← Chapters

အံ့ဖွယ်ကိုးပါးဓား၏ ဝိညာဉ်

Vol. 8 Ch. 105

အံ့ဖွယ်ကိုးပါးဓား၏ ဝိညာဉ်

Vol. 8 Ch. 105

ကောင်ကင်ဘုံအဆင့်ကား ထွက်ပြေးသွားလေပြီ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မရေမတွက်နိုင်သော တပည့်များရှေ့တွင် ကောင်းကင်ဘုံအဆင့်ပညာရှင်၊ ဖုန်းလင်ဓားဂိုဏ်းချုပ်သည် ထွက်ပြေးသွားခဲ့၏။

ရုတ်တရက် အပြောင်းအလဲကား မထင်မှတ်ထားစရာပင်။

ကောင်းကင်ဘုံအဆင့်သည် အမှန်တကယ်ပင် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ဓားတစ်လက်ကြောင့် ဒဏ်ရာရကာ အသက်လုလျက် ထွက်ပြေးသွားခဲ့ရသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လေးယောက်မြောက် ကောင်းကင်ဘုံအဆင့်သည် အမှန်တကယ် ရှုံးနိမ့်သွား၏။

ယနေ့တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သေချာပေါက် ကျော်ကြားပေတော့မည်။

“နှစ် ၃၀၀ ကြာပြီးနောက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်ဆည်နိုင်ခဲ့ပြီ”

ကျင်းကျီသည် ကောင်းကင်ကိုမော့ကာ အော်ဟစ်ရင်း မျက်လုံးမှ မျက်ရည်များစီးကျနေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နှစ်သုံးရာကြာ နှိမ့်ချဆက်ဆံခြင်း အရှက်ရခြင်းများကို သည်းခံခဲ့ရသည်။ ယနေ့ကား ၎င်းတို့အားလုံကို ဆေးကြောပစ်နိုင်ခဲ့၏။

သူ၊ ကျင်းကျီသည် နှစ် ၂၀၀ ကာလကို အလဟသ ဖြုန်းတီးပစ်ခဲ့သည်။ သူ၏တာအိုလမ်းစဉ်မှာ ကျိုးပျက်သွားသော်လည်း နောက်ဆုံးတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် တစ်စုံတစ်ခု ပြန်လုပ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

“ဒီနေ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်မယ်”

ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်ခြင်း။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူတိုင်း ဂုဏ်ယူဝင့်ကြွားကြသည်။

သူတို့၏စွမ်းအားကုန်ဖြင့် ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်မည်။

“ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်မယ်”

“ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်မယ်”

ကမ္ဘာမြေအဆင့်များအားလုံး လေထဲကို ပျံတက်ကာ ဓားဝင်္ကပါအခင်းအကျင်း၌ နေရာယူကြသည်။ သူတို့က ဂိုဏ်းချုပ်ကျင်းကျီနှင့်အတူ ဖုန်းလင်ဓားဂိုဏ်းမှ လူများနောက်ကို လိုက်ကြ၏။

ယနေ့တိုက်ပွဲပြီးနောက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ပို၍ မြင့်သော အဆင့်အတန်းသို့ ရောက်ပေလိမ့်မည်။

သူတို့ဂိုဏ်းမှ ပညာရှင်များ ရန်သူနောက်ကို လိုက်သည်ကို မြင်လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များအားလုံး စိတ်လှုပ်ရှားကြရ၏။

လင်းရှန်က ရထားလုံးဘေးမှ ဟွမ်လောင်လျှိုအား ကြည့်ကာ တီးတိုးပြောသည်။

“အစ်ကို… ခင်ဗျား အရမ်းမိုက်တယ်”

သူ့ဘေးတွင် လုကောသည် သစ်သားတုတ်ကောက်ကို ကိုင်ကာ ပြုံးနေသည်။

ရထားလုံးအနီးတွင် မရေမတွက်နိုင်သော တပည့်များသည် ဟွမ်လောင်လျှိုအား တောက်လောင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သည်တိုက်ပွဲအား ပြောင်းပြန်လှန်ပစ်သူမှာ သေချာပေါက် သူတို့ရှေ့မှ ဓားထိန်းဖြစ်သည်။

“သူ့နာမည် ဟွမ်လောင်လျှို… သူက ဓားစံအိမ်ရဲ့ဓားထိန်းပဲ”

တပည့်တစ်ယောက်က ဟွမ်လောင်လျှိုအား ကြည့်ကာ သူ့အဖော်များကို ပြောသည်။

“ကျွတ်… သူ့နာမည်က ဟွမ်ကျန်းရှုံး… မင်းက သူ့ကို စီနီယာအစ်ကိုလို့ ခေါ်သင့်တယ်”

“နောက်ပိုင်း ငါတို့က စီနီယာအစ်ကို,ကို လေးလေးစားစား ဆက်ဆံရမယ်”

“မှန်တယ်… အစ်ကိုကျန်းရှုံးဟာ သူ့ကျင့်ကြံဆင့်ကို ကြောက်စရာဓားတစ်လက်အသွင်ပြောင်းပြီးတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကယ်တင်ခဲ့တယ်။ အခုကစပြီး ငါတို့က စီနီယာအစ်ကို,ကို အရင်းနှီးဆုံးအစ်ကိုအဖြစ် သတ်မှတ်ရမယ်”

…

ဟွမ်လောင်လျှို၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ရှိနေသည်။

ခုနက သူ၏ဓားစုစည်းစနစ်မှ ဓားချီသည် အမှန်တကယ်လည်း ဂိုဏ်းချုပ်ကျင်းကျီ၏ခေါင်းပေါ်မှ ဓားနှင့် ပေါင်းစပ်သွားခဲ့၏။ ဓားအလင်းသည် စူးရှစွာဖြင့် လောကကို ထက်ခြမ်းခွဲပစ်နိုင်စွမ်း ရှိသည်။

သို့သော် သူသည် သူ၏ကိုယ်ပိုင်ခွန်အားကို သိသည်။

ကောင်းကင်ဘုံအဆင့်ကို ဒဏ်ရာရရန် မဆိုထားနှင့်၊ အနားကို သီရန်ပင် မဖြစ်နိုင်ပါ။

သူက ဂိုဏ်းချုပ်ကျင်းကျီအား ဖုန်းလင်ဓားဂိုဏ်းချုပ်ကို ဒဏ်ရာရအောင် မည်သို့ ကူညီနိုင်မည်နည်း။

အလိုအလျောက်ပင် သူက ရထားလုံးထဲတွင် ထိုင်နေသော ဟန်မူယဲ့အား ကြည့်လိုက်သည်။

ထိုအခိုက်တွင် ဟန်မူယဲ့၏မျက်နှာမှာ ပြာနှမ်းနေပြီး ခြေလက်များတုန်ယင်နေသည်။

ဝုန်း…

ကောင်းကင်မှာ အဆက်မပြတ် တုန်ခါသွားသည်။

ဓားတစ်ချက်ဖြင့် တောင်ကုန်းများနှင့် မြစ်ပြင်များ ထက်ခြမ်းကွဲသွားသည်။

ကျန်းချန်မှာ ရှေ့ဆုံးမှ ပြေးသွားပြီး ဖြစ်သည်။ သို့သော်လည်း တချို့သော ကောင်းကင်တစ်ဝက်အဆင့်များမှာ ခြေတစ်လှမ်း နောက်ကျခဲ့သည်။ သူတို့က မတတ်သာဘဲ နောက်လှည့်ကာ ထိုဓားကို ရင်ဆိုင်ကြရ၏။ ဓားချက်ကို ရင်ဆိုင်ပြီးနောက်တွင် သူတို့မှာ သွေးအဆက်မပြတ် အန်ကာ နောက်ဆုတ်ရသည်။

ထိုအခါတွင်မှ အံ့ဖွယ်ကောင်းသော ထိုဓားအလင်းမှာ ပျောက်ကွယ်သွားတော့သည်။

‘အသက်ရှုကြိမ်တစ်ရာ’ အချိန်မှာ ပြီးဆုံးသွားလေပြီ။

ဟန်မူယဲ့ ဆတ်ခနဲ တုန်သွားကာ မျက်လုံးများကို ဖွင့်လိုက်သည်။

“ညီလေး…”

သူ့ရှေ့တွင် ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ထူးဆန်းစွာ ကြည့်သည်။

“ညီလေးဟန်… မင်းက အတော်လေး အားနည်းနေတာပဲ”

‘အားနည်းတယ်လား’

သူ အားမနည်းဘဲ နေပါမည်လား။

သူ၏ဝိညာဉ်လိပ်ပြာဓားမှာ ခမ်းခြောက်သွားကာ သူ့စိတ်ဝိညာဉ်မှာလည်း ကြီးမားစွာ ထိခိုက်ထား၏။ သူကား ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

ထိုအခိုက်တွင် သူ့တစ်ကိုယ်လုံး နာကျင်နေပြီး မျက်လုံးများ ဝေဝါးနေသည်။

သူ၏စိတ်နယ်ပယ်တွင်ကား ဘာမှ မရှိတော့ပါ။

“ကောင်လေး… မင်း အဆင်ပြေလား”

မျက်နှာ ပြာနှမ်းနေသော ဓားစံအိမ်အကြီးအကဲသည်လည်း လေထဲမှ ဆင်းသက်လာကာ ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့က အားအင်များ ခမ်းခြောက်သွားပြီး ဖြစ်သည်ကို သူ သိသည်။ ၎င်းသည် သူ၏ဝိညာဉ်ကိုပင် ထိခိုက်ထားကာ ခန္ဓာကိုယ်မှာ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

ဓားစံအိမ်အကြီးအကဲနောက်မှ လိုက်လာသော ခေါင်းဆောင်တောက်ရင်ကလည်း ဟန်မူယဲ့အား တစ်ချက်ကြည့်ကာ ဟွမ်လောင်လျှိုကို ပြောသည်။

“ကောင်လေး… မင်း မဆိုးဘူး”

‘မဆိုးဘူးလား’

ဟွမ်လောင်လျှိုက ခေါင်းညိတ်သည်။

သူက မည်သို့ မဆိုးသည်ကို နားမလည်ပါ။

ရထားလုံးထဲတွင် ထိုင်နေသော ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲကို ကြည့်ကာ ပြုံးလျက် ပြောသည်။

“အကြီးအကဲ… စီနီယာရှောင်ယွဲ့လီကို အကြီးအကဲအတွက် သတင်းစကားပို့ပေးရဦးမလား”

သူ၏စကားက ဓားစံအိမ်အကြီးအကဲကို ရှားရှားပါးပါး ရှက်သွားစေသည်။

“ခွေးကောင်လေး”

ဓားစံအိမ်အကြီးအကဲစကားမဆုံးသေးခင်တွင်ပင် ဟန်မူယဲ့သည် သွေးတစ်ပွက်အန်သည်။ သူ့ခန္ဓာကိုယ်မှ ဓားချီများ ပေါက်ကွဲထွက်လာကာ ရထားလုံးထဲ၌ပင် ယိုင်လဲကျသွားတော့သည်။

….

ဟန်မူယဲ့ နိုးလာသောအခါ သူသည် ဓားစံအိမ်ရှိ သူ့အခန်းထဲ၌ ဖြစ်သည်။

“ဟမ်… အစ်ကိုဟန် နိုးလာပြီ”

အသက် ၁၄ နှစ်အရွယ် ကေင်လေးတစ်ဦးသည် တီးတိုးရေရွက်ကာ နောက်လှည့်ပြေးထွက်သွားသည်။

“ဘိုးဘိုးကောင်း… ဘိုးဘိုးတောက်… စီနီယာအစ်ကိုဟန် နိုးလာပြီ”

ကောင်လေး၏အသံကို ဓားစံအိမ်တစ်ခုလုံးမှ ကြားရ၏။

အတန်ကြာလျှင် သစ်သားတုတ်တစ်ချောင်းဖြင့် လုကော၊ ဓားတစ်လက် ကိုင်ဆောင်ထားသော လင်းရှန်တို့ အခန်းထဲကို ပြေးဝင်လာကြသည်။

ထို့နောက် ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့ အခန်းထဲကို ဝင်လာကြသည်။

“အကြီးအကဲ… ကျွန်တော် သတိလစ်နေတာ အတော်ကြာပြီလား”

ဟန်မူယဲ့သည် သူ၏ခေါင်း လေးလံထိုင်းမှိုင်းနေသည်ဟု ခံစားရသည်။ သူက ဓားစံအိမ်အကြီးအကဲကို ကြည့်ကာ မေးလိုက်၏။

“တစ်လနဲ့ ခုနစ်ရက်…”

ဓားစံအိမ်အကြီးအကဲက ဆက်ပြောသည်။

“မင်း နိုးမလာတော့ဘူးလို့ ငါ ထင်နေတာ”

တစ်လနှင့် ခုနစ်ရက်။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

သူသည် ထိုမျှ ထိခိုက်သွားမည်ဟု မထင်ထားပေ။

“မင်း နိုးလာတာ ကောင်းတယ်”

လင်းရှန်နှင့် လုကောတို့ကလည်း ဝမ်းသာအားရ ဖြစ်ကြသည်။

ဟန်မူယဲ့က မျက်လုံးကို အဝတ်နက်ဖြင့် စည်းထားသော လုကောအား ကြည့်ကာ ပြောသည်။

“အစ်ကိုလု… ခင်ဗျားရဲ့ဒဏ်ရာ…”

လုကောက ပြုံးလျှက် ပြောသည်။

“ရတယ်… ငါက သောက်လိုက်စားလိုက်နဲ့အေးဆေးပဲ။ ငါ နောက်ပိုင်း ဓားစံအိမ်မှာ အနားယူနိုင်တယ်လို့ အစ်ကိုဟွမ်က ပြောတယ်”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

“အစ်ကိုဟွမ်ကို အတွင်းစည်းအကြီးအကဲတစ်ယောက်က စားသောက်ပွဲတစ်ခု ဖိတ်ထားလို့ သွားနေတယ်။ စီနီယာအစ်ကိုဟန် နိုးလာတာ သူ့ကို သွားပြောပေးရမလား”

ခုနက ဓားစံအိမ်တစ်ခုလုံး အသံသေးသေးဖြင့် အော်ဟစ်ခဲ့သော ကောင်လေးသည် တံခါးဝတွင် ရပ်ကာ မေးသည်။

ဟန်မူယဲ့က ကောင်လေးအား ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားသွားသည်။

ကေင်လေးသည် အဖြူရောင်မြေခွေးဖြူလေးတစ်ကောင်ကို ပွေ့ဖက်ထားသည်။

ကောင်လေးသည် ထိုမြေခွေးဖြူနှင့်အတူ ထွက်သွားသည့်တိုင် သတိမဝင်လာသေးပါ။

“အကြီးအကဲ… သူတို့ ဘယ်လို ရောက်လာတာလဲ”

ဟန်မူယဲ့က မေးသည်။

“ကောင်းရှောင်ရွှမ်… ကောင်လေးက ဓားစံအိမ်အကြီးအကဲရဲ့ ဆွေမျိုးမကင်းတဲ့အထဲကပဲ။ အကြီးအကဲက မင်းကို ပြုစုဖို့ တမင် ခေါ်လာခဲ့တာ”

သစ်သားတုတ်ကို မှီလျက် ထိုင်ကာ လုကောက ပြောသည်။

“ကောင်လေးက လိမ္မာတယ်။ အလုပ်ကြိုးစားပြီးတော့ သိတတ်တယ်”

လုကောသည် ထိုကောင်လေးအား သဘောကျဟန်ရသည်။

“ကောင်းရှောင်ရွှမ်”

လုကောနှင့် လင်းရှန်တို့ အခန်းထဲမှ ထွက်သွားသောအခါ ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲအား ကြည့်သည်။

“မင်း မခန့်မှန်းနိုင်ဘူးလား”

ဓားစံအိမ်အကြီးအကဲသည် ဟန်မူယဲ့ ရှေ့မှ ထိုင်ခုံတွင် ထိုင်ကာ ပြောသည်။

အခန်းကား သိပ်မကြီးရာ ထိုင်ခုံမှာလည်း တစ်လုံးတည်း ရှိသည်။ အကြီးအကဲတောက်ရင်မှာ မတ်တပ်ရပ်၍သာ နေရ၏။

ဟန်မူယဲ့၏ခန္ဓာကိုယ်မှာ နာကျင်အားနည်းနေဆဲဖြစ်သည်။ သူက ခေါင်းဆောင်တောက်ရင်အား ခေါင်းညိတ်ကာ ပြောသည်။

“ခေါင်းဆောင်… သူက အံ့ဖွယ်ကိုးပါးဓားရဲ့ ဝိညာဉ်မလား”

ဓားတွင် ဝိညာဉ် ရှိသည်။

အမှန်တကယ်အားဖြင့် ရတနာအဆင့်ဓားတိုင်းတွင် ဝိညာဉ်များ ရှိကြသည်။

သို့သော်လည်း အဆင့်မြင့်ရတနာဓားဖြစ်စေကာမူ ဓားဝိညာဉ်၏ဉာဏ်ရည်မှာ သာမန်သားရဲငယ်တစ်ကောင်ခန့်သာ ရှိတတ်သည်။

ဓားအား အချိန်ကြာမြင့်စွာ သန့်စင်လာပြီးနောက်တွင် ဓားပိုင်ရှင်သည် သူ၏ဓားဖြင့် ဆက်သွယ်ပြောဆိုလာနိုင်သည်။

ရတနာအဆင့်လက်နက်များတွင်ကား သူတို့၏ဉာဏ်ရည်သည် လူသားတို့နှင့် သိပ်မခြားနားပေ။ သူတို့သည် လူသားတို့ပုံစံအသွင်ပြောင်းကာ ကျင့်ကြံနိုင်သေး၏။

ထိုကောင်လေး ကောင်းရှောင်ရွှမ်ကား ဟန်မူယဲ့အမြင်တွင် ဓားဝိညာဉ်မှ စုစည်းဖြစ်တည်လာသော ခန္ဓာကိုယ် ဖြစ်သည်။

သူ ထိုသို့ သိနိုင်ခြင်းမှာလည်း ဓားစံအိမ်၏ဓားစုစည်းစနစ်ကို တတ်မြောက်သောကြောင့် ဖြစ်သည်။

မဟုတ်လျှင် သူသည်လည်း ကောင်းရှောင်ရွှမ်မှာ အကြီးအကဲကောင်း၏ဆွေမျိုးဟု အမှန်တကယ် ယုံကြည်ပေလိမ့်မည်။

“ဂိုဏ်းချုပ်က ထူစွန်းရှစ်နဲ့ သဘောတူညီချက်ယူပြီးတော့ အရေးကြုံရင် ဝင်တိုက်ခိုက်ဖို့ ဖိတ်ကြားထားတယ်။ သူက အံ့ဖွယ်ကိုးပါးဓားကို ဆုကြေးအနေနဲ့ သတ်မှတ်ပြီး ဖုန်းလင်ဓားဂိုဏ်းနဲ့ ရင်ဆိုင်စေချင်ခဲ့တယ်”

“အံ့ဖွယ်ကိုးပါးဓားကို ယူမယ်ဆိုရင် မိစ္ဆာကိုလည်း သတ်မှ ဖြစ်မယ်”

“ကံဆိုးမိုးမှောင်ကျမှုကို ရှောင်လွှဲဖို့အတွက် မိစ္ဆာရဲ့ဝိညာဉ်ဟာ မူလခန္ဓာကိုယ်ကို စွန့်ခွာပြီးတော့ မြေခွေးဖြူအဖြစ် ပြောင်းလဲခဲ့တယ်။ အံ့ဖွယ်ကိုးပါးဓားဟာလည်း ကလေးတစ်ယောက်အဖြစ် ပြောင်းလဲခဲ့တယ်”

“ငါတို့ ဓားစံအိမ်ကို ပြန်ရောက်တဲ့အခါ သူတို့နှစ်ယောက်က ဒီမှာ ရှိနှင့်နေပြီ”

“ဓားဝိညာဉ်က နည်းနည်း ဉာဏ်ထိုင်းတော့ သားရဲငယ်ကလည်း သူ့ရဲ့ နှစ်တစ်သောင်းကျင့်ကြံဆင့်နဲ့ မှတ်ဉာဏ်ကို စွန့်လွှတ်ပြီးတော့ နှစ်ဦးသား အဆင်ပြေပြေ နေဖို့ ရွေးခဲ့တယ်”

“မိစ္ဆာဟာ အတော်လေး သွေးအေးရက်စက်တယ်လို့ ဂိုဏ်းချုပ်က ပြောတယ်။ အံ့ဖွယ်ကိုးပါးဓားလည်း သွေးအေးရက်စက်တာပါပဲ”

ခေါင်းဆောင်တောက်ရင်က တီးတိုးပြောသည်။

မိစ္ဆာသည် ထူစွန်းရှစ်ရန်မှ လွတ်မြောက်ရန် ထိုသို့ ရွေးချယ်ခဲ့သလို အံ့ဖွယ်ကိုးပါးဓားကလည်း သူ့အား ယူဆောင်သွားမည့် ဘေးမှ လွတ်မြောက်ရန် ရွေးချယ်ခဲ့ရသည်။

တစ်ယောက်က သူ၏နှစ်တစ်သောင်း ကျင့်ကြံခြင်းနှင့် မှတ်ဉာဏ်အား စွန့်လွှတ်ခဲ့ကာ နောက်တစ်ယောက်က သူ၏ဓားခန္ဓာကိုယ်မှ ဖယ်ခွာခဲ့သည်။

ဟန်မူယဲ့ ဝေခွဲမရ ဖြစ်နေသည်။

မိစ္ဆာ၏ဝိညာဉ် မူလခန္ဓာကိုယ်မှ ထွက်လာခြင်းမှာ သူနှင့် သက်ဆိုင်သည် မဟုတ်ပေဘူးလား။

All Chapters