အားနည်းတဲ့အမှိုက်ကောင်တွေကို အဲဒီလိုလုပ်ဖို့သဘောကျတယ်
Vol. 52 Ch. 728
အခန်း (၇၂၈) အားနည်းတဲ့အမှိုက်ကောင်တွေကို အဲဒီလိုလုပ်ဖို့သဘောကျတယ်
လူရိပ်တစ်ခုက ရန်ကျောက်ကဲရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ထိုသူက အနီရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်၏။
အနီရောင်ဝတ်လူငယ်၏ လက်ဖဝါးများက အဆုံးမဲ့မီးလျှံများတောက်လောင်နေသည့် ဓားသွားပမာ ၊ ဇာမဏီအတောင်ပံများပမာ ရန်ကျောက်ကဲအား ခုတ်ပိုင်းချလိုက်သည်။
ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။ ထိုသူက သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ အပြင်ပန်းငယ်ရွယ်သော်လည်း တကယ့်တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
ပြီးခဲ့သောတိုက်ပွဲများဖြစ်သည့် ဝမ်ဟွေ့နှင့် ပိုင်ကျစ်မင် ၊ ဝမ်ဟွေ့နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့နှင့်တိုက်ပွဲတွင် သူက ကူညီချင်သည့်တိုင် အနည်းငယ် စွမ်းအားနိမ့်ပါးနေသဖြင့် မကူညီခဲ့ခြင်း ဖြစ်၏။
ယခုတော့ ဝမ်ဟွေ့က ပိုင်ကျစ်မင်တို့နှစ်ယောက်ကို ‘ရွှေရောင်မင်ရည်အိုး’ နှင့် ပိတ်ဆို့ထားပြီး သူကိုယ်တိုင်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုရင်ဆိုင်ကာ လူငယ်ကတော့ ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။
ဝမ်ဟွေ့က...
“သူ့ကိုဖမ်းလိုက် ၊ ဒါမှ သူ့ရဲ့ကိုယ်ပွားက သူ့ကိုလာကူညီရင် ငါတို့လွတ်မြောက်ဖို့အခွင့်အရေးရမှာ”
ဝမ်ဟွေ့နှင့် သူမ၏ဂိုဏ်းတူမောင်လေးတို့ကြားတွင် အသေးစိတ်ဆက်သွယ်စရာမလိုဘဲ လုပ်ဆောင်မည့်အစီအစဉ်ကို ပိုင်ပိုင်နိုင်နိုင် သိရှိပြီးသား ဖြစ်သည်။
ယခင်က လွတ်လမ်းမရှိဟုထင်ရသော်လည်း သိုင်းသူတော်စင် ပထမအဆင့်သာရှိသေးသော ရန်ကျောက်ကဲက သူတို့နှစ်ယောက်၏ အခက်အခဲအကျပ်အတည်းကို ဖြေရှင်းရန် နှစ်လိုဖွယ်ရာသော့ချက်တစ်ခု ဖြစ်လာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းခြုံသွားပြီး သူ၏ လွတ်လမ်းမှန်သမျှကိုပိတ်ဆို့လျှက် သူ့ထံကျရောက်လာသော ဓားသွားပမာ လက်ဝါးရိုက်ချက်ကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။
သူက တစ်ဖက်လူမျှော်လင့်ထားသလို လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းခြင်းမရှိဘဲ ဓားအလင်းတန်းတည့်တည့်သို့ ဝင်ရောက်လိုက်၏။
အနီရောင်ဝတ်လူငယ် အံ့အားသင့်သွားသည်။ သိုင်းသူတော်စင် ပထမအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အဘယ့်ကြောင့် ဤသို့ပြုမူရဲပါသနည်း။
သူ့အပြုအမူက ကိုယ့်သေလမ်းကိုယ်ရှာသလို ဖြစ်သည်။ သူ့ကိုယ်သူ မီးလျှံတောက်လောင်နေသည့်ဓားဆီသို့ တိုးဝင်လိုက်ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး ရန်သူ၏ဦးခေါင်းကို ရိုက်ချလိုက်သည်။
သူ၏လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် ကောင်းကင်တစ်ခုလုံး ပြိုကျလာသည့်အလား ဖြစ်သည်။
တောင်လောင်နေသည့်မီးတောက်များမှာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် ပုံပျက်သွားပြီး နောက်သို့လွင့်စင်သွားသည်။ အနီရောင်ဝတ်လူငယ် မျက်လုံးရှေ့တွင် တွေ့မြင်လိုက်ရသည်က သူ၏ဦးခေါင်းထက်သို့ ကျရောက်လာသည့် ကောင်းကင်ပြင်ကြီးသာ ဖြစ်၏။
လူငယ် အလွန်တရာ တုန်လှုပ်သွားပြီး ရန်ကျောက်ကဲကို ဖမ်းဆီးရန် မစဉ်းစားဝံ့တော့ဘဲ သူ၏ဓားသိုင်းကို အစွမ်းကုန်အသုံးပြုလိုက်သည်။
မီးလျှံဇာမဏီက ၎င်း၏အတောင်ပံများကို ဖြန့်ကျက်ကာ လောင်ကျွမ်းနေသောမီးတောက်များက အဆုံးမဲ့ဓားသွားအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲအားလောင်ကျွမ်းပစ်ရန် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
သူ့အရှေ့မှ ပြိုင်ဘက်က ရိုးရှင်းခြင်းမရှိကြောင်း လူငယ် သဘောပေါက်သွားပြီး သူနှင် ဝမ်ဟွေ့တို့ တွေးတောခဲ့သည်များမှာ အရာအားလုံး မှားယွင်းသွားခဲ့သည်ပင်။
ရန်ကျောက်ကဲက သူ အလွယ်တကူဖမ်းဆီးနိုင်မည့် ယင်ကောင်တစ်ကောင် မဟုတ်ခဲ့ပေ။ သူ့ကိုပင် သေစေနိုင်စွမ်းရှိသည့် စွမ်းအားကြီးမားသော ရန်သူ ဖြစ်သည်။
ယခု သူ့စိတ်ထဲတွင် ရန်ကျောက်ကဲကို အနိုင်ယူသတ်ဖြတ်ပစ်ရန်သာ ရှိတာ့သည်။
ရန်ကျောက်ကဲက တစ်ဖက်လူ၏လုပ်ရပ်ကို လျစ်လျူရှုလိုက်ပြီး သူ၏လက်ဖဝါးနှစ်ဖက်ကို ဖိနှိပ်ချလိုက်၏။
အခြားသူများအမြင်တွင်တော့ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသည့်အလားပင်။
သို့သော် ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် အနီရောင်ဝတ်လူငယ်ကတော့ ကောင်ကင်တစ်ခုလုံးပြိုကျရုံသာမက မိုးမြေတစ်ခွင် ပြောင်းပြန်လန်သွားသည့်အလားခံစားရပြီး အလွန်တရာ တုန်လှုပ်သွားသည်။
ကောင်းကင်ပြောင်းပြန်လန်ပြီး မြေပြင်သွန်မှောက်သွားသည့် ကြောက်မက်ဖွယ်ရာ ကပ်ဘေးကြီးအလယ်တွင် ဇာမဏီမီးတောက်များမှာ လေထဲမှ ဖယောင်းတိုင်မီးပမာ ငြိမ်းသတ်ခံလိုက်ရသည်။ အနီရောင်ဝတ်လူငယ်က ကျယ်လောင်သော ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး သွေးနီရောင်ဇာမဏီငှက်အဖြစ် အသွင်ပြောင်းကာ နောက်သို့ဆုတ်ခွာသွားသည်။
ဇာမဏီအတောင်ပံမှ မီးတောက်များတောက်လောင်လာပြီး ကြေက်မက်ဖွယ်ရာကပ်ဘေးကြီးမှ ရုန်းထွက်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
သို့သော် ရန်ကျောက်ကဲက ပြုံးလိုက်ပြီး သူ၏အခြားလက်တစ်ဖက်ကို ပင့်မြှောက်ကာ လက်နှစ်ဖက်လုံးတစ်ပြိုင်တည်း ဖိနှိပ်ချလိုက်သည်။
အနီရောင်ဝတ်လူငယ်၏အသိစိတ်ထဲမှာပင် ထိုသို့ဖြစ်ခြင်းမဟုတ်ပေ။ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုအောက်တွင် ပတ်ဝန်းကျင်လေထုတစ်ခုလုံး ပြိုကျသွားခြင်း ဖြစ်သည်။
အနီရောင်ဝတ်လူငယ်မှာ မည်သို့မျှ ရှောင်လွှဲမရဘဲ ကြုံးဝါးသံတစ်ချက်ပြုရင်း ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို သူ၏လက်ဖဝါးဖြင့် ခုခံရန် ကြိုစားလိုက်သည်။
လက်ဖဝါးချင်းထိတွေ့မိသည်နှင့် အနီရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားပြီး အရိုးများအက်ကွဲသွားကာ မြေကြီးထဲသို့ ထိုးသွင်းအသတ်ခံရတော့မည့်အလား ခံစားလိုက်ရသည်။
“ဒီလောက်ကြီးမားတဲ့ တန်ခိုးစွမ်းအား... သိုင်းသူတော်စင် ပထမအဆင့်ဆိုတာ ဖြစ်နိုင်ပါ့မလား”
အနီရောင်ဝတ်လူငယ် မှင်တက်သွား၏။
“စွမ်းအားချင်းနှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူက နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် တန်ခိုးစွမ်းအားလောက် မြင့်မားနေတာ မဟုတ်ဘူးလား”
အနီရောင်ဝတ်လူငယ် ညည်းညူရင်း သူ့ခန္ဓာကိုယ်ထက်မှ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ခရမ်းရောင်အလင်းတန်းက နေရာအနှံလွှမ်းခြုံသွားပြီး ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားမည့်အန္တရယ်မှ အနီရောင်ဝတ်လူငယ်ကို ကာကွယ်ပေးလိုက်သည်။
အနီရောင်ဝတ်လူငယ်ထံမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်တော့ ရန်ကျောက်ကဲက ထူးဆန်းဟန်မရှိဘဲ ပြုံးလိုက်ရင်း...
“မင်းရော... အဖြူရောင် မရဏသမာဓိမီးတောက်ကိုပါ ကျင့်ကြံထားသေးလား”
မိုးကြိုးတုန်လှုပ်သိုင်းကွက်ကိုအသုံးပြုပြီး ရန်ကျောက်ကဲက လက်ဝါးရိုက်ချက် တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ရာ တန်ခိုးစွမ်းအားက မရပ်မနား လည်ပတ်နေသည့် အဆုံးမရှိသောကွင်းစက်တစ်ခုပမာ ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လာသည်။
မိုးမြေတစ်ခုလုံးကို မှောက်လှန်ပစ်တော့မည့် တန်ခိုးစွမ်းအားက အနီရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော ခရမ်းရောင်အလင်တန်းကို ပုံပျက်လာစေသည်။ စကြာဝဠာဖန်ဆင်းပြီးနောက် ဖြစ်ပေါ်လာသော အစွန်းရောက်သဘောတရားများနှင့် ကြောက်မက်ဖွယ်ရာ အယူအဆများအောက်တွင် ကောင်းချီးဖြင့်ပြည့်သော ‘ခရမ်းရောင်သမာဓိမီးတောက်’ အက်ကွဲစပြုလာသည်။
အနီရောင်ဝတ်လူငယ် တုန်လှုပ်ချောက်ချားနေစဉ်မှာပင် သူ့ခန္ဓာကိုယ်အား ကာကွယ်ပေးထားသည့် ခရမ်းရောင်အလင်းတန်းကို ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က ထိုးဖောက်ဝင်ရောက်လာသည်။
ရက်စက်ပြင်းထန်ပြီး ကြမ်းကြုတ်သည့် တန်ခိုးစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာပြီး တစ်ကိုယ်လုံးရှိ အရိုးများကို ကြေမွစေကာ သွေးကြောများကို အက်ကွဲသွားစေသည်။
သူ့ကိုပိုပြီး ထိတ်လန့်သွားစေသည်မှာ ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အောက်တွင် မီးလျှံများတောက်လောင်နေသော သူ၏ခန္ဓာကိုယ်က အေးစက်သွားပြီး စိတ်ဝိညာဉ်အထိ အေးခဲသွားသည့်အလား ထင်မှတ်ရခြင်းပင်။
“ဒါက...”
အနီရောင်တတ်လူငယ်မှာ ပါးစပ်ကို ကျယ်ကျယ်ဟထားသော်လည်း ကျဆင်းလာသည့် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ခုခံနိုင်စွမ်းမရှိသဖြင့် မည်သည့်စကားမှ မဆိုနိုင်တော့ပေ။
မိုးမြေကိုပင် မှောက်လှန်ပစ်နိုင်သည့် ရန်ကျောက်ကဲ၏ ကြီးမားသောလက်ဝါးရိုက်ချက် ကျဆင်းလာပြီး အနီရောင်ဝတ်လူငယ်၏ ဦးခေါင်းတစ်ခုလုံးပေါက်ထွက်သွားကာ ဦးနှောက်များပျံ့ကျဲထွက်လာပြီး ချက်ချင်းပင် သေဆုံးသွားသည်။
“ရပ်လိုက်...”
ဝမ်ဟွေ့ အော်ဟစ်လိုက်သည်။
သူမက ရွှေရောင်မင်ရည်အိုးကိုယူကာ ကူညီလိုက်ချင်သော်လည်း ပိုင်ကျစ်မင်နှင့် မြောက်ပင်လယ်ဓားခန်းမမှအကြီးအကဲတို့က တားဆီးထား၏။
သူမကိုယ်တိုင်မှာလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မယှဉ်နိုင်ဘဲ ပခုံးထက်တွင် လှံချက်ထိမှန်ထားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ပြုံးရင်း...
“စိတ်မကောင်းပါဘူး ၊ ဒီ ‘ရန်’ ကျင့်ကြံထားတဲ့ သိုင်းပညာရဲ့သဘောသဘာဝကိုက ပြင်းထန်တော့ နောက်ဆုတ်ဖို့ မလွယ်ဘူး ၊ စော်ကားတယ်လို့တော့ မထင်ပါနဲ့”
ဝမ်ဟွေ့က အံတင်းတင်းကြိတ်ရင်း ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
“မင်း... မင်း တကယ်ပဲ...”
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် လက်ခုပ်တစ်ချက်တီးရင်း...
“မင်းရဲ့ဆရာက တောင်ပိုင်းထိပ်တန်းအရှင်သခင်ဆိုပေမယ့် မင်းကတော့ မင်းရဲ့ဆရာလို စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ ၊ အဓိပ္ပါယ်ကတော့ ဒီ ‘ရန်’ က မင်း ဖမ်းချင်တိုင်းဖမ်းလို့ရတဲ့သူ ၊ မင်း လုပ်ချင်တိုင်းလုပ်လို့ရတဲ့သူ မဟုတ်ဘူးဆိုတာပဲ”
“တခြားအားနည်းတဲ့အမှိုက်ကောင်တွေကိုသွားလုပ်ရင်တော့ ရရင်ရမှာပေါ့”
သူက ဆက်ပြောသည်။
“ငါလည်း အားနည်းတဲ့အမှိုက်ကောင်တွေကို အဲဒီလိုလုပ်ဖို့ သဘောကျတာပဲလေ”
ဝမ်ဟွေ့အရှေ့မှ ကမ္ဘာလောကတစ်ခုလုံး ချာချာလည်သွားပြီး သူမ သွေးအန်လုမတတ် ဖြစ်သွားသည်။
ပိုင်ကျစ်မင်နှင့် မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲတို့သည်လည်း ရန်ကျောက်ကဲကို တုန်လှုပ်စွာဖြင့် ကြည့်နေကြ၏။
ရန်ကျောက်ကဲက လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူတို့သိရှိပြီး ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် ပြိုင်ဘက်ကင်းဖြစ်ကြောင်း ရိပ်မိထားသည့်တိုင် သိုင်းသူတော်စင် ပထမအဆင့်မျှဖြင့် သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်မည်ဟု ထင်မထားမိပေ။ သူတို့နှစ်ယောက်လုံး ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ကြရသည်။
ပုံမှန်ဆိုလျှင် အနီရောင်ဝတ်လူငယ်က အားနည်းသူတစ်ယောက် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်များထဲမှ ကျင့််ကြံခြင်းအဆင့်တူသူများအလယ်တွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲနှင့် ထိုက်တိုက်ရင်ဆိုင်ရသည့်အခါမှာတော့ ကျရှုံးသွားရသည်ပင်။
“အနီရောင်ဝတ်လူငယ်က အားနည်းတာမဟုတ်ဘူး ၊ ရန်ကျောက်ကဲက အရမ်းတန်ခိုးစွမ်းအားမြင့်မားနေတာ”
ပိုင်ကျစ်မင် ပင့်သက်တစ်ချက်ရှိုက်ရင်း တွေးလိုက်၏။
“နေဦး... အရင်က ဒီလိုလက်ဝါးရိုက်ချက်ကို တစ်နေရာမှာ မြင်ဖူးသလိုပဲ ၊ ဒါပေမဲ့ ဒီလူငယ်လေးလောက် ကြီးကျယ်ခမ်းနားပြီး မရက်စက်ဘူး ၊ ဒါပေမဲ့ မယုံနိုင်လောက်အောင် ခံစားရစေတယ်...”
ဝမ်ဟွေ့က သူသေကိုယ်သေ တိုက်ခိုက်ချင်သေးသော်လည်း အဝေးတစ်နေရာမှာ ပြင်းထန်သော စွမ်းအားရောင်ဝါတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်လုံး တုန်ခါသွားစေသည်။
မြူခိုးတိမ်လွှာများကိုထိုးခွဲကာ ပြင်းထန်သောလေအဟုန်ဖြင့် ကြီးမားသော နတ်ရွက်လှေကြီးတစ်ခု သူတို့မြင်ကွင်းထဲတွင် ပေါ်လာသည်။ ထို နတ်ရွက်လှေကြီးမှာ ‘လေဟုန်စီးကောင်းကင်ရွက်လှေ’ ကြီးပင် ဖြစ်လေ၏။
ကျန့်မင်က ရွက်လှေကုန်းပတ်ထက်တွင်မတ်တတ်ရပ်နေပြီး သူ့မျက်နှာက မှုံမှိုင်းလျှက် ရှိသည်။
တွေ့လိုက်သည်နှင့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိသော ရန်သူမှာ လွတ်မြောက်သွားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ ၊ ပိုင်ကျစ်မင်နှင့် အခြားသူများအားလုံး ရိပ်မိလိုက်ကြသည်။
သို့သော် ဝမ်ဟွေ့ကိုဖမ်းမိထားကြောင်းတွေ့ရတော့မှ ကျန့်မင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိလေ၏။