← Chapters

ဘိုးဘေးကန်တော့ပွဲ

Vol. 1 Ch. 10

ဘိုးဘေးကန်တော့ပွဲ

Vol. 1 Ch. 10

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံး လာနေသည်။ ယဲ့ချန်သည် သိုင်းပညာ ကျင့်စဉ်များနှင့် စွမ်းအင် ကျင့်စဉ်များကို တစ်ပြိုင်နက်တည်း လစ်ဟာမှု မရှိစေရဘဲ မရပ်မနား လေ့ကျင့်နေခဲ့၏။ ခြောက်ရက် မြောက်နေ့တွင် ယဲ့ချန်သည် နောက်ထပ် အတားအဆီး တစ်ခုကို ချိုးဖျက်ကာ ထျန်းချီ အဆင့်၅သို့ ရောက်ရှိသွားသည်။

“နောက်ဆုံးတော့... ထျန်းချီ အဆင့်၅ကို ရောက်သွားခဲ့ပြီ”

အဆင့်သစ်တစ်ခု တိုးတက်သွားခြင်းနှင့် အတူ တန့်ထျန်အတွင်းရှိ ထျန်းချီများ ပိုမို သိပ်သည်း ပြင်းထန်လာသည်ကို ယဲ့ချန် ခံစားမိ၏။ ထို့ပြင် သူက ကမ္ဘာဦးမိုးကြိုး ခန္ဓာအား ၁၀စက္ကန့်အထိ ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်ရာ အလွန် ပျော်ရွှင်နေတာ ဖြစ်သည်။ သူမှတ်မိသလောက် ယဲ့ခုံး ယန်သည်လည်း ထျန်းချီအဆင့် ၅တွင်သာ ရှိနေသေးရာ သူ့အနေနှင့် ပိုမို ယုံကြည်ချက် ရှိလာသည်။

ယဲ့ခုံးယန်နှင့် သူက ကျင့်ကြံဆင့် အတူတူ ဖြစ်သွားသည့်အပြင် သူ့တွင် ဝှက်ဖဲ အနေနှင့် ကမ္ဘာဦးမိုးကြိုး ခန္ဓာလည်း ရှိနေသေးရာ ယဲ့ချန် အတန်ငယ် စိတ်အေးသွားသည်။

ရက်အနည်းငယ် အတွင်း အမှိုက်ကောင်ဘဝမှ ထျန်းချီအဆင့် ၅အထိ ပြန်လည် ကျင့်ကြံနိုင်ခြင်းက အောင်မြင်မှုကြီး တစ်ရပ်ပင်။ ယဲ့မိသားစု တစ်ခုလုံးရှိ ထောင်ချီသော လူများထဲတွင် လူနှစ်ရာခန့်သာ ထျန်းချီအဆင့် ၅သို့ ရောက်ရှိနိုင်ကြတာ ဖြစ်သည်။ ထပ်ပေါင်း ပြောရသော် ယဲ့ချန်၏ ခန္ဓာကိုယ်သည် ဓားအတွင်းရှိ အသန့်စင်ဆုံး ထျန်းချီ များဖြင့် မွမ်းမံခြင်း ခံထား ရသောကြောင့် သန့်စင်ယန် ခန္ဓာကိုယ် ဖြစ်နေခဲ့ပြီး ဖြစ်သည်။

ကျင့်ကြံခြင်း လမ်းစဉ်တွင် အောင်မြင်မှု ဟူသည် အဆင့်တက် ရာတွင် မြန်ဆန်ခြင်း တစ်ခုတည်းနှင့် မလုံလောက်ကြောင်း ယဲ့ချန် အသေအချာ နားလည်ထားသည်။ ထို့ကြောင့် သူက လေ့ကျင့်ရာတွင် စိတ်ရောလူပါ နှစ်မြုပ်ထားပြီး သိုင်းပညာ ကျင့်စဉ်များနှင့် စွမ်းအင် ကျင့်စဉ်များကို အလှည့်ကျ ဆက်လက် လေ့ကျင့်သည်။

လေ့ကျင့်ပြီးရင်း လေ့ကျင့်သည်။ ပင်ပန်းပြီး ခက်ခဲလာသည့် အချိန်တိုင်း သူ့ဖခင် မျက်နှာကို မြင်ယောင်သည်။ သွေးကြောများ ပျက်စီးနေသည့် သုံးနှစ်အတွင်း ခံစားခဲ့ရသည့် အနိုင်ကျင့် စော်ကားမှုများကို မြင်ယောင်သည်။ ထို့နောက် ပိုမို ပြင်းပြသော အရှိန်အဟုန်နှင့် မရပ်မနား ဆက်လေ့ကျင့်သည်။

ယဲ့ချန်က ကမ္ဘာကြီးကို ကယ်တင်မည့် သူရဲကောင်း ဆန်ဆန် လူမျိုးလည်း မဖြစ်ချင်ပါဘူး။ သူ့ခံယူချက်က အဲဒီလောက်ထိ မြင့်မြတ်နေတာမျိုး မဟုတ်ဘူး။ သူက သူဖခင်နဲ့ ချစ်ရတဲ့ သူတွေကို ကာကွယ် ပေးချင်ရုံလေးပဲ။ “ချစ်ရသူတွေ အတွက်ပဲ တိုက်ခိုက်မယ်” အဲဒီ ခံယူချက်က နည်းနည်း တကိုယ်ကောင်း ဆန်နေတာလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒါက အခြေခံ အကျဆုံး လူသားဆန်မှု တစ်ခု ဆိုတာတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။

***

ထိုအချိန်တွင် ယဲ့မိသားစုဝင် အများစုသည် ဘိုးဘေး ကန်တော့ပွဲအတွက် စိတ်အားထက်သန်စွာ ပြင်ဆင်နေကြသည်။

ယဲ့မိသားစုသည် ဤနှစ်ပိုင်းအတွင်း ငွေရေးကြေးရေး ကျပ်တည်း ခဲ့ရသော်လည်း ဘိုးဘေး ကန်တော့ပွဲအတွက် ဖယ်ထားသော ငွေက သပ်သပ်ရှိသည်။ ထို့ပြင် အပြင်ဘက် ကမ္ဘာသို့ အတွေ့အကြုံ သွားရောက် ရှာဖွေသူများက လက်ဗလာနှင့် ပြန်လာကြသည် မဟုတ်။ ကန်တော့ပွဲတွင် ပူဇော်ပသရန် လိုအပ်သည့် ပစ္စည်းတချို့ကို ဝယ်လာကြသည်။ ထိုပြည်တော်ပြန် မိသားစုဝင် များထဲတွင် ယဲ့ချန်၏ အစ်ကို နှစ်ယောက်လည်း ပါဝင်၏။

ထိုညီအစ်ကို နှစ်ယောက်လုံးသည် အသက်၁၈နှစ် မပြည့်မီ ထျန်းချီအဆင့် ၆သို့ ရောက်ရှိခဲ့ခြင်း မရှိကြ။ ထို့ကြောင့် ဆက်ခံသူ နေရာကို လက်လွှတ်ကာ ယဲ့မိသားစု၏ ပြင်ပ လောကရှိ စီးပွါးရေးလုပ်ငန်း တချို့ကို ဦးဆောင်ရင်း လှည့်လည် သွားလာ နေကြသည်။ လောလောဆယ် တွင်တော့ နှစ်ယောက်လုံးက ထျန်းချီ အဆင့်၆ ထိပ်ဆုံးတွင် ရှိကြသည်။

နှစ်ယောက်လုံးသည် အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ၎င်းတို့၏ ညီငယ်လေးအား သွားရောက် တွေ့ဆုံလို ကြသော်လည်း ယဲ့ကျန့်ထျန်းက ခွင့်မပြု။ သူ့သားငယ်လေး လေ့ကျင့် နေသည်ကို အနှောင့်အယှက် ဖြစ်မည် စိုးသောကြောင့် ယဲ့ကျန့်ထျန်းသည် မိသားစုဝင် အားလုံးကို ယဲ့ချန်နှင့် အဆက်အသွယ် ဖြတ်ထားသည်။

ဘိုးဘေး ကန်တော့ပွဲအတွက် မနားမနေ လေ့ကျင့်နေသူများက ယဲ့ချန် တစ်ယောက်တည်းတော့ မဟုတ်။ လူငယ် မျိုးဆက်တွင် အနည်းငယ် အလားအလာ ရှိသူများ အားလုံးက ဆက်ခံသူ နေရာအတွက် ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။ မျှော်လင့်ချက် များများစားစား မထားကြလျှင်တောင် အားလုံးက အကောင်းဆုံး ကြိုးစားကြမည် ဖြစ်သည်။ မရေမတွက်နိုင်သော ပြင်ဆင်မှုများ ပြီးသည့်နောက် ယဲ့မိသားစု၏ ဘိုးဘေး ကန်တော့ပွဲနေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကန်တော့ပွဲ ကျင်းပမည့် ကွက်လပ်၌ မနက်ခင်း စောစောတည်းကပင် လူများ ပြည့်နှက်နေသည်။ မြေကွက်လပ်၏ အလယ်၌ အလွန် မြင့်မားသော ဧရာမ ယဇ်ပလ္လင်ကြီး တစ်ခု ရှိသည်။ ထိုအပေါ်၌ သစ်သီးပွဲများ၊ ဟင်းပွဲများ၊ အရက်ကရားများဖြင့် ဘိုးဘေးများကို ပူဇော်ပသ ထားသည်။

ယဲ့ကျန့်ထျန်းနှင့် အခြား အကြီးအကဲများသည် ယဇ်ပလ္လင် ပတ်လည်တွင် နေရာချထားသော ထိုင်ခုံ ၁၆ခုံ၌ အသီးသီး ထိုင်နေကြသည်။ အကြီးအကဲ ၁၆ယောက်အနက် ၁၅ယောက်တွင် ထျန်းချီအဆင့်၈ နှစ်ယောက် ပါဝင်ပြီး ကျန်၁၃ယောက်က ထျန်းချီအဆင့်၇များ ဖြစ်ကြသည်။ သို့သော် ထိုင်ခုံ ၁၆ခုံတွင် အလယ်တည့်တည့်ရှိ ခုံတစ်ခုံက လွတ်နေသည်။

ယဲ့ချန် အပါအဝင် အခြားသော လူငယ် မျိုးဆက်များက အကြီးအကဲများ၏ ထိုင်ခုံများ နောက်တွင် မတ်တတ် ရပ်နေကြသည်။

“ချန်အာ… ဒီတလော နေကောင်းရဲ့လား”

စကားသံနှင့်အတူ ပခုံးပေါ် ရောက်လာသော လက်တစ်ဖက်ကြောင့် ယဲ့ချန် လှည့်ကြည့်လိုက်သော် အခြားသူမဟုတ်။ ယဲ့ချန်ထက် ငါးနှစ်ကြီးသော အစ်ကိုလတ် ယဲ့မူ ဖြစ်နေသည်။ ယဲ့မူသည် တုန်းလင်နိုင်ငံရှိ ယဲ့မိသားစုပိုင် ကုန်သွယ်ရေး လုပ်ငန်းများကို ဦးစီးနေသူ ဖြစ်ပြီး နှစ်ပေါင်းများစွာ အပြင်လောက၌ ကျင်လည်ခဲ့ပြီးနောက် အရင်ကထက် များစွာ ရည်ရည်မွန်မွန် ရှိလာသည်။

မိသားစုရဲတိုက်သို့ ပြန်ရောက် ကတည်းက ယဲ့မူသည် သူ့ညီငယ်လေးအား အပြေးအလွှား သွားတွေ့လိုခဲ့သော်လည်း ဖခင်ဖြစ်သူ ယဲ့ကျန့်ထျန်းက ခွင့်မပြုသောကြောင့် သွားမတွေ့ခဲ့ရ။

မျက်လုံးထဲ၌ စိုးရိမ်မှု အပြည့်နှင့် သူ့အား ကိုယ်တပတ် လှည့်စေကာ နေကောင်း၊ မကောင်း စစ်ဆေးနေသော အစ်ကိုလတ်ကြောင့် ယဲ့ချန် ရယ်ရမလား၊ ငိုရမလား မသဲကွဲတော့။ အခု သူ့ပုံစံက တစ်အိမ်လုံးမှ ဝိုင်းဝန်း အလိုလိုက်ခြင်း ခံထားရသော သားထွေးလေးနှယ် ဖြစ်နေသည်။ ထိုခံစားချက်က ထူးဆန်းသော်လည်း အမှန်ပင် နွေးထွေးလှ၏။

“ကျွန်တော် နေကောင်းပါတယ် အစ်ကိုလတ်”

“သေချာတာပေါ့၊ ကမ္ဘာပေါ်မှာ ငါတို့ ညီလေးက အကြံ့ခိုင်ဆုံးပဲ ဒီမှာ… အစ်ကိုတို့ နှစ်ယောက် ချန်အာအတွက် လက်ဆောင် ပြင်ဆင် လာခဲ့တယ်”

ယောကျ်ား ပီသသော အသံတစ်ခုနှင့် အတူ ချောမောခန့်ညားသော၊ လူငယ် နောက်တစ်ယောက် ယဲ့ချန် အနားသို့ ရောက်လာသည်။ ထိုလူငယ်ကား ယဲ့ချန်၏ အကြီးဆုံး အစ်ကို ယဲ့ဖုန်းဖြစ်သည်။

ယဲ့ဖုန်းသည် ယဲ့မူ၏ ဆွဲဖက်ခြင်း ခံထားရသော ယဲ့ချန်ကို လက်မောင်း တစ်ဖက်မှ ဆွဲကာ သူ့အနားသို့ ရောက်စေ လိုက်သည်။ သူ့ညီငယ်လေးအား အစ်ကိုကြီးက လုယူသွားသဖြင့် ယဲ့မူက ယဲ့ဖုန်းအား မကျေမချမ်း ကြည့်သည်။ ယဲ့ချန်မှာ ထိုအစ်ကို နှစ်ယောက်ကြား ရယ်ရခက်၊ ငိုရခက်နှင့်။

ယဲ့ဖုန်းသည် ပိုးသားပိတ်စဖြင့် ဖုံးထားသော သေတ္တာ တစ်လုံးအား ယဲ့ချန်ထံ ပေးလာသည်။ သုံးယောက်ထဲတွင် အကြီးဆုံးဖြစ်သော ယဲ့ဖုန်းက ညီနှစ်ယောက်အား အလွန် ချစ်သည်။ သို့သော် အငယ်ဆုံး ဖြစ်သော ယဲ့ချန်ကို အနည်းငယ် ပိုသည်။ အလတ်ဖြစ်သော ယဲ့မူသည်လည်း အစ်ကိုဖြစ်သူ ယဲ့ဖုန်းထက် ညီငယ် ယဲ့ချန်အပေါ်  ပိုသည်။ အချုပ်အားဖြင့် ဆိုရသော် ယဲ့ချန်၏ အစ်ကို နှစ်ယောက်လုံးသည် ယဲ့ချန်အား တုန်နေအောင် ချစ်ကြသည်။

ယဲ့ဖုန်းနှင့် ယဲ့မူတို့ နှစ်ဦးလုံးသည် ရင့်ကျက် သင့်သလောက် ရင့်ကျက် နေကြပြီး ဖြစ်သော ရည်ရည်မွန်မွန် လူငယ်လေး နှစ်ယောက် ဖြစ်ကြသည်။ သို့သော် ရယ်စရာ တစ်ခုမှာ တစ်ခါတစ်ရံ၌ ထိုရည်ရည်မွန်မွန် လူငယ်လေး နှစ်ယောက်သည် ၎င်းတို့၏ ညီအငယ်ဆုံး ယဲ့ချန်အား လုရင်း မကြီးမငယ်နှင့် ရန်ဖြစ်တတ်ကြသည် ဆိုတာပင်။

မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်၏ ယဲ့ချန်အပေါ် ဂရုစိုက်မှုက ဖခင်ဖြစ်သူ ယဲ့ကျန့်ထျန်းအောက် မလျော့ပါချေ။

ယဲ့ချန်က လက်ဆောင်မလိုကြောင်း ငြင်းကာ သေတ္တာလေးအား သူ့အစ်ကိုကြီးဘက်သို့ ပြန်တွန်းပေးသော်လည်း ယဲ့ဖုန်းက လက်မခံ။ သို့နှင့် အတန်ကြာ ဟိုဘက်တွန်းလိုက်၊ ဒီဘက်တွန်းလိုက် လုပ်အပြီးတွင် မတတ်သာဘဲ ယဲ့ချန် လက်ခံ လိုက်ရသည်။ သေတ္တာလေးအား ဖွင့်ကြည့် လိုက်သည်တွင် အထဲ၌ ချီစုဆောင်း ဆေးလုံး နှစ်လုံးကို တွေ့ရ၏။

ယဲ့ဖုန်းနှင့် ယဲ့မူတို့သည် မိသားစု စီးပွါးရေး တချို့ကို ဦးဆောင် နေရသော်လည်း အမြတ်ငွေမှာ မိသားစုဘဏ္ဏာ တိုက်ထဲသို့သာ ရောက်သည် ဖြစ်ရာ ငွေပိုလျှံခြင်း မရှိကြ။ ချီစုဆောင်း ဆေးလုံး နှစ်လုံး ဝယ်နိုင်ရန် အတွက် အတော်လေး ခြိုးခြံ ချွေတာခဲ့ရမှာ သေချာ၏။ ထိုသို့ တွေးမိသော် ယဲ့ချန် စိတ်မကောင်း ဖြစ်သွားရသည်။ သူ့အစ်ကိုကြီး နှစ်ယောက်သည် မိသားစု ရဲတိုက်သို့ မကြာခဏ ပြန်မလာ နိုင်ကြသော်လည်း သူ့တို့ ညီငယ်လေးအား ဘယ်တုန်းကမှ မေ့မထားခဲ့ပုံ ရသည်။

“အစ်ကိုကြီး… တကယ်တော့ ကျွန်တော့်အတွက် ချီစုဆောင်း ဆေးလုံးတွေ မလိုတော့ပါဘူး”

“မဟုတ်တာတွေ ချန်အာ... မင်းအတွက် ချီစုဆောင်း ဆေးလုံးတွေ လတိုင်း အများကြီး လိုတယ်လေ ငါတို့က ညီအစ်ကို အရင်းကြီးတွေ ဒီလောက် လက်ဆောင်လေး အတွက်နဲ့ စိတ်ထဲ စနိုးစနောင့် ဖြစ်နေစရာ လုံးဝ မလိုဘူး”

ယဲ့ဖုန်းက ပြောသည်။

“ကျွန်... ကျွန်တော်...”

ယဲ့ချန်သည် အပြစ်မကင်းသလို ခံစား ရသောကြောင့် “ကျွန်တော့်ရဲ့ အဓိက သွေးကြောတွေ ပြန်ကောင်းသွားပြီ”ဟု ပြောမိလုနီးနီး။ သို့သော် သူတို့ညီအစ်ကို သုံးယောက်၏ ပတ်လည်၌ အခြား သူများလည်း ရှိနေသည်။ သတိလက်လွတ် ပြောထွက်သွား၍ ကောင်းတာ မရှိပေ။ ယဲ့ချန်သည် လက်ထဲရှိ သေတ္တာလေးအား အတန်ကြာ စိုက်ကြည့်နေပြီးမှ အင်္ကျီ အတွင်း အိတ်ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်၏။

“ခေါင်းဆောင် မိသားစု ခေါင်းဆောင်ဟောင်း ပြန်လာပြီ”

မိသားစုဝင် တစ်ယောက်၏ အော်သံက အားလုံး၏ အာရုံကို ဆွဲဆောင် သွားသည်။

“နောက်ဆုံးတော့ ငါတို့ဦးလေး ပြန်လာပြီ”

ယဲ့ကျန့်ထျန်းက ဝမ်းသာကျေနပ်စွာ ပြောလိုက်ပြီးနောက် မတ်တတ် ထရပ်လိုက်သည်။ အခြားသော အကြီးအကဲများလည်း မတ်တတ် ရပ်လိုက်ကြသည်။

ထိုအချိန်တွင် မြေကွက်လပ် အတွင်းရှိ လူအုပ်မှာ ဘေးတစ်ဖက်ဆီသို့ နှစ်ခြမ်း ကွဲသွားပြီး အလယ်၌ လူတစ်ယောက် ထွက်ပေါ်လာသည်။ မီးခိုးရောင် ဝတ်စုံကို ဆင်မြန်းထားပြီး ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော ထိုလူကား အားလုံး စောင့်မျှော် နေကြသည့် ယဲ့မိသားစု ခေါင်းဆောင်ဟောင်း ဖြစ်ပေသည်။

“ခေါင်းဆောင်ဟောင်း မတွေ့တာ ကြာပြီ”

“ခေါင်းဆောင်ဟောင်း ဒီအတောအတွင်း ကျန်းမာပါရဲ့လား”

မိသားစုဝင်များက ဝိုင်းဝန်း နှုတ်ဆက်ကြသည်။ မိသားစုထဲတွင် ခေါင်းဆောင်ဟောင်း ယဲ့ချိန်ရွှမ်းသည် နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။ ယဲ့မိသားစုအား အခြား အင်အားကြီး မိသားစုများမှ မနှောင့်ယှက်ရဲသည့် အကြောင်းအရင်း ဆိုလည်း မမှားပေ။ ယဲ့ချိန်ရွှမ်း၏ ထျန်းချီအဆင့်၉ ကျင့်ကြံသူ ဟူသော ဂုဏ်ပုဒ်က ယဲ့မိသားစုအတွက် တစ်ခုတည်းသော တံတိုင်းကြီးသဖွယ် ကာကွယ် ပေးနေသည်။ ထိုသို့ မဟုတ်ပါက အင်အားကြီး မိသားစုများ၏ ဖိနှိပ်မှု အောက်တွင် ယဲ့မိသားစု ပြားပြား ဝပ်နေလောက်၏။

“ဦးလေး”

ယဲ့ကျန့်ထျန်းနှင့် အခြားသော အကြီးအကဲများက တညီတညွတ်တည်း နှုတ်ဆက် လိုက်ကြသည်။ ယဲ့ချိန်ရွှမ်းက ပေါ့ပေါ့ပါးပါး ဟန်ပန်နှင့် လက်တစ်ဖက် ဝှေ့ယမ်းကာ ရယ်ရယ်မောမော ပြောလာသည်။

“ယဲ့မိသားစု ရဲတိုက်ကို ပြန်မလာဖြစ်တာ ကြာပြီ အခုလို မင်းတို့နဲ့ ပြန်တွေ့ ရတာက ဝမ်းသာစရာပဲ အရမ်း ယဉ်ကျေးနေဖို့ မလိုဘူး”

“ဦးလေးကို အခုလို ကျန်းကျန်းမာမာ ပြန်တွေ့ ရတာကသာ ကျွန်တော်တို့အတွက် တကယ် ဝမ်းသာစရာပါ”

ယဲ့ကျန့်ထျန်းက နှိမ့်ချသည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ဦးလေး လက်ဆောင် ဘယ်မလဲ ခရီး အရှည်ကြီးကို မြန်မြန်ဆန်ဆန် ထွက်လာရတာနဲ့ ကိုယ့်တူလေးအတွက် လက်ဆောင် မေ့ခဲ့တယ်လို့တော့ မပြောနဲ့နော်”

ယဲ့ကျန့်လုံက အံကြိတ်လျက် ပြောသည်။ မိသားစုထဲတွင် ဘယ်သူကမှ ယဲ့ချိန်ရွှမ်းအား ထိုသို့သော ရင်းရင်းနှီးနှီး ဟန်ပန်နှင့် စကားမပြောရဲကြ။ သို့သော် ယဲ့ကျန့်လုံကတော့ အမြဲလိုလို ယဲ့ချိန်ရွှမ်း အတွက် အချစ်ဆုံး တူလေး ဖြစ်ခဲ့သည်။ သူတစ်ယောက်သာ ခြွင်းချက် ဖြစ်သည်။

“ဟားဟား… ငါ ဘယ်တုန်းကများ မင်းအတွက် လက်ဆောင် မေ့ဖူးလို့လဲကွ”

ပြောရင်းဆိုရင်း ယဲ့ချိန်ရွှမ်းက ဘူးလေးတဘူးအား ယဲ့ကျန့်လုံထံ ကမ်းပေးလိုက်သည်။

ယဲ့ကျန့်လုံသည် ဘူးလေးအား ချက်ချင်း ဖွင့်ကြည့်ပြီးနောက် ကျေနပ်သွားသည့် ဟန်ဖြင့် ရယ်လိုက်သည်။ ဟန်ဆောင် ပန်းဆောင်ပင် မငြင်းပေ။ သူတို့ တူဝရီးအကြား၌ ဘယ်တုန်းကမှ ဟန်ဆောင်မှုများ မလိုအပ်ခဲ့တာ ဖြစ်သည်။

“ကျေးဇူးပဲ ဦးလေး”

ယဲ့မော့ယန်က မသိမသာဖြင့် ဘူးထဲမှ ပစ္စည်းအား ချောင်းကြည့် လိုက်သည်တွင် မနာလိုမှု ဒေါသများကြောင့် သွေးအန်လုနီးပါး ဖြစ်သွားရသည်။ ဘူးထဲရှိ ပစ္စည်းကား အခြားမဟုတ်။ ယဲ့မော့ယန် ခက်ခက်ခဲခဲနှင့် အပေးအယူ လုပ်ပြီးမှ ယွင်မိသားစုထံမှ ရခဲ့သော ချီအဆီအနှစ် ဆေးလုံးကဲ့သို့ အလားတူ ချီအဆီအနှစ် ဆေးလုံးတစ်လုံး ဖြစ်သည်။

ယဲ့ချိန်ရွှမ်း၏ ယဲ့ကျန့်လုံအပေါ် အလိုလိုက်မှုက အခုမှမဟုတ်၊ ဟိုးငယ်စဉ် တောင်ကြေး ကလေးဘဝတည်းက ဖြစ်သည်။ ထိုအဘိုးကြီး ယဲ့ချိန်ရွှမ်းသည် စကားပြော မချိုသော်လည်း ယဲ့ကျန့်လုံကိုတော့ တုန်နေအောင် ချစ်သည်။ ယဲ့မိသားစုတွင် ယဲ့ကျန့်လုံက လွဲ၍ ဘယ်သူမှ ယဲ့ချိန်ရွှမ်းထံက လက်ဆောင် တောင်းရဲ လောက်အောင် သတ္တိ မကောင်းကြ။

“တကယ်တော့ ငါ အားလုံးဖို့ လက်ဆောင် ပြင်ဆင်ခဲ့တယ် နောက်မှ တစ်ယောက်ယောက် လွှတ်ပြီး လာပို့ ခိုင်းလိုက်မယ်”

ယဲ့ချိန်ရွှမ်းက ပြောလိုက်လျှင် အားလုံးလည်း ကျေးဇူး တင်ကြောင်း ပြောလိုက်ကြသည်။ ထို့နောက် အကြီးအကဲ တစ်ယောက်ချင်းစီက ယဲ့ချိန်ရွှမ်းနှင့် သာကြောင်းမာကြောင်း စကားအနည်းငယ် ပြောလိုက် ကြပြီးသည်တွင် ထိုင်ခုံ အသီးသီး၌ ထိုင်လိုက်ကြသည်။

မိသားစု ခေါင်းဆောင်ဟောင်း ယဲ့ချိန်ရွှမ်း ရောက်ရှိလာပြီ ဖြစ်ရာ နဂါးအက၊ ခြင်္သေ့ အကများဖြင့် အခမ်းအနားကို တရားဝင် ဖွင့်လှစ် လိုက်ကြသည်။

“ငါ မိသားစု ရဲတိုက်ဆီကို ပြန်မလာဖြစ်တာ၊ ငါးနှစ်ရှိပြီ မိသားစုရဲ့ အခြေအနေက အပေါ်ယံမှာ မြင်နေရသလို တည်ငြိမ်နေတာ မဟုတ်ဘူး မဟုတ်လား၊ ငါကြားတာတော့ ယဲ့မိသားစုမှာ အင်အားကြီးမားတဲ့ ရန်သူတွေ ဝိုင်းရံနေတယ်တဲ့ အဲဒါ အမှန်ပဲလား”

ယဲ့ချိန်ရွှမ်းက သူ့ဘေးတွင် ထိုင်နေသော လက်ရှိ ခေါင်းဆောင် ယဲ့ကျန့်ထျန်းအား ကြည့်ကာ မေးသည်။ နားစွင့်နေသော ယဲ့မော့ယန်၏ နှုတ်ခမ်းများ တွန့်ကွေး သွားသည်။ ပြဇာတ်က အခုမှ တကယ်စပြီ။

“လွန်ခဲ့တဲ့ သုံးနှစ်က ချန်အာ ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရတယ်၊ အဲဒီ တိုက်ခိုက်မှုကြောင့်ပဲ သူ့ရဲ့ အဓိက သွေးကြောတွေ ပျက်စီး သွားခဲ့တယ်”

ယဲ့ကျန့်ထျန်းက အနည်းငယ် တုန့်ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“ကျုပ်တို့ အားလုံးက ဦးလေးရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက် ပြုမိမှာ စိုးတာကြောင့် ဒီကိစ္စကို သတင်းမပို့ ဖြစ်ခဲ့ဘူး”

ရုတ်တရက် ဆိုသလို ဖိနှိပ်လိုသော အရှိန်အဝါ တစ်ခုက၊ ယဲ့ချိန်ရွှမ်း၏ ခန္ဓာကိုယ်မှ ပွင့်ထွက်လာသည်။ လူအိုကြီးက အလွန် ဒေါသ ထွက်သွားပုံပင်။

“တရားခံက ဘယ်သူလဲ”

လွန်ခဲ့သော ငါးနှစ်က ယဲ့ချိန်ရွှမ်း ကိုယ်တိုင် ထျန်းချီများနှင့် ယဲ့ချန် ခန္ဓာကိုယ်အား စစ်ဆေးခဲ့သည်။ သံသယ ဖြစ်စရာ မလိုအောင်ပင် ထိုကလေးသည် ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း အတည် ပြုပြီးနောက် ဆက်ခံသူအဖြစ် အပ်နှင်းခဲ့သည်။ ဆိုလိုသည်မှာ ယဲ့မိသားစု၏ အနာဂတ် တစ်ခုလုံးက ယဲ့ချန်အပေါ်  မူတည်နေသည်။ ထိုသို့သော အခြေအနေတွင် ယဲ့ချန် ချောင်းမြောင်း တိုက်ခိုက်ခံရသည် ဆိုခြင်းက ယဲ့မိသားစု တစ်ခုလုံးအား စိန်ခေါ် လိုက်သကဲ့သို့ ရှိသည်။

“အခုထိ မသိရသေးပါဘူး”

ယဲ့ကျန့်ထျန်း ခေါင်းငုံ့ လျက် ပြောလိုက်သည်။

“ဒီကိစ္စကို သေချာ ဆက်စုံစမ်း သိရတဲ့ တစ်နေ့ ဒီအဘိုးကြီးက အဲဒီ ခွေးကောင်တွေကို အရှင်မထားဘူး”

ယဲ့ချိန်ရွှမ်းက မည်းမှောင် နေသော အမူအယာနှင့် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက စိုးရိမ်နေသော အမူအယာသို့ ပြောင်းသွားကာ မေးသည်။

“ဒီတော့ အခု ချန်အာက ဘယ်မှာလဲ”

ယဲ့ကျန့်ထျန်းပင် ပြန်မဖြေရသေးခင် ယဲ့မော့ယန်က ကြားဖြတ် ဝင်ပြောလာသည်။

“ယဲ့ချန်က လွန်ခဲ့တဲ့ သုံးနှစ်တည်းက သုံးမရတဲ့ အမှိုက်ကောင် ဖြစ်သွားခဲ့ပြီ ဒါကို ခေါင်းဆောင်က မကျေနပ်နိုင်ဘဲ မိသားစု ပိုင်ပိုက်ဆံတွေနဲ့ ချီစုဆောင်းဆေးလုံးတွေ ဝယ်ယူပြီး ယဲ့ချန်ကို ထောက်ပံ့ခဲ့တယ် ဘာမှ ထူးမလာ ခဲ့ပေမဲ့ မိသားစုစီးပွါးရေး လုပ်ငန်းတွေ အများကြီး နစ်နာ ဆုံးရှုံးခဲ့ရတယ် အားလုံးက ယဲ့ချန်ကြောင့်ပဲ”

ထိုစကားများကြောင့် ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့ အပါအဝင် ကျန်အကြီးအကဲများ အားလုံး မျက်နှာ ပျက်သွားကြသည်။

“အဲဒီလို မလုပ်လို့ ငါတို့က ချန်အာကို ဒီတိုင်း ပစ်ထား လိုက်ရမှာလား၊ မင်းရဲ့သား အလှည့်ကျမှ အဲဒီလိုလုပ် ငါတို့ကတော့ မလုပ်နိုင်ဘူး”

ယဲ့ကျန့်လုံက ဒေါသသံနှင့် ဝင်ပြောသည်။ ယဲ့ချိန်ရွှမ်းသည် ယဲ့မော့ယန်အား အမူအယာမဲ့စွာ ကြည့်လာပြီးနောက် မေးသည်။

“အကယ်၍ မင်းသာ မိသားစု ခေါင်းဆောင် ဆိုရင် ဒီလို အခြေအနေမှာ ဘယ်လို ဆုံးဖြတ်မလဲ”

လူအိုကြီး၏ အေးစက်စက် အကြည့်နှင့် ရင်ဆိုင်ရသည်တွင် ယဲ့မော့ယန် နှလုံး ခုန်နှုန်းများပင် မြန်သွားရသည်။

“သေချာတာပေါ့ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲကြောင့်နဲ့ မိသားစုကိုပါ ဒုက္ခ ရောက်အောင် ဆွဲမထည့်ဘူး”

“အဲဒါကြောင့်ပဲ မင်းက မိသားစု ခေါင်းဆောင် ဖြစ်မလာခဲ့တာပေါ့”

ယဲ့ချိန်ရွှမ်းက ပြောသည်။

“ကိုယ်ရေးကိုယ်တာ အခက်အခဲနဲ့ မိသားစု အခက်အခဲကို မင်းဘယ်လိုများ ခွဲခြားလိုက်လဲ၊ မြဲမြဲမှတ်ထား အားလုံးက မိသားစုတွေ ဖြစ်နေသ၍ မိသားစုဝင် တစ်ယောက်ချင်းစီရဲ့ အခက်အခဲက မိသားစု တစ်ခုလုံးရဲ့ အခက်အခဲပဲ”

ယဲ့မော့ယန် မျက်မှာ ပျက်သွားသလို နောက်ထပ် ဘာစကားမှ ထပ်ပြော မလာတော့။

ယဲ့ချန်သည် သူရပ်နေသော နေရာမှ အကြီးအကဲများ၏ စကားဝိုင်းအား အတိုင်းသား ကြားနေရသည်။ ဘိုးဘိုးကြီး ယဲ့ချိန်ရွှမ်း၏ စကားကို ကြားပြီးသည်တွင် ယဲ့ချန် မလေးစားဘဲ မနေနိုင်တော့။ ထို့အတူ “မိသားစု” ဟူသော ဝေါဟာရ လေးကလည်း သူ့နှလုံးသားထဲ နက်ရှိုင်းစွာ နေရာ ယူသွားသည်။

“တင်ပြစရာ ရှိပါတယ်၊ ခေါင်းဆောင်ဟောင်းနဲ့ ခေါင်းဆောင် ဘိုးဘေး ကန်တော့ပွဲ မတိုင်ခင်မှာ ယဲ့မိသားစုရဲ့ အနာဂတ် ဆက်ခံသူ အလောင်းအလျာ ရွေးချယ်မှုအတွက် ပြိုင်ပွဲ ကျင်းပဖို့ ရှိပါတယ်၊ အခု စလိုက် ရပါတော့မလား”

မိသားစု ဝင်များထဲမှ ပွဲကျင်းပရာတွင် တာဝန်ရှိသော လူတစ်ယောက်က မတ်တတ်ရပ်လျက် လေးလေးစားစား ခွင့်တောင်း လိုက်သည်။

ယဲ့ချိန်ရွှမ်း သက်ပြင်းချမိသည်။ စိတ်မကောင်းသော်လည်း အဓိက သွေးကြောများ ပျက်စီးသွားသော ယဲ့ချန်အတွက် သူ လုပ်ပေးနိုင်တာ ဘာမှ မရှိပေ။ နောက်ဆုံး မျှော်လင့်ချက် အနေနှင့် ယဲ့မိသားစု လူငယ် မျိုးဆက်ထဲတွင် ယဲ့ချန်ကဲ့သို့ ထူးချွန် ရည်မွန်သူ နောက်တစ်ယောက် ရှိနေပါစေဟု ဆုတောင်းရုံသာ။ သို့မှသာ ယဲ့မိသားစု အနာဂတ်အတွက် စိတ်အေးရမည်။ တစ်ဖက်တွင်လည်း ယဲ့ကျန့်ရှုံး၏သမီး ယဲ့ရွှမ်အကြောင်း ကြားရခြင်းက ယဲ့ချိန်ရွှမ်းအား ဂုဏ်ယူ မိစေသည်။

အတွေးများကို ရပ်တန့်လိုက်ပြီး ယဲ့ချိန်ရွှမ်း လက်ဝှေ့ ယမ်းလိုက်သည်။

“စလို့ရပြီ”

***

All Chapters