ဝိညာဉ်လိပ်ပြာဓား၏စစ်မှန်သော ပိုင်ရှင်
Vol. 8 Ch. 104
ဓားစုစည်းစနစ်။
ကျန်းချန်သည် ပုံမှန်အားဖြင့် ထိုပညာရပ်ကို သိပေသည်။
သူသည် ဓားစံအိမ်မှ ဓားစစ်သည်စနစ်ကြောင့်သာ မဟုတ်ပါက ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းနိုင်ခဲ့မည် မဟုတ်ပါ။
ထိုစဉ်က သူတို့ ဖုန်းလင်ဓားဂိုဏ်းသည် ခေါင်းဆောင်ကျူးရှန့်ကို သတ်ဖြတ်ကာ ဓားစစ်သည်စနစ်၏တစ်ဝက်ကို ရရှိခဲ့ကြ၏။
ထိုဓားစစ်သည်စနစ်သည် မပြည့်စုံရာ သူသည် မတတ်သာဘဲ ကျင်းရှန်းဓားဂိုဏ်း၏ရတနာဓားကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို ဓားအဖြစ်ဖြင့် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းခဲ့ရသည်။
ယခု ဓားစံအိမ်၏ဓားစုစည်းစနစ်ပေါ်လာရာ သူသည် စိတ်မသက်မသာ ဖြစ်လာရသည်။
သူက လက်ထဲမှ ဓားကို ကြည့်ကာ နောက်လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားသည်။ သူ၏အမူအရာက ပျက်ယွင်းနေ၏။
ဓားစစ်သည်စနစ်သည် ခန္ဓာကိုယ်ကို ဓားအဖြစ် ဖွဲ့စည်းခြင်းဖြစ်ရာ သူကိုယ်တိုင်က ဓားတစ်လက်နှင့် ဆင်တူသည်။
ယခု ဝိညာဉ်လိပ်ပြာဓားရှေ့တွင် သူ့ခန္ဓာကိုယ်မှာ သဘာဝအားဖြင့် ဖိနှိပ်မှုကို ခံစားရ၏။
“ဓားစံအိမ်၊ ဝိညာဉ်လိပ်ပြာဓား”
ကျန်းချန်က အံကြိတ်ကာ ဧရာမဓားကြီးအား စိုက်ကြည့်သည်။
“ခင်ဗျား အခု မတိုက်ခိုက်ရင် ဘယ်တော့ တိုက်ခိုက်မှာလဲ”
ကျင်းကျီ၏နားထဲကို အသံတိုးတိုးတစ်ခု ဝင်လာသည်။
ကျင်းကျီ၏မျက်လုံး ပြူးကျယ်သွားသည်။ ထိုအသံသည် သူ့ခေါင်းအပေါ်တွင် ရှိနေသောဓားထံမှ လာခြင်း ဖြစ်သည်။
ဓားစုစည်းစနစ်။
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် တစ်စုံတစ်ယောက်သည် ဝိညာဉ်လိပ်ပြာဓားအား စုစည်းခဲ့၏။
ကျင်းကျီ၏အမူအရာက ရုတ်တရက် အလွန်တရာ စိတ်လှုပ်ရှားလာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူသည် ကောင်းကင်ဘုံအဆင့်ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရပြီးနောက် ဂိုဏ်းမှာ ပျက်စီးကာ သူကိုယ်တိုင်က ဘဝတစ်သက်တာအားဖြင့် အပြစ်ရှိသူတစ်ဦး ဖြစ်တော့မည်ဟု တွေးခဲ့သည်။
သူသည် သူ၏အမြုတေကို ဖြိုဖျက်ရန် အဆင်သင့် ဖြစ်နေလေပြီ။
မထင်ထားသည်ကား အားလုံးကို လက်လျှော့တော့မည့် အချိန်တွင် ဝိညာဉ်လိပ်ပြာဓား ရောက်လာခဲ့သည်။
သည်ဓားဖြင့် သူသည် ‘အသက်ရှုကြိမ်တစ်ရာ’အဆင့်ကို ရောက်နိုင်၏။
ကျင်းကျီ၏ခေါင်းထက်တွင် အစိမ်းရောင်ဓားအလင်းသည် ချက်ချင်း ပေါက်ကွဲထွက်လာ၏။ ရွှေနှင့်ရေဓာတ်တို့သည် သူ၏ခန္ဓာကိုယ်ထဲကို စီးဆင်းလာကာ လေထဲတွင် စူးရှသော ဓားတစ်လက် ရပ်နေ၏။
သူသည် ပြိုပျက်သွားသော အမြုတေ၏စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလျှင် သူ့ခွန်အားမှာလည်း ဆတက်ပိုး အားကောင်းလာခဲ့သည်။
ထပ်မံတွန့်ဆုတ်ခြင်းမရှိတော့ပါ။
ကျင်းကျီက လက်ကို မြှောက်လိုက်လျှင် ဓားအလင်းသည် သူ၏လက်နောက်မှ လိုက်ပါ ခုတ်ချသည်။
ဓားသည် ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့ ပူးပေါင်းထုတ်ဖော်ခဲ့သော မီးနဂါးဓားကဲ့သို့ မလှပပါ။ ထို့ပါ့ချန်၏ကျားဖြူဓားကဲ့သို့လည်း အရှိန်အဝါမကြီးပါ။
သို့သော် ထိုဓားချက်သည် ကီလိုမီတာတစ်ထောင်အတွင်းမှ မည်သည့်ဓားသမားမဆို ထုတ်ဖော်ရန် ခက်ခဲ၏။
ဓားတစ်လက်သည် ကီလိုမီတာ တစ်ထောင်ဝန်းကျင်မှ ဓားများအားလုံးကို ဖိနှိပ်နိုင်သည်။
ဓားရှေ့တွင် ရှိနေသော ကျန်းချန်သည် အဆက်မပြတ် ရွေ့လျားကာ သူ့ခန္ဓာကိုယ်မှ ဓားဆန္ဒ ပေါက်ကွဲထွက်လာ၏။
တစ်ပေခန့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ ဓားတိုတစ်လက်အား သူ၏ရွှေရောင်လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ ၎င်းကား ဝိညာဉ်သူငယ် ဖြစ်သည်။
ဝိညာဉ်သူငယ်အဆင့်ကို တက်လှမ်းပြီးနောက်တွင် တစ်စုံတစ်ယောက်သည် မဟာတာအိုဖြင့် ပေါင်းစပ်ကာ ကောင်းကင်နှင့်မြေပြင်တို့၏ ကောင်းချီးပေးခံရသော သားတော် ဖြစ်လာနိုင်သည်။ ၎င်းကား ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်ဘုံအဆင့် ဖြစ်သည်။
“အချိန်ကိုက်ပဲ”
ကျန်းချန် အော်ဟစ်လိုက်သည်။
ဝိညာဉ်သူငယ်၏လက်ထဲမှ ရွှေဓားသည် ရှေ့ကို ခုတ်ချလိုက်လျှင် ပုံရိပ်ယောင်ဓားအလင်းဖြင့် ထိတွေ့၏။
ဝုန်း…
ကောင်းကင်တွင် ပြင်းထန်သော အလင်းပေါက်ကွဲမှုတစ်ခု ဖြစ်သွားကာ လေပြင်းများ မိုင်တစ်ထောင်ပတ်လည်သို့ ပြန့်ကျဲသွား၏။
ကျင်းကျီသည် သွေးတစ်ပွက်အန်ကာ နောက်ကို ဆုတ်သွားပြီး ပျက်ပြယ်သွားသော ဓားအလင်းမှာလည်း ပြန်လည်စုစည်းလာသည်။
ကျန်းချန်သည်လည်း မျက်နှာနီမြန်းသွားကာ ပေတစ်ထောင်ခန့် နောက်ဆုတ်သွားရသည်။
အရှိန်အဝါ ပြန့်ကျဲသွားသော ကျင်းကျီသည် ခေါင်းမော့ကာ ရယ်မောလိုက်၏။
“ကောင်းကင်ဘုံအဆင့်… ဒါက ကောင်းကင်ဘုံအဆင့်စွမ်းအားပဲ”
သူက ပေတစ်ထောင်အဝေးသို့ ဆုတ်ခွာသွားသော ကျန်းချန်အား ကြည့်ကာ ဝင့်ကြွားစွာ ပြုံးသည်။
“ဂိုဏ်းချုပ်ကျန်း… ကောင်းကင်ဘုံအဆင့်က ဘာမှ မဟုတ်ဘူး”
ပုံရိပ်ယောင်ဓားသည် သန့်စင်သော ဓားအလင်းအဖြစ် ပြောင်းလဲကာ ကျန်းချန်နှင့် ထိတွေ့ပြန်သည်။
ကျန်းချန်က နှာခေါင်းရှုံ့သည်။ သူ့ထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်လာလျှင် လေထုမှာ ပိုမိုတုန်ခါလာ၏။
ဝိညာဉ်သူငယ်၏စွမ်းအားသည် ရွှေရောင်အလင်းအဖြစ် ပြောင်းလဲကာ ကျန်းကျီထံသို့ ခုတ်ချလိုက်ပြန်သည်။
ဝုန်း…
ဝုန်း…
လောကတခွင် တုန်ခါသွားကာ အောက်မှ အံ့ဖွယ်ကိုးပါးဂိုဏ်းတပည့်များမှာ မြဲမြဲပင် မရပ်နိုင်ကြတော့ချေ။
အားလုံးက ရထားလုံးဘေးတွင် ပါးစပ်ဟလျှက် ငေးကြည့်နေသော ဟွမ်လောင်လျှိုအား လှမ်းကြည့်ကြသည်။
“အစ်ကို…”
အားလုံး၏မျက်လုံးများတွင် မျက်ရည်စများဖြင့် တုန်ခါနေကြသည်။
ထိုစီနီယာအစ်ကို၏ ဝိညာဉ်လိပ်ပြာဓားသည် အလွန်အားကောင်းလှသည်။ ၎င်းသည် သူ၏အသက်ဖြင့် ရင်းထားခြင်း ဖြစ်သည်။
“ဒီဘဝမှာ ကျုပ် ကျန်းတချွေ စီနီယာအစ်ကိုကလွဲပြီးတော့ တခြားဘယ်သူ့ကိုမှ ဦးမညွှတ်ဘူး”
ရထားလုံးထဲတွင် ထိုင်နေသော ဟန်မူယဲ့သည် မျက်မှောင်ကျုံ့ကာ ကျန်းချန်နှင့် ကျင်းကျီတို့အား ကြည့်သည်။
သူသည် ဖုန်းလင်ဓားဂိုဏ်း၏ မူပိုင်ဓားသိုင်း လေဟုန်ခွင်းဓားသိုင်းကို တတ်မြောက်ခဲ့၏။
သူသည် ဖုန်းလင်ဓားဂိုဏ်း၏ ဓားသိုင်း ဖြစ်သော လေပြင်းဓားသိုင်းကို တတ်မြောက်ခဲ့၏။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားသိုင်း ရွှေလှံပျံဓားသိုင်းကို တတ်မြောက်ခဲ့၏။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မူပိုင်ဓားသိုင်း ‘ရေပြင်မှာသာသောလ’ အား တတ်မြောက်ခဲ့သည်။
တခြားအချိန်များတွင်သာဆိုပါက ဟန်မူယဲ့သည် သူတို့နှစ်ဦး အချိန်ကြာကြာ တိုက်ခိုက်စေလိုပေလိမ့်မည်။ ထိုနည်းဖြင့် သူသည် ပိုမိုအားကောင်းသော ဓားသိုင်းများအား သင်ယူနိုင်သည်။
ယခုကား သူမစောင့်နိုင်ပေ။
‘အသက်ရှုကြိမ်တစ်ရာ’ ၏အချိန်တစ်ဝက်ကျော်ခန့်မှာ ကုန်ဆုံးသွားပြီး ဖြစ်သည်။
ဧရာမဓားကို ကိုင်ထားသော ဂိုဏ်းချုပ်ကျန်းကျီသည် ကျန်းချန်နှင့် ယာယီအားဖြင့် ယှဉ်တိုက်နိုင်သော်လည်း သူသည် အခြေအနေကို ပြောင်းပြန်လှန်ရန် ခွန်အားမဲ့သည်။
ကျင်းကျီ၏ကျင့်ကြံဆင့်မှာ မြင့်မားကာ သူ၏မူပိုင်ဓားသိုင်းများကို ကျွမ်းကျင်သော်လည်း ကံမကောင်းသည်ကား ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့ရရာ ဓားသိုင်းပညာအရာ၌ တစ်ဘက်ရန်သူထက် အားနည်းနေသေးသည်။
“ကျင်းကျီ… အသက်ရှုကြိမ်တစ်ရာ ပြည့်သွားရင် မင်း ဘယ်လိုသေမလဲ ကြည့်ကြမယ်”
ကျန်းချန်က အော်ဟစ်လိုက်ကာ သူ့ခန္ဓာကိုယ်တွင် ဓားအလင်းတစ်ဖန် စုစည်းလာသည်။
ဝုန်း…
ဓားနှစ်လက် ထိတွေ့သည်။ ကျင်းကျီသည် နောက်ကို ပေတစ်ထောင်ခန့် ဆုတ်သွားရကာ ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။
ကောင်းကင်ဘုံအဆင့်ဓားကြောင့်သာ မဟုတ်ပါက သူသည် တစ်ဘက်လူ၏ဓားကို ရင်ဆိုင်နိုင်မည် မဟုတ်ပါ။
အောက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များမှာ အံကြိတ်နေကြသည်။
ဟွမ်လောင်လျှိုက လက်သီးတင်းတင်းဆုပ်ထားကာ မျက်နှာမှာ ပြာနှမ်းနေ၏။
သူ၏ဝိညာဉ်ဖြင့် စုစည်းထားသော ဓားမှာ ကုန်ဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
“ချီးပဲ… အများဆုံး သေရုံပဲကွ”
ဟွမ်လောင်လျှို အော်ဟစ်လိုက်သည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ မျက်လုံးများကို မှိတ်လိုက်သည်။
သူသည်သာ ဝိညာဉ်လိပ်ပြာဓားအား ထိန်းချုပ်သူ ဖြစ်သည်။
ဖုန်းလင်ဓားဂိုဏ်း၏ဓားသိုင်းများကို နားလည်ထားသော ဟန်မူယဲ့သည် ကျန်းချန်ကို အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။
ဟူး…
ဝိညာဉ်လိပ်ပြာဓားသည် ရုတ်တရက် ရွေ့လျားသွားသည်။
ဓားအလင်းသည် လေထုကို ခွင်းကာ ကျန်းချန်၏ရှေ့သို့ ရုတ်တရက် ရောက်လာ၏။
ကောင်းကင်နှင့်မြေပြင်၏စွမ်းအားဖြင့် ဆက်သွယ်ကာ ဓားအလင်းဖြစ် စုစည်းမှသာ တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံအဆင့်၏စွမ်းအားကို ပိုင်ဆိုင်နိုင်၏။
ကျန်းချန် ထိုဓားကို ရှောင်ဖယ်နိုင်ခြင်း မရှိပါ။
ကျန်းချန်၏အမူအရာက ပြောင်းလဲသွားကာ သူ့လက်မှ ဓားဖြင့် ကာကွယ်လိုက်သည်။ သို့သော် ဓားသည် သူ၏လက်ထဲမှ ဓားကို ရှောင်ဖယ်ကာ သူ့နံရိုးကြားသို့ ဝင်လာ၏။
ဝုန်း…
ကောင်းကင်ဘုံအဆင့်၏အကာအကွယ်စွမ်းအား ပေါက်ကွဲထွက်လာကာ ဓားကို တားဆီးသည်။
ကျန်းချန်၏မျက်နှာက ပြာနှမ်းသွားကာ နောက်ကို အလျင်အမြန် ဆုတ်သည်။
ထိုဓားချက်သည် သူ့ဓားသိုင်း၏ဟာကွက်ကို အမှန်တကယ် တွေ့ရှိကာ တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။
ကျန်းချန် ပေတစ်ထောင်အဝေးသို့ မဆုတ်ခွာရသေးခင်တွင်ပင် ဓားအလင်းသည် ကျန်းချန်၏အပေါ်လေထုသို့ ပျံတက်ကာ အဆက်မပြတ် လည်ပတ်သွား၏။
ဝှစ်…
ဓားအလင်းကျဆင်းလာလျှင် ကျန်းချန်က တားလိုက်သော်လည်း ထပ်မံလွဲသွားကာ သူ့ပုခုံးသို့ လာထိသည်။
နောက်ထပ် ဟာကွက်တစ်ခု။
ဘယ်လိုဖြစ်နိုင်မှာလဲ။
ဝုန်း…
နောက်ထပ်ဓားတစ်ချက်သည် ကျန်းချန်၏ရင်ဘတ်ကို ထိကာ သူ့ကာကွယ်ရေးစွမ်းအားကို ပြိုပျက်စေသည်။
သွေးများ အဆက်မပြတ် အန်ကျလာသော ကျန်းချန်သည် မျက်လုံးများ ပြူးလျက် နောက်ကို ဆုတ်သည်။
“ဘယ်လို…လုပ်…”
သူ့မျက်လုံးတွင် အကြောက်တရားများ ရှိနေသည်။
ထိုဓားသည် အလွန်ထူးဆန်း၏။
အဝေးတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ကျင်းကျီသည် ထိုဓားအား နားလည်ရခက်စွာ ကြည့်နေသည်။
သူက အံ့ဖွယ်ကိုးပါးတောင်ကုန်းအား လှမ်းကြည့်၏။
“ဓားကို အံ့ဖွယ်ကိုးပါးဓားဝိညာဉ်ကများ ထိန်းချုပ်နေတာလား”
“ဓားဝိညာဉ်က ထိန်းချုပ်နေတာ မဟုတ်ဘူးဆိုရင် ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
သိပ်မဝေးသောနေရာတွင် ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်သည်။
ယခင်က သူသည် ဟန်မူယဲ့၏ထိုးထွင်းနားလည်နိုင်စွမ်းအား တန်ဖိုးထားခဲ့သည်။ သူသည် ဓားစုစည်းစနစ်ဖြင့် ဝိညာဉ်လိပ်ပြာဓားအား ထိန်းချုပ်နည်းကို အလျင်အမြန် နားလည်သွားမည်ဟု မထင်ထားခဲ့ပေ။
သူ့ဘေးတွင် ခေါင်းဆောင်တောက်ရင်သည် ရထားလုံးဘေးတွင် လက်သီးတင်းတင်းဆုပ်ကာ ရပ်နေသော ဟွမ်လောင်လျှိုအား ကြည့်သည်။
“မင်းရဲ့ဆက်ခံသူက အတော်လေး ဉာဏ်ကောင်းတာပဲ”
ရထားလုံးဘေးတွင် နောက်တစ်ယောက်က အော်ဟစ်လိုက်သည်။
“အစ်ကို… ခင်ဗျား အရမ်းတော်တာပဲ”
တခြားလူများကလည်း လက်ခုပ်ဩဘာပေးကြသည်။
ဟွမ်လောင်လျှိုက ပြုံးလိုက်ကာ လက်ဝှေ့ယမ်းပြသည်။
လူတိုင်းက အဘယ်ကြောင့် အော်ဟစ်နေသည်ကို သူ နားမလည်ပါ။
ဝုန်း…
ဧရာမဓားကြီးက တဖန် ခုတ်ချလာပြန်သည်။
ကျန်းချန်သည် ထရပ်လိုက်စဉ်မှာပင် သူ့အမူအရာ ပြောင်းလဲသွား၏။
ဝိညာဉ်သူငယ်၏ခန္ဓာကိုယ်တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာသည်။
ဓားစစ်သည်စနစ်။
ဧရာမဓားကြီးသည် သူ့ဓားပညာ၏ဟာကွက်များကို ရှာတွေ့ကာ အဆက်မပြတ် တိုက်ခိုက်သောအခါ သူ၏ဝိညာဉ်သူငယ်ကို အဆက်မပြတ် ဒဏ်ရာရစေခဲ့သလို သူ၏စစ်သည်ဓားကိုလည်း ထိခိုက်စေ၏။
အံကို ကြိတ်ကာ ကျန်းချန် နောက်လှည့်ပြေးတော့သည်။
ဓားစစ်သည်စနစ်ဖြင့် စုစည်းထားသော ဓားသည် ရတနာဓားတစ်လက် ဖြစ်သည်။ အကယ်၍ ထိုဓားသာ ပြိုပျက်သွားပါက သူလည်း အသက်မရှင်နိုင်ပါ။
ဓားရှိပါက လူရှိသည်။ ဓားကျိုးလျှင် လူသေမည်။ ၎င်းကား ဓားစစ်သည်စနစ်ဖြစ်သည်။
ကျန်းချန် နောက်လှည့်ပြေးသည်။ ကျင်းရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲသုံးဦးနှင့် ဖုန်းလင်ဓားဂိုဏ်းမှ မဟာအကြီးအကဲနှစ်ဦးမှာလည်း နောက်မှ အလျင်အမြန် လိုက်ပါသွားကြသည်။
သူသာ ယခု ထွက်မသွားပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ကျင်းကျီ၏ဓားကို မည်သူက တားဆီးနိုင်မည်နည်း။