စိန်ခေါ်မှုများ
Vol. 1 Ch. 11
ဆက်ဆံသူ ရွေးချယ်ပွဲသည် မိသားစုအတွက် ဦးစားပေး ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဆက်ခံသူအဖြစ် တစ်ကြိမ် ရွေးချယ်ခံရပြီးလျှင် ထိုလူငယ်သည် မိသားစုအရေးကိစ္စ အားလုံးတွင် ပါဝင် ဆုံးဖြတ်နိုင်ခွင့် ရှိလာမည် ဖြစ်ပြီး အကောင်းဆုံး ထောက်ပံ့မှုများလည်း ရရှိနိုင်သည်။ ဆက်ခံသူသည် လုံလောက်သော အဆင့်တစ်ခုထိ သန်မာလာသည့် အချိန်ရောက်လျှင် လက်ရှိ မိသားစု ခေါင်းဆောင်က ရာထူး လွှဲပြောင်းပေးမည် ဖြစ်သည်။ ထို့နောက်တွင်တော့ လက်ရှိမိသားစု ခေါင်းဆောင်သည် ယဲ့ချိန် ရွှမ်းကဲ့သို့ နေရာအနှံ့ သွားရောက်ကာ ကျင့်ကြံခြင်း လမ်းစဉ် အပေါ်၌သာ အာရုံ စိုက်တော့မှာ ဖြစ်သည်။
ဆက်ခံသူသည် မျိုးဆက် တစ်ခုလုံးတွင် အထူးချွန်ဆုံးဟု သတ်မှတ်နိုင်ပြီး ထိုဂုဏ်ပုဒ်ကို ဦးတည်ကာ စိန်ခေါ် လာသမျှသော လူများကို အနိုင်ယူပြဖို့ လိုသည်။ အကယ်၍ ရှုံးနိမ့်ခဲ့ပါက ဆက်ခံသူ ရာထူးမှ ဖယ်ရှားခြင်း ခံရမည် ဖြစ်ကာ မိသားစုမှ နောက်ထပ် သင့်တော်သူ တစ်ဦးနှင့် အစားထိုးမည် ဖြစ်သည်။
လတ်တလောတွင် ကွင်းပြင်အတွင်း ရှိနေသော မိသားစု ဝင်များသည် စိတ်အား ထက်သန်စွာဖြင့် ဆက်ခံသူအသစ် ဖြစ်လာမည့် သူအား ခန့်မှန်းနေကြသည်။
“လူငယ် မျိုးဆက်မှာ ရွှမ်အာပြီးရင် အထူးချွန်ဆုံးက ဘယ်သူလဲ”
ယဲ့ချိန်ရွှမ်းက လူအုပ်ဘက်သို့ ဦးတည်ကာ မေးလိုင်သည်။
“လော့အာ ဖြစ်လိမ့်မယ်”
“အင်း.. လော့အာက ဆက်ခံသူ ဖြစ်လာဖို့ မသင့်တော်မှာ စိုးမိတယ်”
“ဒီလိုဆိုရင်တော့ အကြီးအကဲချုပ်ရဲ့သား ယဲ့ခုံးယန်ပဲ ရှိတော့တယ်”
မိသားစုဝင်များ အကြား တီးတိုး ဆွေးနွေးသံတို့ ပေါ်ပေါက်လာသည်။
“ယဲ့ခုံးယန်ကို ယာယီ ဆက်ခံသူအဖြစ် သတ်မှတ်မယ်၊ ကျန်တဲ့ လူငယ်တွေက ဆန္ဒရှိရင် ဆက်ခံသူ နေရာအတွက် စိန်ခေါ်နိုင်တယ်”
ယဲ့ချိန်ရွှမ်၏ အသံက လေးတွဲ့စွာ ထွက်ပေါ် လာသည်။ သူလည်းပဲ ယဲ့ခုံးယန်အပေါ် စိတ်တိုင်း မကျသည်မှာ ထင်ရှားသည်။
ယဲ့မော့ယန်၏ မျက်နှာမှာ ရုတ်ခြည်း ဆိုသလို ဝင်းပသွားပြီး သူ့နောက်တွင် ရပ်နေသော ယဲ့ခုံးယန်ဘက်သို့ လှည့်ကာ ပြောသည်။
“ငါ့သား... သွားပြီး စိန်ခေါ်မှုတွေကို လက်ခံလိုက်၊ ဒါပေမဲ့ မှတ်ထားနော်။ ဒါက မိသားစုတွင်း လက်ရည်စမ်းပွဲ ဖြစ်တဲ့အတွက် ပြိုင်ဘက်ကို မထိခိုက်စေနဲ့”
ဘေးနားမှ နားထောင်နေသူများ ရှိသဖြင့် ယဲ့မော့ယန်၏ စကားတို့က ဖြောင့်မတ်ကာ သမာသမတ် ကျသည့် အကြီးအကဲချုပ်နှယ်။
“ဟုတ်ကဲ့ အဖေ”
ယဲ့ခုံးယန်သည် အလွန် ယုံကြည်မှုရှိသော ဟန်ပန်ဖြင့် ကွင်းပြင် အလယ်ရှိ ပြိုင်ပွဲအတွက် သတ်မှတ်ထားသော စင်မြင့်ထံ လျှောက်သွား လိုက်သည်။
ယဲ့ကျန့်ထျန်းသည် ယဲ့ခုံးယန်ကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါကို အကဲခတ်ရင်း တစ်စုံတစ်ရာ လွဲမှားနေသလို ခံစားရသည်။ ယဲ့မော့ယန်သည် သူ့သား၏ ကျင့်ကြံဆင့် မြင့်မားသွားစေရန် လှည့်ကွက်တချို့ အသုံးပြုခဲ့ပုံ ပေါ်သည်။ ယဲ့ချန်၏ ခန္ဓာကိုယ်က ပြန်လည် ကျင့်ကြံနိုင်သည်မှာ မကြာသေးရာ လက်ရှိ အခြေအနေနှင့် ယဲ့ခုံးယန်ကို ယှဉ်နိုင်ပါ့မလား စိုးရိမ်သွားမိ၏။
ယဲ့ကျန့်ထျန်းသည် လေးနက်သော အမူအယာ ဖြစ်သွားပြီး သူ့သားထံ လှမ်းကြည့်လိုက်၏။ ယဲ့ချန်ကမူ မပြောင်းလဲသော အမူအယာနှင့် ပြိုင်ပွဲစင်မြင့်ထံ လျှောက်လာနေသော ယဲ့ခုံးယန်အား ကြည့်နေသည်ကို မြင်ရသည်။ ယဲ့ကျန့်ထျန်း ခဏမျှ တွေးတောပြီးနောက် ခပ်တိုးတိုး ရယ်လိုက်မိသည်။ ဘယ်သူကမှ ယဲ့ချန်အပေါ် ယုံကြည်မှု မရှိလျှင်တောင် ဖခင်ဖြစ်သူ သူကတော့ ယုံကြည် ပေးသင့်သည်။ သူ့သား ချန်အာကား အခြေအနေနှင့် အချိန်အခါကို နားလည်သူ ဖြစ်သည်။ ထို့ကြောင့် မလိုအပ်သော ပူပန်မှုများကို ဖယ်ထုတ်ကာ နောက်ဆုံး ရလဒ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“အစ်ကိုကြီး ဒီမှာ ဒီချီ အဆီအနှစ် ဆေးလုံးကို ကျုပ်အစား ချန်အာ့ဆီကို ပေး,ပေးပါ”
ယဲ့ကျန့်လုံသည် ယဲ့ကျန့်ထျန်း အနီးသို့ ကပ်ကာ တီးတိုးစကား ဆိုရင်း ဆေးလုံး ထည့်ထားသော ဘူးလေးကို မသိမသာ ပေးလိုက်သည်။
“ဒါက ခေါင်းဆောင်ဟောင်းရဲ့၊ လက်ဆောင်လေ ချန်အာကို ပေးမဲ့အစား မင်း သားနှစ်ယောက် အတွက် သိမ်းထားသင့်တယ်”
“ဒါပေမဲ့ အခုချိန်မှာ ဒါကို အလိုအပ်ဆုံးက ချန်အာလေ”
“မဟုတ်ဘူး ချန်အာက ဒါကို မလိုတော့ပါဘူး”
ပြောနေရင်းနှင့် သူ့သား ယဲ့ချန်၏ အဓိက သွေးကြောများ ပြန်ကောင်းသွားသည့် အကြောင်းကို နောက်တစ်ကြိမ် တွေးမိ သွားသောကြောင့် ယဲ့ကျန့်ထျန်း မနေနိုင်ဘဲ ပြုံးမိပြန်သည်။ ချန်အာ သူ့အား ထိုအကြောင်း ပြောပြသော ညကဆိုလျှင် ယဲ့ကျန့်ထျန်းသည် တစ်ညလုံး အိပ်မပျော်ဘဲ သတိရတိုင်း ထ,ထပြုံးနေမိခဲ့တာ ဖြစ်သည်။
ပျော်ရွှင်မှုတို့ ပြည့်နှက်နေသည့် ထိုအပြုံးကို မြင်ရသည်တွင် ယဲ့ကျန့်လုံပင် ကြောင်တောင်တောင် ဖြစ်သွားရသည်။ ယဲ့ကျန့်လုံကလည်း ငတုံး မဟုတ်ပေ။ အထူးသဖြင့် ယဲ့ကျန့်ထျန်း၏ အတွေးများအား ဖွင့်မပြောဘဲနှင့်တောင် နားလည်နိုင်သူ ဖြစ်သည်။
“ချန်အာက ဒီဆေးလုံးကို မလိုတော့ဘူးဆိုတာ သေချာတယ်လား၊ မဟုတ်မှလွဲရော ချန်အာရဲ့ အဓိက သွေးကြောတွေ...”
“မင်း ကိုယ်တိုင် စောင့်ကြည့်သင့်တယ် ညီလေး”
ယဲ့ကျန့်ထျန်းက ထိုစကားကို ပြောပြီးနောက် ဘာမှ ဆက်မပြောတော့ သော်လည်း ပြုံးနေသည်မှာ မရပ်တော့ပေ။
ထိုစကားကြောင့် ယဲ့ကျန့်လုံမှာ ပိုမို သိလိုစိတ် ပြင်းပြသွားပြီး အတွင်းစိတ် တစ်နေရာ၌ မျှော်လင့်ချက် သေးသေးလေး တစ်ခု ဖြစ်တည် လာခဲ့သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင်ပဲ ယဲ့ခုံးယန်က စင်မြင့် အလယ်၌ ရပ်နေခဲ့ပြီး ဖြစ်သည်။
“ကံကောင်းပါစေ အစ်ကိုခုံးယန်”
“အမရွှမ်က မြစိမ်းတိမ်ဂိုဏ်းကို ဝင်ဖို့ ရွေးချယ်လိုက်တော့ ဆက်ခံသူ နေရာကို လက်လွှတ်လိုက်သလို ဖြစ်သွားတယ်၊ အမလော့ကကျတော့ ယဲ့မိသားစုဝင် အစစ် မဟုတ်နေဘူး၊ ဒီလိုဆို ဆက်ခံသူနေရာက အစ်ကို ခုံးယန်အတွက်ပဲ ဆိုတာ သေချာ သလောက် ရှိနေပြီ”
မိသားစုဝင် လူငယ်များအကြား ခန့်မှန်း ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။
“ညီအစ်ကို မောင်နှမတွေထဲက ဘယ်သူကများ ဆက်ခံသူ နေရာအတွက် ယှဉ်ပြိုင် လိုပါသလဲ၊ ဘယ်သူမဆို ဆန္ဒရှိရင် စင်မြင့်ပေါ်ကို တက်လာပြီး ကျွန်တော်နဲ့ ယှဉ်ပြိုင် နိုင်ပါတယ်”
ယဲ့ခုံးယန်၏ စကားက ယဉ်ကျေးသယောင် ထင်ရသော်လည်း မောက်မာမှုတို့ ကိန်းဝပ်နေသည်။ သူ့စိတ်ထဲတွင်မူ သူကသာ ပြိုင်ဘက် မရှိသည့် ဆက်ခံသူ ဖြစ်သည်။
ထိုအချိန်တွင် ထိုင်ခုံ ၁၆ခုံတွင် ထိုင်နေကြသည့် အကြီးအကဲ များသည်လည်း ဆက်ခံသူ နေရာအတွက် ယှဉ်ပြိုင်လာမည့် သူကို မျှော်တလင့်လင့်နှင့် စိတ်လှုပ်ရှား နေကြသည်။
“အကြီးအကဲချုပ်ရဲ့ သားမှာ ကျင့်ကြံသူ တစ်ယောက်ရဲ့ ရဲရင့်တဲ့ဟန်နဲ့ ကောင်းမွန်တဲ့ အရှိန်အဝါ ရှိတယ် ဆက်ခံသူ ဖြစ်လာဖို့ မဆိုးဘူးလို့ ပြောရမယ်”
အကြီးအကဲများထဲမှ တစ်ယောက်က မှတ်ချက် ပေးသည်။
“အို... အကြီးအကဲက ချီးကျူး လွန်းနေပါပြီ”
ယဲ့မော့ယန်က ပြုံးရွှင်နေသော မျက်နှာနှင့် လက်နှစ်ဖက် ဆုပ်ကာ ပြန်ပြောသည်။
“ဦးလေးရော ဘယ်လို ထင်ပါသလဲ”
အကြီးအကဲ တစ်ယောက်က ယဲ့ချိန်ရွှမ်း၍ အမြင်ကို မေးမြန်း လိုက်သည်။
“အင်း ငါ ဒီကလေးကို မှတ်မိပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ်က မိသားစုထဲမှာ ရှိတဲ့ ကလေးတွေ အားလုံးရဲ့ အခြေအနေကို ငါကိုယ်တိုင် စစ်ဆေး ပေးခဲ့တယ်၊ အဲဒီတုန်းက ဒီကလေးရဲ့ စွမ်းဆောင်မှုတွေက တခြား ကလေး တချို့ထက် နည်းနည်း သာခဲ့ပေမဲ့လည်း သူ့ရဲ့ ပါရမီက သာမန်လောက်ပဲ ရှိတယ် သူ့အနေနဲ့ ဆက်ခံသူ ဖြစ်လာဖို့ လုံလောက်တဲ့ အရည်အချင်း ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ နေရာ တည်မြဲဖို့တော့ မလွယ်ဘူး”
ယဲ့ချိန်ရွှမ်းက ပွင့်လင်းစွာ ပြောသည်။ သူ့စိတ်ထဲတွင်မူ ယိုင်နဲ့ လာတော့မည့် ယဲ့မိသားစု အနာဂတ်ရေးကို တွေးပူနေမိသည်။
ယဲ့မော့ယန်သည် မလိုလားစွာ မျက်မှောင်ကြုတ်လိုက်၏။
“ဒီအဘိုးကြီးက ခုံးယန်ကို စိတ်တိုင်း မကျကြောင်း ဖွင့်ပြောဖို့ နည်းနည်းလေးတောင် ဝန်လေးမနေဘူး”
ထိုအချိန်တွင်ပဲ ပုံရိပ်တစ်ခုက ပြိုင်ပွဲ စင်မြင့်ပေါ် ခုန်တက်သွားသည်။
“ယဲ့မိသားစုဝင် ယဲ့မုန့် ဆက်ခံသူ နေရာအတွက် ယှဉ်ပြိုင် လိုပါတယ်”
ယဲ့ခုံးယန်၏ မြောက်ကြွကြွ အမူအယာကို ကြည့်မရတော့သည့် အဆုံး ယဲ့မင် တားနေသည့်ကြားက ယဲ့မုန့်က စင်မြင့်ပေါ် တက်သွားခဲ့ခြင်း ဖြစ်သည်။
“ကောင်းပြီလေ ညီလေးယဲ့မုန့်က စိတ်အား ထက်သန်နေမှတော့ အရင်စလိုက်ပါ”
ယဲ့ခုံးယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ယဲ့မုန့်သည် ခန္ဓာကိုယ် အတွင်းရှိ ထျန်းချီများအား လှည်ပတ်လိုက်ပြီး မာန်အဟုန်နှင့် အော်ကာ စတင် တိုက်ခိုက်သည်။
“မုန်တိုင်းရိုက်ချက်”
ယဲ့မုန့်သည် အသက်၁၆နှစ်သာ ရှိသေးသော်လည်း ထျန်းချီအဆင့်၅ အလယ်အလတ်ဆင့်သို့ ရောက်နေပြီ ဖြစ်ကာ သိုင်းပညာရပ်များ အပေါ် နားလည်မှု မြင့််မားသည်။ ကံမကောင်းစွာပင် ဤတစ်ကြိမ်၌ ယဲ့မုန့်သည် ယဲ့ခုံးယန်အား လျှော့တွက် မိသွားသည်။
ပြိုင်ဘက်၏ ခြိမ်းခြောက်နိုင်ကို မြင်သော် ယဲ့ခုံးယန်၏ မျက်နှာ အမူအယာက လေးနက်သွားပြီး ထျန်းချီများကို လည်ပတ်ကာ သိုင်းကွက် ထုတ်ဖော်လိုက်သည်။ ယဲ့မိသားစု၏ အခြေခံအကျဆုံး လက်သီးကွက်ဖြစ်သော မိုးကြိုးလက်သီး …
“သိုင်းပညာရပ်တွေ အပေါ် ယဲ့မုန့်ရဲ့ နားလည်နိုင်မှုက မဆိုးဘူးပဲ။ အခြေခံလည်း ကောင်းတယ်၊ ချီအဆီအနှစ် ဆေးလုံးရဲ့ အကူအညီနဲ့ ဆိုရင် အသက် ၁၈နှစ် မပြည့်ခင် ထျန်းချီအဆင့်၆ကို အလွယ်လေး ရောက်လောက်တယ်”
ယဲ့မော့ယန်သည် ထိုစကားများအား ယဲ့ကျန့်လုံ ကြားသွားစေရန် ရည်ရွယ်ချက် ရှိရှိနှင့် ပြောလိုက်သည်။ ဤနှစ်များအတွင်း ယဲ့ကျန့်လုံသည် မည်သို့သော အဖိုးတန် ဆေးဝါးမျိုး ရရှိခဲ့ပါစေ သားအရင်းများထံ ပေးရမည့်အစား တူဖြစ်သူ ယဲ့ချန်ကိုသာ ပေးခဲ့သည်။
ယဲ့မော့ယန်၏ ရည်ရွယ်ရင်းကို မသိရလောက်အောင် ယဲ့ကျန့်လုံသည် ငတုံးမဟုတ်။ ယဲ့ကျန့်လုံ ဒေါသ ထွက်သွားသည်။ သူ့အတွက်တော့ ယဲ့ချန်သည် သားအရင်းနှင့် မခြားပေ။ ကုန်လွန်ခဲ့သော သုံးနှစ်အတွင်း ယဲ့ချန် ခံစားခဲ့ရသော နာကျင်မှုများက သူ့မျက်မြင်ဖြစ်ရာ ယဲ့ချန်သာ အဆင်ပြေမည် ဆိုပါက ချီစုဆောင်းဆေးလုံး မကလို့ ချီအဆီအနှစ် ဆေးလုံး ဖြစ်ပါစေ ပေးလိုက်ဖို့ ဝန်မလေးပါ။
ယဲ့ချန်သည် လူကြီးများ၏ စကားဝိုင်းအား ဝင်မစွက်ဖက်ဘဲ နားထောင်၍သာ နေသည်။ အဓိက သွေးကြောမများ ပြန်ကောင်းသွားသည့် နေ့ကစ၍ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရတော့ရန် ဆုံးဖြတ်ထားသည်။ ထို့နောက် ပြိုင်ပွဲ စင်မြင့်ဘက်သို့ ကြည့်လိုက်သည်တွင် ယဲ့ခုံးယန် အသားစီး ရနေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုယဲ့ ဘာလို့လည်းတော့ မသိပေမဲ့ ယဲ့ခုံးယန်ရဲ့ စွမ်းအားက အရင်ကထက် ပိုသန်မာလာတာကို လော့အာ ခံစားမိတယ် ဂရုစိုက်နော်”
ယဲ့ချန် အတွေး လွန်နေသောကြောင့် လော့အာ သူ့အနားသို့ ရောက်နေသည်ကို မသိလိုက်။ နောက်မှ သူပြုံးလိုက်ရင်း…
“ဟုတ်ပါပြီ”
“ဒီကျောက်စိမ်း လည်ဆွဲက အစ်ကို့ရဲ့ ထျန်းချီတွေကို အတိုင်းအတာ တစ်ခုထိ တိုးမြှင့်ပေးနိုင်တယ်။ အဲဒါကြောင့် ဝတ်ထားလိုက်...”
ပြောပြောဆိုဆိုနှင့် လော့အာသည် သူမ၏ အပြစ်အနာအဆာ ကင်းမဲ့၍ ကျောက်စိမ်းကဲ့သို့ ချောမွတ်သော လည်တိုင်မှ လည်ဆွဲကို ဖြုတ်ကာ ယဲ့ချန် လက်ထဲသို့ ထည့်ပေးသည်။
လက်ဝါးထဲရှိ နွေးထွေးသော ခံစားချက်ကြောင့် ယဲ့ချန် ငုံ့ကြည့်လိုက်သည်။ ဇာမဏီငှက် အမှတ်မသား ထွင်းထားသော ကျောက်စိမ်း လည်ဆွဲသည် ထျန်းချီ အငွေ့အသက်များ ပြည့်ဝနေကာ နွေးထွေးသော ခံစားချက်ကို ပေးသည်။
သေချာ ကြည့်လေလေ ကျောက်စိမ်း လည်ဆွဲ၏ ပုံသဏ္ဍာန်က နက်နဲလေလေ ဖြစ်ပြီး မရိုးရှင်းသော နောက်ခံတစ်ခု ရှိမည်ကို ယဲ့ချန် ခံစားမိသည်။
“ဒါက မင်းအမေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်လို့ တခါက ပြောဖူးတယ် မဟုတ်လား၊ မတော်တဆ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ ပြန်သိမ်းထားလိုက် လော့အာ”
ယဲ့ချန် ငြင်းလိုက်သည်။ ကျောက်စိမ်း လည်ဆွဲက အလွန် အဖိုးတန်သည် သာမက ထိုကျောက်စိမ်း မျက်နှာပြင်ကို ထိတွေ့လိုက်သည်တွင် ယဲ့ချန်၏ အသိစိတ် အတွင်းရှိ ဓားက ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ ထို့ကြောင့် ယဲ့ချန် ပြောနိုင်တာ တစ်ခုမှာ ကျောက်စိမ်း လည်ဆွဲသည် မြင်နိုင်တာထက် တန်ဖိုးရှိသော လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိရမည်။ တစ်စုံတစ်ရာ လွဲမှားမှု မရှိစေရန် မူရင်းပိုင်ရှင် ဖြစ်သော လော့အာ သိမ်းထားသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ဒါပေမဲ့...”
လော့အာက ပြန်ယူရန် တုံ့ဆိုင်းနေသည်။
“မင်းအစ်ကိုရဲ့ အစွမ်းအစကို လျှော့တွက်နေတာလား လော့အာ၊ အစ်ကို မရှုံးနိုင်ပါဘူး အစ်ကို့ကိုယုံ”
လော့အာ စိတ်သက်သာရာ ရစေရန် ယဲ့ချန်က စနောက် လိုက်သည်။
အလုံးစုံ စိတ်မချသေးသော်လည်း တစ်ဖက်တွင် ယဲ့ချန်၏ ယုံကြည်မှုရှိသော ပုံစံကြောင့် သူမ ပျော်ရွှင်ရသည်။ နောက်ဆုံးတော့ လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ ယုံကြည်မှု အပြည့်နှင့် တက်ကြွနေတတ်သည့် အစ်ကိုယဲ့ ပြန်ရောက် လာသလို ခံစားရ၏။
သုံးနှစ်လုံးလုံး ပြုံးခြင်း၊ရယ်ခြင်း မရှိခဲ့သည့် ယဲ့ချန်က ယဲ့လော့နှင့် စကားပြောရင်း စိတ်လိုလက်ရ ပြုံးနေသည်ကို မြင်ရသော် မိသားစုအတွင်းရှိ မိန်းကလေးများ၏ အကြည့်များမှာ ယဲ့ချန်ထံမှ မခွါနိုင် ဖြစ်သွားကြရသည်။ ပုံမှန် မျက်နှာ တည်ထားလျှင်တောင် ခန့်ညား ချောမောလှသည့် မျက်နှာက ပြုံးလိုက်လျှင် အလွန် ကြည့်ကောင်းသည်။ မိန်းကလေးများ၏ ဆဌမ အာရုံအရ ယဲ့ချန်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောင်းလဲနေကြောင်း ခံစားမိသော်လည်း ရေရေရာရာတော့ မခန့်မှန်းနိုင်ကြပေ။
တိုက်ပွဲရလဒ် ထွက်ပေါ်လာပြီ ဖြစ်ရာ လူအုပ်ကြီး၏ အာရုံက ပြိုင်ပွဲ စင်မြင့်ပေါ်သို့ ပြန်လည် ရောက်ရှိသွားသည်။
ကျယ်လောင်သော အသံတစ်ခုနှင့် အတူ ယဲ့မုန့်နှင့် ယဲ့ခုံးယန်တို့၏ လက်သီးနှစ်ဖက် ထိပ်တိုက်တွေ့သည်။ ယဲ့မုန့်၏ မျက်နှာမှာ ဖြူဖျော့သွားကာ နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရသည်။ တစ်ဖက်တွင်တော့ ယဲ့ခုံးယန်က မတုန်လှုပ်သော အမူအယာနှင့် မူလ ရပ်နေရာ၌ ရှိနေဆဲ။
“ထိခိုက်သွားစေဖို့ မရည်ရွယ်ပါဘူး။ ညီလေးယဲ့မုန့် လက်လွန်သွားခဲ့ရင် ဒီအစ်ကိုကပဲ တောင်းပန်ပါတယ်”
ယဲ့ခုံးယန်က လက်နှစ်ဖက်ဆုပ်လျက် စိတ်ရင်းဖြင့် မရည်ရွယ်သည့် အလား တောင်းပန်စကား ဆိုသည်။
ယဲ့ချန် တွေးမိသည်။ ယဲ့မော့ယန်တို့ သားအဖက လုံးလုံးလျားလျား ဦးနှောက် မရှိတာတော့ မဟုတ်။ ဘယ်အချန်တွင် ဘယ်လို ပြုမူရမည်ကို ကောင်းကောင်း နားလည်ပုံ ရသည်။ အဖေလုပ်သူက အကြီးအကဲချုပ် တစ်ယောက်၏ ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ပြနိုင်သကဲ့သို့ သားဖြစ်သူကလည်း သမာသမတ်ကျသည့် အစ်ကိုကြီး ဇာတ်ရုပ်ကို ကောင်းမွန်စွာ သရုပ်ဖော်နေသည်။
“အစ်ကိုခုံးယန်က မျှမျှတတ အနိုင်ယူသွားတာ ဖြစ်လို့ တောင်းပန်စရာ မလိုပါဘူး၊ ကျွန်တော် ရှုံးပြီ”
ယဲ့မုန့်က ပြိုင်ပွဲစင်မြင့်မှ ခုန်မဆင်းခင် ပြောသည်။
စောင့်ကြည့်နေသော လူငယ်များထံမှ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
“အစ်ကိုခုံးယန်က တကယ် ပြိုင်ဘက်ကင်းတာပဲ၊ ငါ့အထင် ထျန်းချီအဆင့် ၆ကို ရောက်ဖို့ သိပ်မလိုလောက်တော့ဘူး”
“ငါလည်း အဲဒီလိုပဲ ထင်တယ်”
ထိုဆွေးနွေးသံများကို ကြားသော် ယဲ့ခုံးယန်က အမူအယာ မပြောင်းလဲ သော်လည်း ယုံကြည်မှု နောက်တစ်ဆင့် ထပ်မြင့်သွားသည်။ ပြီးခဲ့သော ယဲ့မုန့်နှင့် တိုက်ပွဲတွင်လည်း သူ့အနေနှင့် အနည်းငယ်သော ထျန်းချီ ပြတ်လပ်မှုကိုမျှ မခံစားခဲ့ရ။ ပြောရလျှင် သက်သက်သာသာနှင့် ယဲ့မုန့်အား အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သူဖခင် ပေးလာသော ချီအဆီအနှစ် ဆေးလုံးကို သောက်ခဲ့ပြီးနောက် သုံးရက်အတွင်း ထျန်းချီအဆင့်၆သို့ ရောက်ရှိခဲ့သည်။
ထျန်းချီအဆင့်၅ နှင့် အဆင့်၆အကြား ကွာခြားမှုများက မမြင်သာသော်လည်း ကျယ်ပြန့်သည်။ အကယ်၍ ယဲ့ခုံးယန်သည် ထျန်းချီအဆင့်၅တွင်သာ ရှိနေသေးပါက ယခုလောက် ယုံကြည်မှု ပြင်းထန်နေမည် မဟုတ်။ ထို့ပြင် ယဲ့ခုံးယန်သည် စွမ်းအား အပြည့်အဝကို မထုတ်ဖော်ရသေးရာ ဘယ်သူကမှ သူ၏ ကျင့်ကြံဆင့် အမှန်ကို မသိရှိသေးပေ။
ယဲ့မင်အပါအဝင် လူငယ်မျိုးဆက်မှ အရည်အချင်းရှိသူ တချို့ ပြိုင်ပွဲ စင်မြင့်ထက်သို့ တက်လာကာ စိန်ခေါ်သော်လည်း ယဲ့ခုံးယန်၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးရန် ဘယ်သူမှ ဖိအား မပေးနိုင်ကြ။ အနိုင်ယူဖို့ဆိုတာ အဝေးကြီးမှာ ဖြစ်သည်။
“ဘယ်သူများ စိန်ခေါ်ချင်သေးလဲ”
ယဲ့ခုံးယန်သည် စင်မြင့်အော်သို့ ဝေ့ဝဲကြည့်ကာ မေးမြန်းလိုက်သည်။
စင်မြင့်အောက်ရှိ မတိုက်ခိုင်ရသေးသော လူငယ်လေးများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသော်လည်း စိန်ခေါ်မည့်သူ ထွက်ပေါ် မလာဘဲ တိတ်ဆိတ် နေကြသည်။
တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် အနိုင်ယူနေသည့် သားဖြစ်သူကို ကြည့်ရင်း ယဲ့မော့ယန် မျက်နှာပေါ်ရှိ အပြုံးက ပိုမို ပီပြင်လာသည်။ ထို့နောင် သူက ယဲ့ချိန်ရွှမ်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ခေါင်းဆောင်ဟောင်း ကြည့်ရတာ ပြိုသ်ပွဲက အဆုံးသတ်တော့မယ် ထင်ပါရဲ့၊ ခုံးယန်က ဆက်ခံသူ နေရာအတွက် သင့်လျော်တယ်ဆိုတာ သက်သေပြပြီး သွားပြီ မဟုတ်ဘူးလား”
ယဲ့ချိန်ရွှမ်း ပြန်ဖြေတော့မည့် ဆဲဆဲတွင်ပဲ စကားသံတစ်ခုက ဝင်ရောက် နှောင့်ယှက်လိုက်သည်။
“ခဏလောက်ပါ အကြီးအကဲတို့… ကျွန်တော် ညီလေးခုံးယန်ကို စိန်ခေါ်ချင်ပါတယ်”
မရေမတွက်နိုင်သော မျက်လုံးများက စကားသံလာရာသို့ ကြည့်မိကြသည်တွင် မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ် သွားကြသည်။ လူငယ်မျိုးဆက်ထဲမှ ဘယ်သူမဆို ယဲ့ခုံးယန်အား စိန်ခေါ်နိုင်တာ မှန်သည်။ သို့သော် သွေးကြောမများ ပျက်ဆီးနေသော ယဲ့ချန်က စိန်ခေါ်လိုသည် ဆိုခြင်းက နောက်ပြောင် နေသကဲ့သို့ ခံစားရသည်။
***