သမာဓိမီးတောက်ငါးမျိုးမစုံဘဲနဲ့ အမွှေးမရှိတဲ့ဇာမဏီဖြစ်နေမှာပဲ
Vol. 52 Ch. 726
အခန်း (၇၂၆) သမာဓိမီးတောက်ငါးမျိုးမစုံဘဲနဲ့ အမွှေးမရှိတဲ့ဇာမဏီဖြစ်နေမှာပဲ
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှံရှည်ကိုမသုံးဘဲ လက်သီးချက်ကိုသာအသုံးပြုလျှက် ညာဘက်သီးထိုးနှက်ပြီးနောက် ဘယ်ဘက်လက်သီးဖြင့် ဆက်တိုက်ဆိုသလို ထိုးနှက်ချလိုက်သည်။ လက်သီးချက်က ခွန်ဖိန်သတ္တဝါ၏ အဆုံးမရှိ ၊ တုနှိုင်းမရသော တန်ခိုးစွမ်းအားဖြင့် ပြင်းထန်သည့် လှံရှည်ပမာ ဖြစ်သည်။
အမျိုးသမီး ထိတ်လန့်တုန်လှုပ်သွား၏။
သူမ ကျင့်ကြံခဲ့သော သိုင်းပညာက အလွန်တရာကောင်းမွန်ပြီး ဇာမဏီအစစ်၏ အစစ်အမှန်သမာဓိမီးတောက်ကို ထုတ်ဖော်နိုင်စွမ်းရှိသော အံ့သြဖွယ်ရာသိုင်းပညာဖြစ်သည်။ သို့သော် တကယ်တမ်း ထိုက်တိုက်ရင်ဆိုင်ရသည့်အခါ ခွန်ဖိန်သတ္တဝါနှင့် နှိုင်းယှဉ်မရခဲ့ပေ။
အမျိုးသမီး၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသော်လည်း စိုးရိမ်ဟန်မရှိပေ။ သူမနှုတ်ဖျားမှ ကြည်လင်ပြတ်သားသော ဇာမဏီငှက်အော်သံ ထွက်ပေါ်လာသည်။
ထို့နောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ စီးဆင်းထွက်ပေါ်လာပြီး ကောင်းချီးဖြင့်ပြည့်သော ခရမ်းရောင်လင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွား၏။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။ သို့သော် ကောင်းချီးရသော ခရမ်းရောင်သမာဓိမီးတာက်ဖြင့် ပိတ်ဆို့ခံလိုက်ရသည်။
“အိုး...”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်ဝန်းများ စူးစိုက်သွား၏။
“’ခရမ်းရောင်သမာဓိမီးတောက်’ ကို ကျင့်ကြံထားတာပဲ ၊ ဒါက မီးလျှံဇာမဏီရဲ့ ကျင့်ကြံခြင်းသဘောတရားဖြစ်တဲ့ သမာဓိမီးတောက် (၅)မျိုးထဲက တစ်ခုပဲ”
မည်သည့်သတ်ဖြတ်ခြင်းမှ မထိုးဖောက်နိုင်သော ‘သမာဓိမီးတောက်’။
အမျိုးသမီး ကျင့်ကြံထားသော ‘ခရမ်းရောင်သမာဓိမီးတောက်’ က သူမ၏ သိုင်းပညာအခြေခံတစ်ခုဖြစ်ပြီး ကွမ်းမင်ဂိုဏ်းမှ ‘အလင်းခန္ဓာသိုင်းပညာ’ ထက် များစွာမြင့်မားသော ခံစစ်သိုင်းပညာ ဖြစ်သည်။
ခရမ်းရောင်အလင်းတန်းက သူမကို စွမ်းအားအပြည့် ကာကွယ်ပေးထားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကြောက်မက်ဖွယ်ရာ ‘မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်’ က ထိုးဖောက်နိုင်ခြင်း မရှိတော့ဘဲ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို စီးထွက်သွားစေသည်။
တိုက်ခိုက်မှုမအောင်မြင်သော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရေးမစိုက်ပေ။ သူက လက်သီးချက်ကို စွန်ကုပ်လက်သည်းသဏ္ဌန်ပြောင်းလဲကာ ‘မြောက်ပိုင်သမုဒ္ဒရာနတ်ဘုရားလှံရှည်’ မှ ‘ဂဠုန်နဂါးလက်သည်း’အဖြစ်သို့ ပြောင်းလဲ တိုက်ခိုက်လိုက်သည်။
သူ၏တိုက်ကွက်က ရပ်တန့်ခြင်းမရှိဘဲ ခရမ်းရောင်မီးတောက်ဆီသို့ တည့်မတ်စွာ ဝင်ရောက်သွား၏။ သတ်ဖြတ်ရန်မဟုတ်ဘဲ ရန်သူ၏သိုင်းပညာကို ချိုးဖျက်ရန် ဝင်ရောက်သွားခြင်း ဖြစ်သည်။
အမျိုးသမီး မျက်နှာပျက်သွား၏။
သူမ အတင်းအကျပ် ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းမရှိဘဲ ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်လေရာ အဝေးတစ်နေရာ ကောင်းကင်ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဆီသို့ ဝင်ရောက်လာသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်းက သမာဓိမီးတောက်ကို ကျင့်ကြံတာ မအောင်မြင်သေးဘူးပဲ”
သမာဓိမီးတောက်သည် လူတစ်ယောက်ကို သတ်ဖြတ်ခြင်းမှ ကာကွယ်ပေးသည်။ တစ်ချိန်တည်းမှာပင် ကောင်းချီးကိုမြင့်တက်စေပြီး ကောင်းကင်တစ်ခွင်ပျံ့နှံ့စေကာ တာအိုတရားကို တိုးပွားစေသည်။ မည်သို့ပင်ဖြစ်စေ ‘ခရမ်းရောင်သမာဓိမီးတောက်’ ကို ဖျက်ဆီးရန်အတွက် ‘ဂဠုန်နဂါးလက်သည်းသိုင်း’ က အကောင်းဆုံး စံပြုလောက်သည့် တိုက်ကွက်ဖြစ်ပေသည်။
ထို့ကြောင့် တစ်ဖက်လူက သူ့ကိုယ်သူကာကွယ်ရန် ရတနာပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်ရတော့၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ‘ခရမ်းရောင်သမာဓိမီးတောက်’ ကို ကျင့်ကြံထားသော်လည်း မိုးမြေတစ်ခွင် ဖြန့်ကျက်လျှက် တာအိုစွမ်းအားတိုးတက်အောင် မပြုလုပ်နိုင်သေးကြောင်း သိနိုင်သည်။
တစ်ဖက်လူခေါ်ယူလိုက်သည့် ရွှေရောင်အလင်းတန်းက တဖြည်းဖြည်းနီးကပ်လာသည်။ ရန်ကျောက်ကဲကြည့်လိုက်တော့ ရွှေရောင်မင်ရည်အိုးတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရ၏။
မင်ရည်အိုးပျံသန်းလာသည်နှင့် အလွန်တရာ ကြမ်းတမ်းပြင်းထန်သော စွမ်းအားများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အနက်ရောင်အက်ကွဲကြောင်းများဖြစ်ပေါ်စေကာ ဗလာနယ်တစ်ခုလုံးကို ပြိုကျလုနီးပါး ဖြစ်သွားသည်။
အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နောက်ဆုတ်လိုက်ပြီး ရွှေရောင်မင်ရည်အိုး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
အမျိုးသမီးက ချက်ချင်းပင် မီးလျှံဇာမဏီငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လေထုထဲပျံသန်းလျှက် အထက်ဘုံကမ္ဘာနှင့် ပရမ်းပမာဗလာနယ်စီးကြောင်းများကြားတွင်ရှိနေသည့် အသင်္ချေနဂါးနန်းတော်ဆီသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
သူမနောက်ဘက် အဝေးတစ်နေရာတွင် ပြင်းထန်သော စွမ်းအားရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက် သူမနောက်သို့ လိုက်လာသည်။
အမျိုးသမီးနောက်သို့လိုက်လာသူ မည်သူဖြစ်ကြောင်းသလိုက်သည့်အခါ ရန်ကျောက်ကဲ အံ့အားသင့်သွားလေ၏။
ထိုသူက မြောက်ပင်လယ်ဓားခန်းမမှ သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့်ရှိသော ဝါရင့်အကြီးအကဲတစ်ယောက် ဖြစ်သည်။
သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်ရှိသော အဘိုးအိုတစ်ယောက်လည်း ပါရှိသေးသည်။ ထိုအဘိုးအိုက လေဟုန်စီးကောင်းကင်ရွက်လှေထက်တွင် ရန်ကျောက်ကဲနှင့် တစ်ကြိမ်ဆုံခဲ့ဖူးသော ‘ပိုင်ကျစ်မင်’ ဖြစ်သည်။
အမျိုးသမီး မည်သူဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည့်အခါ ရန်ကျာက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွား၏။
သူမနောက်မှလိုက်လာသူများ နီးကပ်လာသည့်အခါ အမျိုးသမီးက ပိုင်ကျစ်မင်တို့ (၂)ယောက်ကို ရွှေရောင်မင်ရည်အိုးဖြင့် ပိတ်ဆို့ထားလိုက်ပြီး သူမကတော့ အသင်္ချေနဂါးနန်းတော်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်သည်။
ထိုထိုက်ခိုက်မှုကြောင့် အသင်္ချေနဂါးနန်းတော် မည်သို့ဖြစ်သွားမည်ကို လုံးဝ အရေးမစိုက်ပေ။
သူမကိုကြည့်ပြီး ရန်ကျောက်ကဲက ရယ်မောလိုက်၏။
စောစောက နောက်ပြန်ဆုတ်သွားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသင်္ချေနဂါးနန်းတော်ရှေ့တွင် ပေါ်လာပြီး ခွန်ဖိန်သတ္တဝါအဖြစ် အသွင်ပြောင်းကာ မီးလျှံဇာမဏီငှက်ကို တိုက်ခိုက်လိုက်သည်။ သူတို့နှစ်ယောက်လုံးက နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင်များဖြစ်ကြသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အမျိုးသမီးထက် ပိုမိုလျှင်မြန်သည်။
အမျိုးသမီးဒေါသထွက်သွားသည်။
သူမက ကြုံးဝါးသံတစ်ချက်ပြုပြီး လေထဲသို့တဟုန်ထိုးပျံသန်းသွားကာ ဇာမဏီအတောင်ပံများက ကောင်းကင်ကိုထိုးခွင်းပြီး မြေပြင်ကိုအက်ကွဲသွားစေသည့် မီးတောက်မိုးစက်များကို ထုတ်ဖော်လိူက်သည်။ တိုက်ခိုက်မှုက အမှန်တကယ်ပင် ပြင်းထန်လှ၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် လက်နှစ်ဖက်ကို ပွေ့ပိုက်သည့်ပုံစံ ပြုလုပ်လိုက်သည်။ သူ့ရင်ခွင်ထဲတွင် လဝန်းတစ်စင်းကို ပွေ့ပိုက်ထားသည့်အလား တွင်းနက်တစ်ခုအား ပွေ့ပိုက်ထားခြင်းပင်။
ဇာမဏီအတောင်ပံများမှထွက်ပေါ်လာသော မီးတောက်မီးလျှံများမှာ ချက်ချင်းပင် တွင်းနက်ထဲသို့ ဝါးမျိုခံလိုက်ရ၏။
သူတို့ရှေ့မှ ဇာမဏီငှက်သည်လည်း တွင်းနက်နှင့် တန်းတန်းမတ်မတ်ရိုက်ခတ်မိရန် သူ့ကိုယ်သူတွန်းပေးသည့်အလား ခံစားရသည်။
ထိုအချိန် ဇာမဏီငှက်အော်မြည်သံထွက်ပေါ်လာပြီး သွေးနီရောင်ဓားအလင်းတန်းတစ်ခု တောက်ပလာသည်။
အလယ်ဆင့် အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်သော ‘ရွှေရောင်မင်ရည်အိုး’ အပြင် အခြားသော အဆင့်နိမ့်မှော်ဝင်ပစ္စည်းတစ်ခု အမျိုးသမီးက အသုံးပြုလိုက်ခြင်း ဖြစ်၏။
သူမခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များက ယခု ခုန်လှုပ်နေပြီး ကျယ်ပြန့်သည့် စကြာဝဠာအတွင်းမှ ကြယ်စင်များနှင့် ပဲ့တင်ထပ်နေသည်။
ကြယ်စင်များ၏စွမ်းအားဖြင့်ပေါင်းစပ်လိုက်သည့်အခါ အမျိုးသမီး၏တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာပြီး မီးတောက်မီးလျှံများတောက်လောင်နေသည့် အနီရောင်ဓားအလင်းတန်းတွင် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများ ပြည့်ဝလာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးသိုင်းဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော တွင်းနက်အား ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။
သို့သော် တွင်းနက်အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဂဠုန်နဂါးလှံရှည်။
သူတို့နှစ်ယောက်လုံးက အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ကိုင်ဆောင်ထားကြသော်လည်း ‘ဂဠုန်နဂါးလှံရှည်’ ကို ကိုင်ဆောင်တိုက်ခိုက်သည့်အခါ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။
လှံရှည်ထိပ်ဖျားတွင် အဆုံးမရှိသောတန်ခိုးစွမ်းအားများ ပါဝင်နေပြီး ရွှေရောင်အလင်းတန်းများက မိုးမြေတစ်ခွင်သာမက စကြာဝဠာတစ်ခွင်လုံးသို့ ထိုးဖောက်သွားတော့မည့်အလား ထင်မှတ်ရ၏။
အမျိုးသမီး၏ ဓားအလင်းတန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ မထိုးဖောက်နိုင်တော့ဘဲ သူမသည်သာ ဂဠုန်နဂါးလှံရှည်ဖြင့် အရင်ဆုံး ထိုးနှက်ခံလိုက်ရသည်။
အမျိုးသမီး အနည်းငယ် မျက်နှာပျက်သွား၏။
သူမက ဓားကိုကန့်လတ်ဖြတ်ကိုင်ထားရင်း ဝင်ရောက်လာသော လှံရှည်ကိုတားဆီးရန် ‘ခရမ်းရောင်သမာဓိမီးတောက်’ ကို ထုတ်ဖော်လိုက်သည်။ ခရမ်းရောင်အလင်းတန်းများ သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ သေစေလောက်သောလှံရှည်ကို တားဆီးထားလိုက်သည်။
သို့ပေသိ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကလည်း ထိုအချက်အတွက် အစောကြီးကတည်းကပင် ကြိုတင်ပြင်ဆင်ထားသည်ပင်။ သူက လှံရှည်ကိုလက်တစ်ဖက်ဖြင့်ကိုင်ဆောင်ကာ လှံချက်ကို လေထဲတွင် လှပစွာကွေ့ပတ်လိုက်သည်။ တစ်ချိန်တည်းပင် ရှေ့သို့တိုးလိုက်ပြီး ‘ဂဠုန်နဂါးလက်သည်းသိုင်း’ ကို ထုတ်ဖော်ကာ ခရမ်းရောင်သမာဓိမီးတောက်ကို ချိုးဖျက်လိုက်၏။
ထို့နောက် လှံရှည်ကို ကွေ့ပတ်နေသည့်လက်ကို ပြန်လည်ဆွဲယူလိုက်ပြီး သေစေလောက်သောအရှိန်အဟုန်ဖြင့် ပစ်မှတ်ကို ထိုးစိုက်ချလိုက်သည်။
အမျိုးသမီးက ကြည်လင်သောအသံဖြင့် အော်ဟစ်လိုက်ကာ မှိန်ဖျော့သော အဖြူရောင်ချီစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သေခြင်းရှင်ခြင်းမျဉ်းကြောင်းထက်မှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်ကို ရှောင်တိမ်းရန် ကူညီပေးလိုက်သည်။
သမာဓိမီးတောက်၏ခံစစ်စွမ်းအားက ဘဝ၏အသက်ဓာတ်စွမ်းအားကို ဘယ်သောအခါမှ ခမ်းခြောက်သွားစေမည် မဟုတ်ပေ။
သို့သော် ခံစားချက်ကင်းမဲ့သည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်နှာထက်တွင် အပြုံးတစ်ချက် ပေါ်လာပြီး...
“သမာဓိမီးတောက်ငါးမျိုးမစုံဘဲနဲ့ မင်းက အမွှေးမရှိတဲ့ ဇာမဏီဖြစ်နေမှာပဲ”
ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူ၏ ဦးခေါင်းထက်မှ ပိုင်ဟွေ့ သွေးကြောဆုံချက်က ခုန်လှုပ်နေသည်။ မြောက်ပိုင်းကြယ်စင်သည် ထက်ကောင်းကင်ယံတွင် တောက်ပနေပြီး သူ၏ပိုင်ဟွေ့သွေးကြောဆုံချက်နှင့် ဟန်ချက်ညီစွာ တဖျတ်ဖျတ် တုန်ခါနေ၏။
ထိုခဏတွင် မိုးမြေတစ်ခွင်၌ ပရမ်းပတာအနေအထားတစ်ခု ဖြစ်ပေါ်လာပြီး ဂဠုန်နဂါးလှံရှည်ထိပ်ဖျားမှ ရွှေရောင်အလင်းတန်းက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
ကြီးမားသော ဂဠုန်ငှက်ကြီးက လေထဲတွင် အတောင်ပံများကို ဖြန့်ကားလိုက်၏။
မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများသည် လှိုင်းထန်သောမုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်ကာ ဗလာနယ်တစ်ခုလုံးအား ဖြတ်ကျော်ပြီး အမျိုးသမီးထုတ်ဖော်လိုက်သော ကြယ်တံခွန်မိုးစက်များထက်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။
“မဟာခွန်ဖိန်သိုင်းပညာ” က မိုးမြေတစ်ခွင် အားတစ်ချက်တည်းဖြင့် ထိုးဖောက်လိုက်၏။
အမျိုးသမီးက ဇာမဏီအစစ်တန်ခိုးစွမ်းအားကို ကျင့်ကြံထားပြီး အဖြူရောင်မီးတောက်ဖြစ်သော ‘မရဏသမာဓိမီးတောက်’ ကို ကျင့်ကြံအောင်မြင်ခဲ့သော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခွန်ဖိန်သတ္တဝါတန်ခိုးစွမ်းအားကိုတော့ မယှဉ်နိုင်ခဲ့ပေ။
အမျိုးသမီးနောက်သို့လွင့်ထွက်သွားပြီး လေထဲတွင် သွေးများလွင့်ပျံလာသည်။
ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ထိန်းချုပ်လျှက် ရှုတ်ထွေးသော ဗလာနယ်စီးကြောင်းများကို ဖြတ်ကျော်ကာ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး အမျိုးသမီးနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။
သို့သော် စိတ်မကောင်းစရာမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်ကျစ်မင်တို့ရောက်ရှိလာပြီး အမျိုးသမီး ထွက်မပြေးနိုင်အောင် အရှေ့တစ်ယောက် အနောက်တစ်ယောက် ညှပ်ကာပိတ်ဆို့ထားလိုက်သည်။
ပရမ်းပတာ ဗလာနယ်စီးကြောင်းများကြားတွင် ဖွင့်လှစ်ထားသည့် ဥမင်လမ်းကြောင်းက ယာယီမျှသာဖြစ်လေရာ မကြာမီပျောက်ကွယ်တော့မည် ဖြစ်၏။
ပိုင်ကျစ်မင်တို့က တားဆီးထားသဖြင့် အမျိုးသမီးမှာ မည်သို့မှထွက်ပြေးလွှတ်မြောက်နိုင်ခြင်းမရှိဘဲ ပျောက်ကွယ်သွားသော ဥမင်လမ်းကြောင်းကိုသာ ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်နေရသည်။ သို့သော် သူမက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အသင်္ချေနဂါးန်းတော်ကို လှမ်းကြည့်လိုက်သည်။
ထိုအချိန် ရန်ကျောက်ကဲကလည်း နဂါးနန်းတော်အတွင်းမှထွက်လာပြီး သူမကို အကဲခတ်လိုက်သည်။
ရန်ကျောက်ကဲကိုတွေ့တော့ ပိုင်ကျစ်မင်မှာလည်း အံ့အားသင့်သွားပြီး လေးလံသည့်အသံဖြင့် စကားဆိုလိုက်သည်။
“မိတ်ဆွေလေး’ရန်’ ၊ ဒီအမျိုးသမီးက အရှေ့တောင်ထိပ်တန်းမျိုးနွယ်ကတပည့်မလေးကို သတ်ဖို့ကြိုးစားတဲ့သူပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
သူသည်လည်း ထိုသို့ပင် ခန့်မှန်းထားသည် မဟုတ်ပါလား။