← Chapters

မျှော်စင်တွင်း၌ သွေးချောင်းစီးခြင်း

Vol. 90 Ch. 1347

မျှော်စင်တွင်း၌ သွေးချောင်းစီးခြင်း

Vol. 90 Ch. 1347

အန်တီချွန်းဟွာသည် နှစ်တစ်ရာအတွင်း မျှော်စင်မှ ပျိုးထောင်ခဲ့သော အကောင်းဆုံး ပျိုးပင်လေး ဖြစ်သည်။ သူမ ကျင့်ကြံနိုင်ရန် နောက်ထပ် နှစ်နှစ်ဆယ် ကြာခဲ့သည်။ ထို့ကြောင့် သူမ နာမည်ကျော်နေသည့် အချိန်အခါတွင်မှ ယဲ့ဖန်ထံ၌ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် အလုပ်ခံလိုက်ရသည်။ ဤသည်က တျောင်လို့၌ မည်မျှ ထိခိုက်နစ်နာနိုင်ကြောင်း သိသာလှသည်။

ဤသည်ကိုသာ အထက်သို့ တင်ပြပါက တာဝန်ခံ မန်နေဂျာဖြစ်သော သူမ ကံဆိုးပေလိမ့်မည်။ အန်တီ ချွန်းဟွာကို မှီခို၍ သူမ ဂိုဏ်းခွဲများတွင်း၌ ပြောဆိုခွင့် ရှိနေခဲ့သည်။ သို့သော် ယခု အန်တီချွန်းဟွာက ဤသို့ အလှအပ ပျက်စီး သွားသဖြင့် နောင်တွင် သူမအဆင့်အတန်းက အောက်ဆုံးသို့ ထိုးကျသွားပေလိမ့်မည်။

ယဲ့ဖန်က အန်တီချွန်းဟွာကို ဖျက်ဆီးခဲ့သဖြင့် သက်ရောက်မှုက ထင်မှတ်မထားလောက်အောင် ဆိုးရွား ပေလိမ့်မည်။

တျောင်လို့ ဂိုဏ်းခွဲတစ်ခုချင်းစီ၌ ပန်းဘုရင်မ တစ်ယောက်သာ ရှိသည်။ တျောင်လို့ ဂိုဏ်းတစ်ခုလုံးတွင် ပန်းဘုရင်မက ဆယ်ယောက်ထက် မကျော်သဖြင့် မည်မျှ အဖိုးတန်ကြောင်း သိသာပေသည်။

ပန်းဘုရင်မတစ်ယောက်ကို လေ့ကျင့်ပေးရန် လူအား၊ ပစ္စည်းပစ္စယနှင့် ငွေကြေးတို့ များစွာ ကုန်ကျခံရသည်။ ပြည့်တန်ဆာခေါင်း အမျိုးသမီးကြီးသည် ဈာန်ဝင်စားခြင်းအဆင့်လေး တစ်ယောက်အား အန်တီချွန်းဟွာ ဖြေရှင်းရန် လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ဖွတ်မရ ဓားမဆုံးသည့် အဖြစ်နှင့် တိုးရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပေ။

“ဒီမှာ ဘာတွေဖြစ်နေတာလဲ”

ဝမ်ရဲ့၏ မျက်နှာသည်လည်း မည်းမှောင်နေ၏။ သူသည် မူလက ယဲ့ဖန်ကို ထိခိုက်အောင် လုပ်ချင်ရုံသာ ဖြစ်သော်လည်း မအောင်မြင်သည့်အပြင် တျောင်လို့ကိုပါ ရန်စမိသလို ဖြစ်သွားလေသည်။

“ဒီခွေးမက ကျုပ်ကို သွေးဆောင်ဖြားယောင်းတဲ့ လှည့်ကွက်နဲ့ ဖြားယောင်းဖို့ ကြိုးစားတယ်လေ၊ ပြီးတော့ မလျော်မကန် လုပ်ဖို့ ကြိုးစားတယ်၊ ကျုပ် ဆက်တိုက် စစ်ဆေးမေးမြန်းနေတာတောင် ဝန်ခံဖို့ ငြင်းတယ်လေ၊ အဲ့ဒါကြောင့် ကျုပ်လည်း မတတ်သာဘဲ သူ့ကို ဒီလိုပုံ ဖြစ်အောင် လုပ်လိုက်ရတာပဲ၊ ဒါပေမဲ့ ဝမ်ရဲ့ မင်း ငါ့ကို ကူညီစရာ မလိုပါဘူး၊ ငါ့ဘာသာ ဒါကို ဖြေရှင်းနိုင်ပါတယ်”

ယဲ့ဖန်က ဖြောင့်မတ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ဝမ်ရဲ့ ချက်ချင်း သွေးအန်ချင်စိတ် ပေါက်သွားသည်။

*ငါ မင်းကို ကူညီမယ်လို့ ပြောမိလို့လား၊ မင်း ဘာလို့ ဒီလောက် အရှက်မဲ့တာလဲ*

ဝမ်ရဲ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“အစ်ကိုဖုန်းယဲ့ ခင်ဗျား အထင်မှားနေတာ ဖြစ်မယ်၊ သင့်တော်တဲ့ ဖြားယောင်းမှုက ကိုယ်လက်နှီးနှောဖို့အတွက် သုံးတာ၊ ဒီမျှော်စင်ရဲ့ အဓိက အင်္ဂါရပ်လေ”

အန်တီချွန်းဟွာက ယဲ့ဖန်ကို ဖြားယောင်းခြင်းဖြင့် ညှို့ယူသည်ကို သူ ဝန်မခံနိုင်ပါ။ သို့မဟုတ်ပါက သူ ယဲ့ဖန်ကို ထိခိုက်အောင် လုပ်ချင်ကြောင်း ဝန်ခံသလို ဖြစ်သွားမည် မဟုတ်ပါလော။

“အာ … အဲ့လိုလား၊ ဒါဆို ကျုပ် နားလည်မှု လွဲသွားတဲ့ပုံပဲ၊ အန်တီချွန်းဟွာ ကျုပ် တကယ် တောင်းပန်ပါတယ်၊ ခင်ဗျား ကျုပ်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ကျုပ် မရည်ရွယ်ပါဘူး”

ယဲ့ဖန်က စိတ်ရင်းအတိုင်း တောင်းပန်လေသည်။

*ဟန်ဆောင်နေတာလား*

*ဒါကို ဘယ်သူမှ မကြိုက်ဘူးဟဲ့*

ထိုစကားအဆုံး၌ သုံးယောက်လုံး၏ မျက်နှာများက သုန်မှုန်သွားပြီး ကြောက်စရာ ကောင်းလာ၏။

*လူတစ်ယောက်ကို ဒီလောက်ထိ အရှက်ရအောင် လုပ်ပြီးမှ တောင်းပန်လိုက်တာနဲ့ ရမလား*

သူတို့ ဤလူငယ်လေး၏ ခွန်အားကို လျှော့တွက်မိခဲ့သလို သူ၏ မျက်နှာပြောင်တိုက်ခြင်းကိုလည်း ပို၍ လျှော့တွက်ခဲ့မိသည်။

အမျိုးသမီးကြီး၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး အံကြိတ်ကာ ပြောလိုက်သည်။

“တျောင်လို့က ပန်းဘုရင်မကို ဒီလို ဆိုးရွားတဲ့ အခြေအနေ ဖြစ်အောင် လုပ်ပြီးမှ တောင်းပန်ရုံနဲ့ ပြီးမလား၊ မင်း ရိုးရိုးလေး တွေးလွန်မနေဘူးလား”

“ဪ ဒါဆို ခင်ဗျားက ဘာလုပ်ချင်လို့လဲ”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က အထင်သေးသော မျက်နှာထားနှင့် သရော်လိုက်သည်။ သူ ဆက်၍ သရုပ်ဆောင် မနေတော့ချေ။

*မင်းတို့ မျက်နှာဖုံး ခွာချတော့မှာလား*

“သူ့ကိုသတ်၊ မာမီ ကျွန်မအတွက် သူ့ကို သတ်ပေးပါ”

အန်တီချွန်းဟွာက ခါးသီးစွာ အော်ငို၍ ပြောလေသည်။ တျောင်လို့တစ်ခုလုံး၌ ကျားမမရွေး သူမအမိန့်ကို နာခံရသည်။ ထိုအမျိုးသမီးကြီးတောင်မှ သူမကို ယဉ်ကျေးရသော်လည်း ယခုအချိန်မှစ၍ ထိုသို့သော အခြေအနေမျိုး မရှိနိုင်တော့ပေ။

ယဲ့ဖန်က ခြေထောက်ဖြင့် တက်နင်းလိုက်သဖြင့် အန်တီချွန်းဟွာ သွေးအန်ပြန်သည်။ သူမ၏ ကျောရိုးတစ်ခုလုံး ကျိုးကြေသွားပြီး ဝေဒနာက ပြင်းထန်လွန်းသဖြင့် သူမ ထပ်၍ စကားမပြောနိုင်တော့ပါ။

“မင်း”

အမျိုးသမီး၏ မျက်လုံးများ မီးတောက်လာ၏။

*အခုအချိန်မှာတောင် ဒီကောင် အန်တီချွန်းဟွာကို တစ်ခုခု လုပ်ရဲသေးတယ်ပေါ့လေ*

ဤသည်မှာ တျောင်လို့တွင်း၌ သူမတို့ကို အရှက်ခွဲလိုက်ခြင်း ဖြစ်ပြီး သူမကို သူ လုံးဝ အလေးမထားကြောင်း ဖော်ပြနေ၏။

“ဝမ်ရဲ့ မင်းလည်း မြင်တယ်မလား၊ ဒီကောင်က မောက်မာလွန်းတယ်၊ မင်းတို့ ဝမ်ကောဖူက ငါတို့ တျောင်လို့ကို ဖြေရှင်းချက် ပေးကိုပေးရမယ်”

အမျိုးသမီးကြီး၏ မျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေပြီး ယဲ့ဖန်ကို သတ်မည်ဟု ဆုံးဖြတ်ချက် ချပြီးသွားလေသည်။ ဝမ်ရဲ့ သက်ပြင်းချ၍ အေးစက်သော မျက်နှာထားနှင့် ပြောလိုက်သည်။

“အစ်ကိုဖုန်းယဲ့ ခင်ဗျား တော်တော်လွန်တယ်ဗျာ၊ ကျုပ်က ခင်ဗျား ပျော်ရအောင် တျောင်လို့ကို ခေါ်လာပေးတာ၊ ဒါပေမဲ့ ခင်ဗျားက သူများကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ပစ်လိုက်တယ်၊ ဒါ ခင်ဗျားရဲ့ အမှားပဲ၊ အခု ကျုပ် ခင်ဗျားကို မကယ်နိုင်ဘူး”

“ငါက ဝမ်ကောဖူရဲ့ ကောင်းကင်အဆင့် ပါရမီရှင်ပဲ မင်း ငါ့ကို သတ်ရဲလား”

ယဲ့ဖန်က ဝမ်းနည်း၍ ဒေါသထွက်သယောင် ဆောင်လိုက်သည်။ ထိုစကားကို ကြားသော် ဝမ်ရဲ့က လှောင်ရယ် လေသည်။

*လတ်စသက်တော့ ဒီကောင် မဆင်မခြင်လုပ်ရဲတာက သူ့နောက်မှာ ဝမ်ကောဖူ နောက်ခံရှိနေလို့လား*

မင်းက ဝမ်ကောဖူရဲ့ ကောင်းကင်အဆင့် ပါရမီရှင် ဖြစ်ပင်မယ့်လည်း ဝမ်ကောဖူက အကျိုးအကြောင်း သိတတ်တယ်၊ မင်း အခြားလူရဲ့ ပန်းဘုရင်မကို ဖျက်ဆီးလိုက်ရင် သူတို့ မင်းကို ရှင်းပစ်မှာက သဘာဝပဲလေ၊ ပြီးတော့ ဝမ်ကောဖူဘက်က ပေါ်လာဖို့ သိပ်မလွယ်ဘူး”

ဝမ်ရဲ့က ထပ်၍ လှောင်ရယ်ကာ ပြောလိုက်သည်။

“ထပ်ပြောရဦးမယ်၊ ကယူးရှူ ကိုးပြည်နယ်ရဲ့ မဟာမိတ် ဖြစ်တဲ့ ဝမ်ကောဖူကျောင်းတော်က ကျောင်းသားက ပြည့်တန်ဆာအိမ်ကို သွားတာနော်၊ မင်း ဂုဏ်သတင်းက သိပ်ကောင်းမယ် မထင်ဘူး၊ မင်းရော ဘယ်လိုထင်လဲ”

ယဲ့ဖန်ကလည်း ခေါင်းညိတ်ကာ အပြုံးဖြင့် ပြန်ပြောလေသည်။

“အဲ့ဒါကြောင့် မင်း မနက်ကတည်းက ကြိုတွက်ထားတာ မဟုတ်လား၊ ငါ့နာမည်ပျက်အောင် တမင်သက်သက် ငါ့ကို ဒီခေါ်လာတာလေ ဟုတ်တယ်မလား”

“အဲ့တော့ ဘာဖြစ်လဲ၊ မင်း အပြစ်တင်ချင်လည်း တုံးလွန်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်၊ လူတိုင်းက အပြစ်မကင်းဘူး၊ အခြားသူတွေကို အပြစ်ကင်းတဲ့ပုံ ပေါက်တာနဲ့ လူကောင်းတွေလလို့ မတွေးနဲ့”

ဝမ်ရဲ့က ဖုံးကွယ်မနေတော့ဘဲ ရယ်မောလိုက်သည်။

“မင်းကို ဒီလိုလုပ်ခိုင်းတာ ကြီးကြပ်ရေးမှူးလီ ဟုတ်တယ်မလား”

ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။ သို့သော် ဝမ်ရဲ့က အထင်သေးစွာ ခေါင်းခါလေသည်။

“ငါ့ကို ဘယ်သူခိုင်းလဲက အရေးကြီးလား၊ ဘာပဲဖြစ်ဖြစ် မင်း သေတော့မှာပဲကို ဘာလို့ ဒီလောက် အရေးစိုက် နေတာလဲ”

“ဒါပေမဲ့ စိတ်မပူနဲ့ မင်းမိန်းမတွေကို ငါ မင်းအစား ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ၊ မင်း အေးအေး ဆေးဆေး သေလိုက်တော့”

ယဲ့ဖန် ပြန်ပြောလိုက်သည်။

“မင်းက ငါ့ကို သတ်ချင်ရုံတင်မကဘဲ ငါ့မိန်းမတွေကိုပါ လိုချင်နေတာပဲ”

ကြောင်သူတော် မျက်နှာဖုံးအောက်၌ မည်မျှ ညစ်ညမ်းရိုင်းစိုင်းသော စိတ်ဝိညာဉ်တစ်ခု ပုန်းအောင်းနေ လိမ့်မည်ဟု လုံးဝ ထင်ထားမိမည် မဟုတ်ပါ။

ဝမ်ရဲ့က နှစ်ခါမျှ လှောင်ရယ်ပြီးနောက် စကားဆက်ပြောချင်စိတ် မရှိတော့ပေ။

“ဟဲ့ကောင် ငါ နင့်ကို အသာအယာ မသေခိုင်းဘူး၊ ငါ နင့်ကိုယ်ထဲက သွေးစက်တိုင်းကို ဖျစ်ညှစ်ပစ်မယ်၊ ဒါမှ နင် အလောင်းမရှိဘဲ သေသွားမှာ”

အမျိုးသမီးကြီးက ရယ်မော၍ ခြောက်ကပ်နေသော လျှာဖြင့် နှုတ်ခမ်းသပ်နေပြီး သူ့မျက်လုံးတွင်း၌ ညစ်ညမ်းမှုများ ပြည့်နှက်နေသည်။

*ကောင်းကင်အဆင့် ပါရမီရှင်တဲ့၊ အာဟာရကြီးပဲ*

*ခဏနေရင် ဒီကောင် ညစ်ညမ်းအလုပ်တွေထဲ နစ်မျောသွားတော့မှာ*

“ငါ့ကို ခြိမ်းခြောက်တာလား၊ ခင်ဗျားက တော်တော် ကြင်နာတာပဲလို့ ပြောရမယ်”

ယဲ့ဖန်က ကျယ်လောင်စွာ ရယ်မော၍ ခြေထောက်ကို မြှောက်ကာ အန်တီချွန်းဟွာအား တစ်ခါတည်း သတ်ရန် ပြင်လေသည်။

“မဖြစ်ရဘူး မာမီ ကျွန်မကို ကယ်ပါဦး”

အန်တီချွန်းဟွာ အလန့်တကြား အော်ဟစ်လေသည်။ ယခု သူမ ရုပ်ပျက်သွားပြီ ဖြစ်သဖြင့် သူမဘဝက သေသည်ထက် ဆိုးနေလေပြီ။ သို့သော် သူမ ယဲ့ဖန် သေသည်ကို မမြင်ရသေးသရွေ့ ဤသို့ အသေမခံနိုင်ပါ။

ရုတ်တရက် တစ်မူထူးခြားသော အသံတစ်သံက ယဲ့ဖန်၏ နားထဲသို့ တိုးဝင်လာသည်။ သူ့ရှေ့၌ အမျိုးသမီးကြီးက လက်ထဲ၌ ကူကျန့်တစ်လက်ကို ပိုက်ထားပြီး လက်ဆယ်ချောင်းလုံးအား သံစဉ်ကြိုးပေါ်၌ ပြေးလွှား လှုပ်ရှား စေသဖြင့် သတ်ဖြတ်လိုသော အငွေ့အသက် အပြည့်ပါသည့် သံစဉ်လှိုင်း ထွက်ပေါ်နေသည်။

ထိုအခိုက်တွင် ယဲ့ဖန်သည် ဝါးတောထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။ မမြင်ရသော လုပ်ကြံရေး သမားများက အခွင့်အရေးကို စောင့်ဆိုင်းနေသဖြင့် ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါက သူ့အား တင်းကြပ်စွာ ရစ်နှောင်လာသည်။

သံစဉ်က ထည်ဝါ၍ အားကောင်းလှပြီး ထောင်ချီသော စစ်သားများနှင့် မြင်းတပ်သားတို့ အတူတကွ ချီတက်လာသဖြင့် မခုခံနိုင်သော ဖိအားကို ပေးစွမ်းကာ ပြင်းပြသည့် လူသတ်လိုသည့် အငွေ့အသက်အား ထုတ်ဖော်နေသည်။

ချက်ချင်းဆိုသလိုပင် မျက်စိရှေ့မှ မြင်ကွင်း ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ သူသည် ကန္တာရထဲ၌ တစ်ကိုယ်တည်း ရပ်နေပြီး သူ့ရှေ့၌ ပျက်စီးနေသော ရှေးဟောင်း အဆောက်အအုံများ ရှိကာ အတောမသတ် နိုင်သော စစ်တပ်တစ်တပ်က သူ့အား ပြင်းထန်သော အရှိန်အဝါဖြင့် တိုက်ခိုက်နေ၏။ ထည်ဝါသော လူသတ်လိုသည့် အရှိန်အဝါက မည်သူမဆိုအား ရူးမတတ် ဖြစ်စေနိုင်သည်။

*ပုံရိပ်ယောင်ပါလား*

ယဲ့ဖန် ပြုံးလိုက်သည်။ ဤအမျိုးသမီးကြီးက အန်တီချွန်းဟွာထက် ပိုသန်မာပြီး ပုံရိပ်ယောင် အတတ်ပညာ၌ ပို၍ ထူးချွန်လေသည်။

ပုံရိပ်ယောင် အတတ်ပညာသည် ဗြောင်ကျပြီး အခက်ခဲဆုံး လူသတ်ပညာ ဖြစ်သည်။ လူတစ်ယောက်သည် သတိမမူမိပါက ပုံရိပ်ယောင်ထဲ၌ တစ်သက်လုံး ပိတ်မိနေပြီး ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။

ထို့အပြင် ပုံရိပ်ယောင် တိုက်ခိုက်မှုသည် သတိထားရ အခက်ဆုံး ဖြစ်သည်။ ဘယ်တိုက်ခိုက်မှုက အတုလဲ၊ အစစ်လဲ ဆိုသည်ကို ရှာတွေ့ရန် ခက်ခဲပေသည်။

“အဘွားကြီး ခင်ဗျား တော်တော် ရက်စက်တာပဲ၊ ခင်ဗျား သူ့ကို အရူးတစ်ယောက်လို ဖြစ်အောင် နှိပ်စက်တော့ မလို့လား”

ဝမ်ရဲ့ ရယ်မောလေသည်။ ပြည့်တန်ဆာခေါင်း၏ နည်းလမ်းများကို သူ မြင်ဖူးသည်။ နောက်ဆုံးတစ်ခေါက်က သူ လှည့်ကွက်တစ်ချို့ သုံးလိုက်သည်နှင့် ဘုရင်အဆင့် တစ်ယောက်က သူ့ခေါင်းသူ ပြန်ဖြတ်သွားခဲ့သည်။

ယခု သူမက အကောင်းဆုံး တိုက်ခိုက်သဖြင့် ယဲ့ဖန် ရူးသွပ်ကာ အရူးတစ်ယောက်အဖြစ် နှိပ်စက်ခံရ လောက်သည်။

အမျိုးသမီးကြီးကလည်း စဉ်းလဲစွာ ပြုံးနေပြီး ကောင်းကင်အဆင့် ပါရမီရှင် သူ့ရှေ့၌ ဒူးထောက်လာမည့် အဖြစ်ကို မြင်ယောင်နေသည်။

ထောင်ချီသော ခြေလျင် တပ်သားများနှင့် မြင်းစစ်သည်များက ယဲ့ဖန်ကို တိုက်ခိုက်ရန် ပြေးတက်လာကြသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက်က ယဲ့ဖန်၏ ခန္ဓာကိုယ်ကို လက်နက်များဖြင့် ခုတ်ပိုင်းလာသည်။

ဤသို့သော် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးက အလွန်အမင်း သေစေနိုင်၏။ ဤသည်ကိုမြင်သော် အမျိုးသမီးကြီးနှင့် ဝမ်ရဲ့တို့က ပြိုင်တူ ရက်စက်သော အမူအရာမျိုး ဖြစ်လာကြသည်။

*ဒီကောင်တော့ သေပြီ*

သို့သော် တစ်ခဏအတွင်းမှာပင် သူတို့၏ အမူအရာများ အေးခဲသွားရသည်။ အကြောင်းမှာမူ ယဲ့ဖန်က ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ ရွံရှာဟန်ဖြင့် လက်ယမ်းလိုက်သောအခါ ပုံရိပ်ယောင်က ပျောက်ကွယ် သွားလေသည်။

*ဘာ*

ဤမြင်ကွင်းကြောင့် နှစ်ယောက်လုံး သေမတတ် ကြောက်လန့်သွားကြသည်။

*ဒီအမျိုးသမီးကြီးရဲ့ ပုံရိပ်ယောင်က အလွယ်တကူ ဖယ်ရှားခံလိုက်ရတာလား*

*ဘုရင်အဆင့်ကိုတောင် သတ်နိုင်တဲ့ ပုံရိပ်ယောင်ပညာက ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိတဲ့ သူ့အပေါ် မသက်ရောက် ဖူးလား*

*ဒီကောင် … သူက တကယ်ပဲ ဘာကောင်လဲ*

“မင်းရဲ့ ပုံရိပ်ယောင်ပညာက ဒီအဆင့်လောက်ပဲ ရှိတယ်ဆိုရင်တော့ မင်းတို့ သေလို့ရပြီ”

ယဲ့ဖန်က ရေခဲတမျှ အေးစက်သော အသံဖြင့် ပြောလိုက်ပြီး သူ့ကိုယ်မှ လူသတ်လိုသည့် အငွေ့အသက်များ ဝုန်းခနဲ ထွက်ပေါ်လာသည်။

*ဒီအဆင့်လောက်ပဲ ဟုတ်လား*

အမျိုးသမီးကြီး၏ အမူအရာက တောင့်တင်းသွားလေသည်။ သူ ဂုဏ်ယူရသော ပုံရိပ်ယောင်ပညာကို ဤလူငယ်က အထင်သေးနေသည်တဲ့လား။

တျောင်လို့တစ်ဂိုဏ်းလုံး၌ သူမတစ်ဦးတည်းသာလျင် ပုံရိပ်ယောင်ပညာ၌ အထူးချွန်ဆုံး ဖြစ်သည်။ သူမ၏ တစ်မူထူးခြားသော ပုံရိပ်ယောင် ပညာကြောင့် တျောင်လို့ဂိုဏ်းက သူမကို သဘောကျပြီး အရေးကြီးသော တာဝန်ကို ပေးအပ်ခြင်း ဖြစ်လေသည်။

သူမ၏ ပုံရိပ်ယောင်ပညာ၌ သူမ တစ်ရာရာခိုင်နှုန်း ယုံကြည်မှုရှိသည်။ သို့သော် ယနေ့ ဖြစ်ပျက်သွားသည့် အရာရာတိုင်းက သူမ လက်ခံနိုင်သော အတိုင်းအတာထက် ကျော်လွန်နေ၏။

*ဘယ်လိုလုပ် ဒီကောင်က ငါ့ပုံရိပ်ယောင်ပညာကို ခံနိုင်ရည် ရှိရတာလဲ*

“မဖြစ်နိုင်ဘူး ငါ မယုံဘူး”

အမျိုးသမီးကြီးက ချက်ချင်း ကြမ်းတမ်းလာပြီး အံကြိတ်ကာ ယဲ့ဖန်အား ဓားတစ်ထောင်ဖြင့် ထိုးနှက်ချင်စိတ် ပေါက်နေ၏။

ချက်ချင်းဆိုသလိုပင် သူမသည် လက်ဆယ်ချောင်းလုံးဖြင့် ကူကျန့်ကြိုးကို တီးခတ်လိုက်သောကြောင့် သတ်ဖြတ် လိုသော အသံလှိုင်းက ယဲ့ဖန်ထံ ပျံ့လွင့်လာသည်။

ထိုအခိုက်တွင် ထောင်ချီသော ခြေလျင်တပ်သားများနှင့် မြင်းစစ်သည်များ ထပ်မံ ပေါ်ထွက်လာပြီး လူသတ် လိုသည့် အငွေ့အသက်က လောကကို လွှမ်းခြုံလာသဖြင့် ကြီးမားထည်ဝါသော မြင်ကွင်းတစ်ခုကို မြင်လာရ ပြန်သည်။

အသံလှိုင်းများက အထိန်းအချုပ် ကင်းမဲ့စွာ ထွက်ပေါ်နေသည်။ ယဲ့ဖန်က သရော်လိုက်သည်။

“ဒီလိုဆိုမှတော့ မင်းရဲ့ ပုံရိပ်ယောင်ပညာဆိုတာကြီးက ငါ့မျက်လုံးထဲမှာ ဘယ်လောက်တောင် သည်းခံရ ခက်သလဲ ပြရသေးတာပေါ့”

ရုတ်တရက် နတ်ဆိုးအငွေ့အသက်များ ပျံ့လွင့်လာသည်။ ဝမ်ရဲ့တို့ သုံးယောက်လုံး ချက်ချင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဒီကောင်က ပုံရိပ်ယောင်ပညာလည်း တတ်တာလား*

သို့သော် မကြာခင်မှာပင် သူတို့က အထင်သေးဟန် ပြလာ၏။

*ဈာန်ဝင်စားခြင်းအဆင့်လေးရဲ့ ပုံရိပ်ယောင်ပညာက ဘယ်လောက် အစွမ်းထက်မှာလဲ*

“ငါနဲ့ ပုံရိပ်ယောင်ပညာခြင်း ပြိုင်မယ်ပေါ့လေ၊ နင်က အဲ့လို အရည်အချင်း ရှိလို့လား”

အမျိုးသမီးကြီးက အလွန် အထင်သေးကာ ခနဲ့လိုက်ပြီး လက်ငါးချောင်းဖြင့် ကြိုးကို ပိုဖိ၍ မြန်ဆန်စွာ တီးခိုက်လိုက်သည်။ သတ်ဖြတ်လိုသော အသံလှိုင်းက ဓားနှင့်ပုဆိန်သဖွယ် စူးရှစွာ ဆက်တိုက် ထွက်ပေါ် လာသဖြင့် ကြောက်စရာ ကောင်းလှသည်။ သတ်ဖြတ်လိုသော အငွေ့အသက်အားလုံးက ယဲ့ဖန်ထံ ဦးတည်နေ၏။

All Chapters