လေသည် မီးကို အားပေးလျှင် မိုင်တစ်ထောင်အထိ လောင်ကျွမ်း၏။
Vol. 8 Ch. 102
ခေါင်းဆောင်တောက်ရင်၏မေးခွန်းကို ကျန်းချန်က ပြုံးလျက် ခေါင်းညိတ်သည်။
ဝုန်း…
မိုင်တစ်ထောင်ပတ်လည်၌ တိမ်တိုက်များ လူးလိမ့်လာသည်။
ကောင်းကင်ဘုံအဆင့်။
သူ၏လက်တစ်ဖက်အမြှောက်၌ သူသည် ကောင်းကင်နှင့်မြေပြင်မှ မဟာတာအိုကို ဖမ်းဆုပ်နိုင်၏။
အဆင့်နိမ့်တပည့်များဖြစ်စေ၊ ကောင်းကင်တစ်ဝက်အဆင့်များဖြစ်စေ သူတို့သည် နောက်ဆုတ်ရ၏။
ကောင်းကင်ဘုံအဆင့်ရှေ့တွင် မည်သူမှ မတိုက်ခိုက်ရဲပါ။
ဖုန်းလင်ဓားဂိုဏ်းမှ ဂိုဏ်းချုပ်သည် အမှန်တကယ် ကောင်းကင်ဘုံအဆင့်၌ ရှိသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့် ၃ဦးသာ ရှိသည်။ သူတို့သည် ပင်မအင်အားစုသုံးခုကို ထိန်းချုပ်ကာ အနောက်ဘက်နယ်စပ်ကုန်းမြေမှ မရေမတွက်နိုင်သော ဂိုဏ်းများအား ဖိနှိပ်လာခဲ့သည်။
ယခုတွင် ဖုန်းလင်ဓားဂိုဏ်းမှ ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းကာ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လေးယောက်မြောက် ကောင်းကင်ဘုံအဆင့် ဖြစ်လာ၏။
ကျင့်ရှန်းဓားဂိုဏ်းက ဖုန်းလင်ဓားဂိုဏ်းသို့ ပူးပေါင်းရသည်မှာ မထူးဆန်းတော့ချေ။
မူထျဲယန်က အသေခံကာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်မှာ မထူးဆန်းတော့ချေ။
ကောင်းကင်ဘုံအဆင့်ရှေ့တွင် လှည့်ကွက်များအားလုံးမှာ အသုံးမဝင်ပါ။
ယနေ့တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သူတို့၏ဝှက်ဖဲများအားလုံးကို သုံးခဲ့ကာ အခြေအနေမှာ တည်ငြိမ်သွားပြီဟု တွေးထင်ခဲ့သည်။
သို့သော်လည်း ကောင်းကင်ဘုံအဆင့် ပညာရှင်ရှေ့တွင် မည်သို့သော အခြေအနေတည်ငြိမ်မှုအား မျှော်လင့်နိုင်မည်နည်း။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များအားလုံး မျက်နှာပျက်နေကြသည်။
မည်သူက ကောင်းကင်ဘုံအဆင့်အား မကြောက်ရွံ့ဘဲ နေမည်နည်း။
“ကံမကောင်းတာက ငါမင်းကို သင်ပေးတာ တော်တော်များသွားတယ်”
ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းကာ တင်းမာစွာ ပြောသည်။
ခေါင်းဆောင်တောက်ရင်၏စကားကိုကြားလျှင် ကျန်းချန်၏အပြုံးက ပိုမိုအသက်ဝင်လာ၏။
“မှန်တယ်… စီနီယာအစ်ကိုယွီဟယ်… ခင်ဗျားက ကျုပ်ကို သင်ပေးတာ များသွားတယ်။ လေနဲ့မီးတောက် ပေါင်းတဲ့အခါ အဲဒါဟာ ကြီးမားတဲ့အင်အားဖြစ်လာတယ်လို့ ခင်ဗျား ကျုပ်ကို သိခွင့်ပေးခဲ့တယ်”
“လေဓာတ်နဲ့ မီးဓာတ်ကို ပေါင်းစပ်နိုင်သရွေ့ ကျုပ်ဟာ ကောင်းကင်ဘုံအဆင့်ကို ရောက်မယ်လို့လည်း သိခွင့်ပေးခဲ့တယ်”
ခေါင်းဆောင်တောက်ရင်၏တင်းမာသော မျက်နှာကို ကြည့်ကာ ကျန်းချန်၏အပြုံး ပျောက်ကွယ်သွားသည်။
“ခင်ဗျား ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းမှာကို တားဆီးဖို့အတွက် ကျုပ် အတော်လေး အားထုတ်ခဲ့ရတယ်”
“မီးလောင်ပြင်ဓားသိုင်းကို တားမြစ်ဖို့အတွက် ကျုပ်တို့ ဖုန်းလင်ဓားဂိုဏ်းက လင်တောက်ဂိုဏ်းသဘောတူအောင် အတော်လေး အားထုတ်လိုက်ရတယ်လေ”
“ဘယ်လိုလဲ… စီနီယာအစ်ကိုယွီဟယ်က ကျုပ်ရဲ့လက်ဆောင်ကို သဘောကျရဲ့လား”
အကြီးအကဲတောက်ရင် မည်သည့်စကားမှ မဆိုတော့ချေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကောင်းကင်ဘုံအဆင့်တစ်ဝက် ပညာရှင်များ ပျံသန်းရောက်ရှိလာကြသည်။
ကျန်းချန်သည် အံ့ဖွယ်ကိုးပါးတောင်ကုန်းအား ကြည့်သည်။ ထို့နောက် ဂိုဏ်းချုပ် ကျင်းကျီအား ကြည့်၏။
“ခင်ဗျား ကျေးဇူးမေ့သွားပြီလား။ အဲဒီတုန်းက ဘယ်လိုတောင်းပန်ခဲ့လဲ”
ကျန်းချန်က အထင်သေးစွာ ပြောသည်။
ကျင်းကျီ၏အမူအရာ ပြောင်းလဲခြင်း မရှိချေ။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“ဂိုဏ်းချုပ်ကျန်းဟာ ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းသွားတယ်။ ဂုဏ်ပြုပါတယ်”
“ခင်ဗျားက ကျုပ်ကို ဂုဏ်ပြုချင်ရင် အံ့ဖွယ်ကိုးပါးဓားနဲ့ ဂုဏ်ပြုပါလား”
ကျန်းချန်က နှာခေါင်းရှုံ့ကာ ပြောသည်။
“တားမြစ်ချက်ကို ဖောက်ဖျက်ပြီးတော့ မီးလောင်ပြင်ဓားသိုင်းကို သုံးတဲ့သူမှန်သမျှ ကျင့်ကြံဆင့် ဖျက်ဆီးခံရမယ်”
“မူထျဲယန်ကို သတ်ခဲ့တဲ့သူကို ကျုပ်အတွက်ချန်ထားပေး”
ကျန်းချန်၏အကြည့်က ကျင်းကျီထံသို့ ရောက်လာကာ ထူးမခြားနားစွာ ပြောသည်။
“ဒီအချက်တွေဟာ အရင်တုန်းကထက် ပိုပြီး လက်ခံဖို့ လွယ်ကူတယ်မလား”
“ခင်ဗျား ငြင်းမယ်လို့ မထင်ပါဘူး ဂိုဏ်းချုပ်ကျင်းကျီ”
အရင်တုန်းက…
ထိုစဉ်က အံ့ဖွယ်ကိုးပါးတောင်ကုန်းတွင် မျိုးဆက်သုံးခုသာ ကျန်ရစ်ခဲ့သည်။
ဓားစံအိမ်အကြီးအကဲကျူးရှန့်သည် ပြင်းထန်စွာ တိုက်ခိုက်ကာ ဓားစံအိမ်၏အမွေအနှစ်တချို့အား ဆုံးရှုံးခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ထိုနာကျင်မှုအား မည်သည့်အခါကမှ မမေ့ပါ။
ယနေ့ အခြေအနေကား ထိုစဉ်ကထက် ပိုဆိုးနေသေးသည်။
သူတို့က ကောင်းကင်ဘုံအဆင့်အား ရင်ဆိုင်နေရ၏။
အံ့ဖွယ်ကိုးပါးဓားသည် ဂုဏ်ပြုလက်ဆောင်ဖြစ်လာသည်။
မီးလောင်ပြင်ဓားသိုင်းကို သုံးခဲ့သူမှန်သမျှ ကျင့်ကြံဆင့် ဖျက်ဆီးခံရမည်။
မူထျဲယန်ကို သတ်ဖြတ်ခဲ့သော ဓားစံအိမ်အကြီးအကဲမှာလည်း ဖမ်းဆီးခံရမည်။
အကယ်၍ ဂိုဏ်းချုပ်ကျင်းကျီသာ ထိုအချက်များကို သဘောတူခဲ့ပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သူတို့၏အခြေခံအုတ်မြစ် တူးထုတ်ခံရသည်နှင့် တူပေလိမ့်မည်။
ဂိုဏ်းချုပ်ကျင်းကျီက နောင်တရစွာ ပြောသည်။
“ဂိုဏ်းချုပ်ကျန်း… ကျုပ် ခင်ဗျား တောင်းဆိုတာကို တကယ်ပဲ မလိုက်လျောနိုင်ဘူး”
“ကျုပ်က အံ့ဖွယ်ကိုးပါးဓားကို နောက်တစ်ယောက်ကို ပေးဖို့ သဘောတူထားတယ်”
သူ့စကားအားကြားလျှင် ကျန်းချန်က ရယ်မောလိုက်၏။
“နောက်တစ်ယောက်”
“ထိုက်ရီဓားဂိုဏ်းမလား”
သူက လှည်းတန်းအား လှမ်းကြည့်ကာ ရယ်မော၍ ပြောသည်။
“ကျင်းကျီ… ဒါကြောင့် ခင်ဗျားက ကောင်းချန်ကုန်းကို မမှီတာ”
“သူဟာ ဓားစံအိမ်သို့ ဝင်ပြီးတော့ ‘အသက်ရှုကြိမ်တစ်ရာ’ အဆင့်ကို ကျင့်ကြံရဲတယ်”
“ခင်ဗျား မလုပ်နိုင်ဘူး”
“ကောင်းကင်ဘုံအဆင့်ကို မတက်လှမ်းဘဲ ခင်ဗျားက ကောင်းကင်ဘုံအဆင့်ဆိုတာ ဘာမှန်းသိမှာ မဟုတ်ဘူး”
ဝုန်း…
သူက ပြောပြီးသည်နှင့် အဆုံးမဲ့သော လေပြင်းများ ဖြစ်ပေါ်လာသည်။ ကမ္ဘာမြေကြီးမှာ ကျယ်ပြောကာ တိမ်စိမ်တိမ်လိပ်များမှာလည်း အဆုံးမဲ့၏။
တိမ်များ ကောင်းကင်ကို ဖုံးအုပ်သွားလျှင် အရာအားလုံး နက်မှောင်လာသည်။
“ကောင်းကင်ဘုံပညာရှင်၊ ဝိညာဉ်သူငယ်အဆင့်တစ်ယောက်ရဲ့ စကားဟာ စည်းမျဉ်းပဲ။ ကမ္ဘာမြေအဆင့် အမြုတေဖွဲ့စည်းခြင်းပညာရှင်ဟာ ပရွက်ဆိတ်တစ်ကောင်သာသာပဲ”
“ထူစွန်းရှစ်က မင်းရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် တိုက်ခိုက်ပေးမယ်လို့ ထင်နေတာလား”
“ကောင်းကင်ဘုံအဆင့်မရှိဘဲ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ဘယ်လိုလုပ် ကောင်းကင်ဘုံအဆင့်တစ်ယောက်နဲ့ စကားပြောဆို အဆင့်မှီမှာလဲ”
ကျန်းချန်၏စကားက ကျင်းကျီ၏အမူအရာကို ပြောင်းလဲသွားစေသည်။
ကျင်းကျီထံမှ ချီဓာတ်များ ထွက်ပေါ်လာကာ သူက အော်ဟစ်လိုက်သည်။
“ဂျူနီယာကျင်းကျီက အကြီးအကဲထူစွန်းရှစ်ကို တရားမျှတမှု ရှာဖွေပေးဖို့ ဖိတ်ကြားပါတယ်”
ဆယ်စက္ကန့်…
စက္ကန့် ၂၀…
သူ၏အမူအရာက ပိုမိုပျက်ယွင်းလာသည်။
လေထုထဲတွင် မည်သည့်တုန့်ပြန်မှုမှ မရှိပါ။
ထိုက်ရီဓားဂိုဏ်းအကြီးအကဲချုပ်၊ အနောက်ဘက်နယ်စပ်ကုန်းမြေ၏နံပါတ် ၁ဓားသမားသည် သဘောတူထားသည့်အတိုင်း ရောက်မလာပါ။
ကျန်းချန်က ရယ်မောကာ ထူးမခြားနားစွာ ပြောသည်။
“ခင်ဗျားက ခင်ဗျားဂိုဏ်းသားကို တားမြစ်ထားတဲ့နည်းစနစ်သုံးခိုင်းပြီး ကျုပ်တို့ ဖုန်းလင်ဓားဂိုဏ်းကို ရန်စတယ်။ ပြီးတော့ ကောင်းချန်ကုန်းရဲ့ အသက်ရှုကြိမ်တစ်ရာဓားချက်နဲ့ ကျုပ်ကို မြူဆွယ်ခေါ်ယူတယ်”
“ဒါတွေအကုန်လုံးက ထူစွန်းရှစ်ဆီက အကူအညီကြောင့်ပဲမလား”
“ထိုက်ရီဓားဂိုဏ်းက ကျုပ်တို့ ဖုန်းလင်ဓားဂိုဏ်း ကောင်းကင်ဘုံအဆင့်တစ်ယောက် ထွက်ပေါ်လာမှာကို မြင်ချင်တယ်ထင်လား။ ကျုပ်တို့က အံ့ဖွယ်ကိုးပါးဓားကို ယူတာနဲ့ သူ သေချာပေါက် ဝင်ပါလိမ့်မယ်”
ထို့နောက်တွင် ကျန်းချန်က ရယ်မော၍ ပြောသည်။
“ကျန်းကျီ… ခင်ဗျားဟာ ဘာမှ မရှိတာကနေတောင် ဖန်တီးနိုင်စွမ်းရှိတယ်လို့ နာမည်ကြီးတယ်။ အခုတစ်ခေါက် အတွက်အချက်မှားသွားတာလား”
သူ၏စကားကို ကြားလျှင် ကျင်းကျီက ခေါင်းယမ်းကာ အံ့ဖွယ်ကိုးပါးတောင်ကုန်းကို ကြည့်လျှက် တီးတိုးပြောသည်။
“ကောင်းကင်ဘုံအဆင့်မိစ္ဆာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘယ်လောက် စွန့်လွှတ်ရဲသလဲဆိုတာကို တွက်ချက်ဖို့ လွဲသွားတယ်။ ကျုပ်က ကောင်းကင်ဘုံအဆင့်ကို တွက်ချက်ဖို့ လွဲသွားတယ်။ ဘယ်လိုပြောပြော အဲဒါက ကောင်းကင်ဘုံအဆင့်လေ”
ကောင်းကင်ဘုံအဆင့်မိစ္ဆာမပေါ်လာသလို အံ့ဖွယ်ကိုးပါးဓားမှာလည်း ဓားစံအိမ်အောက်တွင် ရှိနေဆဲဖြစ်သည်။
အကယ်၍ သူက အံ့ဖွယ်ကိုးပါးဓားကို ထူစွန်းရှစ်အား မပေးနိုင်ပါက ကူညီရန် ကတိကဝတ်မှာလည်း မဖြစ်နိုင်တော့ပါ။
အဆုံးသတ်၌ ကျန်းချန်သည် ကောင်းကင်ဘုံအဆင့်ပညာရှင် ဖြစ်သည်။ ထူစွန်းရှစ်သည် အကြောင်းပြချက်မရှိဘဲ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် မတိုက်ခိုက်နိုင်ပါ။
ထူစွန်းရှစ် ဝင်မပါ,ပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကောင်းကင်ဘုံအဆင့်ပညာရှင်လက်ချက်ဖြင့် အဆုံးသတ်ပေတော့မည်။
ကျန်းချန်၏အမူအရာက တည်ငြိမ်သွားကာ ခေါင်းဆောင်တောက်ရင်အား ကြည့်သည်။
“စီနီယာအစ်ကိုယွီဟယ်… ကျုပ်နဲ့အတူ ကောင်းကင်လေပြင်းတောင်ကုန်းသို့ လိုက်ခဲ့ပါ”
သူ့အား အဖြေပေးခဲ့သည်မှာ မီးတောက်များ ဖြစ်သည်။
မီးတောက်များသည် ကျန်းချန်၏ဘေးပတ်ပတ်လည်မှ လေပြင်းများဖြင့် ရင်ဆိုင်တွေ့ကာ ပျက်ပြယ်သွား၏။
ခေါင်းဆောင်တောက်ရင်က တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ခေါင်းဆောင်တောက်ရင်က ကောင်းကင်ဘုံအဆင့်အား တိုက်ခိုက်လိုက်သည်။
ကောင်းကင်တွင် ငြိမ်သက်နေသော ပုံရိပ်များ ချက်ချင်း လှုပ်ရှားသွားကြသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မဟာအကြီးအကဲသုံးပါးဖြစ်စေ၊ ကျင့်ရှန်းဓားဂိုဏ်းမှ လူများဖြစ်စေ သူတို့အားလုံးက ရွေးချယ်ထားသော ရန်ဘက်များထံသို့ တိုးဝင်သွားကြသည်။
ကျင့်ရှန်းဓားဂိုဏ်းနှင့် ဖုန်းလင်ဓားဂိုဏ်းတို့အမြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အရှုံးမပေးမှတော့ ဖျက်ဆီးပစ်ရမည်။
ထို့အပြင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူများသည်လည်း တိုက်ခိုက်ခြင်းက သူတို့၏နောက်ဆုံး အသက်ရှင်ရန် အခွင့်အရေးဟု သိကြသည်။
ကျန်းချန်က လက်မြှောက်လိုက်လျှင် လေပြင်းများ တိုက်ခတ်သွား၏။ ခေါင်းဆောင်တောက်ရင်၏အနီးမှ မီးတောက်များမှာ ချက်ချင်း ကွယ်ပျောက်သွားတော့သည်။
“ခင်ဗျားက စစ်ရထားကို ရပ်တန့်ချင်တဲ့ စစ်သားလေးလိုပဲ”
သူ၏မျက်နှာတွင် အထင်သေးသော ဟန်အမူအရာ ရှိနေသည်။
ဂိုဏ်းချုပ်ကျင်းကျီက အော်လိုက်သည်။
“ဒီလို အခြေအနေ ဖြစ်လာမှတော့ တိုက်ခိုက်ကြတာပေါ့”
သူက အစိမ်းရောင်ဓားတစ်လက်ကို ကိုင်ကာ ခုတ်ချလိုက်သည်။
ကြီးမားသော စွမ်းအားလှိုင်းသည် ကျန်းချန်ထံသို့ ဦးတည်သွား၏။
ကောင်းကင်ဘုံတစ်ဝက်အဆင့်။
ယခုတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင် ခြောက်ယောက် ရှိသည်။
ထိုအင်အားသည် ထိပ်သီးအင်အားစုတစ်ခုအဆင့်ရှိသည်။
ဂိုဏ်းချုပ်ကျင်းကျီသည် ဖုန်းလင်ဓားဂိုဏ်းနှင့် ယှဉ်ပြိုင်လိုသည်မှာ မထူးဆန်းတော့ချေ။
ကံမကောင်းသည်ကား ဖုန်းလင်ဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်တစ်ယောက် ရှိနေသည်။
ကျန်းချန်က လက်ဝှေ့ယမ်းလိုက်လျှင် သူ့ရှေ့မှ အားလှိုင်း ပျောက်ကွယ်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ကျင်းကျီသည် တုန်ခါသွားကာ သူ့ပါးစပ်မှ သွေးများ ယိုစီးကျလာပြီး နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်လိုက်ရသည်။
ဓားအလင်းသည်လည်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား၏။
“သတ္တုကို ထိန်းချုပ်တယ်… ဒါပဲလား”
ကျန်းချန်က သူ့ရှေ့မှ ခေါင်းဆောင်တောက်ရင်ကို ကြည့်သည်။ သူ၏အကြည့်မှာ ညင်သာခြင်း မရှိတော့ချေ။
“ကျုပ် ခင်ဗျားကို မီးလောင်ပြင်ဓားသိုင်း နောက်ဆုံးတစ်ခေါက် သုံးဖို့ အခွင့်အရေးပေးမယ်”
“အကောင်းဆုံးလုပ်ပါ။ ဒါက ခင်ဗျားဘဝရဲ့ နောက်ဆုံးအခွင့်အရေးပဲ”
သူ့စကားကိုကြားလျှင် ခေါင်းဆောင်တောက်ရင်က မျက်တောင်ပင့်ကာ ရယ်မော၍ ပြော သည်။
“ကောင်းပြီ”
သူ့အနီးတွင် မီးတောက်များ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ပေတစ်ထောင်ခန့်အဝေးတွင်ရှိသော စုယွမ်အား ပြောသည်။
“စုယွမ်… သေသေချာချာကြည့်။ မင်း မီးလောင်ပြင်ဓားသိုင်းကို တတ်မြောက်ရင် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းနိုင်မယ်”
သူ့ခန္ဓာကိုယ်တွင် လေနှင့်မီးဓာတ်များ ပေါင်းစပ်လာခဲ့ကာ အားကောင်းသော မီးလျှံများ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
စုယွမ်က အံကြိတ်ကာ ခေါင်းညိတ်သည်။
အကြီးအကဲတောက်ရင်၏မီးလောင်ပြင်ဓားသိုင်းမှာ မည်မျှ အားကောင်းပါစေ၊ ကောင်းကင်ဘုံအဆင့်နှင့် မယှဉ်နိုင်ပါ။
ခေါင်းဆောင်တောက်ရင်အတွက် မီးလောင်ပြင်ဓားသိုင်းကို နောက်ဆုံးအကြိမ်သုံးခြင်း ဖြစ်နိုင်ပေသည်။
စုယွမ်သာမဟုတ်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များအားလုံး မီးတောက်အဖြစ် ပြောင်းလဲသွားသော ခေါင်းဆောင်တောက်ရင်အား ကြည့်နေကြသည်။
ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ အရာရာဖြစ်သည်။
ကောင်းကင်ဘုံအဆင့်သည် ကောင်းကင်ဘုံအဆင့်သာ ဖြစ်သည်။
ဟန်မူယဲ့ ဓားစံအိမ်အကြီးအကဲအား ကြည့်သည်။
ဓားစံအိမ်အကြီးအကဲသည် ကောင်းကင်မှ လေနှင့်မီးဓာတ်တို့အား ကြည့်ကာ အဝေးမှ အံ့ဖွယ်ကိုးပါးတောင်ကုန်းကို ကြည့်သည်။
သူ၏မျက်လုံးများက ဆွေးမြေ့နေသည်။
“စိတ်မကောင်းစရာပဲ။ ငါဟာ အံ့ဖွယ်ကိုးပါးတောင်ကုန်းက ထွက်မသွားနိုင်တော့ဘူး”
ထို့နောက် သူက ဟန်မူယဲ့အား ကြည့်သည်။
“ကောင်လေး… နောက်ပိုင်း အလယ်ပိုင်းဒေသကို သွားတဲ့အခါ ရှောင်ယွဲ့လီလို့ ခေါ်တဲ့ အမျိုးသမီးကို ပြောပေးပါ။ ကောင်းချန်ကုန်းက အရာအားလုံးကို စွန့်လွှတ်ပြီးတော့ သူမနဲ့ ထွက်သွားချင်ခဲ့တယ်လို့”
ထို့နောက် ဓားစံအိမ်အကြီးအကဲသည် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့သော ဓားအလင်းများ ပေါက်ကွဲထွက်လာ၏။
“ကျုပ် ကောင်းချန်ကုန်း ဓားစံအိမ်မှာ နှစ် ၆၀ ကြာ နေလာတော့ အနောက်ဘက်နယ်စပ်ကုန်းမြေက ကျုပ်နာမည်ကို မေ့သွားပြီထင်တယ်”
“အကြီးအကဲတောက်ရင်… အဲဒီတုန်းက မီးလောင်ပြင်ဓားသိုင်းကို လေ့လာတုန်းက ခင်ဗျား ဘာကို တွေ့ခဲ့တာလဲ”
ကောင်းကင်ထက်တွင် ခေါင်းဆောင်တောက်ရင်က ပြုံးလျှက် ပြောသည်။
“လေဟာ မီးကို အားပေးရင် မိုင်တစ်ထောင် လောင်ကျွမ်းနိုင်တယ်”