← Chapters

ဒီကမ္ဘာကြီးကို ရင်းနှီးပေမယ့်... လူတွေကတော့ ... သူစိမ်းတွေဖြစ်နေခဲ့ပြီ

Vol. 114 Ch. 1593

ဒီကမ္ဘာကြီးကို ရင်းနှီးပေမယ့်... လူတွေကတော့ ... သူစိမ်းတွေဖြစ်နေခဲ့ပြီ

Vol. 114 Ch. 1593

ထွက်သွားကြပြီ... အကုန်ထွက်သွားကြပြီ။

မန်ဟိုမှာ ရုတ်တရက် သိသိသာသာ ရင့်ရော်လာသည်။ သူသည် လေးပင်သောခြေလှမ်းများဖြင့် နဝမတောင်သို့ တိတ်ဆိတ်စွာ ပြန်ကာ အလွန့်အလွန်အိုမင်းပိန်ချုံးနေပြီဖြစ်သော ရှုချင်ဘေး၌ ထိုင်ချလိုက်၏။ ထို့နောက် သူမကို ကြည့်သည်။

ရှုချင်သည် မှုန်ဝါးနေသောမျက်လုံးများဖြင့် သူ့ကို ကြည့်၏။ ထို့နောက် တိုးညှင်းအက်ကွဲစွာ ပြောသည်။ “ဘာလို့...အစ်မကို လက်မလွှတ်ပေးနိုင်သေးတာလဲဟင်”

မန်ဟို့နှလုံးသားမှာ စူးအောင့်သည်။ သူက ဘာမှမပြောဘဲ သူမအား အသက်ဆက်ပေးနေသော သူ့သွေးကို ဆက်တိုက်နေသည်။

ရှုချင် ပြန်အိပ်သွားသည့်အခါ မန်ဟိုသည် သူမကို ထိုင်ကြည့်ရင်း မျက်လုံးများနီရဲနေ၏။ အတန်ကြာသော် သူက အခန်းထဲမှ လှည့်ထွက်သွားသည်။ အပြင်ရောက်လျှင် မန်ဟိုမှာ မိုးကောင်းကင်အား မော့ကြည့်လိုက်သည်။ ထို့နောက် ဝိညာဉ်မျိုးစေ့များအပြင် သူချစ်ရသူများ ကြာကြာနေထိုင်စေမည့် နည်းလမ်းကို နောက်တစ်ကြိမ်ကြိုးစားရှာပြန်သဖြင့် သူ၏မျက်လုံးများက နိမိတ်အလင်းဖြင့် တောက်ပလာတော့သည်။

နှစ်သုံးရာကြာသော် ဆေးလုံးမိစ္ဆာ ဆုံးသည်....

ဆေးလုံးမိစ္ဆာသည် နောက်ဆုံးထွက်သက်အား ရှူပြီးနောက် နွမ်းခြောက်နေသော ဆေးလုံးတစ်လုံးအသွင်ပြောင်းသွား၏။ ၎င်းက သူ၏ဝိညာဉ်မျိုးစေ့ပင်။ မန်ဟိုမှာတော့ အတိတ်တုန်းက သူတို့ဆရာတပည့် ဆေးဖော်စပ်ခဲ့သည့်အချိန်များ၊ သူ့ဆရာ သူ့အား သင်ကြားပြသပေးခဲ့သောအချိန်များကို ပြန်တွေးကာ ငိုရပြန်သည်။

သူက ဆေးလုံးကို ရေခဲတောင်ထဲ ဂရုတစိုက်ထည့်၍ ရှုချင်အား သွေးတိုက်ပြီးနောက် အဖြေရှာဖို့ နိမိတ်တွက်ချက်မှုများ ဆက်လက်လုပ်ဆောင်လေသည်။

နှစ်နှစ်ရာကြာသည့်အချိန်တွင်တော့ ... တုန်းဟူ၏အချိန် ရောက်လာခဲ့သည်။

တုန်းဟူသည် မသေခင် မန်ဟို့အား ပုလဲပေးပြီးနောက် သူ့ဘဝတစ်လျှောက်လုံး ၎င်းအား အားဖြည့်ပေးခဲ့ကြောင်း ရှင်းပြသည်။ သူ၏တာဝန်က ၎င်းကို အခြားသူတစ်ယောက်အတွက် ပြင်ဆင်ပေးဖို့ ဖြစ်ခဲ့ပြီး ထိုတစ်ယောက်ကတော့ မန်ဟိုပင်။

ပုလဲ မန်ဟို့အရှေ့ ၌ ပျံဝဲနေစဉ် ကြက်တူရွေး ပျံထွက်လာသည်။ လွန်ခဲ့သည့်နှစ်နှစ်ထောင်၊ သုံးထောင်အတွင်း ကြက်တူရွေးသော်လည်းကောင်း၊ အသားဂျယ်လီသော်လည်းကောင်း ပေါ်မလာခဲ့ပေ။ မန်ဟို ဝမ်းနည်းကြွေကွဲနေသည်ကို မြင်လျှင် သူတို့လည်း  စိတ်မချမ်းသာပေ။ ကံဆိုးစွာနှင့် သူတို့အနေဖြင့်လည်း ဘာမှမကူညီနိုင်။

ကြက်တူရွေးသည် ပုလဲကို ယူ၍ ကြေးမုံပေါ်ရှိ နေရာတစ်နေရာထဲ ထည့်ကာ နှစ်ခုအား တစ်သားတည်းဖြစ်သွားစေ၏။ အရောင်အဝါများ ပြိုးပြိုးပြက်ပြက် တောက်ပလာသည့်တိုင် မန်ဟိုကတော့ အာရုံမရှိ။

“သွားကြပြီ...” သူက တစ်ယောက်တည်း ရေရွတ်နေသည်။ “အကုန် ထွက်သွားကြပြီ....” ထို့နောက် နိမိတ်ဆက်ဖတ်ပြန်သည်။

အချိန်တွေကုန်လွန်သွားသည်။ နောက်နှစ်တစ်ထောင်။ ယခုဆိုလျှင် မန်ဟို ကြယ်တာရာကောင်းကင်၏အရှင်သခင် ဖြစ်လာသည့်အချိန်မှ နှစ်ပေါင်းခုနစ်ထောင် ကုန်လွန်ခဲ့လေပြီ။ ထိုနှစ်ခုနစ်ထောင်အတွင်း မန်ဟိုသည် တစ်ခါမှ လူရှေ့သူရှေ့ မထွက်ခဲ့ပေ။ အများစုမှာ သူ့နာမည်အား သတိမရကြတော့သလို၊ မှတ်မိသူများကတော့ ... မန်ဟို ကြယ်တာရာကောင်းကင်မှ ထွက်သွားပြီဟု ထင်လာကြသည်။

လူတချို့ ထူးထူးဆန်းဆန်း သေဆုံးနေကြသည်ကို အတော်များများ သတိမထားမိကြပေ။ သို့သော် ကျင်ယွင်ရှန်းနှင့် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ လူတချို့ကတော့ သတိထားမိကြသည်။

သို့သော် ရာနှုန်းပြည့်မသေချာသည့်အတွက် သူတို့၏ထင်မြင်ချက်များအား ထုတ်မပြောဝံ့ကြချေ။ ရည်မှန်းချက်များက သူတို့၏ရင်ထဲတွင် ပြင်းထန်နေသော်လည်း သူတို့သည် ရည်မှန်းချက်များကို မြိုသိပ်၍ ဆက်စောင့်နေကြ၏။

တောင်ပင်လယ်လောက၊ နဝမတောင်ပေါ်တွင်.... ရှုချင်မှာ အသက်မျော့မျော့သာ ကျန်တော့သည်။ မန်ဟို့သွေးဖြင့်ပင် သူမမှာ ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။ တကယ်တမ်း သူမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သေသင့်ခဲ့ပြီဖြစ်သည်။

ဤအချိန်တွင် မန်ဟိုသည် မှီခိုရာဂိုဏ်းချုပ် တမင်အိပ်သွားခဲ့သည်ကို တွေးမိပြီး ရုတ်တရက် အကြံအသစ်တစ်ခု ရလိုက်၏။ သူက တောင်ပင်လယ်ကြယ်တာရာကောင်းကင်၏အပြင်သို့ ထွက်သွားပြီး ပြန်ရောက်လာလျှင်ချင်း ရှုချင်ဘေး၌ မျက်လုံးများပိတ်လျက် ကြာမြင့်စွာ ရပ်နေသည်။ အတန်ကြာသော် သူက မျက်လုံးပြန်ဖွင့်သည်။

“ချင်အာ” သူက တိုးညင်းစွာ ပြောသည်။ “မျက်လုံးပိတ်ပြီး အိပ်လိုက်တော့နော်.... မကြာခင် ကိုယ် မင်းကို နိုးမယ်” ထို့နောက် သူသည် လက်ဆန့်တန်း၍ သူမနဖူးအပေါ် လှမ်းဖိလိုက်၏။

ရှုချင်က ပြုံး၍ မျက်လုံးမှိတ်လိုက်သည်။ သူမသည် မသေသေးပေ။ အသက်ရှူနေသေး၏။

မန်ဟိုက သူ၏ကိုယ်ပိုင်အနှစ်သာရကို ထုတ်ယူကာ သူမကိုယ်ထဲ ထည့်ပေးလိုက်သည်။ ရှုချင်သည် အိုမင်းရင့်ရော်နေသောအသွင်မှ တဖြည်းဖြည်း နုပျိုလာ၏။ ယခင်လို ပြန်လှလာရန် တခဏသာ ကြာလိုက်လေသည်။

တစ်ချိန်တည်းမှာပင် မန်ဟို့လက်မှ အ‌အေးဓာတ်သည် သူမခန္ဓာကိုယ်ထဲ ကူးစက်ပျံ့နှံ့သွား၏။ တထက်ထက်မြည်သံများနှင့်အတူ ရေခဲအလွှာများ ဖြစ်ပေါ်လာသည်။ ရေခဲများက သူမကို ဖြည်းဖြည်းချင်း လွှမ်းခြုံကာ အခေါင်းတစ်ခေါင်း အသွင်ပြောင်းသွား၏။

အခေါင်းထဲတွင် ရှုချင်သည် ရေခဲများဖြင့် ဖုံးလျက် လှဲနေလေ၏။

ဤသည်မှာ လူပြန်ဝင်စားစေနိုင်မည့် ဝိညာဉ်မျိုးစေ့များနှင့်မတူသော ၊ မန်ဟို စဉ်းစား၍ရသည့် နောက်ဆုံးနည်းလမ်းဖြစ်သည်။ နှစ်ပေါင်းထောင်ချီ နိမိတ်ဖတ်တွက်ချက်ပြီးနောက် ဤနည်းလမ်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်သာမက ... သဘာဝနိယာမများစွာအား ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်နှင့် ပေါင်းစည်းထားသည့် နည်းလမ်းလည်းဖြစ်၏။ ထို့အပြင် သူ့ကိုလည်း အင်မတန်အားယုတ်စေသည်။

မန်ဟိုကား ... ဤနည်းလမ်းဖြင့် သူမအား ကျိန်စာစက်ကွင်းမှ သီးသန့်ဖယ်ထားနိုင်လိုက်ချေပြီ။

အခေါင်းအရွယ် အသေးစားကမ္ဘာတစ်ကမ္ဘာကို ရေခဲများဖြင့် သူ ဖန်ဆင်းမည်။ ထိုအခေါင်းထဲ၌ အိပ်နေသော မည်သူမဆို ကျိန်စာဒဏ်မှ လွတ်မြောက်လိမ့်မည်။

ဤနည်းလမ်းက သူ၏တာအိုအနှစ်သာရနှင့် သူ့ကိုယ်ထဲရှိ ကမ္ဘအပေါ်လည်း အခြေခံသည်။ မန်ဟိုသည် လူများအား ကျိန်စာစက်ကွင်းမှ ဖယ်ရှားပေးဖို့ သူ့ကိုယ်ထဲရှိ ကမ္ဘာထဲ ထည့်ရန် တွေးခဲ့ဖူးသော်လည်း မထည့်နိုင်ခဲ့ပေ။ သူ့မှာ ဘိုးဘေးနယ်ပယ်အဆင့် ဖြစ်နေသော်ငြား သူ့ကိုယ်ထဲရှိ ကမ္ဘာသည် မပြည့်စုံပေ။

မန်ဟိုသည် ရေခဲခေါင်းတလားထဲ၌ အိပ်နေသော ရှုချင်ကို ကြည့်ပြီးနောက် သူ့မိဘနှစ်ပါး နေထိုင်သော နဝမတောင်ပေါ်ရှိ နောက်တစ်နေရာသို့ သွား၏။

ဤကမ္ဘာတွင် သူချစ်ရသည့် သက်ရှိထင်ရှားလူများဆို၍ သူ့မိဘနှစ်ပါးသာ ကျန်တော့လေသည်။

ရေခဲအခေါင်းအစီအစဉ်ကို ရှင်းပြပြီးနောက် မန်ဟို့မိဘများက တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အချိန်များစွာကြာသော် သူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် မန်ဟို့အား ပြန်ကြည့်ကာ ခေါင်းခါကြ၏။

ထိုကဲ့သို့နည်းလမ်းမျိုးဖြင့် သူတို့ အသက်မဆက်လိုပေ။ ဘဝ၏အဆုံးသတ်သို့သာ နှစ်ယောက်သား အတူလျှောက်လိုက်မည်။ ကုန်လွန်သွားခဲ့သည့်နှစ်များ၊ ဖြတ်ကျော်ခဲ့ရသည့် အတွေ့အကြုံများပြီးနောက် ... ဤဘဝဤမျှနှင့် မျက်လုံးမှိတ်ရလည်း သူတို့ ကျေနပ်လေသည်။

မန်ဟို အမြင့်ဆုံးသို့ တက်သွားခဲ့သည်ကို မြင်ခဲ့ရပြီဖြစ်၍ သူတို့တွင် နောင်တမရှိပေ။

မန်ဟိုက ဆက်တိုက်နားချနေရာ နောက်ဆုံးတော့ သူ့အဖေ ဒေါသထွက်သွားသည်။ မန်ဟိုမှာ တိတ်ဆိတ်ငြိမ်ကျသွား၏။ သူ့မိဘများ၏ ဆုံးဖြတ်ချက်က မပြောင်းလဲတော့မှန်း သူ ပြောနိုင်လေသည်။ နောင်နှစ်များတွင် မန်ဟိုသည် တောင်ပင်လယ်လောကတွင် သူ့မိဘနှစ်ပါးနှင့် တတ်နိုင်သမျှ အတူအချိန်ကုန်ဆုံး၏။ နောက်နှစ်ပေါင်းထောင်ချီ ကြာသွားသည်။

နောက်ဆုံးတော့ ဖန်ရှုံ့ဖုန်းနှင့် မန်လီ တောင်ပင်လယ်လိပ်ပြာအသွင် ပြောင်းကာ တဖြည်းဖြည်း မှေးမှိန်စပြုလာသည်ကို မန်ဟိုမှာ မျက်ရည်များဖြင့် ကြည့်နေရ၏။ သို့သော် တောင်ပင်လယ်လိပ်ပြာ အပြီးတိုင်ပျောက်ကွယ်မသွားခင် မန်ဟို့မျက်လုံးများက စိတ်ပိုင်းဖြတ်လိုက်မှုတို့ဖြင် တောက်ပလာသည်။ သူ့ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး တာအိုအနှစ်သာရ၏စွမ်းအား ထွက်ပေါ်လာ၏။ အအေးငွေ့များ ပတ်ဝန်းကျင်၌ ပြည့်နှက်သွားပြီး တထက်ထက်အက်သံများအား ကြားရနိုင်သည်။ မျက်စိတစ်မှိတ်အတွင်း ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲများဖုံးသွားတော့သည်။

ရေခဲနေသော တောင်ပင်လယ်လိပ်ပြာသည် အခေါင်းတစ်ခေါင်းအရွယ်အထိ ကျုံ့လာ၏။ ထို့နောက် မန်ဟိုက ၎င်းအား ဂရုတစိုက် မ,လိုက်သည်။

သူ့မိဘနှစ်ပါး လက်မခံခဲ့သည့်အကြောင်းရင်းအမှန်မှာ သူ၏အနှစ်သာရစွမ်းအားများ လျော့နည်းသွားမည်ကို မလိုလား၍ဖြစ်ကြောင်း မန်ဟို သိသည်။ သူတို့သည် သူတို့ကို ကယ်ပေးဖို့အတွက် မန်ဟို အန္တရာယ်ဖြစ်မှာစိုးကြလေ၏။

သူတို့သားအတွက်ဆိုလျှင် မည်သည့်အရာမဆို သူတို့ စတေးနိုင်သည်။ ယင်းက သူတို့ဆုံးဖြတ်ချက်၏ အကြောင်းအရင်းအစစ်ပင်။

သို့‌သော် မန်ဟိုလည်း သူ့မိဘနှစ်ပါးအတွက်မဆို ဘာမဆိုစတေးနိုင်သည်။ သူတို့သည် သူ့ဘဝတွင် အရေးပါဆုံးလူနှစ်ယောက်ဖြစ်၍ သူလည်း သူ့ဘာသာသူ ဆုံးဖြတ်ချက်ချခဲ့၏။

မန်ဟိုသည် တောင်ပင်လယ်လိပ်ပြာ၏အခေါင်းအား ရှုချင်၏အခေါင်းဘေးတွင် ချလိုက်သည်။ ထိုအခေါင်းနှစ်ခေါင်းထဲတွင် သူ မခွဲခွာနိုင်သော လူများ လှဲလျောင်းနေကြလေသည်။

ပူဆွေးသောက၊ နာကျင်မှုနှင့် အထီးကျန်သောခံစားချက်က ရေလှိုင်းများသဖွယ် သူ့ကို တဝုန်းဝုန်းရိုက်ခတ်လွှမ်းခြုံနေသည်။ မန်ဟိုသည် တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် အချိန်ကို ကုန်မြဲအတိုင်း ကုန်နေစေလိုက်၏။

ထိုအတိုင်း အခေါင်းနှစ်ခေါင်းဘေး၌ နှစ်တစ်ထောင်တိုင် သူ ထိုင်နေခဲ့သည်။ ယခုတွင် သူ ကြယ်တာရာကောင်းကင်၏အရှင်သခင်ဖြစ်ခဲ့သည်မှာ နှစ်တစ်သောင်း ကြာခဲ့လေပြီ။ နောက်ဆုံးတော့ မန်ဟိုသည် ဝိညာဉ်မျိုးစေ့များနှင့် အခေါင်းများအပေါ်၌ အကာအကွယ်စည်းများ ချပြီးနေက် လမ်းလျှောက်ထွက်လာကာ တောင်ပင်လယ်လောကအား ကြည့်၏။

ယခုတော့ အရာအားလုံး သူနှင့် စိမ်းနေချေပြီ။

“ပင်လယ်တွေတောင် တောတောင်အဖြစ် ပြောင်းသွားပါရော့လား...” သူက တစ်ယောက်တည်း ရေရွတ်နေသည်။ “ဒီကမ္ဘာကြီးကိုလည်း ငါ ရင်းနှီးပေမယ့်... လူတွေကတော့ ... သူစိမ်းတွေဖြစ်နေခဲ့ပြီ...”

All Chapters