှာပဲ” ပိုင်ရှောင်ဖေး ပြောလိုက်သည် “ယူယူ ကျေးဇူးပြုပြီး ငါတို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်”
ရှီမာယူယူည် ခေါင်းညိတ်ပြီး ဝမ်ရှီးနှင့် ပိုင်ယီယန်တို့နှစ်ယောက်လုံးကို ဝိညာဉ်စေတီအတွင်း ထည့်လိုက်သည်။ ဤအရာကို ပိုင်ရှောင်ဖေးတောင်းဆို ထားခြင်းဖြစ်သည်။ သူသည် ဝမ်ရှီးကို သူ့နောက်မလိုက်စေချင်ပေ။ ထို့အပြင် သူမ၏အင်အားသည် ထိုလူများအတွက် အလွန်အားနည်းနေသေးသည်။
ရှီမာယူယူသည် မို့ယီရှန်းကိုပါ ဝိညာဉ်စေတီထဲ ထည့်လိုက်ချင်သည်။ သို့သော် သူသည် သူမ၏အင်္ကျီလက်ကို ဆွဲပြီး ကြောက်လန့်သည့် မျက်နှာထား ဖြင့် ပြောလေသည် “ဆရာ လူတစ်ယောက်ခေါ်နေတယ်”
အားလုံး၏မျက်နှာများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ ရှီမာယူယူ ကြက်သွေးရောင်မီးတောက်နှင့် စာချုပ်တည်ထောင်စဉ်က သူမ သည် သူ၏ဆင့်ခေါ်မှုနောက်လိုက်ကာ ဂူထဲသို့ရောက်သွားခြင်းဖြစ်သည်။ ယခု အချိန်တွင် သူတို့ မည်သည့်အသံမှမကြားရသော်လည်း သူကြားရသည်။ ဒါက ကျားဖြူက သူ့ကိုဆင့်ခေါ်တာမဟုတ်ဘူးလား။
“တကယ်လား အသံကဘယ်ကလာတာလဲ” လိပ်မည်း မေးလိုက်သည်။
“ရှေ့ကတောင်တွေဆီကပဲ” မို့ယီရှန်းသည် မသေချာစွာဖြင့် ပြောလေ သည်။
“ယူယူ သူ့ကိုရှေကတောင်တန်းလေးဆီ ခေါ်သွားလိုက် ဒီနေရာကို ငါတို့ကိုအပ်ထားလိုက်” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။
“ဟုတ်ပြီ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေလည်း ထားသွားလိုက်မယ်” ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ထောင်ပေါင်းများစွာသော ရှေးဟောင်း တိုက်ပွဲဝိညာဉ်များသည် သူတို့ကိုအလယ်မှာထားပြီး ကာထား သည်။ ထို့နောက် မို့ယီရှန်း၏လက်ကို ဆွဲကာ ပုံရိပ်နှစ်ခုသည် လေထဲမှ ပျောက် ကွယ်သွားလေသည်။
ထိုလူများသည် ရှီမာယူယူနှင့် မို့ယီရှန်းတို့ပျောက်သွားသည်ကို မြင်လိုက် ရသည်။ သည်တစ်ကြိမ်တွင် သူတို့၏ အဓိကပစ်မှတ်မှာ ကျားဖြူ၏စာချုပ် သခင်ဖြစ်သည်။ သူ ပျောက်သွားသည်ကို မြင်သည်နှင့်ခေါင်းဆောင်ပြော လိုက်သည် “အဲနှစ်ယောက် နောက်ကိုလိုက်ကြ”
“ရောက်လာမှတော့ ဒီမှာပဲနေပေါ့ ဘယ်သွားမလို့လဲ” ဖူရှီသည် ပြောပြီး နောက် အဇူရာနဂါးဘက်သို့လှည့်ကာ ဦးဆောင်တိုက်ခိုက်လေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ထိုလူများကိုဆွဲထားပြီး ရှီမာယူယူနှင့် မို့ယီရှန်းတို့ ကျားဖြူကိုရှာပြီး စာချုပ်တည်ထောင်စေသည်။
ရှီမာယူယူသည် မို့ယီရှန်းနှင့်အတူ လေဟာနယ်ထဲမှ ထွက်လာသည်။ သည်တစ်ကြိမ်တွင် သူမသည် မို့ယီရှန်း နားလည်သည်၊ နားမလည်သည်ကို ဂရုမစိုက်တော့ဘဲ သူ့ကိုကြည့်ကာ ပြောလိုက်သည် “ယီရှန်း မင်းကိုဆင့်ခေါ်တဲ့ အံ့ဖွယ်သားရဲကိုရှာတွေ့ရင် သွားပြီးစာချုပ်တည်ထောင်ရမယ် သိပြီလား”
“ဆရာ အဲဒါကကျားဖြူလား သူနဲ့စာချုပ်တည်ထောင်လိုက်ရင် ဆရာ့ကို ကူညီနိုင်မှာလား” မို့ယီရှန်း ပြောလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “မင်းကို အခုဘယ်က ခေါ်နေလဲသိလား”