← Chapters

ကြီးမားသော ရိုက်ခတ်မှု ဖြစ်လာပြန်ပြီ

Vol. 90 Ch. 1350

ကြီးမားသော ရိုက်ခတ်မှု ဖြစ်လာပြန်ပြီ

Vol. 90 Ch. 1350

“ရွှစ် ရွှစ်”

တစ်ယောက်ပြီး တစ်ယောက် ခန္ဓာကိုယ် စုတ်ပြဲကာ သွေးများ ပန်းထွက်လာပြီး ကိုယ်လက်အင်္ဂါ အပိုင်းအစများ လွှင့်စဉ်လာ၏။

ယဲ့ဖန်သည် ငရဲ၌ လမ်းလျှောက်နေသော သေမင်းတမန်လိုပင်။ ဤနေရာ၌ ရှိနေသော သိုင်းပညာရှင်များအား အပြစ်ပေးနေပြီး သူ ဖြတ်သွားသည့် နေရာတိုင်းမှ လူများအားလုံး သေကြေကြလေသည်။

အရာအားလုံး ပြီးဆုံးသွားလေပြီ။ တျောင်လို့မျှော်စင်သည် အတိတ်အခါက ဂုဏ်ယူဝင့်ကြွားရသော အရောင် အဝါများ ပျောက်ဆုံးကာ သွေးနံ့များသာ လှိုင်လှိုင်ထနေ၏။

မျက်စိရှေ့မှမြင်ကွင်းက လောကပေါ် ရောက်လာသော ငရဲလိုပင်။ မျှော်စင်တစ်ခုလုံး၌ သွေးများ စိုရွှဲနေပြီး လှေကားထစ်မှ လမ်းမထက်ထိ စီးဆင်းနေကာ လေထုထဲ၌ သွေးများ လှိုင်နေသောကြောင့် မသတီစရာ ကောင်းလှသည်။

တစ်ခါက ကြီးပွားချမ်းသာခဲ့သော တျောင်လို့က ယခု ဤကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသည့် အန်တီ ချွန်းဟွာ၏ ရင်ထဲတွင် ဓားနှင့်မွှန်းခံရသကဲ့သို့ ခံစားနေရသည်။

ဤနတ်ဆိုးကို ရန်မစခဲ့မိခင်က သူမသည် အဆင့်အတန်း မြင့်မားသော ပန်းဘုရင်မ အန်တီချွန်းဟွာ ဖြစ်ခဲ့ပြီး သူမ၏ သွေးဆောင်ဖြားယောင်မှု လှည့်ကွက်အောက်၌ ယောကျ်ားသားတိုင်း ကျဆုံးခဲ့ရသည်။

သို့သော် သူမ သေစေနိုင်လောက်သော အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိသည်။ ထိုအချက်မှာ နတ်ဆိုးအား ယောက်ျားသား တစ်ယောက်ကဲ့သို့ ပြောဆိုဆက်ဆံမိခြင်းပင်။

ယဲ့ဖန်က ဖြည်းဖြည်းချင်း နောက်လှည့်လာပြီး သူမထံ လှမ်းလာသည်။ သူမ ဘာမှမပြောနိုင်ခင်မှာပင် သူမကျောအား ခြေထောက်တစ်ဖက်က နင်းချေလာလေသည်။

အန်တီချွန်းဟွာ ချက်ချင်း သွေးအန်လာပြီး မချိပြုံး တစ်ခုနှင့်အတူ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားလေ၏။ လူတစ်ယောက်က အလွန် မောက်မာလွန်း၍ မဖြစ်ကြောင်း သူမက သက်သေပြသွားလေသည်။

“တစ်ယောက် ထွက်ပြေးသွားတာပဲ”

ယဲ့ဖန် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ဝမ်ရဲ့က နေရာ၌ ရှိမနေတော့သည်ကို တွေ့လိုက်ရသည်။ ထိုလူက သူ ထွက်မရအောင် မပိတ်ခင် လွတ်သွားသည့်ပုံပင်။

ထိုသို့သောအချိန်၌ ဝမ်ရဲ့တစ်ယောက် အသည်းအသန် ထွက်ပြေးနေပြီး ချွေးပြန်ကာ ဒေါသတကြီး ကြိမ်းမောင်း နေ၏။

“အရူး … တကယ့် အရူးပဲ”

ဤမျှ ကြောက်စရာကောင်းသော လူမျိုးကို သူ ယခင်က တစ်ခါမှ မမြင်ဖူးပါ။ ထိုသူသည် နတ်ဆိုး တစ်ကောင် ကဲ့သို့ ကြောက်စရာ ကောင်းလှသည်။

ယခု သူ သွားနေသော အရပ်သည် ကြီးကြပ်ရေးမှူးလီ၏ အိမ်ရှိရာ အရပ် ဖြစ်လေသည်။ သူ ကြီးကြပ်ရေးမှူးလီကို ယခု သတင်းအား ပြောပြချင်နေပြီး ကြီးကြပ်ရေးမှူးလီက သူ့ကို ကယ်နိုင်ပေသည်။

ကြီးကြပ်ရေးမှူးလီ၏ အိမ်ရှေ့သို့ ရောက်သောအခါ သူ စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ သို့သော် သူ အသံမထွက်နိုင်ခင်မှာပင် နောက်ကျောဘက်မှ လေတိုက်လာ၏။

ဝမ်ရဲ့ ကြောက်လန့်တကြားနှင့် နောက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်၏ သုန်မှုန်နေသော မျက်နှာကို တွေ့လိုက်ရသဖြင့် ချက်ချင်း အသက်ရှူ ရပ်သွားရသည်။

*ဘာလို့လဲ၊ ဘာလို့ ဒီကောင်က ငါ ဒီရောက်လာမှာကို သိနေတာလဲ*

သို့သော် သူ စဉ်းစားချိန်ပင် မရလိုက်ဘဲ ယဲ့ဖန်၏ လက်တစ်ဖက်က သူ့လည်ပင်းအား လာညှစ်လေပြီး အေးစက်စွာ ပြောလာ၏။

“မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား၊ ဟုတ်လား”

အသံက အေးစက်ခက်ထန်လွန်းပြီး ငရဲမှ နတ်ဆိုးတစ်ကောင်၏ အသံနှင့် ဆင်တူလေသည်။

“ငါ့ကို ခွင့်လွှတ် …”

ဝမ်ရဲ့ ခက်ခက်ခဲခဲ ပြောနေရပြီး မျက်လုံးတွင် မျက်ရည်များ စို့တက်လာ၏။ လက်ရှိတွင် သူ့မျက်နှာသည် ရိုးသား ဖြောင့်မတ်ပုံ ပြန်ပေါ်လာပြီး သနားစရာ ကောင်းနေသည်။

“မင်းကို ခွင့်လွှတ်ပေးပြီးတော့မှ ငါ မင်းသတ်တာကို ခံရမယ်ပေါ့ အဲ့လိုလား”

ယဲ့ဖန် သရော်လိုက်သည်။

“ဖုန်းယဲ့ မင်း ဘာလုပ်ချင်တာလဲ၊ ရပ်လိုက်စမ်း”

ထိုစဉ် ကြီးကြပ်ရေးမှူးလီသည် မကောင်းသော ခံစားချက် ရနေသဖြင့်  အပြင်သို့ ထွက်လာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း ငေါက်ငမ်းလိုက်သည်။

သူ့မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ရဲ့ မအောင်မြင်ခဲ့မှန်း အရူးပင် သိနိုင်သောကြောင့်ပင်။

“ဪ”

ယဲ့ဖန်က သူ့ကို အသာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဝမ်ရဲ့ကို လွှတ်လိုက်သည်။ ဝမ်ရဲ့ မြေကြီးပေါ် ဖင်ထိုင်လျက်သား ပြုတ်ကျသွားသည်။ သူ့မျက်နှာ တစ်ပြင်လုံး ဖြူရော်နေပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေ၏။

*ကြောက်စရာကောင်းလိုက်တာ*

ဤလူရှေ့၌ သူ တစ်စက်ကလေးမျှ ခုခံနိုင်စွမ်း မရှိပေ။ နဂါးတစ်ကောင်နှင့် ရင်ဆိုင်နေရသော ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ရိုကျိုးနေရသည်။

ထို့နောက်တွင်မူ သူ ယဲ့ဖန်ကို အလန့်တကြား ကြည့်လိုက်မိသည်။ သူ့ရှေ့မှလူက ခြိမ်းခြောက်တိုင်း ကြောက်မည့်သူ မဟုတ်ပါ။ ယဲ့ဖန်၏ ခွန်အားအစစ်က မည်မျှ ကြောက်စရာကောင်းကြောင်း သူ မြင်ခဲ့မိသားပင်။ အဘယ်ကြောင့် သူက ကြီးကြပ်ရေးမှူးလီ၏ စကားတစ်ခွန်းတည်းနှင့် သူ့ကို လွှတ်ပေးရသနည်း။

“ဂျွတ်”

တစ်ခဏအတွင်းမှာပင် ယဲ့ဖန်က သတိမပေးဘဲ လှုပ်ရှားလာကာ သူ့ဦးခေါင်းအား ခြေထောက်တစ်ဖက်ဖြင့် နင်း၍ ကြေမွအောင် ဖိချေလေသည်။ ဝမ်ရဲ့ ပွဲချင်းပြီး သေသွားလေပြီ။

“မင်း”

ကြီးကြပ်ရေးမှူးလီ အံကြိတ်လိုက်မိသည်။

*ဒီကောင် ငါ့ကို နောက်တစ်ခါ အရှက်ခွဲပြန်ပြီ*

ယဲ့ဖန်က ခေါင်းမော့၍ သူ့ကို ပြန်ကြည့်လာသည်။ ထိုအကြည့်၌ နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေ၏။ ကြီးကြပ်ရေးမှူးလီ ခေါင်းမွေးထောင်သွားပြီး သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံရသည်ဟု ထင်မှတ်ကာ လှုပ်ပင် မလှုပ်ရဲတော့ချေ။

*ဈာန်ဝင်စားခြင်းအဆင့်လေးရဲ့ အကြည့်ကြောင့် ငါ ကြောက်နေတာလား*

သို့သော် ယဲ့ဖန်က သူ့ကို ဘာမှမလုပ်ဘဲ ကြောက်စရာကောင်းလောက်သော အပြုံးမျိုး ပြုံးကာ နောက်လှည့်၍ ပြန်သွားလေသည်။

အချိန်အတော်ကြာပြီးနောက် ကြီးကြပ်ရေးမှူးလီ အသိပြန်ဝင်လာပြီး အသက်ကို မနည်းရှူလိုက်မိသည်။ ထို့နောက် သူ့မျက်နှာက သုန်မှုန်လာပြီး သူ့ဘေး၌ ရှိနေသော ခြင်္သေ့ရုပ်တုကို တစ်စစီဖြစ်အောင် ရိုက်ချ လိုက်သည်။

“သောက်ကောင် မင်း သေရမယ်ကွ”

…

တစ်ပတ်တိတိ ဘာပြဿနာမှ မဖြစ်ဘဲ ကုန်ဆုံးသွားသည်။ ကြီးကြပ်ရေးမှူးလီက ယဲ့ဖန်ကို ထပ်ပြဿနာ မရှာပေ။ ဤသည်မှာ သူ မဆင်မခြင် မပြုမူရဲ၍သာ ဖြစ်သည်။ အကြောင်းမှာမူ တျောင်လို့မျှော်စင် သုတ်သင်ခံလိုက်ရသည့် ကိစ္စက အုတ်အောင်သောင်းနင်း ဖြစ်နေသောကြောင့်ပင်။ လူသတ်သမားအား ရှာ၍ မတွေ့ချေ။ လူပေါင်း ရာချီ၍ သေသွားခဲ့ပြီး ထိုလူများထဲတွင် ဘုရင်အဆင့် ဆယ်ယောက်မက ပါဝင်လေသည်။ ထို့ကြောင့် ဤအဖြစ်က မည်မျှ ထိတ်လန့်စရာကောင်းကြောင်း တွေးကြည့်နိုင်ပေ၏။

သို့သော် ဤသည်က ယဲ့ဖန်၏ လုပ်ရပ်ဟု သူ မထင်ချေ။ ဈာန်ဝင်စားခြင်းအဆင့်လေးက ဘယ်လိုလုပ် ဤသို့သော နည်းလမ်းမျိုး ရှိနိုင်ပါမည်နည်း။

ယဲ့ဖန်၏ နောက်ကွယ်၌ အကြီးအကဲတစ်ယောက် ပုန်းကွယ်နေခြင်း ဖြစ်မည်ဟု သူ ထင်နေသည်။ ထို့ကြောင့်ပင် သူ ယဲ့ဖန်ကို ဘာမှမလုပ်ရဲခြင်း ဖြစ်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ဟွမ်ထျန်းချန်မှ သတင်းတစ်ခုကို လက်ခံရရှိလာ၏။ ထိုသတင်းမှာ လောဘသား တစ်ဖွဲ့က ရှုကျိုးသို့ ရောက်လာခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပါသည်။ ဟွမ်ယွီလင်း၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် အရင်းအမြစ်ကို ရယူရန် ဖြစ်လေသည်။

ရောက်လာသူများကြား၌ သူတော်စင်သခင်များလည်း ပါဝင်နေ၏။ ကျီးကန်း တာအိုသခင်က ထိုသူများနှင့် တိုက်ခိုက်ရန် ထွက်သွားလေသည်။

သို့သော် ကျီးကန်း တာအိုသခင် တစ်ယောက်တည်းနှင့် တစ်လောကလုံးမှ သူတော်စင်သခင်အဆင့်များကို တားနိုင်ပါမည်နည်း။

ဟွမ်ထျန်းချန် ယခုကဲ့သို့ လှမ်းပြောရသည့် ရည်ရွယ်ချက်မှာ သိသာလွန်းပေ၏။ သူ့ရည်ရွယ်ချက်မှာ ယဲ့ဖန် လှုပ်ရှားလာရန် မျှော်လင့်နေခြင်း ဖြစ်သည်။

ယဲ့ဖန် အလျင်အမြန် သဘောတူလိုက်သည်။ ထိုည၌ ဟွမ်ထျန်းချန်က လူတစ်ချို့လွှတ်၍ ယဲ့ဖန်ကို သွားခေါ်စေပြီး ရှုကျိုး၏ နယ်စပ်ဒေသသို့ အတူတူ သွားကြသည်။

ထိုသိုင်းပညာရှင်များက နယ်စပ်ဒေသ၌ တိုက်ခိုက်ရန် ပြိုင်ကွင်းပင် ပြုလုပ်ထားပြီးနေပြီး မျှမျှတတ ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြပြီး အနိုင်ရသူက စိတ်ဝိညာဉ် အရင်းအမြစ်ကို ရရှိမည် ဖြစ်သည်။ သူတို့က ဟွမ်ယွီလင်းကို လက်ထဲမှ ငါးသဖွယ် သတ်မှတ်ထားပြီး အချိန်မရွေး သတ်နိုင်သည်ဟု သဘောထားနေကြသည်။

ဟွမ်ယွီလင်းက ဝမ်ကောဖူ ကျောင်းတော်ထဲသို့ ဝင်ရောက်သွားသော်လည်း လူများစွာတို့၏ စိတ်ကို တွန်းလှန်ပြီးသား ဖြစ်နေသဖြင့် မီးစာကုန်ခါနီးနေသည့် လူအိုကြီးများအတွက် တစ်စက်ကလေးမျှ ခြိမ်းခြောက်ရာ မရောက်ပေ။

ဤလူအိုကြီးများသည် အသက်အရွယ် ကြီးရင့်ပြီး သေခါနီးနေပြီ ဖြစ်သည်။ လက်ရှိတွင် ဟွမ်ကျုံးလီက သူတို့၏ အသက်ကို ဆက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပေသည်။ ဝမ်ကောဖူ၏ ရန်သူဖြစ်လျင် သေလမ်းသာ ရှိသော်လည်း သူတို့အတွက်က ဘဝသက်တမ်း ကုန်ခါနီးနေပြီ ဖြစ်သဖြင့် သေမည့်အချိန်ကို ထိုင်စောင့်မည့်အစား တိုက်ခိုက်တာပါ ပိုကောင်းနေသည်။

ထို့ကြောင့် ယခု လာသောလူများအားလုံးသည် တစ်ခေတ်တစ်ခါက ကြောက်စရာကောင်းခဲ့သော လူများ ဖြစ်သည်။ တစ်ယောက်ချင်းစီက နှစ်ထောင်ချီအောင် ကျင့်ကြံခဲ့သူများ ဖြစ်သည်။ သူတို့သည် နှစ်ထောင်ချီအောင် နေထိုင်ခဲ့ပြီး သာမန်လူများ ထင်မှတ်မထားသည့် ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့် ကျီးကန်း တာအိုသခင်က နယ်စပ်ဒေသသို့ မနက်အစောကတည်းက သွားခဲ့ပြီး တိုက်ပွဲမစခင် ရန်သူ၏ အခြေအနေကို လေ့လာလိုခြင်း ဖြစ်လေသည်။

“နင်က ဒီကို ဘာလာလုပ်တာလဲ အသေခံမလို့လား”

ယဲ့ဖန် ရောက်လာသောအခါ ရှင်းကျီက အထင်သေးစွာ ခနဲ့လေသည်။

“မိန်းကလေး ရှင်းကျီ၊ ဒီလို လုပ်မနေပါနဲ့၊ လူကြီးမင်းယဲ့က ကူညီဖို့ ရောက်လာတာပါ”

ဟွမ်ထျန်းချန်သည် သက်ပြင်းချလိုက်မိပြီး ယဲ့ဖန်အတွက် အပြစ်မကင်းသလို ခံစားလိုက်မိသည်။ ယဲ့ဖန်သည် တစ်လောကလုံး၌ ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်သော်လည်း ရှင်းကျီထံ၌ အကြိမ်ပေါင်းများစွာ အထင်သေး ခံနေရသည်။

“ကူညီဖို့ ဟုတ်လား၊ ဒီတစ်ခေါက်လာတာ အားလုံးက သူတော်စင်သခင်အဆင့်တွေချည်းပဲ၊ သူက ဘာကူညီ နိုင်မှာလဲ၊ ပွဲကြည့်ပရိသတ်လုပ်ပြီး အားပေးဖို့လား”

ရှင်းကျီက အထင်သေးသော မျက်နှာထားနှင့် မထီမဲ့မြင် ပြောဆိုလေသည်။

“မင်း ပြောလို့ပြီးပြီလား”

ယဲ့ဖန်က လုံးဝ စိတ်မဆိုးဘဲ မျက်နှာထားက ခံစားချက် ကင်းမဲ့နေ၏။ ဤသည်က ရှင်းကျီအား ဝါဂွမ်းကို လက်သီးဖြင့် ထိုးလိုက်သကဲ့သို့ ခံစားရစေပြီး အလွန် မပျော်မရွှင် ဖြစ်သွားသည်။

“ငါ့တစ်ဘဝလုံး ငါ့စိတ်ထဲရှိတဲ့အတိုင်း နေလာတာ၊ ငါ ဘာလုပ်မယ်ဆိုတာကို ဘာကြောင့် မင်းကို ငါ လိုက်ရှင်းပြ နေရမှာလဲ၊ မင်းက ဘာမို့လို့လဲ”

ယဲ့ဖန်က အေးစက်စွာ ပြောလိုက်ပြီး အနားမှ ထွက်လာသည်။

“နင်”

ရှင်းကျီ ရုတ်တရက် ဒေါသထွက်သွားပြီး ယဲ့ဖန်နောက် ပြေးလိုက်ကာ ပညာပြမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် သူမအား ကျီးကန်း တာအိုသခင်က တားဆီးလေသည်။ ကျီးကန်း တာအိုသခင်က ယဲ့ဖန်၏ နောက်ကျောအား အထင်သေးစွာ ကြည့်နေသည်။

“မင်း ဘာလို့ အရေးမပါတဲ့လူကို ဂရုစိုက်နေတာလဲ”

“သူ့ရဲ့ မောက်မာတဲ့ အပြုအမူကို ကျွန်မ သည်းမခံနိုင်လို့ပါ၊ ဘာမှမဟုတ်တာ အသိသာကြီးကို တန်ခိုးရှင်လို ဟန်လုပ်နေတာ၊ ရွံဖို့ကောင်းတယ်”

ရှင်းကျီက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ ယဲ့ဖန်၏ မာနကြီးသော အပြုအမူကို သူမ မုန်းတီးလေသည်။ ယဲ့ဖန်က အလွန် မောက်မာလွန်းပြီး သူမဆရာနှင့် တွေ့ချိန်တွင်လည်း မရိုကျိုးခဲ့သဖြင့် သူမ ရွံရှာမုန်းတီးမိသည်။

ကျီးကန်းတာအိုသခင်က ဟွမ်ထျန်းချန်ကို လှည့်ကြည့်၍ အသာပြောလိုက်သည်။

“မင်း သူ့ကို ဒီခေါ်မလာသင့်ဘူး၊ ငါ ဒီလူအိုကြီးတွေကို မတားနိုင်ဘူးဆိုရင် ဒီကောင်လေးက အားလုံးကို ပြောင်းလဲနိုင်မယ်လို့ မင်း ထင်နေလား၊ မင်း သူ့ကို ဒီခေါ်လာတာက အသေခံခိုင်းနေတာပဲ”

“မင်း အသက်စွန့်ပြီး ယုံကြည်ချင်တယ်ဆိုလည်း အရည်အချင်း ရှိ၊မရှိ ကြည့်ဦးမှပေါ့”

သူ့အမြင်တွင် ယဲ့ဖန်၌ ထိုသို့သော အရည်အချင်းမျိုး မရှိပါ။ ကျီးကန်း တာအိုသခင်၏ အမြင်တွင် ယဲ့ဖန်က လေလည်လိုက်ရုံနှင့်တင် သေသွားနိုင်သောသူဟု ထင်နေလေသည်။

ဟွမ်ထျန်းချန် အောင့်သက်သက် ပြုံးနေပြီး ဘာမှထပ်မရှင်းပြတော့ချေ။ ဟွမ်ထျန်းချန်က ယဲ့ဖန်နောက်လိုက်၍ ပြိုင်ပွဲကျင်းပရာ နေရာသို့  လိုက်သွားလေသည်။ လက်ရှိတွင် ပြိုင်ကွင်းနား၌ ပြည်တွင်း၊ ပြည်ပမှ လူများစွာ စုဝေးနေ၏။ သူတို့သည် သူတော်စင်သခင်အဆင့်များ၏ တိုက်ခိုက်ပုံကို မြင်ဖူးချင်၍ ရောက်လာခြင်း ဖြစ်သည်။

ဤနေရာ၌ လောကကို သက်ရောက်စေနိုင်သည့် နှိုင်းယှဉ်မရသော သန်မာသည့် အရှိန်အဝါတစ်ချို့ ပုန်းအောင်း နေကြောင်း ယဲ့ဖန်လည်း သတိထားမိသည်။

ပြိုင်ကွင်းမှ အပူချိန်သည် ဆက်လက် မြင့်တက်နေ၏။ ဆောင်းရာသီ ရောက်နေသော်လည်း နွေရာသီကဲ့သို့ ပူလောင်နေသည်။ ကျောချမ်းစေသည့် လေညင်းကလည်း တိုက်ခတ်နေလေသည်။

ထိုသို့သောအချိန်၌ ဟွမ်ထျန်းချန်ကဲ့သို့သော သာမန်လူတစ်ယောက်တောင်မှ တစ်ကိုယ်လုံး ကြက်သီးထကာ မဖော်ပြနိုင်သော ဖိအားကို ခံစားမိသဖြင့် လည်ညှစ်ခံရသလို ခံစားရပြီး နေရထိုင်ရ အလွန် အဆင်မပြေတော့ချေ။

“လူကြီးမင်းယဲ့ ခင်ဗျား ဖြေရှင်းနိုင်ပါ့မလား”

ဟွမ်ထျန်းချန် အနည်းငယ် စိတ်မအေးသလို မေးလိုက်သည်။ ယဲ့ဖန်က သူ့လက်ထဲမှ ဝှက်ဖဲဖြစ်ကြောင်း သူသာလျင် သိပေသည်။ ယဲ့ဖန်က ဤကိစ္စနှင့် ပတ်သက်၍ ဘာမှမလုပ်နိုင်လျင် သူ့သမီးကို မည်သူမှ ဘေးကင်းအောင် မထားနိုင်တော့ပါ။

ယဲ့ဖန်က အထွေအထူး ပြောမနေဘဲ တစ်ခွန်းသာ ပြောလိုက်သည်။

“အင်း”

သို့သော် ဤရိုးစင်းသော စကားလေးတစ်ခွန်းက ဟွမ်ထျန်းချန်အား မဖော်ပြတတ်သော ယုံကြည်မှုကို ပေးစွမ်း လာ၏။ ယခုအခါတွင်မှ သူ စိတ်အေးသွားရသည်။

ထိုစဉ် သူ့အနားသို့ လူတစ်စု လျှောက်လာနေသည်ကို မြင်ပြီး မျက်နှာ မည်းမှောင်သွားကာ ရောက်လာသူများကို ရန်တွေ့လိုက်သည်။

“ဟွမ်ကျစ်ရှန် မင်းဘာလို့ ဒီရောက်နေတာလဲ”

ရောက်လာသူက သူ့ညီဝမ်းကွဲမှတစ်ပါး အခြားမရှိပေ။ ဤသို့ သေရေးရှင်ရေး အခြေအနေ၌ သူ့ညီဝမ်းကွဲက လူတစ်စုနှင့်အတူ ဤနေရာသို့ ရောက်လာသဖြင့် သူ အတွေးနက်သွားမိသည်။

“ဪ ခင်ဗျားကိုး”

ဟွမ်ကျစ်ရှန်က ဟွမ်ထျန်းချန်ကို တစ်ချက်ကြည့်၍ အထင်သေးဟန်ပင် ပြနေသော်လည်း ဟွမ်ထျန်းချန်အား သူ့အနားမှ အဘိုးအိုနှင့် မိတ်ဆက်ပေးလေသည်။

“နှုတ်ဆက်လိုက်ပါဦး၊ ဒါ အလင်းအရိပ်ဂိုဏ်းက အလင်းတော် ဘုန်းတော်ကြီး မစ္စတာ ခါဇန်တဲ့”

ဟွမ်ထျန်းချန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ဟွမ်ကျစ်ရှန် ထပ်ပြောလိုက်သည့် စကားက သူ့အား အမှန်တကယ် ဒေါကန်သွားစေသည်။

ဟွမ်ကျစ်ရှန်က မထီမဲ့မြင် မျက်နှာပေးဖြင့် ပြောလာသည်က

“အခု သူက ဒီကို ဟွမ်ကျုံးလီအတွက် ရောက်လာတာလေ”

စာစဉ် ၉၀ ဤတွင် ပြီးပါပြီ။

All Chapters