သွားရင်လည်းဒီနာမည်ပဲ ၊ ထိုင်ရင်လည်းဒီမျိုးနွယ်ပဲ
Vol. 52 Ch. 727
အခန်း (၇၂၇) သွားရင်လည်းဒီနာမည်ပဲ ၊ ထိုင်ရင်လည်းဒီမျိုးနွယ်ပဲ
ပိုင်ကျစ်မင်က အမျိုးသမီးကို ကြည့်ရင်း...
“သူ့မှာ အဖော်တစ်ယောက်ပါသေးတယ် ၊ သူတို့ လူခွဲပြီးပြေးကြတာ ၊ အဲဒီလူက သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ပဲ ၊ အရှေ့တောင်ထိပ်တန်းမျိုးနွယ်က ဆရာကျန့်မင်က လေဟုန်စီးကောင်းကင်ရွက်လှေနဲ့ သူ့နောက်လိုက်နေတယ်”
ရန်ကျောက်ကဲ သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ပိုင်ကျစ်မင်အနေဖြင့် ကျင်းထင်တောင်မှ မျက်နှာသာပေးမှုရရှိရန် အပြင်းအထန် ကြိုးစားအားထုတ်သည်မှာ သဘာဝကျသည်။ သူ့ဘေးနားမှ မြောက်ပင်လယ်ဓားခန်းမ အကြီးအကဲကတော့ ကျူတောပင်လယ်ဒေသတွင် လှုပ်ရှားနေသော အရှေ့တောင်ထိပ်တန်းမျိုးနွယ်၏ကိုယ်စားလှယ် ပိုင်ကျစ်မင်ကို လိုက်လံကူညီပေးခြင်း ဖြစ်၏။
သူတို့က ကျန့်မင်နှင့် လူစုခွဲပြီး ‘ယဲ့ရှင်း’ တိုက်ခိုက်ခံရမှုအား ကျူတောပင်လယ်ဒေသတွင် လိုက်လံစုံစမ်းနေခြင်း ဖြစ်သည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ဝင်ရောက်လာပြီး အရှေ့တောင်ထိပ်တန်းမျိုးနွယ်မှ တပည့်ဖြစ်သူကို သတ္တိရှိစွာအန္တရယ်ပြုရဲသည်မှာ ကျန့်မင်တို့အုပ်စု အဘယ်မှာဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
သို့သော် သူတို့ရှေ့မှ ဤအမျိုးသမီးမှာ သေချာပေါက် သာမန်လူတစ်ယောက် မဟုတ်ပေ။
ရန်ကျောက်ကဲက ထိုအမျိုးသမီးအား ‘သမာဓိငါးမျိုးကျင့်ကြံနိုင်ခြင်းမရှိသဖြင့် အမွှေးမရှိသည့်ဇာမဏီငှက်’ ဟု ပြုံးလျှက် မှတ်ချက်ပြုခဲ့သော်လည်း ဤသည်က ရန်ကျောက်ကဲ၏အမြင်သာလျှင် ဖြစ်သည်။
သမာဓိ (၅)မျိုး တန်ခိုးစွမ်းအားထဲမှ ‘မရဏသမာဓိမီးတောက်’ နှင့် ‘ခရမ်းရောင်သမာဓိမီးတောက်’ ကို ကျင့်ကြံထားသည်ကိုကြည့်ခြင်းအားဖြင့် သူ၏သိုင်းပညာနောက်ခံမှာ လျှော့တွက်မရကြောင်း သေချာစေသည်။
ဤအချက်တစ်ချက်တည်းကိုအခြေခံပြီး သူမ၏သိုင်းပညာက မြောက်ပင်လယ်ဓားခန်းမ ၊ ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့၏ သိုင်းပညာထက် ကျော်လွန်နေပြီ ဖြစ်သည်။ ထိုပညာနှင့် တူညီသောအဆင့်အတန်းဆို၍ ရှန်လင်ကျီအဆက်အနွယ်များ ကျင့်ကြံထားသည့် ထာဝရအလင်းကောင်းကင်ကျမ်းစာတစ်ခုကိုသာ ပြောနိုင်သည်။
ထို့ပြင် ဤအမျိုးသမီး၏ကျင့်ကြံခြင်းအဆင့် အရည်အချင်းပြည့်မီခြင်း ရှိ မရှိ ၊ သူမ၏ သိုင်းပညာအမွေအနှစ်က ချို့ယွင်းချက် ရှိ မရှိ မသိနိုင်သေးပေ။
သူမ ကျင့်ကြံသော သိုင်းပညာအမွေအနှစ်များထဲတွင် သာမဓိမီးတောက် (၅)မျိုးလုံး ပါရှိပါက ထိုသိုင်းပညာသည် အခြေခံအားဖြင့် မူလကောင်းကင်ကျမ်းစာ ၊ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာတို့ကဲ့သို့ အမြင့်မားဆုံးပညာရပ်များဖြင့် ညီမျှပေမည်။
ဤသို့သော သိုင်းပညာအမွေအနှစ်ကို ကြည့်ခြင်းအားဖြင့် သူမ၏နောက်ခံက အထက်ဘုံကမ္ဘာတွင် သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။ ရန်ကျောက်ကဲကတော့ သက်လတ်ပိုင်းအမျိုးသမီးကို စိတ်ဝင်တစား အကဲခတ်နေမိသည်။
အမျိုးသမီးကလည်း တူညီစွာပင် ရန်ကျောက်ကဲကို အကဲခတ်နေပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တစ်ချက်လှမ်းကြည့်ရင်း တုန်လှုပ်မှုနှင့် မသေချာမှုများ သူမမျက်နှာထက် ပေါ်လာသည်။
“ငါ ကျင့်ကြံခဲ့တဲ့ ‘မရဏသမာဓိမီးတောက်’ နဲ့ ‘ခရမ်းရောင်သမာဓိမီးတောက်’ တို့က ဒီလူကို အနိုင်မယူနိုင်ခဲ့ဘူးပဲ ၊ ဒီလူကျင့်ကြံထားတဲ့သိုင်းပညာက ခွန်ဖိန်သတ္တဝါရဲ့ သန့်စင်တဲ့တန်ခိုးစွမ်းအားလား”
ပင့်သက်တစ်ချက်ရှိုက်ရင်း သူမ တွေးလိုက်သည်။
“တကယ့် လူသားဆန်တဲ့ ခွန်ဖိန်သတ္တဝါလိုမျိုးပဲ”
ပိုင်ကျစ်မင်နှင့် မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲတို့မှာလည်း ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုကြည့်ရင်း စကားမပြောနိုင် တိတ်ဆိတ်လျှက် ရှိကြသည်။
ဤအမျိုးသမီး မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ လုံလောက်စွာ သိရှိခဲ့ကြပေသည်။
သူမက ပိုင်ကျစ်မင်တို့ နောက်မှလိုက်လာသည်ကို တန်ပြန်မတိုက်ခိုက်ဘဲ ထွက်ပြေးရန်ကြိုးစားခြင်းမှာ ဤနေရာက သူမ၏ ပိုင်နက်နယ်မြေ မဟုတ်သောကြောင့် ဖြစ်သည်။
သူမ၏ ခိုးကြောင်ခိုးဝှက်လှုပ်ရှားမှုများပေါ်သွားပြီးနောက် ဝိုင်းဝန်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ အထူးသဖြင့် ကျန့်မင်၏ လေဟုန်စီးကောင်းကင်ရွက်လှေဖြင့် လိုက်လံတိုက်ခိုက်ခံရမည်ကို စိတ်ပူသောကြောင့် ဆက်လက်မတိုက်ခိုက်ဘဲ ထွက်ပြေးလာခြင်းသာပင်။
အမှန်တကယ်တိုက်ခိုက်မည်ဆိုလျှင် အမျိုးသမီးက အလွန်တရာကြောက်မက်ဖွယ်ကောင်းလှပြီး နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်ချင်း တူညီသည့်တိုင် ပိုင်ကျစ်မင်မှာ သူမ၏ပြိုင်ဘက်မဟုတ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။
အထက်ဘုံကမ္ဘာတစ်ခွင်လုံးက အမှန်တကယ်ပင် နဂါးများ ၊ ကျားများဖြင့် ပြည့်နက်နေပြီး ပိုင်ကျစ်မင်မှာ ယခင်ကနှင့်မတူ စိတ်ဓာတ်များအားနည်းလျှက် အပြောအဆိုအပြုအမူများကိုပင် အလွန်တရာ သတိထားနေခဲ့ရသည်။
မြောက်ပင်လယ်ဓားခန်းမမှ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် သိုင်းသူတော်စင်က တန်ခိုးစွမ်းအားမြင့်မားသဖြင့် ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက ပြေးသူနှင့်လိုက်သူ ပြောင်းပြန်ဖြစ်သွားပြီး မတူကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲသည်လည်း အလားတူပင် ခံစားနေရသည်။ သူက ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်ထားသည့်တိုင် ဤ သက်လတ်ပိုင်းအမျိုးသမီးကို အနိုင်ယူရန် မလွယ်ကူလှပေ။
သို့ပေသိ အနှီအမျိုးသမီးသည် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုတော့ တွန်းလှန်နိုင်ခဲ့ခြင်း မရှိပေ။
မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား စကားပြောရန် ဟန်ပြင်လိုက်စဉ် သူ့မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အံ့အားသင့်သည့်အမူအရာက ပိုမိုပြင်းထန်လာသည်။
ထိုအချိန် ရန်ကျောက်ကဲ အမျိုးသမီးကိုကြည့်ရင်း...
“မင်းက တောင်ပိုင်းထိပ်တန်းမျိုးနွယ်တစ်ယောက်လား”
ယဲ့ရှင်းပြောသည့်စကားများအရဆိုလျှင် သူမကိုသတ်ရန်ကြိုးစားသူမှာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ဖြစ်သည်။
ဤသို့ ထိပ်တန်းအဆင့် သိုင်းပညာအမွေကို ဆက်ခံထားသူမှာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်တစ်ယောက် ဖြစ်နိုင်သည်။
ရန်ကျောက်ကဲမေးခွန်းကိုကြားတော့ သက်လတ်ပိုင်းအမျိုးသမီးက အဖြေမပေးဘဲ ဟွန့်ခနဲ နှာခေါင်းတစ်ချက်ရှုတ်လိုက်၏။
ပိုင်ကျစ်မင်က...
“ဆရာကျန့်မင်စကားအရဆိုရင် သူက တောင်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့တပည့်ရင်းတစ်ယောက်ပဲ ၊ မိန်းကလေး’ယဲ့ရှင်း’ က သေချာမသိပေမယ့် ဆရာကျန့်မင်ကတော့ သိတယ်လေ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“မင်းကို ဘယ်လိုခေါ်ရမလဲမသိဘူး”
အမျိုးသမီးက အေးစက်သည့်လေသံဖြင့်...
“ငါ့နာမည်က ဝမ်ဟွေ့လို့ခေါ်တယ် ၊ မင်းတို့တွေကရော ဘယ်သူတွေလဲ”
သူမက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အရင်ဆုံး ကြည့်လိုက်သည်။
အရှေ့တောင်ထိပ်တန်းမျိုးနွယ်မှ ကျန့်မင်နှင့် ချန်ကျိလျန်တို့သည်ပင် တူညီသောကျင့်ကြံခြင်းအဆင့်တွင် သူမကို အနိုင်ယူနိင်မည် မဟုတ်ပေ။ ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏တန်ခိုးစွမ်းအားက သူမကို အလွန်အရေးစိုက်စေခဲ့သည်။
“မင်းက ကြယ်စင်တစ်ခုတည်းနဲ့ပဲ ပဲ့တင်ထပ်အောင် ကျင့်ကြံရသေးတယ် ၊ ဒါပေမဲ့ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ရောက်ရောက်ခြင်းမှာပဲ တန်ခိုးစွမ်းအားက မြင့်မားလွန်းတယ် ၊ မင်းရဲ့ဆရာက အညတရပုဂ္ဂိုလ်တစ်ယောက် မဖြစ်နိုင်ဘူး”
ဝမ်ဟွေ့က နက်ရှိုင်းသည့်အသံဖြင့်ဆိုသည်။
“မင်းရဲ့ ပထမဆုံး သွေးကြောဆုံချက်ဖြစ်တဲ့ ပိုင်ဟွေ့သွေးကြောဆုံချက်က နတ်ဘုရားသိမြင်ခြင်းအဖြစ် သန့်စင်ပြီးသွားပြီ ၊ အဲဒီသွေးကြောဆုံချက်နဲ့ ချိတ်ဆက်ထားတဲ့ ကြယ်စင်က မြောက်ပိုင်းကြယ်စင်ဖြစ်တဲ့ ကျီဝေးဧကရာဇ်ကြယ်စင်ပဲ”
သူမက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ခဲ့သည်ဖြစ်ရာ ထိုကိုယ်ပွားမည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း အသိဆုံးပင်။
ထိုစကားများကိုကြားတော့ ပိုင်ကျစ်မင်နှင့် မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲတို့ ထပ်မံတုန်လှုပ်သွားကြသည်။
ကျီဝေးဧကရာဇ်ကြယ်စင်ဆိုသည်က မြောက်ပိုင်းကြယ်စင်ဟုခေါ်ဆိုပြီး ကောင်းကင်ထက်ရှိကြယ်စင်များထဲမှ ထိပ်တန်းအဆင့် ကြယ်စင်တစ်ခုဟု ဆိုနိုင်သည်။ ဦးခေါင်းထက်မှ ပိုင်ဟွေ့သွေးကြောဆုံချက်ဆိုသည်ကလည်း လူတစ်ယောက်ခန္ဓာကိုယ်တွင် အရေးကြီးဆုံး သွေးကြောဆုံချက်တစ်ခု ဖြစ်သည်။
ယေယူယျဆိုရသော် သွေးကြောဆုံချက်တစ်ခု ‘နတ်ဘုရားသိမြင်ခြင်း’ ဖြစ်တည်လာရန် သန့်စင်ခြင်းမှာ မလွယ်ကူပေ။
နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရောက်ချင်းမှာပင် ပိုင်ဟွေ့သွေးကြောဆုံချက်ပွင့်သွားပြီး ကြယ်စင်များနှင့် ချိတ်ဆက်နိုင်သည်မှာ လူအနည်းစုသာ ပြုလုပ်နိုင်သောကိစ္စရပ် ဖြစ်၏။
အခြားသောသွေးကြောဆုံချက်များ ပျက်ဆီးသွားခြင်းက ဘာမှမဖြစ်နိုင်သော်လည်း ပိုင်ဟွေ့သွေးကြောဆုံချက်ကဲ့သို့ အဓိကသွေးကြောဆုံချက်တစ်ခု ပျက်ဆီးသွားပါက အသက်ဆုံးနိုင်ပေသည်။
ဝမ်ဟွေ့အနေဖြင့် သွေးကြောဆုံချက်တစ်ခုမက ‘နတ်ဘုရားသိမြင်ခြင်း’ အဖြစ် သန့်စင်ထားပြီးဖြစ်သော်လည်း ထိုသွေးကြောဆုံချက်များထဲတွင် ပိုင်ဟွေ့ဆုံချက်ကဲ့သို့ အရေးကြီးသော သွေးကြောဆုံချက်မပါဝင်ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ခဏမျှလေ့လာပြီးနောက် ဝမ်ဟွေ့၏မျက်ဝန်းများ အနည်းငယ် ပဟေဠိဖြစ်သွားသည်။
သူမ မျက်ဝန်းများက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကြား လျှင်မြန်စွာရွေ့လျားသွားပြီး...
“မင်း... မင်းလုပ်ထားတာ...”
မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲက သက်ပြင်းချရင်း...
“ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ကို သန့်စင်ထားတာ တကယ့်ကို ရှားပါးဖြစ်ရပ်ပါပဲ”
ထိုစကားကြားတော့ ဝမ်ဟွေ့မျက်ဝန်းများ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မကြည့်တော့ဘဲ ရန်ကျောက်ကဲဆီသို့ ကျရောက်လာသည်။ စောစောက သူမ အရေးမစိုက်ခဲ့သော ထိုလူငယ်က အလွန်အရေးပါသူတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်သွားသည်။
သူမက...
“မင်းက ဘယ်သူများလဲ”
ရန်ကျောက်ကဲက...
“ကျုပ်မျိုးနွယ်က ‘ရန်’ မျိုးနွယ် ၊ နာမည်က ရန်ကျောက်ကဲ”
သူက ဆက်ပြောသည်။
“မင်းကိုမတိုက်ခိုက်ခင်က ဘယ်သူမှန်းမသိခဲ့ဘူး ၊ ကျုပ်ကို ပရမ်းပတာဗလာနယ်စီးကြောင်းထဲ ပြန်ပို့ဖို့လုပ်နေလို့ တိုက်ခိုက်လိုက်ရတာ ၊ အခု... မင်းက တောင်ပိုင်းထိပ်တန်းမျိုးနွယ်ဆိုတော့... နှုတ်ဆက်စကားဆိုရတာတောင် နောက်ကျနေပါပြီ”
“မင်းက တောင်ပိုင်း နေဝန်းကောင်းကင်ပြည်နယ်ကနေ ကျူတောပင်လယ်ဒေသကို ဘာကြောင့်ရောက်လာတာလဲ ၊ မင်းရဲ့လုပ်ရပ်ကိုဖုံးကွယ်ဖို့ ဘာလို့လူသတ်ဖို့ကြိုးစားတာလဲ ၊ ဒါတွေကို ကျုပ် စိတ်မဝင်စားဘူး ၊ ဒါပေမဲ့ အရှေ့တောင်ထိပ်တန်းမျိုးနွယ်က အကြီးအကဲကျန့်မင်နဲ့ အကြီးအကဲချန်ကျိလျန်တို့က ကျုပ်နဲ့ရင်းနှီးတော့ သူတို့ကိုကူညီရတာ သဘာဝကျပါတယ်”
ရန်ကျောက်ကဲက ဝမ်ဟွေ့လက်ထဲမှ ရွှေရောင်မင်ရည်အိုးကို လှမ်းကြည့်ရင်း...
“အခု မင်းမှာတိုက်ခိုက်စွမ်းရည် အလုံအလောက် ရှိသေးတယ် ၊ ဒါပေမဲ့ ထွက်ပြေးဖို့တော့ လွယ်မှာမဟုတ်ဘူး”
ဝမ်ဟွေ့က ပိုင်ကျစ်မင်ကို လှမ်းကြည့်ရင်း...
“စောစောက သူက မင်းကို မိတ်ဆွေလေး’ရန်’ လို့ခေါ်လိုက်တယ် ၊ ကြည့်ရတာ မင်းနာမည်ကို လိမ်ပြောတာ မဟုတ်ဘူးပဲ”
ရန်ကျောက်ကဲက လက်ဖဝါးနှစ်ဖက်ဖြန့်ကားရင်း...
“ကျုပ်က ဘယ်သွားသွား ဒီနာမည်ပဲ ၊ ဘယ်နေရာမှာထိုင်ထိုင် ဒီမျိုးနွယ်ပဲ ၊ ဘာမှမပြောင်းလဲဘူး ၊ ဒါက ကျုပ်အမြဲတမ်း လုပ်လေ့ရှိတာပဲလေ”
ဝမ်ဟွေ့က တည်ကြည်သည့်မျက်နှာထားဖြင့်...
“မင်းကို ဖြောင့်မတ်ရိုးရှင်းတယ်လို့ မပြောနိုင်ပေမယ့် ငယ်ရွယ်ပြီး မာနကြီးတယ်လို့ ပြောလို့ရတယ် ၊ တစ်ခါမှ အခက်အခဲနဲ့ အရှုံးတရားကို မခံရသေးတဲ့ပုံပဲ ၊ မင်းလိုလူတစ်ယောက်က အသက်ငယ်ငယ်နဲ့သေမှာကို စိုးရမ်ရတယ် ၊ ဒီကမ္ဘာက မင်းထင်တာထက်ပိုပြီး ကျယ်ပြန့်တယ် ၊ မင်းစိတ်ကူးကြည့်လို့တောင်မရတဲ့ တန်ခိုးစွမ်းအားရှင်တွေနဲ့ပြည့်နေတယ်ဆိုတာ သတိရပါ”
ရန်ကျောက်ကဲက ပြုံးရင်း...
“မင်းပြောတာအမှန်ပါပဲ ၊ မင်းကိုလည်း အဲဒီစကားပဲ ပြန်ပြောလိုက်ပါရစေ”
ဝမ်ဟွေ့က ခေါင်းတစ်ချက်ညိတ်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။ သို့သော် ချက်ချင်းပင် သူ့မျက်လုံးများက အန္တရယ်အငွေ့အသက်များ လွှမ်းခြုံလာသည်။
ထို့နောက် သူမခန္ဓာကိုယ် ရိပ်ခနဲလှုပ်ရှားသွားပြီး ချက်ချင်းပင် ရန်ကျောက်ကဲရှေ့သို့ ရောက်လာသည်။
ဒါကိုမြင်တော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မျက်မှောင်ကြုံ့လိုက်ပြီး ဝမ်ဟွေ့ကို ပိတ်ဆို့ထားလိုက်သည်။
သို့သော် ဝမ်ဟွေ့ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု တောက်ပလာပြီး နောက်ထပ်လူရိပ်တစ်ခု ထွက်ပေါ်လာကာ ရန်ကျောက်ကဲထံသို့ ဦးတည်ဝင်ရောက်သွားလေ၏။