← Chapters

အထီးကျန်ရပါသော...

Vol. 114 Ch. 1593

အထီးကျန်ရပါသော...

Vol. 114 Ch. 1593

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။ နှစ်တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်။

နှစ်ငါးထောင်သည် လျှပ်တပြက် ကုန်ဆုံးသွားခဲ့ချေပြီ။

မန်ဟို လူရှေ့မထွက်သည်မှာ နှစ်တစ်သောင်းကျော် ကြာသော် သူ့နာမည်အား မျိုးဆက်သစ်ကျင့်ကြံသူများ မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ကြပြီ ဖြစ်သည်။

တောင်ပင်လယ်လောက၏ ဝါရင့်မျိုးဆက်အားလုံး ကွယ်လွန်သေဆုံးသွားကြ၍ ယခုတွင် လူတိုင်းနီးပါး မန်ဟို့နာမည်အား ကြားပင်မကြားဖူးကြတော့ပေ။

နှစ်တစ်သောင်းအတွင်း သေသွားခဲ့သည်မှာ တောင်ပင်လယ်လောကသားများသာမဟုတ်။ ကြယ်တာရာကောင်းကင်၏ အခြားနေရာများတွင်လည်း ကျင့်ကြံသူပေါင်းမရေမတွက်နိုင်အောင် ဆုံးပါးသွားခဲ့ကြသည်။ အာကာပြင်ကျယ်ကျောင်းတော်လည်း အလားတူဖြစ်သော်လည်း အခြားနေရာများကဲ့သို့ ကျိန်စာဒဏ်က သိပ်မပြင်းထန်ပေ။

လက်ရှိတောင်ပင်လယ်ကြယ်တာရာကောင်းကင်တွင် ကိုယ်ပိုင်စိတ်ဆန္ဒရှိသည်ကိုပင် လူအနည်းစုသာ သိတော့သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းကျော်က မန်ဟိုနှင့်လောကပါလနတ်မင်း၏ တိုက်ပွဲအကြောင်းကိုပင် မပြောကြတော့ပေ။

မှတ်မိသူများက အလွန့်အလွန်နည်းပါးပြီး အများစုမှာ ပါရာဂွန်များဖြစ်ကြသည်။ သူတို့နှင့်မန်ဟို့အား ဆက်သွယ်နေသော ကံကြွေးမှာ သိပ်မနက်ရှိုင်းသည့်အပြင် သူတို့၏အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံများကြောင့် ကျိန်စာသည် သူတို့အပေါ် ပြင်းပြင်းထန်ထန် မသက်ရောက်ပေ။

နောင်နှစ်ထောင်ဂဏန်းမျှကြာသော် ပြည့်ပြည့်လေး၏ သက်တမ်း ကုန်ဆုံးသွားသည်။ မန်ဟိုက သူမဝိညာဉ်မျိုးစေ့ကို ယူ၍ ရေခဲတောင်ထဲ၌ ချိတ်ပိတ်ထားလိုက်သည်။ ထိုရေခဲတောင်ထဲတွင် မန်ဟို့တစ်ဘဝလုံး၏အမှတ်တရများ ပါဝင်လေသည်။ သူ ဂရုစိုက်သောလူတိုင်း ထိုအထဲ၌ ဖြစ်သည်။ ထိုရေခဲတောင်မှာ သူ၏အားနည်းချက်လည်း ဖြစ်လာ၏။

မန်ဟိုသည် ရေခဲတောင်ခြေ၌ အမြဲတမ်း ထိုင်နေတတ်သည်။ သူ့အဖော်ပြုနေသည်မှာတော့ ... အမှတ်တရများသာ။

ရံဖန်ရံခါ သူသည် တောင်ပင်လယ်လောကထဲ ထွက်သွားတတ်၏။ သို့သော် ထွက်သွားလေ၊ စိမ်းလာလေပင်။ သူ့မှာ ဤကမ္ဘာ၏တစ်စိတ်တစ်ပိုင်း မဟုတ်တော့သလိုပင် ခံစားလာရသည်။

သူကတော့ သတိမထားမိသော်လည်း သူ့ရင်ထဲ၌ အစိုင်အခဲတစ်ခုသည် အမြစ်တွယ်လျက် ကြီးထွားလာခဲ့၏။ ထိုအစိုင်အခဲအား စကားတစ်ခွန်းနှင့်သာ ဖော်ပြနိုင်သည်.... အထီးကျန်ခြင်း။

မန်ဟိုသည် ကြယ်တာရာကောင်းကင်အတွင်း၌ တန်ခိုးအကြီးဆုံးဖြစ်တည်မှု ဖြစ်သော်လည်း အထီးကျန်နေသောခံစားချက်မှာ ဆက်လက်သာ ကြီးထွားလာနေသည်။ သူကား ဘယ်တော့မှ မအိုသည့်တိုင် ပိုပိုပင်ပန်းလာ၏။

သူ့ခန္ဓာကိုယ်က မအိုလာသော်လည်း သူ့နှလုံးသားမှာတော့ ချုံးချုံးကျနေချေပြီ။ ထို့အပြင် ၎င်းကို သူလည်း မပြောင်းလဲနိုင်။

ကြယ်တာရာကောင်းကင်၏အချိန်ကုန်ဆုံးမှုမှာ မြန်လာသည်။ မန်ဟိုမှာ ထိုနှစ်များ သူ့ဘေးမှ ဖြတ်သွားနေသကဲ့သို့ ခံစားနေရလေသည်။ သူ တတ်နိုင်သမျှမှာ အချိန်များကုန်နေသည်ကို ထိုင်ကြည့်နေရုံသာ။

ကြယ်တာရာကောင်းကင်ထဲ၌ တည်ရှိသော သက်ရှိသတ္တဝါများကို သူ ကြည့်မည်။

မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အရွယ်ရောက်၊ သေဆုံးနေကြသည်ကို သူ ကြည့်မည်။

ထူးချွန်သောပါရမီရှင်များ ထွန်းတောက်လာသည်ကို သူ မြင်သည်။

တခြားလူများ အာဂလူများဟု ခေါ်ကြသည့် ပုဂ္ဂိုလ်များကို သူ တွေ့ရသည်။

အစွမ်းထက်ပညာရှင်အသစ်များ ကျော်ကြားထင်ပေါ်လာသည်ကို သူ ကြည့်သည်။

တောင်ပင်လယ်လောကသည် ဆက်လက်တိုးတက်လာ၏။ ကျိန်စာသင့်သူအရေအတွက်လည်း နည်းပါးလာသည်။ လူများ မန်ဟို့အား မေ့လာသည်နှင့်အမျှ သူတို့နှင့်သူ့အား ဆက်သွယ်ထားသော ကံကြွေးသည်လည်း မှေးမှိန်လာ၏။ အတော်များများမှာ သက်တမ်းကန့်သတ်ခံထားရသေးသော်လည်း တောင်ပင်လယ်လောကဆိုသည့် အဖိုးထိုက်ရတနာထဲ၌ နေထိုင်ရသည့်အတွက် ကျင့်ကြံအဆင့်တက်နှုန်းလည်း များစွာမြန်လာကြသည်။

တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းထဲတွင် သဘာဝနိယာမများသည် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ မဟာချုပ်နှောင်ခြင်းမန္တန်ကိုးခုအပေါ် အခြေခံ၏။ ထိုအကြောင်းကြောင့် တာအိုနယ်ပယ်သို့ တက်လှမ်းရန် များစွာလွယ်လေသည်။ အမှန်တွင် နှစ်ထောင်ပေါင်းများစွာတစ်လျှောက် ထူးချွန်ပြောင်မြောက်သည့် ကျင့်ကြံသူပေါင်းမရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့၏။ သူတို့သည် သူတို့၏မျိုးဆက်များအတွက် ထူးခြားသောကျင့်စဉ်များကို ရေးသား၍ နတ်ဘုရားစွမ်းရည်အသစ်များကိုလည်း ဖန်တီးခဲ့ကြ၏။

နှစ်ပေါင်းများစွာတစ်လျှောက်လုံး တောင်ပင်လယ်လောကမှ ကျင့်ကြံသူများသည် တောင်ပင်လယ်ကြယ်တာရာ‌ကောင်းကင်အထဲ၌ အင်အားအကြီးဆုံးအစုအဖွဲ့များအနက် အမြဲတမ်းပါဝင်ခဲ့သည်။ နောက်ဆုံးတော့ ကျင့်ကြံသူများ၏ရင်ထဲတွင် ပြင်းထန်သောရည်မှန်းချက်များ ပေါက်ဖွားလာကြသည်။ ဘယ်အချိန်က စခဲ့သည်လဲ မပြောတတ်သော်လည်း နောက်ဆုံးတော့ သူတို့သည် အင်အားချဲ့ထွင်ကာ ကြယ်တာရာကောင်းကင်အတွင်းရှိ ကျန်အစုအဖွဲ့အား ကျူးကျော်စီးနင်းကြ၏။

မန်ဟိုက ထိုအဖြစ်အပျက်များကို ကြည့်နေသည်။ ဖြစ်ပွားနေသော စစ်ပွဲများကို သူ ကြည့်သည်။ တစ်ခါတရံ စစ်မြေပြင်များတွင် လမ်းလျှောက်ကာ တောင်ပင်လယ်ကျင့်ကြံသူများနှင့် တခြားသက်ရှိသတ္တဝါများ သေနေကြသည်ကိုပင် ကြည့်နေတတ်၏။ သွေးချောင်းစီးနေသည်ကို သူ ကြည့်ပြီး သွေးညှီနီ့တို့ကိုလည်း ရှူရှိုက်မည်။

မန်ဟိုသည် ကြည့်သာကြည့်၏။ ဘာမှမလုပ်။ မည်သည့်ဘက်ကိုမှလည်း မကူညီရာ ဝင်တိုက်ခိုက်ပေးဖို့ကတော့ အဝေးကြီးပင်။

ဤသည်မှာ တောင်ပင်လယ်လောက၏ ကျင့်ကြံသူများ ရွေးချယ်ခဲ့သော လမ်းဖြစ်၍ သူ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ နောက်ပိုင်းမည်သို့ဖြစ်လာမလဲဆိုသည်နှင့် ပတ်သက်၍မူ သူလည်း မသေချာ။

တောင်ပင်လယ်လောက စစ်မီးကို စမွှေးလိုက်သည့်အခါ တောင်ပင်လယ်လောကသားတို့သည် ပိုမိုသန်မာလာကြ၏။ အင်အားကြီးထွားလာကြ၏။ သို့သော် သေရေးရှင်ရေးအခြေအနေများစွာကိုလည်း ကြုံတွေ့ရကြသည်။

မန်ဟို့အတွက်တော့ ထိုအရာများသည် အရေးမပါပေ။ သူ ဂရုစိုက်သောလူအားလုံး လောကကြီး၏အလယ်တွင် သူ့အား တစ်ယောက်တည်းချန်ခဲ့ရင်း ထွက်သွားကြပြီမဟုတ်လော။

တစ်နှစ်တွင် မန်ဟို တောင်ပင်လယ်လောကအပြင် ထွက်လာသည့်အခါ သူ့ပုံစံမှာ အဘိုးအိုသဖွယ် အားရစရာမကောင်းပေ။ မည်သူမှ သူ၏တည်ရှိမှုကို မခံစားရ။ လောက၏ပါရာဂွန်အသစ်များပင် သတိမထားမိပေ။

သူ သွားလိုသည့်နေရာက တောင်ကောင်းကင်ဂြိုဟ်နှင့် ဇီယွင်ဂိုဏ်းဖြစ်သည်။ ကြယ်တာရာကောင်းကင်ထဲတွင် မန်ဟို ဂရုစိုက်သောအရာတချို့သာ ရှိတော့သည်။ တစ်ယောက်က တဖြည်းဖြည်း အားနည်းလာနေသည့် မှီခိုရာဂိုဏ်းချုပ်။ နောက်တစ်ယောက်ကတော့ ဇီယွင်ဂိုဏ်းထဲ၌ နိုးလာချင်စိတ်မရှိ၍ အိပ်နေသော အမျိုးသမီးပင်။

ချူယွီယန်အကြောင်း တွေးတိုင်း မန်ဟို့အမူအရာသည် အမြဲညှိုးငယ်သွားတတ်၏။

တောင်ကောင်းကင်ဂြိုဟ်အပေါ်ရှိ ကောင်းကင်ထက်တွင် တိမ်မည်းတိမ်စိုင်များ ပြည့်နေသည်။ နှင်းများ စတင်ကျလာပြီး အောက်ရှိ သေမျိုးနိုင်ငံများအပေါ်တွင် နှင်းပွင့်ချပ်များ စုဝေးလာသည်နှင့်အမျှ ကမ္ဘာကြီးမှာ ဖြူဆွတ်လာတော့သည်။

လမ်းမကြီးတစ်လမ်းထက်တွင် မြင်းလှည်းတစ်လှည်းသည် အမှောင်ညကိုခွင်းလျက် အသော့နှင်နေ၏။ လှည်းထဲ၌ ဆီမီးအိမ်၏အလင်းရောင်ဖြင့် စာဖတ်နေသော စာပေသမားတစ်ယောက် ရှိသည်။

မန်ဟိုသည် အပေါ်၌ပျံဝဲလျက် ကျနေသောနှင်းများနှင့် လမ်းမကြီးတစ်လျှောက် အသော့နှင်နေသည့် မြင်းလှည်းကို ကြည့်နေသည်။ စာပေသမားကို ကြည့်ရင်း မန်ဟိုမှာ ကျိုးပြည်၏ နှင်းသည်းသောတစ်ညတွင် သူ ခရီးသွားခဲ့သောအချိန်ကို ပြန်သတိမရမိဘဲမနေပေ။ (အပိုင်း ၅၈)

သူက သက်ပြင်းချပြီးနောက် ဇီယွင်ဂိုဏ်းဆီ ဆက်သွားသည်။

ဇီယွင်ဂိုဏ်းသည် တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ အကျော်ကြားဆုံး၊ နာမည်အကြီးဆုံးဂိုဏ်းဖြစ်၏။ ထိုဂိုဏ်း၏အတွင်းပိုင်းထဲတွင် တစ်ခါတုန်းက အထွတ်အမြတ်မြေဟု ခေါ်ခဲ့သည့် တောင်တစ်လုံး ရှိသည်။

ထိုတောင်တွင် တောင်ထိပ်မရှိ၊ ချိုင့်ဝှမ်းတစ်ခုသာ ရှိသည်။ ထိုချိုင့်ဝှမ်းသည် ယနေ့ထက်ထိတိုင်အောင် တားမြစ်နေရာတစ်နေရာ ဖြစ်လာခဲ့၏။ ဇီယွင်ဂိုဏ်းသားတစ်ယောက်မှ ထိုနေရာအတွင်း ခြေမချခဲ့ဖူးပေ။ ဂိုဏ်း၏ ပထမစည်းကမ်းချက်က ထိုနေရာသို့ မဝင်ရန် တားမြစ်ထားသည်။ ဇီယွင်ဂိုဏ်းသားများမှာ အထဲ၌ ဘာရှိကြောင်း ထင်ကြေးပေးကြရာ ကောလဟလများစွာ ပျံ့နှံ့ခဲ့လေသည်။

ဇာတ်လမ်းတချို့က လှပသည်။ တချို့ကတော့ ဆိုးရွားသည်။ ကောလဟလအားလုံးကြောင့် ထိုတောင်သည် လျှို့ဝှက်ဆန်းကြယ်လာ၏။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိုတောင်အား စောင့်ကြပ်ခဲ့ရသော်လည်း တစ်ယောက်မှာ သူတို့စောင့်ရှောက်နေရသည့်အရာကို မသိကြပေ။

မည်သူမှ တောင်ထိပ်သို့ တက်ခွင့်မရှိသည်ကိုသာ သူတို့ သိကြသည်။ တက်ဖို့ တစ်ယောက်ယောက် ကြိုးစားလျှင် ဆက်တက်၍မရသော လမ်းခုလတ်တစ်နေရာသို့ ရောက်သွားကြလိမ့်မည်။ ထိုနည်းတူစွာပဲ တောင်၏အပေါ်မှ ငုံ့ကြည့်လျှင် ဝါးဝါးတားတားလှိုင်းများကိုသာ မြင်ရမည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက တောင်ပင်လယ်လောက၏ အစွမ်းထက်ဆုံးပါရာဂွန်တစ်ယောက်က ထိုနေရာတွင် ရှေးဟောင်းအဖိုးထိုက်ရတနာတစ်ပါးအား မြှုပ်နှံထားသည်ဟူ၍ သုံးသပ်ခဲ့သည်။ သူသည် စစ်တပ်ကြီးကိုပင် ခေါ်ကာ ရတနာကို သွားယူဖို့ ကြိုးစားခဲ့၏။

သို့သော် ထိုပါရာဂွန်ပင် တောင်၏တစ်ဝက်ထက်ပို၍ မတက်နိုင်ခဲ့ပေ။

ထို့ကြောင့် တောင်သည် အထွတ်အမြတ်မြေအဖြစ်မဟုတ်ဘဲ တားမြစ်နယ်မြေတစ်မြေအဖြစ် လူသိများလာခဲ့သည်။ ၎င်းက တောင်ပင်လယ်လောက၏ လျှို့ဝှက်အဆန်းကြယ်ဆုံးနေရာလည်း ဖြစ်ပေသည်။

မန်ဟိုက တောင်ခြေ၌ ပေါ်လာပြီး တောင်ထိပ်သို့ မော့ကြည့်သည်။ ဤနေရာသို့ သူ ပထမဆုံးအကြိမ် လာခြင်းမဟုတ်ပေ။ ရှုချင် ထွက်သွားပြီး သူ သိသမျှ လူတိုင်းဆုံးပါးသွားပြီးနောက် လာခဲ့ဖူးသည်။

ယနေ့ကတော့ တတိယအကြိမ် လာခြင်းပင်။ မန်ဟိုသည် တိတ်ဆိတ်စွာ တောင်ပေါ် စတက်၏။ မည်သူ့မှ သူ့အား မမြင်ရသလို၊ သူ၏တည်ရှိမှုကိုပင် မခံစားရပေ။ မန်ဟိုကား တစ်လှမ်းချင်းလှမ်းရင်း တောင်ထိပ်သို့ ဖြည်းဖြည်းတက်သွားလေသည်။

All Chapters