← Chapters

ငရဲကို သွားကြတော့

Vol. 90 Ch. 1349

ငရဲကို သွားကြတော့

Vol. 90 Ch. 1349

“ဒီနေရာက ထွက်သွားစမ်း”

နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ အော်သံက ဒေါသတကြီး ပေါက်ကွဲထွက်လာသည်။ ပြည့်တန်ဆာများအားလုံး လွင့်ထွက်သွားပြီး အပြင်းအထန် ဒဏ်ရာရသွားကြသည့်အပြင် ဘုရင်အဆင့်များတောင်မှ တောင့်မခံနိုင်ပေ။

ချက်ချင်းဆိုသလိုပင် သူတို့၏ ခြေလက်များ ကြေမွသွားပြီး နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ ပေါက်ကွဲထွက်သွားသည်။ ထောက်ထားညှာတာစိတ်ပင် မရှိချေ။

ယဲ့ဖန်၏ မျက်လုံးထဲတွင်မူ ဤမိန်းမလှများသည် အရိုးစုများသာ ဖြစ်ပြီး သူ့စိတ်ထဲမှ သနားညှာတာစိတ်အား အနည်းငယ် ပေါ်လာအောင် လုပ်ရန်ပင် ခက်ခဲလေသည်။

ဤသည်ကိုမြင်သော် ဝမ်ရဲ့ ကြက်သီးထသွားသည်။ ယဲ့ဖန်က အမျိုးသမီးများကိုပင် ဤမျှ ရက်စက်နေသဖြင့် သူ့ကိုဆိုလျင် ဆိုဖွယ်ရာ မရှိတော့ချေ။

ဤသည်ကိုတွေးမိပြီးနောက် ဝမ်ရဲ့ တစ်ကိုယ်လုံး၌ ရှိသမျှ အမွေးများ ထောင်တက်လာသည်ဟု ခံစားမိကာ ဦးရေပြားပင် ပေါက်ထွက်တော့မည်ဟု ခံစားမိနေ၏။ ထို့အပြင် သူ ယဲ့ဖန်၏ မျက်လုံးကို ကြည့်လိုက်သောအခါ ရက်စက် ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်ကို ကြည့်နေရသည်ဟု ခံစားမိပြီး ကြောက်လန့်လာရသည်။

*ဒါက*

အထက်ပါမြင်ကွင်းကိုမြင်ပြီး ပတ်ဝန်းကျင်မှလူများအားလုံး ထိတ်လန့်သွားကြသည်။ ဘုရင်အဆင့်ပါဟု ပြောနိုင်သော မိန်းမလှလေးများက ယဲ့ဖန်ထံ၌ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။ ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။

သူတို့ အတော်လေး ထိတ်လန့်ကာ သူတို့စိတ်ထဲ၌ အနည်းငယ် မသက်မသာ ခံစားစပြုလာသည်။

“အချိန်ဖြုန်းမနေနဲ့ အတူတူ တက်လာခဲ့”

သို့သော် သူတို့၏ အပြုအမူကို ဂရုမစိုက်ဘဲ ယဲ့ဖန်က ရှေ့တိုးလာသည်။ ထို့နောက် သူ ဖျတ်ခနဲ ပျောက်ကွယ် သွားပြီး လီဟွမ်ရှေ့သို့ ပေါ်လာသည်။

ခံစားချက်ကင်းမဲ့သော အကြည့်နှင့်အတူ ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“မင်း ငါ့အလောင်းကို နုတ်နုတ်စင်းချင်တယ်လို့ ပြောခဲ့တယ်မလား”

*မကောင်းတော့ဘူး*

လီဟွမ် နှလုံးခုန်ရပ်သလို ဖြစ်သွားပြီး ချက်ချင်း မျက်နှာ မည်းမှောင်ကာ ယဲ့ဖန်အား ဓားဖြင့် ခုတ်လိုက်သည်။ သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က လက်ဝါးဖြင့် ပြန်ရိုက်ချလိုက်သည်။ ထိုလက်ဝါးချက်၌ အလေးချိန် တစ်ထောင် အောင်စပါသကဲ့သို့ လေးလံပြင်းထန်ကာ လေကိုခွင်း၍ လီဟွမ်၏ ဦးခေါင်းအား ရိုက်ခွဲလာသည်။

“ဖြောင်း”

ထိုအသံနှင့်အတူ ဦးခေါင်းခွံ ကြေမွပါသွားပြီး ဦးနှောက် ပေါက်ထွက်သွားသည်။ လီဟွမ်သည် တစ်လောကလုံး လည်လာသည်ဟုသာ ခံစားမိပြီးနောက် နောက်သို့ နောက်ပြန်လဲကျသွားလေသည်။ ထို့နောက် အကြိမ် အနည်းငယ်မျှ တွန့်လိမ်နေပြီးနောက် လှုပ်ကိုမလှုပ်တော့ချေ။

*သေသွားပြီလား*

လူတိုင်း ထိတ်လန့်သွားပြန်သည်။ လီဟွမ်သည် ဝမ်ကောဖူ၌ ထိပ်ဆုံး၌ ကျော်ကြားသူ ဖြစ်ပြီး ပါရမီရှင်တစ်ဦး ဖြစ်ကာ အသက်သုံးဆယ်နှင့် ဘုရင်အဆင့်သို့ ရောက်နေသူ ဖြစ်သည်။

ဤသို့သော ထူးချွန်သည့်လူက ချက်ချင်း အသတ်ခံလိုက်ရသည်တဲ့လား။

ပေါက်ကွဲသွားသော ဦးခေါင်းမှ သွေးများ ဆက်တိုက် စိမ့်ထွက်နေသည်ကိုမြင်ပြီး သူတို့၏ ခြေထောက်များ အေးခဲသွားပြီး လှုပ်ပင် မလှုပ်ရဲတော့ချေ။

“နောက်မဆုတ်သေးဘူးပေါ့လေ”

ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သော်လည်း သူ့လေသံ၌ ကြောက်စရာကောင်းလောက်သော ရက်စက်မှုများ ပါဝင်နေ၏။

သူ၏ နတ်ဆိုးဆန်ဆန် အပြုံးကိုမြင်သော် လူတိုင်း သွေးပျက်ကာ မသိလိုက်မသိခင်မှာပင် အလိုလို နောက်သို့ အနည်းငယ် ဆုတ်မိသွားသည်။

“လူကြီးမင်းတို့ ကျွန်မကို ကယ်ပါဦး၊ ကျွန်မကို ကယ်ပါဦး”

ထိုစဉ် အန်တီချွန်းဟွာက သနားစဖွယ် ထပ်တောင်းပန်လာပြီး သူမ၏ ညှို့ဓာတ်က ထပ်မံ ပျံ့လွင့်လာပြန်သည်။

“တိုက်ကြ၊ ငါတို့က ဒီလောက် လူများတာကို တစ်ယောက်လောက် မအောင်မြင်တာနဲ့ ကြောက်စရာလား”

“ဟုတ်တယ် တိုက်ကြမယ်၊ ငါတို့ အန်တီချွန်းဟွာကို ကယ်မှဖြစ်မယ်၊ ငါတို့ သူ့ကို ဒီလိုတိရစ္ဆာန်ကောင်ဆီက အနိုင်ကျင့်တာ ခံဖို့ ခွင့်မပြုသင့်ဘူး”

“အားလုံး ပြိုင်တူတက်ပြီး သတ်ကြမယ်”

လူတိုင်း၏ မျက်နှာတွင် ခက်ထန်မှုများနှင့် ပြည့်နှက်လာပြီး ယဲ့ဖန်အား နုတ်နုတ်စင်းချင်လာသည်ဟု ထင်မှတ် မှားရသည်။

“ခေါင်းမာတာပဲ”

ယဲ့ဖန် ရွံရှာဟန်ဖြင့် ခေါင်းခါလိုက်သည်။ လက်ရှိတွင် တစ်ဖက်လူများက အခန်းဝသို့ ရောက်နေပြီး စကား တစ်ခွန်းမှ မပြောဘဲ သိုင်းကွက်ပေါင်းစုံ ထုတ်ကာ သူ့ခန္ဓာကိုယ်အား တိုက်ခိုက်လာကြသည်။

ထိုအခိုက်တွင် ယဲ့ဖန် လှုပ်ရှားလာ၏။ သူ၏ ခန္ဓာကိုယ်မှ စကြဝဠာကို ဝါးမျိုနိုင်သည့် သားရဲတစ်ကောင် နိုးထလာသကဲ့သို့သော ကြမ်းကြုတ် ပြင်းထန်သည့် အရှိန်အဝါ ထွက်ပေါ်လာပြီး ထိုအရှိန်အဝါက လူအများက ရူးမတတ် ကြောက်လန့်သွားစေသည်။

“မကောင်းတော့ဘူး”

စုန့်ချန် အလန့်တကြား အော်ဟစ်လိုက်မိပြီး ကြောက်စရာကောင်း‌သော လူသတ်လိုသည့် အငွေ့အသက်ကို ခံစားမိကာ မျက်ခုံးတဆတ်ဆတ် လှုပ်လာပြီး နောက်ဆုတ်ပြေးလေသည်။

လက်ရှိတွင် သူသည် မရဏ အငွေ့အသက်အား ပြတ်သားစွာ ခံစားမိနေပြီး နတ်ဆိုးက သူ၏ ကျေးကျွန်များဖြင့် သူ့အား ငရဲသို့ ဆွဲချခံရမည်ဟု ထင်မှတ်ရသည်။

ထိုအခါ လူတိုင်း ကြောက်လန့်လာကြသည်။ သူတို့၏ ခေါင်းပေါ်သို့ ရေအေး လောင်းချခံလိုက်ရသလို ဖြစ်လာပြီး ယဲ့ဖန်၏ ကြောက်စရာကောင်းသော အရှိန်အဝါအောက်၌ သူတို့ကို ဖုံးလွှမ်းနေသည့် ညှို့ဓာတ် လွင့်ပြယ် သွားသည်။

*ထွက်ပြေးရမယ်*

လက်ရှိတွင် လူတိုင်း ထိုအတွေးသာ ရှိနေသည်။ သို့သော် ယဲ့ဖန်၏ တိုက်ခိုက်မှုက ကျရောက်လာပြီ ဖြစ်သဖြင့် ပြန်ရုတ်သိမ်း၍ ရနိုင်ချေ ရှိပါဦးမည်လော။ ဤလူများအားလုံး သေကိုသေရပေမည်။

ရုတ်တရက် ယဲ့ဖန်က လက်နှစ်ဖက်ကိုဆန့်၍ စုန့်ချန်၏ ဓားကို ကောက်ယူကာ နောက်ပြန်လွှဲ၍ စုန့်ချန်ကို ခုတ်ပိုင်း လိုက်သည်။

လက်ရှိတွင် စုန့်ချန်က ယဲ့ဖန်ကို ကျောပေး၍ အသည်းအသန် ထွက်ပြေးနေသောကြောင့် သူ့အနောက်၌ ဘာဖြစ်နေသလဲ သူ မသိတော့ချေ။

သို့သော် သူ့အနောက်မှ လေအေး တိုက်လာသည်ကို ခံစားလိုက်မိချိန်တွင် ချက်ချင်း ကြက်သီးထသွားသည်။ ထို့နောက် ဝက်တစ်ကောင် အရေခွံခွာခံလိုက်ရသကဲ့သို့ သူ့ကျောပြင်မှ အသားစိုင် ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။

ထိုအခါ သူသည်လည်း အသတ်ခံရတော့မည့် ဝက်တစ်ကောင်သဖွယ် အော်ဟစ်သဖြင့် သူ့အသံကို ကြားလိုက် ရသူတိုင်း ချောက်ချားသွားကြသည်။

သူ ဓားတစ်ချက်ဖြင့် ယဲ့ဖန်၏ အသားကို ခုတ်ပစ်မည်ဟု ပြောခဲ့သည်။ ယခု သူ ပြောခဲ့သော စကားက လက်တွေ့ ဖြစ်လာလေပြီ။

ရုတ်တရက် ဓားခုတ်ခံလိုက်ရပြီးနောက် စုန့်ချန်တွင် နောက်ပြန်လှည့်ကြည့်ရဲသည့် သတ္တိ မရှိတော့ဘဲ ရှေ့သို့ ဆက်ပြေးသွားသည်။ လက်ရှိတွင် တစ်ယောက်ယောက် ယဲ့ဖန်ကို ထိန်းထားနိုင်ပါစေဟုသာ မျှော်လင့်မိနေသည်။

ထိုအခိုက်တွင် အခြားသူများ၏ တိုက်ကွက်များအားလုံးက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ သူတို့ သတ္တိရှိလွန်း၍ မဟုတ်ဘဲ အစကတည်းက တိုက်ခိုက်လိုက်ခြင်း ဖြစ်သဖြင့် သူတို့၏ တိုက်ကွက်ကို ပြန်မရုတ် သိမ်း နိုင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ မတတ်သာဘဲ တိုက်ခိုက်လိုက်ရသည်။

“ဝုန်း ဝုန်း ဝုန်း”

တိုက်ကွက်များအားလုံးက ယဲ့ဖန်၏ ကိုယ်ပေါ် ကျရောက်သွားသဖြင့် လူတိုင်း မှင်တက်သွားကြသည်။

*တိုက်ခိုက်ခံလိုက်ရတာလား*

*ဒီကောင်လေးရဲ့ အရှိန်အဝါက နည်းနည်း ကြောက်စရာကောင်းနေတာကလွဲရင် သူက စက္ကူကျား ဖြစ်နေတာ များလား*

ထိုသို့သော ဖြစ်နိုင်ချေကို တွေးမိပြီးနောက် သူတို့၏ မျက်နှာတွင် အထင်သေးသော အပြုံးများ ပေါ်လာသည်။ များစွာသော သိုင်းကွက်များက သူ့အပေါ် ကျရောက်ခဲ့သဖြင့် သူ မသေစရာ အကြောင်းမရှိချေ။

သို့သော် သူတို့၏ အပြုံးက ကြာရှည်မခံဘဲ အေးခဲသွားရသည်။ အကြောင်းမှာ တစ်ဖက်လူက ဘာထိခိုက် ဒဏ်ရာမှ မရသည်ကို‌ တွေ့လိုက်ရသောကြောင့်ပင်။

ထို့အပြင် သူသည် နေရာ၌ မားမားမတ်မတ် ရပ်နေပြီး အမူအရာက ခံစားချက် ကင်းမဲ့နေ၏။ သူတို့ကို အလေးမ ထားသကဲ့သို့ အထင်သေးနေသည်ဟု ပြောနိုင်ပေသည်။

ဤမြင်ကွင်းက လူတိုင်းကို ကြက်သီးထသွားစေသည်။ တစ်ဖက်လူက ထွက်မပြေးနိုင်ခြင်း မဟုတ်ဘဲ သူတို့၏ တိုက်ကွက်မှ မရှောင်တိမ်းရန် ဆုံးဖြတ်ထားခြင်းသာ ဖြစ်ကြောင်း သူတို့ ယခုမှ သိနားလည်သွားသည်။

သူတို့ အားကြိုးမာန်တက် အစွမ်းကုန် တိုက်ခိုက်သော်လည်း တစ်ဖက်လူက ရှောင်ပင်မရှောင်ပေ။ ဤသည်က သူတို့ကို ပေါ်တင် အရှက်ခွဲလိုက်ခြင်းပင်။

ဘုရင်အဆင့်များ၏ မျက်နှာများ ပြာနှမ်းလာသည်။ ဤမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းနေ၏။

“ပြီးသွားပြီလား၊ ဒါဆို အခု ငါ့အလှည့်”

ယဲ့ဖန်က အေးစက်စွာ ပြောလိုက်ပြီး လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဓားအလင်းရောင်က အထက်သို့ မြင့်တက်သွားပြီး ကြီးမားသော တိုင်တစ်လုံး အသွင်ပြောင်းကာ နဂါးတစ်ကောင်ကဲ့သို့ လူးလွန့်နေ၏။

သာမန်ဓားတစ်လက်က ယဲ့ဖန်၏ လက်ထဲသို့ ရောက်သွားချိန်တွင် ကောင်းကင်အဆင့် လက်နက်တစ်ခုအဖြစ်သို့ တန်းပြောင်းသွားပုံရပြီး အတောမသတ်သော စွမ်းအင်များနှင့်အတူ လောကကို ဖျက်ဆီးနိုင်သည်ဟု ထင်မှတ်ရသည်။

ဓားချီစွမ်းအင်က နဂါးအော်သံကဲ့သို့ ထွက်ပေါ်လာသည်။ တစ်ယောက်ပြီး တစ်ယောက်၏ ဦးခေါင်းများက ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျလာလေသည်။ ဤဘုရင်အဆင့်များသည် ယဲ့ဖန်ကြောင့် တန်း၍ သေဆုံး သွားကြသည်။ သူတို့ သတိမဝင်ခင်မှာပင် သူတို့၏ ဦးခေါင်းများက ခန္ဓာကိုယ်နှင့် တခြားစီ ဖြစ်သွားကြသည်။

ဤမြင်ကွင်းက မျှော်စင်တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ အန်တီချွန်းဟွာနှင့် ဝမ်ရဲ့တို့ ဆောက်တည်ရာမရ ဖြစ်သွားသည်။

*ဘုရင်အဆင့်တွေ ပြိုင်တူ တိုက်ခိုက်တာတောင်မှ ဒီလူကို မသတ်နိုင်ဘူးတဲ့လား*

*ဒီလူ … သူ လူမှဟုတ်ရဲ့လား*

“လမ်းလျှောက်တာ မြန်လိုက်တာ မင်းဓားကို ပြန်မလိုချင်ဘူးလား”

ယဲ့ဖန်က အပြုံးကြီးပြုံး၍ မီတာတစ်ရာ အကွာထိ ထွက်ပြေးပြီးနေသော စုန့်ချန်ကို လှမ်းပြောကာ လက်ထဲမှ ဓားကို ပစ်ပေါက်လိုက်သည်။

“ရွှစ်”

ဓားက သူ့ကျောကို ချက်ချင်း ထုတ်ချင်းဖောက်သွားပြီး လမ်းထောင့်မှ မြင့်မားသော နံရံတွင် သူ့အား သံဖြင့် ခိုင်မာစွာ ရိုက်ထားသကဲ့သို့ စိုက်သွားစေသည်။

“ဘယ်သူက မိန်းမလှလေးကို ကယ်တဲ့ သူရဲကောင်း ဖြစ်ချင်တာလဲ၊ ထွက်လာပါဦး”

ယဲ့ဖန်က အေးစက်‌သော မျက်လုံးများဖြင့် ဝံပုလွေကို စောင့်ကြည့်နေသော သိမ်းငှက်သဖွယ် အားလုံးကို ဝေ့ကြည့်လေသည်။

လူတိုင်း အသက်ပင် မရှူနိုင်ဘဲ ကြောက်စိတ်များ ပြည့်နှက်လာပြီး အသံပင် မထွက်ရဲတော့ချေ။ ယဲ့ဖန်က အထင်သေးစွာ ပြုံးလိုက်ပြီး အန်တီချွန်းဟွာကို ငုံ့ကြည့်လိုက်သည်။

“ကြည့်ရတာ ခင်ဗျားရဲ့ ကူညီသူတွေက သိပ်မသန်မာဘူးနဲ့တူတယ်”

“လူကြီးမင်းတို့ ကျွန်မကို ကယ်ပါဦး”

အန်တီချွန်းဟွာ မျက်ရည်လည်ရွဲဖြစ်ကာ ကြံရာမရ ဖြစ်နေသည်။ ဤမျှ လူများစွာတို့က တစ်ဖက်လူကို မသတ်နိုင်သဖြင့် ဤသည်က သူမအကြံနှင့် တခြားစီ ဖြစ်နေသည်။ ယခု သူမ သေရပေတော့မည်။

ဤလူများကို သူမကို မကြည့်ရက်ပါ။ သို့သော် သူတို့၌ ရှေ့တိုးရဲသည့် သတ္တိလည်း မရှိပေ။ သူတို့ရှေ့မှလူသည် အလွန် ကြောက်စရာ ကောင်းလွန်းနေသည်။ သူတို့က သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

“ဝမ်းမနည်းပါနဲ့၊ မင်း သေရမယ်ဆိုပင်မယ့် သူတို့လည်း မင်းနဲ့အတူ မြေမြှုပ်ခံရမှာပါ”

ယဲ့ဖန်က အန္တရာယ်များသော အပြုံးမျိုး ပြုံးလိုက်ပြီး အေးစက်သော သူ့အကြည့်က လူအုပ်ပေါ် ဖြာကျသွားသည်။ မသိလျင် မိစ္ဆာသားရဲတစ်ကောင်က သူ့သားကောင်ကို ကြည့်နေသလိုပင်။

သူ့စကားကို ကြားသော် လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့ ထပ်၍ အနှောင့်အယှက် မပေးတော့သော်လည်း တစ်ဖက်လူက သူတို့ကို အလွတ်မပေးဘူးတဲ့လား။

*ဒါ ဘာသဘောလဲ*

ဤသို့ဖြစ်ရခြင်းမှာ ယဲ့ဖန်၏ ခွန်အားအစစ်အမှန်ကို သူတို့ သိသွားသောကြောင့် ဖြစ်သည်။ ပြဿနာများ ထပ်ဆောင်း တိုးမလာစေရန်အတွက် ယဲ့ဖန် သူတို့အားလုံးကို သတ်ရုံသာ ရှိပေသည်။

ယခင် သတိပေးစကားက သူတို့၏ နောက်ဆုံးအခွင့်အရေး ဖြစ်သော်လည်း သူတို့က အလေးအနက် မထားခဲ့ချေ။ ယခု သူတို့၏ မောက်မာမှုအတွက် ပြန်ပေးဆပ်ရပေမည်။

“ငါ့ကို မသတ်ပါနဲ့၊ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ အဲ့ခွေးမကိုသာ သတ်လိုက်ပါ၊ ငါ မှားမှန်း သိပါပြီ”

ဘုရင်အဆင့် တစ်ယောက်က ကြောက်လန့်တကြား နောက်ဆုတ်နေပြီး ခေါင်းမွေးထောင်နေကြသည်။

“ဝှစ်”

ယဲ့ဖန် သူ့ရှေ့ရောက်လာပြီး အထင်သေးစွာ စိုက်ကြည့်လေသည်။

“မင်း မှားမှန်း သိပြီဆိုတာကို ငါ သိတယ်၊ ဒါပေမဲ့ မင်း အသိနောက်ကျသွားပြီ”

ထို့နောက် လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။ ထိုလက်ဝါးတွင် တောင်တစ်လုံးကဲ့သို့သော အရှိန်အဝါများ ပါဝင်နေပြီး လေကိုခွင်း၍ သူ့ခေါင်းပေါ် ကျရောက်လာသည်။ ထိုသူ နေရာမှာတင် သေဆုံးသွားလေတော့သည်။

“ဝမ်ရဲ့ ခွေးကောင်၊ နင် သေလိုက်ပါတော့လား၊ နင် ငါတို့ဆီ ဘယ်လိုမိစ္ဆာကောင်ကို ခေါ်လာတာလဲ”

အန်တီချွန်းဟွာက ဝမ်ရဲ့ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။ ဤမိစ္ဆာကောင်ကိုသာ သူ မခေါ်လာခဲ့လျင် သူတို့ ဤကပ်ဆိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပါ။ ပြည့်တန်ဆာခေါင်း အမျိုးသမီးကြီး ရူးသွားပြီး မျှော်စင် ပျက်စီးသွားကာ သူမလည်း သေရပေတော့မည်။

ဝမ်ရဲ့၏ အမူအရာက တောင့်တင်းနေပြီး တစ်ခွန်းမှ ပြန်မပြောနိုင်ပါ။ သူ့နဖူး၌ ချွေးများ စို့နေပြီး အံကြိတ် ထားမိသည်။

အန်တီချွန်းဟွာက သူ့ကို ဤသို့ မေးလာသဖြင့် သူက မည်သူ့ကို ပြန်သွားမေးရမည်နည်း။

*ကြီးကြပ်ရေးမှူးလီ ကျုပ် ခင်ဗျားဘိုးဘေးတွေကို ဘုပစ်မယ်ဗျ*

*ဒီလို ပြဿနာကို ကျုပ်လက်ထဲ လာထည့်ပေးတာ တမင် လှည့်စားတာပဲ မဟုတ်လား*

*ဈာန်ဝင်စားခြင်းအဆင့် ဟုတ်လား၊ သောက်ရေးမပါလိုက်တာ*

“ထွက်ပြေးကြ”

လူတိုင်း ခေါင်းမွေးထောင်ကာ ဤနတ်ဆိုးဆီမှ ထွက်ပြေးချင်ကြလေသည်။

“ထွက်ပြေးမယ် ဟုတ်လား”

ယဲ့ဖန် အပြုံးကြီး ပြုံးလိုက်ပြီး ခြေတစ်ဖက်ကို စောင့်လိုက်သည်။ ထိုအခါ ငရဲ ပြန်ပေါ်လာပြီး မျှော်စင်တစ်ခုလုံး ပုံစံ ပြောင်းသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မီးပင်လယ် ဝေလာပြီး တစ်နေရာလုံး ထွက်ပြေး၍ မရတော့ချေ။

“မဖြစ်ရဘူး”

လူတိုင်း နောင်တရ၍ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လာသည်။ သူတို့ရှေ့၌ ကျယ်ပြောသော မီးပင်လယ် ရှိနေသဖြင့် သူတို့ ထွက်ပြေးစရာ နေရာ မရှိတော့ချေ။

မကြာခင်ကပင် သူတို့သည် နတ်ပြည် ရောက်နေသကဲ့သို့ မိန်းမလှလေးနှင့် ပျော်ပါးကာ ဝိုင်သောက်နေခဲ့သည်။ သို့သော် ယခုအခိုက်တွင်မူ သူတို့သည် ငရဲသို့ ဆွဲချခံလိုက်ရပြီး အော်သံများနှင့် နှိပ်စက်ပုံများကို ကြည့်နေရသည်။

အစောပိုင်းနှင့် လက်ရှိအဖြစ်အပျက် ခြားနားချက်က သူတို့ကို မွန်းကြပ်စေသည်။ ထို့နောက်တွင်မူ သူတို့ နီးကပ်လာသော ခြေသံများကို ကြားလိုက်ရပြီး အားလုံး လှမ်းလာနေသော ယဲ့ဖန်ကို အလန့်တကြား လှည့်ကြည့် လိုက်ကြသည်။

ယဲ့ဖန်က လက်နှစ်ဖက်ကို ဆန့်တန်း၍ ပြုံးနေပုံက သူ၏ ကိုယ်ပိုင်ပန်းခြံထဲ၌ လမ်းလျှောက်နေသလိုပင်။

“ငါ့လောကကနေ ကြိုဆိုပါတယ်၊ အားလုံး ငရဲကို သွားကြတော့”

All Chapters