← Chapters

ချီအဆီအနှစ် ဆေးလုံး

Vol. 1 Ch. 9

ချီအဆီအနှစ် ဆေးလုံး

Vol. 1 Ch. 9

ယဲ့ချန် ပြတ်သား နေသည်ကို တွေ့တော့ ယဲ့ကျန့်ထျန်းလည်း ထပ်မတိုက်တွန်း ဖြစ်တော့။

“အင်း... မိုးကြိုးအင်ပါယာ ကျင့်စဉ်က သာမန်ကျင့်စဉ် မဟုတ်တာတော့ အမှန်ပဲ၊ ဒီရက်ပိုင်း အဖေ တွေးမိတာ တစ်ခုရှိတယ်။ ကျင့်စဉ်ရဲ့ ပထမအဆင့်ကို မိသားစု တစ်ခုလုံးက လူတွေ လေ့ကျင့်နိုင်အောင် ပေးလိုက်ရင် ကောင်းမလား မိသားစု တစ်ခုလုံးလည်း အကျိုး ရှိသွားတာပေါ့”

မိုးကြိုးအင်ပါယာ ကျင့်စဉ်သည် ယဲ့ချန်ထံမှ မြစ်ဖျားခံလာခြင်း ဖြစ်၍ ယဲ့ကျန့်ထျန်းက သားဖြစ်သူ၏ သဘောထားကို အရင် တောင်းခံတာ ဖြစ်သည်။

မိုးကြိုးအင်ပါယာ ကျင့်စဉ်သည် ကဏ္ဍကိုးခုထဲမှ တစ်ခုမျှသာ ဖြစ်ပြီး ပထမ အဆင့်သည် သာမန်ထက် တရားလွန် ထူးကဲနေခြင်းမျိုး မရှိပေ။ ထို့ကြောင့် ယဲ့မိသားစုဝင်များထံ ပေးလိုက်လျှင်ပင် အန္တရာယ်ထက် အကျိုးကျေးဇူးက များသည်။ ယဲ့မိသားစုဝင်များ ပိုမို သန်မာလာပါက အနာဂတ်တွင် အကျိုး ဖြစ်ထွန်းမည်မှာ ယဲ့မိသားစုသာ ဖြစ်သည်။ ထိုသို့အတွေးနှင့် ယဲ့ချန်က သဘောတူလိုက်သည်။

“ကျင့်စဉ်ကို အဖေ့ဆီ လွှဲပေးလိုက်ပြီ ဆိုတည်းက ဘာလုပ်သင့်တယ် ဆိုတာကို အဖေကိုယ်တိုင်ပဲ ဆုံးဖြတ်လို့ ရပါတယ်”

“ကောင်းပြီ”

ယဲ့ကျန့်ထျန်းက သဘောတကျနှင့် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ရာကို အမှတ်ရသွားဟန်နှင့် ယဲ့ချန်အနားသို့ တိုးလာကာ အလေးအနက် မေးလေသည်။

“ချန်အာ.. အဖေ သတိထားမိသလောက် သားနဲ့ လော့အာတို့ ဒီရက်ပိုင်း ပိုပြီး နီးနီးကပ်ကပ် ရှိလာသလိုပဲ သား... လော့အာကို စိတ်ဝင်စားနေတာ များလား”

ယဲ့ကျန့်ထျန်းအတွက် ယဲ့ချန်၏ သွေးကြောများ ပြန်ကောင်းလာရေး သည်သာ ပထမဦးစားပေးကိစ္စ ဖြစ်ခဲ့ပြီး တခြား အရာများကို ပူပန်ရန် အချိန်မရခဲ့။ ယခုမူ သုံးနှစ်တာ စိုးရိမ် ပူပန်ခဲ့ရခြင်းမှ လွတ်မြောက်သွားပြီ ဖြစ်ရာ ယဲ့ကျန့်ထျန်း၏ အာရုံက ဒုတိယ ဦးစားပေး ကိစ္စဖြစ်သော လက်ထပ် ထိမ်းမြားခြင်းသို့ ရောက်ရှိလာသည်။

“ကျွန်တော်က လော့အာကို... ညီမလေးလိုပဲ အမြဲ သဘောထားတယ်”

ယဲ့ချန် ပြန်ဖြေလိုက်သည်။ ပြောမဲ့သာ ပြောရသည် အချိန်နှင့်အမျှ ပြောင်းလဲ လာနေသော သူတို့ နှစ်ယောက်ကြားရှိ ခံစားချက်များကို ယဲ့ချန် ကိုယ်တိုင်လည်း သတိထားမိပါ၏။ ယဲ့ကျန့်ထျန်းက သူ့သား၏ အမူအယာကို အကဲခတ်ပြီး နောက်ဆုံးမှ ပြောသည်။

“အဲဒီလို ဆိုရင်တော့ အကောင်းဆုံးပေါ့ကွာ၊ လော့အာကို ယဲ့မိသားစုက မွေးစားထားတယ် ဆိုပေမဲ့ သူမရဲ့ တကယ့်နောက်ခံက အရမ်း… အရမ်းကို ရှုပ်ထွေးလွန်းတယ် မောင်နှမထက် ပိုတဲ့ ခံစားချက်တွေ မမွေးမြူသင့်ဘူး။ ဒါပေမဲ့ အဖေယုံပါတယ်၊ အဖေ့သား ချန်အာက အကောင်း အဆိုးကို သေချာပေါက် ခွဲခြားတတ်မှာပါ”

လော့အာ၏ နောက်ခံမိသားစုနှင့် ပတ်သက်၍ အနည်းနှင့်အများ ရှုပ်ထွေးမည်ကို ယဲ့ချန် တွေးမိပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း မိသားစု အတွင်းတွင် လော့အာအပေါ်  စိတ်ဝင်စားနေသော ကောင်လေးတချို့ ရှိသော်လည်း ဘယ်သူကမှ လော့အာထံ ပေါ်ပေါ်ထင်ထင် မချဉ်းကပ်ရဲကြတာ ဖြစ်သည်။

“မဟုတ်သေးဘူး အခုချိန်မှာ ကျင့်ကြံခြင်းကိုပဲ အာရုံ စိုက်ထားရမယ် ဘိုးဘေး ကန်တော့ပွဲမှာ တစ်ခုခု လွဲချော်သွားလို့ မဖြစ်ဘူး”

ယဲ့ချန် ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။

“ဒီမှာ.. ဒါက ယဲ့မိသားစုရဲ့ ပညာရပ်တွေထဲက အစွမ်းအထက်ဆုံး “ကမ္ဘာဦး မိုးကြိုးခန္ဓာ”ပဲ ဒါကို ချက်ချင်းကြီး လေ့ကျင့်အောင်မြင်ဖို့ ပေးတာမဟုတ်ဘူး ဒီတစ်ပတ်အတွင်း လေ့ကျင့်တဲ့ နေရာမှာ ဒီပညာရပ်ထဲကနေ ဉာဏ်အလင်း တချို့ ရနိုင်ဖို့ အဖေက ပေးတာ..”

ယဲ့ကျန့်ထျန်းက အံဝှက်တစ်ခု အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ ယဲ့ချန် လက်ထဲသို့ ထည့်ပေးရင်း ပြောသည်။

“အရေးကြီးတာက ဒီစာအုပ်ကို အချိန်ပြည့် ကိုယ်နဲ့ မကွာထားပြီး မပျောက်စေနဲ့ ဟုတ်ပြီလား၊ ဒါက ယဲ့မိသားစုရဲ့ ရတနာပဲ ပျောက်လို့မဖြစ်ဘူး၊ ဒီရက်ပိုင်းအတွင်း အတတ်နိုင်ဆုံး လေ့ကျင့်တာကိုပဲ အာရုံစိုက်ထားပြီး ကျန်တာအကုန် အဖေ့ကို လွှဲထားလိုက်”

“ဟုတ်ကဲ့ နားလည်ပါပြီ”

ယဲ့ချန် အံ့ဩ သွားသော်လည်း ပြန်ဖြေလိုက်သည်။ “ကမ္ဘာဦးမိုးကြိုးခန္ဓာ” ပညာရပ်သည် ယဲ့မိသားစုတွင် အလွန် အဖိုးတန်သော ရတနာဖြစ်ပြီး ယဲ့ကျန့်ထျန်းနှင့် ယဲ့ကျန့်လုံ နှစ်ယောက်သာ လေ့ကျင့်ခွင့်ရှိသည်။ ယဲ့မော့ယန်ကဲ့သို့ အကြီးအကဲချုပ်ပင် လေ့ကျင့်ခွင့် မရှိတာ ဖြစ်သည်။

“မိုးကြိုးအင်ပါယာ ကျင့်စဉ်က အံ့မခန်းပဲ “ကမ္ဘာဦး မိုးကြိုးခန္ဓာ”နဲ့ တွဲဖက် လေ့လာရင် ပိုတောင် အကျိုးများတယ် အခုချိန် ထျန်းချီ အဆင့်၉ တစ်ယောက်နဲ့ ရင်ဆိုင်ရမယ် ဆိုရင်တောင် အဖေ ယုံကြည်မှုရှိနေပြီ ထျန်းချီ အဆင့်၈မှာ ၅နှစ်လောက် တိုးတက်မှု ရပ်တန့်နေခဲ့တာ အခုမှပဲ မျှော်လင့်ချက် ရောက်ခြည် တစ်ခုကို အဖေ ပြန်မြင်လိုက်ရသလိုပဲ”

“ဂုဏ်ပြုပါတယ် အဖေ”

“အဖေသာ တကယ်လို့ ထျန်းချီ အဆင့်၉ကို ရောက်သွားခဲ့ရင် ယဲ့မိသားစုမှာ ရှိနေတဲ့ ကပ်ပါးကောင်တွေ အကုန်လုံးကို ရှင်းထုတ်ပစ်ရမယ်။ ဒီလိုလုပ်တာက ယဲ့မိသားစုနဲ့ ယွင်မိသားစုကြားက အခြေအနေကို ပိုပြီး ဆိုးလာစေမယ် ဆိုရင်တောင်မှ လုပ်ရမှာပဲ”

ယဲ့မော့ယန်၏ တင်တင်စီးစီး ပြုံးနေသော မျက်နှာကို မြင်ယောင်မိလျှင် ယဲ့ကျန့်ထျန်း အမူအယာက ပိုလို့ အေးစက်သွားသည်။

“လောလောဆယ် အဲဒီကိစ္စတွေကို ထားလိုက်ဦး မိုးကြိုး အင်ပါယာ ကျင့်စဉ်ကို လေ့လာပြီးတဲ့နောက် မိုးကြိုးလက်ဝါး အတွင်းအားကျင့်စဉ် ပထမအဆင့်မှာ အမှား ၁၃ခု ရှိနေတာကို တွေ့ရတယ်။ ချန်အာ လေ့ကျင့်တဲ့အခါ ပိုပြီး ချောချောမွေ့မွေ့ ဖြစ်ရအောင် အဲဒီ အမှားတွေကို အဖေ ရှင်းပြပေးမယ်”

ထို့နောက် ယဲ့ကျန့်ထျန်းသည် သူရှာဖွေ့တွေ့ ရှိထားသော အမှား ၁၃ခုအား ယဲ့ချန်ထံ အသေအချာ ရှင်းပြပေး၏။ သို့သော် ယဲ့ချန် စိတ်ထဲ၌ အတန်ငယ် ရှုပ်ထွေးနေသည်။

“ပထမအဆင့်မှာ အမှားက ၁၃ခုပဲ ရှိတာလား ဒါပေမဲ့ ငါရှာတွေ့ထားတဲ့ အမှားက ၃၅ခုတောင် ရှိတယ် ဘာပဲဖြစ်ဖြစ် အဖေက ငါ့ထက် အတွေ့အကြုံများတဲ့သူ ဆိုတော့ ငါမှားသွားတာများလား”

“တစ်ခုခု နားမလည်တာ ရှိလို့လား ချန်အာ”

ယဲ့ချန်၏ အမူအယာကို သတိထားမိ သွားသောကြောင့် ယဲ့ကျန့်ထျန်းက မေးသည်။

“ကျွန်တော် အဖေ ပြောတာတွေကို သုံးသပ်နေတာပါ”

“အင်း ချန်အာရဲ့ ပါရမီနဲ့ဆိုရင် တစ်လအတွင်း ထျန်းချီအဆင့် ၅ကို ရောက်လောက်တယ် ။ ထျန်းချီအဆင့် ၆ကို ရောက်ဖို့ကတော့ တစ်နှစ်ထက် မပိုလောက်ဘူး”

ယဲ့ကျန့်ထျန်း ရှင်းပြသော အမှား၁၃က ယဲ့ချန် ရှာတွေ့ထားပြီး ဖြစ်သည်။ ကျန်သော အမှား၂၂ကမူ ယဲ့ကျန့်ထျန်း ရှင်းပြသသည့် အထဲ၌ မပါဝင်။

“အဖေ... မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်ထဲမှာ ထျန်းချီတွေကို ထျန်းချုံ အကြောကနေ စုပ်ယူပြီး ရှန်းမန် အကြောကနေ ပြန်ထုတ်ရမယ်လို့ ဆိုထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခု သတိထားမိသေးလား”

ယဲ့ချန်က ဂရုတစိုက်နှင့် မေးလိုက်သည်။

ယဲ့ကျန့်ထျန်းသည် ခဏမျှ အသေအချာ စဉ်းစားပြီးမှ ခေါင်းယမ်းသည်။

“ဟင့်အင်း တစ်ခုခု မှားယွင်းနေတာမျိုး မရှိပါဘူး”

“ငါမှားသွားတာများလား”

ယဲ့ချန် ဇဝေဇဝါ ဖြစ်သွားသည်။ ပထမ အဆင့်၌ပင် သူ့ဖခင်နှင့် သူက အတွေးမတူ ဖြစ်နေသည်။ သို့သော် အတွင်းစိတ် တနေရာမှ သူမမှားနိုင်ဟု ယုံကြည် နေပြန်သည်။ ထိုယုံကြည်မှုက ဘယ်ကလာသည်တော့ မသိပေ။ မည်သို့ပင်ဆိုစေ သူကိုယ်ပင် မသေချာသည်မို့ စိတ်ထဲမှ သံသယကို ထုတ်မပြောလိုပါ။

“ပထမအဆင့်ကို ပြန်သုံးသပ်ဖို့ အချိန်တချို့ လိုတယ်။ ကျွန်တော် အခန်းကို အရင် ပြန်လိုက်မယ်”

“ကောင်းပြီ၊ အခန်းကို ပြန်ရောက်တဲ့အခါ သေချာလေ့ကျင့်ပါ။ နောက် ခုနစ်ရက်နေရင် အရေးကြီးတဲ့ ပြိုင်ပွဲရှိတာ မမေ့နဲ့”

ယဲ့ကျန့်ထျန်းက တင်းတင်းကျပ်ကျပ် သတိပေးသည်။

“နားလည်ပါပြီ”

ယဲ့ချန်က ပြန်ဖြေပြီးနောက် သူ့အခန်းသို့ ပြန်လာ ခဲ့လိုက်သည်။ အခန်းသို့ ပြန်ရောက်သည့်တိုင် စိတ်အတွင်းရှိ ဇဝေဇဝါ ဖြစ်နေမှုက မပြယ်ပျောက်သေး။

“ပထမအဆင့်မှာ ၁၃ခုထက်ပိုတဲ့ အမှားတွေ ရှိနေတာ အသေအချာပါ၊ ဘာလို့ အဖေက သတိမပြုမိရတာလဲ၊ မဟုတ်မှလွဲရော ငါ့ရဲ့ ဆင်ခြင် သုံးသပ်မှုက လွဲချော်သွားတာလား”

အချိန်ယူ စဉ်းစားပြီးနောက် သူ့ဖခင်၏ ရှင်းပြမှုအား ခဏ မေ့ဖျောက်ကာ ကနဦး နားလည်ထားသည့်အတိုင်း ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။

ပထမဦးဆုံး မိုးကြိုးအင်ပါယာ ကျင့်စဉ်ကို လေ့ကျင့်သည်။ ထို့နောက် ယဲ့မိသားစု သိုင်းပညာရပ်များကို လေ့ကျင့်သည်။ နောက်ဆုံးမှ “ကမ္ဘာဦး မိုးကြိုးခန္ဓာ” ပညာရပ်အကြောင်း ရေးသားထားသော စာအုပ်ကို ထုတ်ယူလိုက်သည်။

ကမ္ဘာဦး မိုးကြိုးခန္ဓာသည် မိုးကြိုးသဘာဝ ပညာရပ်တစ်ခု ဖြစ်ပြီး တိုက်ပွဲအတွင်း တစ်စုံတစ်ယောက်သည် မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်ကို လှည့်လည် လိုက်သည်နှင့် မိုးကြိုးအကာအကွယ် ခန္ဓာကိုယ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ယဲ့ကျန့်ထျန်းကဲ့သို့ ထျန်းချီအဆင့်၈ ပညာရှင် တစ်ယောက်သည် ကမ္ဘာဦးမိုးကြိုး ခန္ဓာ၏ အကာအကွယ် အောက်တွင် သာမန် ထျန်းချီအဆင့်၉ ပညာရှင် တစ်ယောက်ကို အနိုင်ယူနိုင်သည်။

ယဲ့ကျန့်ထျန်းသည် ကမ္ဘာဦးမိုးကြိုး ခန္ဓာကို လေ့ကျင့်စဉ်က ထျန်းချီအဆင့်၇ ဖြစ်ပြီး ပညာရပ်၏ စွမ်းအား အပြည့်အဝကို ဖော်ထုတ်နိုင်ရန် သုံးနှစ်ကျော်ခန့် ရုန်းကန် ကြိုးစားခဲ့ရသည်။ ထို့ကြောင့်လည်း ယဲ့ကျန့်ထျန်းက ယဲ့ချန်တစ်ယောက် ကမ္ဘာဦးမိုးကြိုး ခန္ဓာကို ခုနစ်ရက်အတွင်း အောင်မြင်နိုင်ရန် (လုံးဝ) မျှော်လင့်ထားခြင်း မရှိ။ ထိုပညာရပ်ကို လေ့လာရင်း မိုးကြိုးသဘာဝ စွမ်းအားများအပေါ် ယဲ့ချန်၏ နားလည်နိုင်စွမ်း မြင့်မား လာစေရန် ရည်ရွယ်၍ ပေးခဲ့ခြင်းသာ ဖြစ်သည်။

“ကမ္ဘာဦးမိုးကြိုး ခန္ဓာကိုယ် လေ့ကျင့်ဖို့အတွက် သာမန်ထက် သုံးဆ ဒါမှမဟုတ် အဆပေါင်းများစွာ ပိုမြန်တဲ့ ထျန်းချီ လှည့်ပတ်မှုနှုန်း ရှိဖို့လိုတယ်  ဒီပညာရပ်ကို တီထွင်ခဲ့တဲ့ လူကတော့ တကယ့်ကို ပြိုင်စံရှားပဲ”

စာအုပ်၏ စာရွက် တချက်ချင်းစီကို လှန်လှော ဖတ်ရှုရင်း ယဲ့ချန် ရေရွတ်မိသည်။ ကမ္ဘာဦး မိုးကြိုးခန္ဓာအား လေ့ကျင့်ရာတွင် လိုအပ်သော ချီစွမ်းအင် အမြောက်အမြားကို ကာမိစေရန် တစ်စုံ တစ်ယောက်သည် ပုံမှန်ထက် အဆများစွာမြန်သည့် အရှိန်ဖြင့် ထျန်းချီများကို လှည့်ပတ်ရမည် ဖြစ်သည်။

သာမန်လူ တစ်ယောက်အတွက် ထိုအချက်က စိန်ခေါ်မှုကြီးတရပ် ဖြစ်နိုင်သော်လည်း ယဲ့ချန်အတွက်မူ အထွေအထူး မဟုတ်ပေ။ အသိစိတ်အတွင်းရှိ ဓားအား နှိုးဆွလိုက်ရုံနှင့် အလွန်သန့်စင်သော ထျန်းချီများက အဆုံးမရှိ လှိုင်းလုံးကြီးများပမာ တန့်ထျန်ထဲသို့ ဝင်ရောက်လာမည် ဖြစ်သည်။ ထိုထျန်းချီများက ကောင်းကင်နှင့် မြေကြီးမှ ထျန်းချီများထက် သန့်စင်ရုံသာမက ခန္ဓာကိုယ်အတွင်း လှည့်ပတ်ရာတွင်လည်း အဆများစွာ ပိုမြန်သည်။

“အင်း ဒီကမ္ဘာဦးမိုးကြိုးခန္ဓာက ငါနဲ့ တော်တော်လေး သင့်တော်တယ်”

မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်ထက် အဆင့်မြင့်သော မိုးကြိုးအင်ပါယာ ကျင့်စဉ်ကိုပင် ဆင်ခြင်သုံးသပ်နိုင်မှတော့ မိုးကြိုးလက်ဝါး အတွင်းအားကျင့်စဉ်နှင့် ဆက်စပ်နေသော ကမ္ဘာဦးမိုးကြိုးခန္ဓာကိုလည်း အောင်အောင်မြင်မြင် လေ့ကျင့်နိုင်လိမ့်မည်ဟု ယဲ့ချန် ယုံကြည်မှု ရှိသည်။

ကမ္ဘာဦးမိုးကြိုးခန္ဓာ၏ လေ့ကျင့်နည်း အသေးစိတ်ကို နှလုံးသားထဲ စွဲနေအောင် မှတ်သားလိုက်ပြီးနောက် ယဲ့ချန်က အသိစိတ်အတွင်းရှိ ဓားအား နှိုးဆွလိုက်သည်။ ထို့နောက် အရှိန်အဟုန်ဖြင့် စီးဆင်းလာသော ထျန်းချီများအား ခန္ဓာကိုယ်အတွင်း နည်းစနစ် မှန်မှန်နှင့် လှည့်လည်ကာ တန့်ထျန်ဆီသို့ လမ်းညွှန်လိုက်သည်။ အဆုံးမဲ့ သန့်စင်သော ထျန်းချီများက ယဲ့ချန်ခန္ဓာကိုယ် အတွင်းရှိ အဓိက သွေးကြောများကို စက္ကန့်ပိုင်းအတွင်း ဖြတ်သန်း စီးဆင်းသွားသည်။ အရှိန်ကား အလွန်မြန်သည်။ တစ်ဆက်တည်းတွင် ယဲ့ချန်က ရေရွတ်လိုက်၏။

“ကမ္ဘာဦးမိုးကြိုးခန္ဓာ”

ရေရွတ်သံ အဆုံးတွင် တန့်ထျန်အတွင်းရှိ ထျန်းချီများသည် မိုးကြိုးသဘာဝ စွမ်းအင်များ အဖြစ် အသွင်ပြောင်းကာ ကမ္ဘာဦး မိုးကြိုးခန္ဓာကို ထောက်ပံ့သည်။ ယဲ့ချန်၏ ခန္ဓာကိုယ် တဝိုက်တွင် ငွေဖြူရောင် အလင်းများ ရစ်သိုင်းလာသည်။ ထျန်းချီများကို လှည့်ပတ်သည့် အကြိမ်ရေ များလာသည်နှင့်အတူ ခန့်ညား ထည်ဝါသော မိုးကြိုးသဘာဝ စွမ်းအင်တဖြာက ယဲ့ချန်၏ ခန္ဓာကိုယ်တွင် ဖြစ်တည်လာကာ ဖောက်ထွင်းမြင်ရတော့မတတ် ကြည်လင် သန့်စင်လာသည်။

နောက်ထပ် သုံးစက္ကန့် အကြာတွင် တန့်ထျန်အတွင်း ထျန်းချီ ပြတ်လပ်သွားမှုကြောင့် ယဲ့ချန်၏ အသက်ရှုသံများ မြန်လာသည်။ သူ့မျက်နှာလည်း ဖြူဖျော့သွားကာ ကမ္ဘာဦး မိုးကြိုးခန္ဓာ ကျင့်စဉ်အား ကမန်းကတန်း ရပ်တန့် လိုက်ရသည်။ အသက်ပြင်းပြင်း ရှုသွင်းနေရင်း ကုတင်အနီးရှိ စားပွဲအား လက်ဖြင့် ထောက်ကာ ပင့်သက် ရှိုက်မိသည်။

“ကမ္ဘာဦးမိုးကြိုးခန္ဓာကို ရက်စက်တဲ့ ကျင့်စဉ်လို့ ပြောကြတာ မဆန်းတော့ဘူး”

တစ်စုံ တစ်ယောက်သည် မည်သည့် သိုင်းပညာရပ်ကို မဆို အသုံးပြုပြီး ကမ္ဘာဦး မိုးကြိုးခန္ဓာ ပိုင်ရှင်အား တိုက်ခိုက်ပါက အသုံးပြုလိုက်သော သိုင်းပညာရပ်က မြင့််မားလေလေ တန်ပြန် သက်ရောက်မှုက မြင့်လေလေ ဖြစ်သည်။ ထိုအရာက ကိုယ့်အတတ် ကိုယ်စူးခြင်းဟု ပြောရမလိုပင်။

ကံမကောင်းစွာ ယဲ့ချန်ကဲ့သို့ ထျန်းချီအဆင့်၄ တစ်ယောက် အနေနှင့် ကမ္ဘာဦးမိုးကြိုး ခန္ဓာကို ထုတ်ဖော်နိုင်သည့် အကြာဆုံး အချိန်မှာ သုံးစက္ကန့်သာ။

မည်သို့ပင်ဆိုစေ ယဲ့ချန်၏ အံ့ဩဖွယ် နားလည်နိုင်စွမ်းကား မြင့်မား နေသေးသည်။ သူ့ဖခင်ကဲ့သို့ ထျန်းချီ အဆင့်၈ ပညာရှင် တစ်ယောက်ပင် ကမ္ဘာဦး မိုးကြိုး ခန္ဓာကို လေ့ကျင့် အောင်မြင်နိုင်ရန် သုံးနှစ်ကျော် ရုန်းကန် ကြိုးစားခဲ့ရတာကို မမေ့သင့်ပေ။

“တကယ်လို့ ဒါကို တကယ့်တိုက်ပွဲ အစစ်မှာ သုံးမယ်ဆိုရင် စက္ကန့် အနည်းငယ်လောက် ပိုပြီး အသုံးပြုနိုင်လောက်တယ်”

ယဲ့ချန် ရေရွတ်လိုက်သည်။ သုံးစက္ကန့်ကား တိုတောင်း လွန်းလှသည်။ အသိစိတ် အတွင်းရှိ ဓားထံမှ အဆုံးအဆမဲ့သော ထျန်းချီထောက်ပံ့မှုနှင့် ဆိုပါက သုံးစက္ကန့်ထက် ပိုသော အချိန်တစ်ခုအထိ တောင့်ခံ နိုင်လောက်သည်။ အရေးအကြီးဆုံး အချက်မှာ တန့်ထျန်ထဲ၌ ထျန်းချီ ပြတ်လပ် မသွားဖို့ပင်။ ယဲ့ချန်တွင် မကုန်ဆုံးနိုင်သော ထျန်းချီ သမုဒ္ဒရာကြီး ရှိသော်လည်း သူ့ခန္ဓာကိုယ်က ထျန်းချီအဆင့်၄သာ ရှိသေးရာ တန့်ထျန်ထဲ၌ စုဆောင်းနိုင်သော ထျန်းချီ ပမာဏကလည်း အကန့်အသတ် ရှိသည်။

ခဏတာ အနားယူပြီးနောက် ယဲ့ချန်သည် တစ်ဖန် ခြေချိတ် ထိုင်လိုက်ကာ ဓားအတွင်းမှ ထျန်းချီများကို စုပ်ယူနေလိုက်သည်။ ထျန်းချီတစက်တလေမျှ မရှိတော့သော တန့်ထျန်အတွင်း ထျန်းချီများ ပြန်လည် ပြည့်နှက်သွားတော့မှ ရပ်တန့်လိုက်သည်။

သာမန်အားဖြင့် ထျန်းချီအဆင့်၄ ကျင့်ကြံ သူတစ်ယောက်၏ တန့်ထျန်ကို ထျန်းချီများဖြင့် ပြည့်နှက်စေရန် ကောင်းကင်နှင့် မြေကြီးရှိ ထျန်းချီများအား နာရီပေါင်းများစွာ စုပ်ယူဖို့ လိုသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်က မြင့်လေလေ တန့်ထျန်က ပိုမို ကျယ်ပြန့်လေလေ ဖြစ်ရာ ကျင့်ကြံဆင့် မြင့်သူများက အချိန်ပိုပေးရသည်။ ယဲ့ချန်အတွက်မူ တန့်ထျန်အတွင်း ထျန်းချီများ ပြည့်နှက် သွားစေရန် ၁၅မိနစ်သာ ကြာသည်။ ထို့ပြင် သူ့ခန္ဓာကိုယ် အတွင်းရှိ ထျန်းချီများသည် ပြိုင်ဘက်ကင်း သန့်စင်၏။

ယဲ့ချန် မျက်လုံးများ ပွင့်လာကာ တွေးလိုက်သည်။

“ကမ္ဘာဦး မိုးကြိုးခန္ဓာကို နောက်တစ်ကြိမ် ထုတ်ဖော်ကြည့်ရမယ်”

“ငါ့အသိစိတ်ထဲက ဓားက တကယ်ကို မယုံနိုင်စရာပဲ”

သူ့အသိစိတ်အတွင်းရှိ ဓားသည် သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းအား ဆယ်ဆခန့် ပိုမြန်စေသည်။ အချိန်ကြာလာသည့်တိုင် ထိုအချက်ကို ယဲ့ချန် ကျင့်သား မရစွာ အံ့ဩဝမ်းသာနေမိဆဲ။

“ကမ္ဘာဦး မိုးကြိုးခန္ဓာ”

ယဲ့ချန်သည် ကမ္ဘာဦး မိုးကြိုးခန္ဓာအား လေ့ကျင့်ရင်း ကျင့်ကြံဆင့်ကိုပါ မြှင့်တင်ရန် ကြိုးစားလိုက်သည်။ လေ့ကျင့်သည့် အကြိမ်ရေ များလာသည့်နှင့် အမျှ တန့်ထျန် အတွင်းရှိ ထျန်းချီများသည် ကုန်သွားလိုက်၊ ပြန်ပြည့်လာလိုက်နှင့် အကြိမ်တိုင်းတွင် ပိုမို သိပ်သည်း လာနေသည်။ ယဲ့ချန် ထင်တာမမှားလျှင် သူ၏ ကျင့်ကြံဆင့်က ထျန်းချီအဆင့်၄ အလယ်အလတ်သို့ ရောက်ရှိ နေလောက်သည်။ ကမ္ဘာဦး မိုးကြိုးခန္ဓာကို ထုတ်ဖော်နိုင်သော ကြာချိန်သည်လည်း သုံးစက္ကန့်မှ လေးစက္ကန့်သို့ တိုးတက်လာသည်။

အကြောင်း တချို့ကြောင့် ယဲ့ချန်သည် မရပ်မနား လေ့ကျင့် နေသည့်တိုင် အနည်းငယ်မျှသော မောပန်းခြင်းကိုပင် မခံစားရ။ ဆန့်ကျင်ဘက် အနေနှင့် ပိုမို တက်ကြွလာကာ ဆက်လက် လေ့ကျင့်နေသည်။

အိပ်စက်ရမည့် ညလယ်ခေါင် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း စိတ်အား ထက်သန်နေသည့် လူငယ်လေးကတော့ မနက်လင်းသည်အထိ ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

...

ယဲ့မော့ယန်၏ ကိုယ်ပိုင်ခြံဝန်း အတွင်း၌...

“အဖေ… ဟိုအမှိုက်ကောင်နဲ့ ပတ်သက်ပြီး တစ်ခုခု သတိထားမိတာ ရှိလား၊ သူတို့ သားအဖေနှစ်ယောက် ဘာတွေ ကြိတ်ကြံစည် နေတယ်လို့ ထင်လဲ”

ဆက်ခံသူဟူသော ခန့်ခန့်ထည်ထည် ဂုဏ်ပုဒ်အကြောင်း တွေးမိလေလေ ယဲ့ခုံးယန်က ပိုလို့ပင် လက်မလွှတ်နိုင်လေလေ ဖြစ်သောကြောင့် သူ့ဖခင်အား မေးလိုက်သည်။

“ယဲ့ချန်ရဲ့ အဓိက သွေးကြောတွေက ပျက်စီးနေတာ ကြာလှပြီ သူလုပ်နိုင်တာ ဘာမှ မရှိဘူး ယဲ့မုန့်တို့ ယဲ့မင်တို့လို နောက်ပေါက် လေးတွေကလည်း မင်းကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ငါတို့အနေနဲ့ ပေါ့ဆလို့မဖြစ်ဘူး၊ ယဲ့ကျန့်ထျန်းနဲ့ ယဲ့ကျန့်လုံတို့ နှစ်ယောက်ရဲ့ စိတ်ဓာတ်အရ ဆက်ခံသူ နေရာကို မင်းဆီ အလွယ်တကူ ပေးလိုက်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် အောင်မြင်မှုက လက်တကမ်းမှာပဲ ရှိနေတဲ့အချိန်မှာ အလွဲလွဲ အချော်ချော်တွေ ဖြစ်မလာအောင် မင်းအနေနဲ့ ခုနစ်ရက်အတွင်း ထျန်းချီအဆင့်၆ကို ရောက်ထားဖို့ လိုတယ်”

“ခုနစ်ရက် အတွင်း ထျန်းချီအဆင့်၆”

သူ့ဖခင်၏ စကားကြောင့် ယဲ့ခုံးယန်မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရသည်။

“မင်းစိတ်ပူစရာ မလိုဘူး ငါပြင်ဆင် ထားပြီးသား”

ယဲ့မော့ယန်က ပြုံးကာ ပြောလိုက်ပြီးနောက် ပုလင်းလေး တစ်လုံးအား သူ့သားထံ ပေးလိုက်သည်။

ပုလင်းအဆို့အား ဖွင့်လိုက်သည်တွင် တလုံးတည်းသော အနီရောင် ဆေးလုံးလေးအား တွေ့လိုက်ရသည်။ တစ်ချက် ကြည့်ရုံနှင့်တင် ချီစွမ်းအင်များ ပြည့်ဝနေသော တန်ဖိုးကြီး ဆေးလုံးမှန်း သိနိုင်သည်။

ထိုဆေးလုံးကို ဘာဆေးလုံးမှန်း သတိထားမိ သွားချိန်တွင် ယဲ့ခုံးယန် တစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

“အ... အဖေ… ဒါ..ဒါက ချီအဆီအနှစ် ဆေးလုံး..”

“မှန်တယ် ဒါက ချီအဆီအနှစ် ဆေးလုံးပဲ”

ယဲ့မော့ယန်က အတည်ပြုလိုက်သည့်တိုင် ယဲ့ခုံးယန်မှာ မယုံမရဲ ဖြစ်နေဆဲ။

“ဒါပေမဲ့.. ကျွန်တော် ကြားဖူးတာက ချီအဆီအနှစ် ဆေးလုံး တစ်လုံးရဲ့ တန်ဖိုးက ချီစုဆောင်းဆေးလုံး တစ်ရာနဲ့ ညီမျှတယ်ဆို အဖေ ဒါကို ဘယ်က ရလာတာလဲ”

ယဲ့ခုံးယန် ထိုမျှအထိ စိတ်လှုပ်ရှား သွားသည်က မလွန်ပေ။ ထျန်းချီအဆင့်၅ ထိပ်ဆုံးတွင် ရှိနေ သူတစ်ယောက် အနေနှင့် ချီအဆီအနှစ် ဆေးလုံးတလုံးက ထျန်းချီအဆင့်၆သို့ ချိုးဖျက် နိုင်ရန်အတွက် လိုတာထက်ပင် ပိုနေတာဖြစ်သည်။

“မင်းထင်သလောက် မခက်ပါဘူး၊ ဒါက အပေးအယူ တစ်ခုအတွက် တန်ရာတန်ကြေး အနေနဲ့ ယွင်မိသားစုဆီက ရထားတာ”

ယဲ့မော့ယန်က ပြောသည်။ သူ့အသံထဲတွင် ဖုံးကွယ် ထားသော မလိုမုန်းထားမှုတို့ ရှိနေသည်။

“ဘယ်လို အပေးအယူမျိုးလဲ”

“မင်း ယဲ့မိသားစု ခေါင်းဆောင် ဖြစ်လာတဲ့အခါ ယဲ့မိသားစုပိုင် ကျောက်တွင်းကို ယွင်မိသားစုဆီ လွှဲပြောင်း ပေးရမယ်”

ယဲ့ခုံးယန် ထိတ်လန့်သွားသည်။

“ဒါပေမဲ့.. အဖေ ကျွန်တော့် အနေနဲ့ ဆက်ခံသူပြိုင်ပွဲမှာ နိုင်ခဲ့ရင်တောင် ယဲ့ကျန့်ထျန်း ရှိနေသေးသ၍ မိသားစု ခေါင်းဆောင် ဖြစ်လာနိုင်စရာမှ မရှိတာလေ”

“ဖြစ်လာနိုင်စရာ မရှိဘူး ဟုတ်လား၊ ကောင်းပြီလေ မင်းတွေးကြည့် မင်းသာ ဆက်ခံသူ ဖြစ်လာပြီး ယဲ့ကျန့်ထျန်းက အကြောင်းတစ်ခုကြောင့် ရုတ်တရက် သေသွားတယ်ပဲ ထားပါတော့၊ မိသားစု စည်းမျဉ်းတွေအရ ဘယ်သူက မိသားစု ခေါင်းဆောင် ဖြစ်လာမယ် ထင်လဲ၊ သေချာပေါက် မင်းပဲပေါ့”

ထိုစကားများကို ကြားသည်တွင် ယဲ့ခုံးယန်သည် အေးစက်မှုတစ်ခုအား နှလုံးသားထဲအထိ ခံစားလိုက်ရပြီး နောက်ကျောဘက်မှ ချွေးအေးများပင် စီးကျလာသည်။ နောက်ဆုံးတော့ သူ့ဖခင်၏ အစီအစဉ်များအား နားလည်သွားခဲ့ပြီ ဖြစ်သည်။

ယဲ့မော့ယန်သည် ယဲ့ခုံးယန်၏ မျက်လုံးများထဲသို့ တည့်တည့် စိုက်ကြည့်ကာ ခြိမ်းခြောက် သည်လား၊ အားပေးသည်လား မသဲကွဲသော စကား တစ်ခွန်းကို ဆိုသည်။

“အဖေ့ အစီအစဉ်တွေကို မကျဆုံးစေနဲ့ ငါ့သား မင်းလုပ်နိုင်မှ ဖြစ်မယ်”

“နား... နားလည်ပါပြီ”

“နားလည်တာ ကောင်းတယ်”

ထို့နောက်တွင် ယဲ့ခုံးယန်သည် ချီအဆီအနှစ် ဆေးလုံးအား ခဏတာ စိုက်ကြည့် နေပြီးနောက် မြိုချ လိုက်တော့သည်။

ညကား မှောင်မိုက်ကာ တိတ်ဆိတ်နေသည်။ ယဲ့ချန်၏ အခန်းငယ်လေး အတွင်းတွင်မူ မီးရောင်မှိန်မှိန်လေး ရှိနေဆဲ။

ယဲ့ချန်သည် မိုးကြိုး အင်ပါယာကျင့်စဉ်နှင့် ကမ္ဘာဦး မိုးကြိုးခန္ဓာအား တွဲဖက် လေ့ကျင့်နေသည့် တစ်ချိန်တည်းတွင်ပဲ ကျင့်ကြံဆင့် တိုးမြှင့်ရန်လည်း ကြံစည်နေသည်။ ကြားထဲတွင် သူကျွမ်းကျင်ပြီးသား သိုင်းပညာနှစ်ခု ဖြစ်သော မိုးကြိုး ဟိန်းသံနှင့် မိုးကြိုးလက်သီး တို့ကိုလည်း လေ့ကျင့်သေး၏။ ထိုအကြောင်းကို သူ့ဖခင်သာ သိပါက ပါးစပ် အဟောင်းသားနှင့် မကောင်းဆိုးဝါး မြင်လိုက်ရသည့်နှယ် ကြည့်နေပေလိမ့်မည်။ ယဲ့ချန်လည်း မတတ်နိုင်ပေ။ လောလောဆယ်တွင် အချိန်က ခုနစ်ရက်သာ ရသည်မို့။ ယဲ့ချန်သည် ထျန်းချီအဆင့်၄ အလယ်အလတ် ဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ အလွန် သိပ်သည်း သန့်စင်သော ထျန်းချီများက မည်သည့် ထျန်းချီအဆင့်၅ ကျင့်ကြံသူထက် မဆို မနိမ့်ကျပေ။

အရိုးသားဆုံး ဝန်ခံရလျှင် ယဲ့ချန် ကိုယ်တိုင်ပင် သူမည်မျှ အစွမ်းထက်ကြောင်း သေချာမသိ။ အကြောင်းမှာ သူပိုင်ဆိုင်သော ထျန်းချီများသည် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူတိုင်း၏ ထျန်းချီများထက် သန့်စင် မွန်မြတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူ၏ အဓိက သွေးကြောများ ပြန်ကောင်း သွားကြောင်း ဖုံးကွယ်ထားနိုင်ရန် ဘယ်သူနှင့်မှ လက်ရည် မစမ်းနိုင်သောကြောင့် စိတ်ပျက်မိသည်။ ဘိုးဘေးကန်တော့ပွဲ မရောက်ခင်အထိ ပိပိရိရိ နေထိုင်မှသာ ယဲ့မော့ယန်နှင့် အပေါင်းအပါများ အပေါ်  အံ့ဩစရာ ကြီးကြီးမားမား တစ်ခု လက်ဆောင် ပေးနိုင်မည် ဖြစ်ရာ ယဲ့ချန်က သည်းခံနေရသည်။

***

All Chapters