← Chapters

ရွှေတုန်းလျှို၏ ကျောက်စိမ်းပြား

Vol. 114 Ch. 1591

ရွှေတုန်းလျှို၏ ကျောက်စိမ်းပြား

Vol. 114 Ch. 1591

ကျင်ရှန်းသည် လှပ၏။ ငယ်ရွယ်စဉ်တုန်းက လှပခဲ့သည့်အတိုင်း အိုမင်းကြီးရင့်လာ၍ ပါးရေနားရေများတွန့်နေသည့်တိုင် လှမြဲလှနေဆဲပင်။

နှစ်နှစ်ထောင်အတွင်း တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်ကုန်ကြသည်။

သူနှင့် ရင်းနှီးသူတစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် မျက်လုံးပိတ်သွားတိုင်း မန်ဟို၏နာကျင်မှုမှာ ကြီးထွားလာတော့သည်။ တစ်ခါတရံ သူက အကြောင်းမဲ့သက်သက် ခါးသီးစွာ ရယ်နေတတ်သည်။

သူသည် မိုးကောင်းကင်ကို ချုပ်နှောင်နိုင်သော်လည်း ဤကျိန်စာနှင့်ပက်သက်လာသည့်အခါ အစွမ်းအစမဲ့နေချေပြီ။

လောကပါလနတ်မင်း၏ကျိန်စာမှာ ပြစ်ဒဏ်ပမာ ဖြစ်၏။ ၎င်းက သူ့ကို သတ်ခဲ့သည့် မည်သူမဆိုအတွက် ပြစ်ဒဏ်ပင်။

ထိုလူသည် တစ်သက်လုံး အချိန်ကုန်သွားသည်ကို ကြည့်ရင်း၊ ပင်လယ်ပြာများ တောတောင်များအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း တစ်ယောက်တည်း ရှင်သန်ရလိမ့်မည်။

ပရိယာယ်ကြွယ်၀သော ဗျူဟာဆိုလည်း မမှားပေ။ လောကပါလနတ်မင်းသည် အင်မတန် အားနည်းလာသည့်အချိန်တွင် ထိုပြောင်မြောက်သော ဗျူဟာဖြင့် သူ့ရန်သူ၏နှလုံးသားကို တိုက်စားဖျက်ဆီးပစ်နိုင်လေသည်။

ထိုမှသာလျှင် လောကပါလနတ်မင်းအနေဖြင့် အောင်မြင်မှုကို သိမ်းပိုက်နိုင်လိမ့်မည်။

မန်ဟိုသည် ဤအချက်ကို ကောင်းကောင်းသိ၏။ သို့သော် သူ့မှာ သူ့ခံစားချက်များကို မထုတ်ပယ်နိုင်ပေ။ အဖြစ်အပျက်များအား သူ လျစ်လျူမရှုနိုင်။

နောက်ဆုံးတော့ သူ့မွေးစားအဖေခဲယွင်ဟိုင် အားနည်းလာပြီး သေရတော့မည့်နေ့နှင့် နီးကပ်လာသည့်အခါ မန်ဟိုမှာ ချုံးပွဲချငိုတော့သည်။ သူသည် ခဲယွင်ဟိုင်၏ကုတင်ဘေးတွင် ကလေးတစ်ယောက်သဖွယ် ဒူးထောက်ရင်း ငိုနေ၏။

“ဘာလို့ ငိုနေတာလဲကွယ်...” ခဲယွင်ဟိုင်က ချစ်ခြင်းမေတ္တာအပြည့်ဖြင့် နူးညံ့နွေးထွေးစွာ ပြောသည်။ “အဖေ နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့ပြီးပြီလေ သားရယ်။ ငါ့သားလေးနဲ့ရော ကျုံစစ်နဲ့ရော အဖေ့နေ့ရက်တွေကို အတူတူကုန်ဆုံးခဲ့ပြီးပြီ။ အဖေ အဲ့ဒါနဲ့တင် ကျေနပ်ပါတယ်...” ခဲယွင်ယိုင်သည် မန်ဟို၏ခေါင်းကို လှမ်းပွတ်သပ်ပေးပြီးနောက် မျက်လုံးများတဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

ထိုနှစ်‌များတစ်လျှောက် လူပေါင်းများစွာ သေခဲ့သည်။ သို့သော် ခြုံငုံကြည့်လိုက်လျှင် တောင်ပင်လယ်လောက၏ကျင့်ကြံသူများမှာ အင်အားကြီးထွားလာ၏။ အစွမ်းထက်ပညာရှင်များစွာ ထွက်ပေါ်လာကြသည်။ အကြီးပိုင်းမျိုးဆက်များမှာမူ ကျိန်စာအကြောင်း သိလာသည်နှင့်အမျှ လူရှေ့သူရှေ့ မထွက်ကြတော့ပေ။ မကြာမီ တောင်ပင်လယ်လောကကား အမှန်တကယ်ပင် အသစ်ကြပ်ချွတ် ဖြစ်လာတော့သည်။

တောင်ပင်လယ်များအကြား စစ်မက်ဖြစ်ပွားကြသည်။ ပဋိပက္ခများ ရှိကြသည်။ သို့ရာတွင် လောက၏စည်းမျဉ်းဥပဒေများကြောင့် အဆိုပါစစ်ပွဲများသည် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ခံထားရ၏။

နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။ နောက်နှစ်တစ်ထောင်၊ တောင်ပင်လယ်လောက၏ အသက်ကြီးပိုင်းကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြ၏။ ခိတိဂဗ္ဗလည်း အပါအဝင်ဖြစ်သည်။

ခိတိဂဗ္ဗသည် သူ့အချိန်မကျခင် မန်ဟိုနှင့်ရှုချင်ကို လာတွေ့လေသည်။ သူ့မျက်နှာမှာ အိုမင်းနေသော်လည်း သူအမြဲဖုံးကွယ်ထားခဲ့သည့် နွေးထွေးကြင်နာမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူတို့ကို လာတွေ့သောညမှာပင် ခိတိဂဗ္ဗသည် တိတ်ဆိတ်စွာ အနားယူသွား၏။

ထို့နောက် ဘိုးဘိုးမန်။

ဘိုးဘိုးမန်ပြီးနောက် ဘိုးဘိုးဖန်။ ထို့နောက် ဖန်းတုံးအာ။ မန်ဟို့မျိုးနွယ်ဝင်တစ်ယောက်ပြီးတစ်ယောက် ၊ သူ့မိတ်ဆွေတစ်ယောက်ပြီးတစ်ယောက် သေသွားကြသည်။ တစ်ယောက်သေတိုင်း မန်ဟိုမှာ ရင်ကိုခွဲ၍ ဆားနှင့်သိပ်သကဲ့သို့ နာကျင်ရလေသည်။

ဤအချိန်တွင် ရှုချင်၏တစ်ခေါင်းလုံးဖြူနေပြီဖြစ်သည်။ သို့သော် သူမကား မသေသေးပေ။ မန်ဟိုက အသက်ဓာတ်ကို ကြွယ်ဝသည့် သူ့သွေးအား သူမကို အမြဲတိုက်၏။

သို့သော်လည်း သူ့သွေးသည်ပင် သူမ အိုမင်းမလာအောင် မတားနိုင်ပေ။ နောက်ဆုံးတော့ ရှုချင်မှာ အိပ်ရာထဲသာ လှဲနေနိုင်တော့သည်။ ဘာမှမလုပ်နိုင်တော့သော်လည်း မန်ဟို့ကို ကြည့်တိုင်း ရှုချင်၏မျက်ဝန်းများသည် ပင်ပန်းနွမ်းနယ်မှုကင်းစင်လျက် နူးညံ့ကြင်နာမှုတို့ဖြင့်သာ ရွှန်းလဲ့နေတတ်သည်။ သူမအတွက် သူ့ကို တစ်သက်လုံးထိုင်ကြည့်နေရလျှင်ပင် မလုံလောက်မည့်အလားပင်။

ရှုချင်တွင် ပူပန်ကြောင့်ကြမှုတို့မရှိ။ လွန်ခဲ့သောနှစ်များအတွင်း သူနှင့်အတူ ရှိခဲ့ရရုံနှင့်တင် သူမ ကျေနပ်သည်။ သူမ နောင်တရမိသည့် တစ်ခုတည်းသောအရာမှာပင် မန်ဟို့အတွက် ကလေးမမွေးပေးခဲ့ခြင်းပင်။ မမွေးပေးချင်၍မဟုတ်၊ ကလေးမယူဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူမ၏အသွေးအသား သူမကလေးများ ကျိန်စာဒဏ်ခံရမည်ကို သူမ မလိုလားပေ။

အချိန်မြစ်သည် ထုံးစံအတိုင်း စီးဆင်းနေ၏။ နောင်နှစ်တစ်‌ထောင် ကြာသွားပြန်သည်။ ယခုတွင် သေဆုံးသွားခဲ့သော လူအရေအတွက်အား တွေး၍ပင်မရနိုင်တော့။ အကြီးပိုင်းမျိုးဆက်ပေါင်းမရေမတွက်နိုင်အောင် ကြွေလွင့်သွားခဲ့ကြချေပြီ။ ရှေးတောင်ပင်လယ်စစ်ပွဲ၌ တိုက်ခိုက်ခဲ့သူများအနက် လက်တစ်ဆုပ်ခန့်သာ ကျန်ခဲ့သည်။

ရွှေတုန်းလျှိုသည် နှစ်ပေါင်းများစွာ တောင့်ခံနိုင်ခဲ့၏။ သို့သော် နောက်ဆုံးတော့ သူလည်း မျက်လုံးများပိတ်သွားရသည်။ မသေခင် သူသည် ပြုံး၍ မန်ဟို့လက်ထဲသို့ ကျောက်စိမ်းပြားတစ်ပြား ထည့်ပေးသည်။ ထို့နောက် ဉာဏ်အမြော်အမြင်ကြီးမားသော မျက်လုံးများဖြင့် မန်ဟို့အား ကြည့်လေသည်။

“မမေ့နဲ့ ... အဲဒီကျောက်စိမ်းပြားကို ကြည့်ပြီးရင် အကြောင်းအရာတွေကို စွဲနေအောင် မှတ်ထားပြီး ဖျက်စီးပစ်လိုက်။ အဲဒါတွေက ကျိန်စာကို ဖြေနိုင်မယ့် နည်းလမ်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့သုံးသပ်ချက်တွေပဲ”

ကျောက်စိမ်းပြားကို ယူပြီးနောက် မန်ဟိုက ရွှေတုန်းလျှို၏ ဝိညာဉ်မျိုးစေ့ကို ရေခဲတောင်ဆီ ယူသွားသည်။ ထို့နောက် ကျောက်စိမ်းပြားကို ဖတ်ကာ ဖျက်စီးပစ်လိုက်၏။ သူ့မျက်လုံးများထဲရှိ အစွဲကြီးမှုက ပိုမိုတောက်ပလာသည်။

အချိန်တွေ ကုန်ပြန်သည်။ ဤအထိ တောင့်ခံနိုင်ခဲ့သော လူနည်းစုမှာ တဖြည်းဖြည်း ဆုတ်ယုတ်အားနည်းလာတော့သည်။ နောက်ဆုံးတော့ မှီခိုရာဂိုဏ်းချုပ်သည် သူ့သက်တမ်းအား ဆွဲဆန့်ဖို့ အိပ်စက်အနားယူရန် ရွေးချယ်လိုက်၏။

နောင်နှစ်တစ်ရာကြာသော် မန်ဟို၏မိသားစုဝင်တစ်ယောက် ထွက်သွားသည်။

သူ့အစ်မ ဖန်ယု

သူမနှင့် စွန်းဟိုက်သည် သူတို့ကလေးတစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကို နာကျင်စွာ ကြည့်ရင်း နှစ်ပေါင်းများစွာ သည်းခံခဲ့၏။

သူတို့၏နောက်ဆုံးသောမျိုးဆက် သေဆုံးသွားသည့်အခါ ဖန်ယုနှင့်စွန်းဟိုက်မှာ လက်ချင်းတွဲ၍ မျက်လုံးများပိတ်ပြီးနောက် လင်မယားအဖြစ် အတူတူသေဆုံးသွားကြတော့သည်။

သူတို့၏ဝိညာဉ်မျိုးစေ့များကို သိမ်းပြီးနောက် မန်ဟိုမှာ အတိတ်ကို ပြန်တွေးရင်း ငူငူကြီး ရပ်နေသည်။ သူ့အစ်မသည် စိတ်ဆတ်သော်လည်း သူ့အား အမြဲကာကွယ်ပေးခဲ့၏။ ယခင်က ၎င်းကို သူ သ‌ဘောမပေါက်ခဲ့ပေ။ ယခုတော့ မျက်ရည်များသည် သူ့မျက်ဝန်းအိမ်၌ ဝဲတက်လာပြီး ပါးပြင်တစ်လျှောက် စီးကျလာ၏။ ဘေးတွင် သူ့မိဘနှစ်ပါးလည်း ဝမ်းနည်းကြေကွဲစွာ ငိုနေကြသည်။

မန်ဟိုက နှလုံးသားထဲတွင် ကြိမ်းဝါးလိုက်သည်။ “အကုန်လုံးအတွက် ... ဘဝပြန်ဝင်စားခြင်းသံသရာ စတင်ပေးမယ်လို့ ငါ ကျိန်တယ်”

ဖန်ယုနှင့် စွန်းဟိုက် ကွယ်လွန်ပြီး နောင်နှစ်ခြောက်ရာကြာသော်....

တောင်ပင်လယ်လောက၏ အစောဆုံးအဖွဲ့မှ အသက်ရှင်ကျန်သူ အနည်းစုသာ ရှိတော့သည်။ ရှုချင်၊ မန်ဟိုနှင့် မန်ဟို့မိဘနှစ်ပါးအပြင် ဝမ်ယိုချိုင်၊ ဖက်တီး၊ တုန်းဟူနှင့် ဆေးလုံးမိစ္ဆာတို့ ဖြစ်သည်။ နိုးမလာချင်သော ချူယွီယန်လည်း ရှိသေးလေသည်။

ကျန်ရှိသူများအားလုံး သေဆုံးကုန်ကြပြီဖြစ်ပြီး သူတို့၏ဝိညာဉ်မျိုးစေ့များကို မန်ဟိုက ရေခဲတောင်၌ ထိန်းသိမ်းထားသည်။

မန်ဟို့သွေးကြောင့် ရှုချင်မှာ အသက်ရှင်နေသည်ဆိုရုံလေးသာ ရှိလေသည်။ မန်ဟို့မိဘနှစ်ပါးက တောင်ပင်လယ်လိပ်ပြာနှင့် တစ်သားတည်းဖြစ်နေသည့်အတွက် တောင့်ခံနိုင်သည်။ တုန်းဟူကတော့ ထူးခြားအံ့ဖွယ်ပုလဲကြောင့် အသက်ဆက်ရှင်နေသေးသည်။ ဆေးလုံးမိစ္ဆာမှာမူ ဆေးလုံးတစ်လုံး၏ လူဝင်စားဖြစ်သည့်အတွက် အကြာဆုံး‌တောင့်ခံနိုင်၏။

ပထမဆုံး လက်လျှော့သွားရသူကတော့ ဝမ်ယိုချိုင်ပင်။ သူက သက်တမ်းကုန်သောအခါ ရယ်ရင်း သေဆုံးသွား၏။ မန်ဟို့နှလုံးသားမှာ တဆစ်ဆစ် စူးအောင့်နာကျင်နေတော့သည်။ သူသည် ဝမ်ယိုချိုင်၏ဝိညာဉ်မျိုးစေ့ကို ရေခဲဂူထဲတွင် သိမ်းရင်း နောက်တစ်ကြိမ် ထပ်ငိုမိ၏။

သို့သော် .... ဝမ်ယိုချိုင်ကွယ်လွန်သွားသည်ထက်ပို၍ နာကျင်ရတော့သည်ကတော့ ဖက်တီး၏နောက်ဆုံးအချိန်ပင်။

မန်ဟိုနှင့်ဖက်တီးသည် သေဖော်သေဖက် ညီအစ်ကိုများ ဖြစ်ခဲ့ကြ၏။ ကျင့်ကြံခြင်းလမ်းစဉ်ကို အတူတူလျှောက်လှမ်းခဲ့ကြကာ ယနေ့အထိလည်း အတူတူဖြစ်ခဲ့သည်။ နောက်ဆုံးအချိန်တွင် ဖက်တီးမှာ မဝတော့ပေ။ သူ့ခန္ဓာကိုယ်မှာ အရိုးပေါ်အ‌ရေတင်သာ ကျန်တော့သည့်အချိန် ပိန်ချုံးအားနည်းနေခဲ့လေပြီ။ သူသည် သူ့မိန်းမများ၊ သားသမီးများအားလုံး ထွက်သွားသည်ကို ကြည့်နေခဲ့ရ၏။

ဖက်တီးသည် မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်ရင်း လှဲနေစဉ် ရယ်ပြချင်သော်လည်း အားမရှိပေ။

“လီးပဲ... မန်ဟို ငါ့အတွက် လောကပါလနတ်မင်းကို ရအောင် သတ်ပေးကွာ... ။ မင်း နိုင်ရမယ်သိလား။ မင်း ကျိန်စာကို ဖြေနိုင်သွားလို့ ငါ့ကို လူပြန်ဝင်စားခိုင်းရင် အတိတ်ဘဝကို မှတ်မိအောင် လုပ်ပေးနော်....” ဖက်တီးသည် နောက်ဆုံးအကြိမ် အသက်ရှူ၍ အားမာန်အပြည့် ဟစ်ကြွေးလိုက်၏။ နောက်ဆုံးလက်ကျန်စွမ်းအားကို သုံးပြီးနောက် သူ့မျက်လုံးများ ပိတ်သွားတော့သည်။

ထိုနှစ်တွင် မန်ဟို့မျက်နှာပေါ်၌ အရေးအကြောင်းများစွာ ပေါ်လာသည်။

တောင်ပင်လယ်လောကနှင့်ယှဉ်လျှင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်၌ အသေအပျောက် နည်းပါး၏။ သေဆုံးကြသော်လည်း ကံကြွေးပတ်သက်မှုများမှာ သိပ်မနက်ရှိုင်းသည့်အတွက် လူအများစုအပေါ် ကျိန်စာမသင့်ပေ။ မန်ဟိုနှင့် ရင်းနှီးသူများကတော့ သက်တမ်းကန့်သတ်ခံခဲ့ရသည်။ သို့သော် သူတို့တွင် အဆင့်မြင့်ကျင့်ကြံခြင်းအခြေခံများ ရှိသည့်အတွက် ယခုထက်ထိ မသေဆုံးကြသေးပေ။

ထိုမျှသာမက သူတို့သာ တန်ခိုးရှင်အဆင့်တက်နိုင်လျှင် ကျိန်စာသင့်မည်မဟုတ်တော့။

All Chapters