← Chapters

မျိုးဆက်တစ်ဆက်၏ နေဝင်ချိန်

Vol. 114 Ch. 1590

မျိုးဆက်တစ်ဆက်၏ နေဝင်ချိန်

Vol. 114 Ch. 1590

မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်တွင် လောကပါလနတ်မင်း၏ကိုယ်အစစ်အား နှစ်ပေါင်းများစွာ လိုက်ရှာခဲ့၏။ အဆုံးသတ်၌ လောကပါလနတ်မင်း ပေါ်မလာသည့်အကြောင်းရင်းမှာ မန်ဟိုနှင့်ရင်းနှီးသူများ အချိန်ကျိန်စာကြောင့် ခံစားနာကျင်နေကြသည်ကို မြင်ချင်၍ဖြစ်ကြောင်း ကောင်းကောင်းသ‌ဘောပေါက်လိုက်သဖြင့် မန်ဟိုမှာ ခါးသက်သက်သာ ရယ်နိုင်တော့သည်။

ရှာမရသည့်နောက်ဆုံးတော့ မန်ဟို့အတွက် တောင်ပင်လယ်ကြယ်တာရာကောင်းကင်နှင့် နဝမတောင်သို့ ပြန်ဖို့သာ ရွေးချယ်စရာရှိသည်။ နဝမတောင်တွင် သူသည် ကျိန်စာဖြေနိုင်မည့် သဘာဝနိယာမအသစ်များအား အသည်းအသန် ကြိုးစားဖန်ဆင်း၏။ ရှုချင်မှာ သူ့ကို ယခုလိုပုံစံဖြင့်မြင်လျှင် စိတ်မချမ်းသာသလို၊ ရင်နာရသော်သည့်တိုင် သူမကိုယ်တိုင်လည်း ဘာမှမကူနိုင်ရာ .... မန်ဟို့ကို တိတ်ဆိတ်စွာသာ အဖော်ပြုပေးနိုင်လေသည်။

“အချိန်က အကန့်အသတ်နဲ့တဲ့...” မန်ဟိုက တစ်ယောက်တည်း တဖွဖွရေရွတ်နေသည်။ “အဲဒီကျိန်စာကြောင့် ဘဝပြန်ဝင်စားခြင်းဆိုတာ မရှိတော့ဘူး။ ဒီဘဝနဲ့ပဲ အဆုံးသတ်လိမ့်မယ်...” သူနှင့်တစ်နည်းနည်းဖြင့် ပတ်သက်ခဲ့သူတိုင်း သေပြီးနောက် လူပြန်မဝင်စားကြောင်း မန်ဟို သတိထားမိခဲ့ပြီးပြီဖြစ်သည်။

အချိန်မြစ်သည် တအိအိ စီးဆင်းနေ၏။ နောက်နှစ်ငါးရာ ကုန်လွန်သွားသည်။ ယခုဆိုလျှင် မန်ဟို တောင်ပင်လယ်လောက၏အရှင်သခင် ဖြစ်လာကတည်းက နှစ်တစ်ထောင်တိုင်ခဲ့ချေပြီ။ ထိုနှစ်တစ်ထောင်အတွင်း ဂရုတစိုက်အားထုတ်ခဲ့မှုကြောင့် မန်ဟို့အား သိရှိသူ နည်းပါးသထက် နည်းပါးလာခဲ့၏။

နှစ်တစ်ထောင်ပြည့်သောနှစ်တွင် ပါရာဂွန်ပင်လယ်အိပ်မက် နောက်တစ်ကြိမ်ကွယ်လွန်သည်။ သူမသေဆုံးခြင်းက မန်ဟို့နှလုံးသားအတွက် ပြင်းထန်သောထိုးနှက်မှုဖြစ်လေသည်။ မန်ဟိုမှာ သူမအလောင်းကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေပြီး သူ့လက်ထဲ၌မူ ပါရာဂွန်ပင်လယ်၏ အကြွင်းအကျန်ဝိညာဉ်မီးတောက်က တလက်လက်တောက်ပနေသည်။

မန်ဟိုက ထိုဝိညာဉ်မီးကို လျင်မြန်စွာ ယူ၍ ချိတ်ပိတ်ကာ လက်သီးဆုပ်အရွယ် ရေခဲတုံးတစ်တုံးအဖြစ် ပြောင်းလဲလိုက်သည်။ အဆိုပါဝိညာဉ်မီးက ... ပါရာဂွန်ပင်လယ်အိပ်မက်၏ နောက်ဆုံးထွက်သက်မတိုင်မီ မန်ဟို ထုတ်ယူခဲ့သော ဝိညာဉ်မျိုးစေ့တစ်စေ့ ဖြစ်၏။

သေလူတို့ကို ဝိညာဉ်မျိုးစေ့အသွင်ပြောင်းခြင်း ... ကုန်လွန်သွားခဲ့သည့် နှစ်တစ်ထောင်တစ်လျှောက်လုံး ဤနည်းလမ်းကိုသာ သူ ကြံဆနိုင်ခဲ့သည်။ ကျိန်စာကို ချိုးဖျက်ပြီးနောက် ထိုဝိညာဉ်မျိုးစေ့များအား ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ ပြန်ပို့လွှတ်ပေးနိုင်ရန် မန်ဟို မျှော်လင့်မိလေသည်။

ပင်လယ်အိပ်မက်ထွက်သွားသည့်အခါ လီလင်းအာမှာ ဝမ်းနည်းကြေကွဲစွာ ကျန်ခဲ့သည်။ လီလင်းအာလည်း နှစ်တစ်ထောင်အတွင်း ပိုမိုအိုမင်းနေခဲ့ချေပြီ။

မန်ဟိုသည် ပါရာဂွန်ပင်လယ်အိပ်မက်၏အလောင်းကို ကြည့်ကာ ခံပြင်းစွာ သက်ပြင်းချ၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်း သူသည် လူတိုင်းကို သေရွာမှ ပြန်ခေါ်လာနိုင်ခဲ့သော်လည်း ယခုတော့ ကျိန်စာကူးစက်ပျံ့နှံ့နေသည်ကို ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ပေ။

ပါရာဂွန်ပင်လယ်အိပ်မက် သေဆုံးပြီးနောက် မန်ဟိုက နဝမတောင်သို့ ပြန်သွားသည်။ ထိုနေရာတွင် သူသည် ဝိညာဉ်မျိုးစေ့များကို သိမ်းဖို့ အထူးရေခဲတောင်တစ်တောင် ဖန်ဆင်းထား၏။ လောလောဆယ်တွင် ထိုရေခဲတောင်၌ ဝိညာဉ်မျိုးစေ့ပေါင်းထောင်ချီကို မြင်ရနိုင်ပြီး နောက်တွင် မည်မျှများပြားလာလိမ့်မည်လဲ အလွယ်တကူ တွေးကြည့်နိုင်လေသည်။ နောက်ဆုံးတွင် အကုန်လုံး သေဆုံးသွားကြလိမ့်မည်။ သူတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့လိမ့်မည်။

တွေးကြည့်လိုက်ရုံလေးနှင့် ... မန်ဟို့နှလုံးသားသည် ကြောက်လန့်တုန်ရီလာ၏။

မန်ဟိုမှာ ရှုချင်ကို ရင်ခွင်ထဲ တိတ်ဆိတ်စွာ ထည့်ထားရင်း အဝေးငေးနေမိသည်။ ဘိုးဘေးနယ်ပယ်အဆင့်ဖြစ်သည့်တိုင် ... သူ့မှာ အစွမ်းအစမဲ့နေသေးလေသည်။

နောက်ထပ်နှစ်ပေါင်းများစွာကြာသော် မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ နောက်တစ်ကြိမ် ထွက်သွား၏။ ချောင်ကြိုချောင်ကြားမကျန် နေရာတိုင်းမြေလှန်ရှာသည်။ အရှေ့တုန်းက ကြိုးစားခဲ့ဖူးသည်များထက် များစွာ အားစိုက်ထုတ်သည်။ သို့သော် ... လောကပါလနတ်မင်း၏အရိပ်အယောင်ကိုပင် မမြင်ရ။

နောက်ဆုံးတော့ မန်ဟိုမှာ အာကာပြင်ကျယ်စကြဝဠာ၏အပြင်၌ ဆောက်တည်ရာမဲ့စွာ ပျံဝဲနေတော့သည်။ အမုန်းအဃာတအပြည့်ဖြင့် လှောင်ရယ်နေသော လောကပါလနတ်မင်း၏ အေးစက်စက်ရယ်သံကိုပင် သူ ကြားနေရသယောင်ယောင်....

မန်ဟိုသည် တောင်ပင်လယ်ကြယ်တာရာကောင်းကင်ထဲ ပြန်မဝင်ခင် ထိုအတိုင်း အတန်ကြာပျံဝဲနေ၏။ ထို့နောက် နဝမတောင်သို့ ပြန်မသွားပေ။ အာကာပြင်ကျယ်ဂြိုဟ်မှ တစ်ယောက်ယောက် သူ့အား ခေါ်နေသည်ကို သူ့စိတ်ဆန္ဒမှတစ်ဆင့် ခံစားခဲ့ရ၏။

သူ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ အာကာပြင်ကျယ်ဂြိုဟ်၏အပေါ်တွင် ဖြစ်သည်။ အောက်၌ ခြစ်ခြစ်တောက်ပူနေသော သဲကန္တာရတစ်ခုရှိသည်။ သဲကန္တာရအတွင်း၌ အိုအေစစ်တစ်ခုအား မြင်ရနိုင်ကာ ထိုနေရာတွင် အမျိုးသမီးတစ်ယောက်သည် သူ့အား မော့ကြည့်နေ၏။ သူမမှာ ငေးကြောင်နေပုံရသော်လည်း ကပျာကယာ ဒူးထောက်ဂါဝရပြုလေသည်။

“ဂါဝရပြုပါတယ် မိစ္ဆာဘုရင်”

မန်ဟိုက သူမအရှေ့၌ ဆင်းသက်လိုက်သည်။ သူမသည် အိုမင်းနေပြီး အနှစ်သာရ ၉ ခုအဆင့်ပါရာဂွန်ဖြစ်သည့်တိုင် သူမအပေါ်၌ ရစ်ဝဲနေသော ပျက်စီးခြင်းအငွေ့အသက်များကို မဖုံးကွယ်နိုင်ပေ။ သူမကား အင်မော်တယ်ပိုင်ဝူချိန် ဖြစ်၏။

ဟိုးတုန်းက အင်မော်တယ်ပိုင်ဝူချိန်သည် သူမ၏အိမ်၊ အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ ပို့ပေးဖို့ မန်ဟို့အား တောင်းဆိုခဲ့ဖူးသည်။

ယခုတွင် သူမက သူ့ကို ဆင့်ခေါ်၍ ဂါဝရပြုကာ နောက်တစ်ကြိမ် တောင်းဆိုနေလေသည်...

“အာကာပြင်ကျယ်စကြဝဠာအပြင်မှာ အပျက်အစီးတွေကလွဲလို့ ဘာမှမရှိဘူး” မန်ဟိုက တိုးညင်းစွာ ပြောသည်။ သူ့အနေဖြင့် သူမကို လိုက်မပို့ပေးလိုခြင်းမဟုတ်ပေ။ ပိုင်ဝူချိန်၏မှတ်ဉာဏ်များက ပုံရိပ်ယောင်များသာ ဖြစ်နေ၍သာ။

အင်မော်တယ်ပိုင်ဝူချိန်က တခဏတိတ်ဆိတ်သွားပြီးနောက် အံတင်းတင်းကြိတ်ကာ ခေါင်းမော့သည်။ “အပျက်အစီးတွေရှိရှိ၊ မရှိရှိ၊ ကျွန်မသွားချင်ပါတယ်”

မန်ဟိုက မျက်လုံးများမှိတ်ကာ သက်ပြင်းချသည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ လက်ဝှေ့ယမ်းလိုက်၏။ အင်မော်တယ်ပိုင်ဝူချိန်၏ဘေးတွင် ဝဲတစ်ဝဲ ပေါ်လာသည်။ ချက်ချင်းပင် သူမသည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ သွားဖို့ ဝဲထဲ ဝင်လိုက်၏။

“ကဲသွားကြည့်ချည်” မန်ဟိုက ပြောသည်။ “ပြန်လာချင်ရင် ငါ့နာမည်သာ ခေါ်လိုက်” မန်ဟိုသည် အင်မော်တယ်ပိုင်ဝူချိန် ပျောက်သွားသောနေရာအား ကြည့်ရင်း အိုအေစစ်ထဲ၌ တခဏထိုင်နေ၏။ ထို့နောက် နဝမမြေထုနှင့် နဝမဂိုဏ်းရှိရာသို့ လှမ်းကြည့်သည်။ ဤအခိုက်အတန့်မှာပင် အမြင့်ဆုံးမျှော်စင်ထိပ်၌ ရပ်လျက် အားလုံး၏အာရုံစိုက်ရာဖြစ်နေသော မိန်းကလေးတစ်ဦးရှိသည်။ ခေါင်းလောင်းသံများသည် ဂိုဏ်းတစ်ဝန်း တဒေါင်ဒေါင်မြည်ဟည်းနေ၏။

ထိုမိန်းကလေးကား ပြည့်ပြည့်လေးပင်။

သူမကို ကြည့်နေသောအခါ မန်ဟို့မျက်ဝန်းများတွင် နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေသည်။ ပြည့်ပြည့်သည် သူမအတိတ်ကို သိ၏။ လွန်ခဲ့သောနှစ်တစ်ထောင်က မန်ဟို သူမဆီ သွားရောက်ကာ အကြောင်းစုံရှင်းပြခဲ့ပြီးပြီ ဖြစ်လေသည်။

မန်ဟိုသည် သူမအား ရွေးချယ်စရာတစ်ခုပေးခဲ့သည်။

နဝမဂိုဏ်းတွင်ပဲ ဆက်နေမလား။

သူနှင့်အတူ တောင်ပင်လယ်လောကသို့ ပြန်လိုက်ခဲ့မလား။

ပြည့်ပြည့်လေးက သူမနေ,နေသည့်နေရာတွင်သာ ဆက်နေဖို့ ရွေးချယ်ခဲ့သည်။

နှစ်တစ်ထောင်အတွင်း အာကာပြင်ကျယ်ဂြိုဟ်သို့ တစ်ခါမှ ကိုယ်တိုင်ပြန်မသွားခဲ့သော်လည်း ပြည့်ပြည့်အား စောင့်ရှောက်ဖို့ သူ့စိတ်ဆန္ဒအား မကြာခဏ စေလွှတ်ခဲ့၏။

သူ့သမီးပြည့်ပြည့်ကို ကြည့်တိုင်း ... တောင်ကောင်းကင်ဂြိုဟ်ပေါ်က ဇီယွင်ဂိုဏ်းထဲရှိ ‌ခေါင်းတလားအတွင်းတွင် အိပ်စက်နေသော အမျိုးသမီးတစ်ယောက်အကြောင်း သူ တွေးမိတတ်သည်။

တစ်လောကလုံး၏အထွတ်အထိပ်တွင် ရပ်နေသော သူ့သမီးကို လှမ်းကြည့်နေစဉ် မန်ဟို၏ပုံစံမှာ လွမ်းဆွတ်ညို့မှိုင်းနေပုံရသည်။ ထို့နောက် သူ့သမီး ပြုံးနေသည်ကို မြင်လျှင် သူလည်း လိုက်ပြုံးမိလေသည်။ ထိုအပြုံးသည် အထီးကျန်နေသောအပြုံး ဖြစ်၏။ နောက်ဆုံးတော့ သူ လှည့်ထွက်သွားသည်။

အချိန်တွေ ကုန်လွန်သွားပြန်သည်။ နောက်နှစ်တစ်ထောင်။

ယခုတွင် မန်ဟို တောင်ပင်လယ်ကြယ်တာရာကောင်းကင်ကို စိုးမိုးခဲ့သည့်အချိန်မှစ၍ နှစ်နှစ်ထောင်ကျော် ကြာခဲ့လေပြီ။ အချိန်များကြာလာသည်နှင့်အမျှ သူ့အား မှတ်မိသူ မရှိသလောက် ရှားလာသည်။ မန်ဟို ကျင့်ကြံသူလောကသို့ စ,စဝင်ရောက်ခဲ့တုန်းကလို အခြေအနေမျိုး ဖြစ်လာ၏။ တောင်ပင်လယ်ကြယ်တာရာကောင်းကင်၏ နာမည်က .... မန်ဟို ဆိုသည်ကိုလည်း မသိကြတော့ပေ။

ထိုနှစ်နှစ်ထောင်အတွင်း ကျိန်စာစွမ်းအားသည် ပြင်းထန်လာ၏။ အတိတ်တုန်းက သူ အသက်ပြန်သွင်းပေးခဲ့သော ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်... အပေါ်ယံကြည့်လျှင် သက်တမ်းကုန်ရုံမျှသာ ဖြစ်သည်ဟု ထင်ရသော်လည်း သူတို့အနေဖြင့် သည့်ထက်ကြာကြာ နေထိုင်နိုင်သင့်ကြောင်း မန်ဟို သိလေသည်။ ထို့အပြင် သူတို့သည် ထာဝရတော့ အသက်မရှင်နိုင်သော်လည်း ... အနည်းဆုံး ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်နိုင်ခဲ့သင့်၏။

သို့သော် ယခုတော့ သူတို့တွင် နေထိုင်စရာ ဘဝတစ်ဘဝသာ ရှိလေသည်။

သူတို့ကို အသက်ပြန်မသွင်းပေးခဲ့လျှင် ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်ကောင်းဝင်ရောက်နိုင်ခဲ့လိမ့်မည်ဟု မန်ဟို မကြာခဏ တွေးဖူးသည်။ သို့သော် အဆုံးသတ်တွင် သူ သူတို့ကို အသက်ပြန်မသွင်းပေးခဲ့လျှင်တောင်မှ ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်နိုင်ဦးမည်မဟုတ်ကြောင်း မန်ဟို သ‌‌ဘောပေါက်လိုက်၏။

ဤကျိန်စာ၏စွမ်းအားက လောကပါလနတ်မင်း သူ၏တန်ခိုးအကြီးဆုံးအချိန်တွင် မည်မျှအာဏာကြီးမားခဲ့ကြောင်း မန်ဟို့အား တွေးကြည့်နိုင်စေခဲ့သည်။

အမှန်တွင် တောင်ပင်လယ်သားများကို သူ အသက်ပြန်သွင်းပေးခဲ့၍ ‌တော်သေးလေသည်။ သူတို့မသေခင် အချိန်အနည်းငယ်တော့ အတူကုန်ဆုံးလိုက်နိုင်ခဲ့သည်မဟုတ်ပါလော။ မန်ဟိုသည် တိုးပွားလာသော ဝိညာဉ်မျိုးစေ့များကို ကြည့်တိုင်း ခံပြင်းခြင်း၊ အားမလိုအားမရခြင်း၊ ခါးသီးခြင်းတို့ ဖြစ်ရ၏...

တစ်နှစ်ရောက်သော် ... လီလင်းအာသည် မျက်လုံးများမှိတ်ကာ ဘယ်တော့မှ ပြန်မဖွင့်တော့ပေ။

တစ်နှစ်၌ နှင်းကဲ့သို့ဖြူဆွတ်နေသောဆံပင်များဖြင့် ကျင်ရှန်းသည် သက်တမ်းကုန်ဆုံးသွား၏။

လီလင်းအာ မျက်လုံးမှိတ်သောအခါ မန်ဟိုနှင့်ရှုချင်က သူမနှင့်အတူ ရှိနေလေသည်။ လီလင်းအာသည် လီမျိုးနွယ်စုမှ တစ်ယောက်တည်းကျန်ခဲ့သော မျိုးနွယ်ဝင်ဖြစ်၏။ ကျန်လီမျိုးနွယ်များအားလုံး ချုံမန်းတိုင်နှင့် အတူထွက်သွားခဲ့ကြသည်။ လီလင်းအာကတော့ စစ်ဖြစ်တုန်းကပင် တောင်ပင်လယ်လောကနှင့်အမြဲနေဖို့ ရွေးချယ်ခဲ့သည်။ သူမအတွက် တောင်ပင်လယ်လောက,က သူမ၏အိမ်ပင်။

လီလင်းအာသည် တာအိုလက်တွဲ‌ဖော်တစ်ယောက်မှ မယူခဲ့။ တစ်ယောက်တည်း ငြိမ်းချမ်းစွာ သေဆုံးသွား၏။

ရှုချင်က ငိုသည်။ သူမဆံပင်များမှာ ယခုတွင် မီးခိုးရောင်သမ်းနေပြီဖြစ်ပြီး ပါးရေတွေလည်း တွန့်နေလေပြီ။ ရှုချင်သည် လီလင်းအာ၏လက်ကို ဆုပ်ကိုင်ပြီး သူမမျက်ရည်များက နှင်းဆီပွင့်ချပ်များသဖွယ် တပေါက်ပေါက် မြေခနေတော့သည်။

All Chapters